Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း- ၂၈

ထိုနေ့ညက ကိစ္စဖြစ်ပြီးနောက်မှာတော့ အိမ်ကြီးထဲမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းမှန်သမျှကို တိတ်တဆိတ် ဖယ်ရှားလိုက်သည်။

သတ္တုဇွန်း..ခက်ရင်းတွေကို ဆီလီကွန်တွေနဲ့ အစားထိုးလိုက်သလိုဖန်ခွက်တွေအစား

ထူထဲတဲ့ ဆီလီကွန်ခွက်တွေကိုသာ

အသုံးပြုလာကြသည်။

ချွန်ထက်တဲ့ ဓားတွေ ကတ်ကြေးတွေမပြောနဲ့ လက်သည်းညှပ်တောင် ရှာလို့မတွေ့တော့ပေ။

လရိပ် အချိန်အများစုကို ပြတင်းပေါက်ရှေ့မှာပဲ ထိုင်နေတတ်ပြီး အဝေးက သေသေသပ်သပ်ပုံ‌ ဖော်ထားတဲ့ ဥယျာဉ်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေတတ်သည်။

နှင်းလုံးနဲ့ အရမ်းတူတဲ့ ကြောင်ဖြူလေးကတော့ တစ်ခါတလေ သူမရဲ့ပေါင်ပေါ်ကို ခုန်တက်လာတတ်ပြီး ခေါင်းလေးနဲ့ သူမလက်ကို ပွတ်သပ်တတ်သည်။

တစ်ခါတလေ သူမလည်း သတိမထားမိဘဲ ကြောင်လေးရဲ့ နူးညံ့တဲ့အမွေးတွေကို ပွတ်သပ်ပေးမိသည်။

ဒါပေမဲ့ တော်တော်များများကတော့ သူမဟာ ဒီအတိုင်းပဲ ငြိမ်ငြိမ်ထိုင်နေပြီး ကြောင်လေးကို သူမဘေးမှာသာ ကပ်နေခွင့်ပြုထားသည်။

သူမရဲ့ကမ္ဘာမှာ ကျန်ရှိတော့တာက ဒီဇိမ်ခံအိပ်ခန်းနဲ့ မြင့်မားတဲ့နံရံတွေအတွင်းကနေ အပြင်ကို ထွက်ခွင့်ရှိသလို ထင်ရပေမဲ့ တကယ်တော့ မရှိတဲ့ လွတ်လပ်မှုအတုတစ်ခုပဲ ဖြစ်သည်။

ဖုန်းက သူမအတွက် အပြင်လောကနဲ့ ဆက်သွယ်နိုင်ဖို့ ခွင့်ပြုထားတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

လရိပ် ဖုန်းကြည့်နေရင်း media တစ်ခုကတင်ထားတဲ့ သတင်းတက်လာခဲ့သည်။

[ Sun မိသားစုနဲ့ မဟာမြိုင် မိသားစုတို့ရဲ့ မင်္ဂလာရက် အတည်ပြုလိုက်ပြီ!]

သတင်းထဲမှာ မင်္ဂလာပွဲအတွက် ပြင်ဆင်ထားသမျှကို အသေးစိတ်ဖော်ပြထားသည်။

ဥရောပကနေ လေယာဉ်နဲ့ သယ်ယူလာတဲ့ ပန်းတွေနဲ့ စပြီး စားဖိုမှူးကိုယ်တိုင် စီစဉ်ပေးမယ့် မင်္ဂလာပွဲမီနူး၊ ရွှေရောင်စာလုံးတွေနဲ့ ရိုက်နှိပ်ထားတဲ့ ဧည့်သည်စာရင်းအထိ အရာအားလုံးက ဒီမင်္ဂလာပွဲဟာ ဘယ်လောက်တောင် ခမ်းနားကြီးကျယ်မလဲဆိုတာ ဖော်ပြနေသည်။

လရိပ်ဖုန်း မျက်နှာပြင်ကို ဖြည်းဖြည်းချင်း ပွတ်ဆွဲကြည့်လိုက်တော့ နန်းသစ္စာက မင်္ဂလာဝတ်စုံ စမ်းဝတ်နေတဲ့ပုံတွေ တစ်ပုံပြီးတစ်ပုံ ပေါ်လာသည်။

သူမက ဗိုက်ကို ပျော်ရွှင်စွာ ပွတ်သပ်ရင်း ကင်မရာဘက်ကိုလှည့်ကာ တောက်ပစွာ ပြုံးနေသည်။

လရိပ် ဖုန်းကိုပြန် ချထားလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်တော့....

ပန်းနံ့သင်းသင်းပါလာတဲ့ လေအေးက သူမဆီ တိုက်ခတ်လာပေမဲ့ ရင်ထဲက မွန်းကြပ်မှုကိုတော့ မဖယ်ရှားပေးနိုင်ခဲ့ပေ။

သူမ ပြတင်းပေါက် ဖွင့်လိုက်တာနဲ့ အောက်မှာရှိတဲ့ ကိုယ်ရံတော်က ချက်ချင်း ခေါင်းမော့လာပြီး ဒုတိယထပ်ပြတင်းပေါက်ဘက်ကို သတိထားစွာ ကြည့်လာသည်။

လူမှုကွန်ရက်တွေပေါ်မှာတော့ " မင်္ဂလာပွဲ" အကြောင်း ရေးသားဖော်ပြမှုတွေက ပိုပိုပြီး ပြင်းထန်လာသည်။

နေရာတိုင်းမှာ သူတို့နှစ်ယောက်ကိုဆုတောင်းပေးတဲ့စကားတွေ၊ အားကျတဲ့စကားတွေ၊ အလွန်လိုက်ဖက်တဲ့ စုံတွဲဆိုပြီး ချီးကျူးတဲ့စကားတွေနဲ့ ပြည့်နှက်နေသည်။

အဲဒီစကားတွေနဲ့ အတူဓာတ်ပုံတွေက လှိုင်းလုံးတစ်လုံးလို သူမဆီ ဝင်ရောက်လာပြီး မကြည့်ချင်လို့ မကြည့်ဘဲနေရင်တောင် ဒီသတင်းတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဒီအထီးကျန်ဆန်တဲ့လှောင်အိမ်ထဲအထိ ရောက်လာနေသည်။

သူမကတော့ ထောင့်တစ်နေရာမှာ မေ့ပျောက်ခံထားရတဲ့ ပစ္စည်းဟောင်းတစ်ခုလိုပင်။ ဖုန်တွေဖုံးနေပြီး ပျက်စီးနေကာ ဘယ်သူမှ ဂရုမစိုက်တော့ပေ။

သူကတော့ သူ့ရဲ့သတို့သမီး၊ သူ့ရဲ့အနာဂတ်နဲ့ တောက်ပတဲ့ဘဝသစ်ဆီကို အားအင်အပြည့်နဲ့ လျှောက်လှမ်းနေသည်။

•••••

ည အမှောင်ထုက အိမ်ကြီးတစ်လုံးလုံးကို ထူထပ်စွာ ဖုံးလွှမ်းထားသည်။

လရိပ် မှန်တင်ခုံရှေ့မှာ ထိုင်နေမိပြီး မှန်ထဲမှာ ထင်ဟပ်နေတဲ့ သူမရဲ့မျက်နှာက တော့ခန့်မှန်း

လို့မရအောင်အလွန်တည်ငြိမ်နေသည်။

အခန်းနားကို လျှောက်လာတဲ့ ခြေသံတွေက တဖြည်းဖြည်း နီးကပ်လာပြီး ခဏအကြာမှာတော့ အခန်းတံခါးပွင့်လာကာ..နေကမ္ဘာလွှမ်း

က တံခါးဘောင်ကို မှီရင်း သူမရဲ့ကျောပြင်ကို ရှုပ်ထွေးတဲ့အကြည့်နဲ့ ကြည့်နေသည်။

သူမ နောက်လှည့်မကြည့်ဘဲ မှန်ထဲကနေသာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။

သူမ မျက်လုံးတွေက ဗလာဖြစ်နေပြီး ဘာခံစားချက်မှ မရှိတဲ့သူလိုပင်။

ဒီရက်ပိုင်းအတွင်း သူမဟာ ဒီလိုပဲ ဖြစ်နေခဲ့သည်။

အရင်လို အပြင်းအထန် ခုခံတာမျိုး မရှိတော့သလိုတိတ်တဆိတ် ဆန့်ကျင်နေတာမျိုးလည်း မရှိတော့ပေ။

ဝမ်းနည်းတာ၊ မုန်းတာကိုတောင် ထင်ရှားစွာ မပြတတ်တော့ပေ။

"ဘာတွေစဉ်းစားနေတာလဲ"

သူကရပ်ပြီး စိုက်ကြည့်နေရာမှ သူမအနားကိုလျှောက်လာပြီး နူ့ညံ့နဲ့ အသံနဲ့မေးလာသည်။

လရိပ် ဘီးကိုချလိုက်ပြီး သူ့ဘက်လှည့်လိုက်ကာနှုတ်ခမ်းထောင့်မှာ အပြုံးဖျော့ဖျော့လေး တစ်ခုဖန်တီးလိုက်သည်။

လွှမ်း သူမရဲ့ အပြုံးကို မြင်လိုက်ရတာကြောင့် ရင်မှာ ချက်ချင်း လှုပ်ရှားသွားပြီး မယုံနိုင်လောက်အောင် ပျော်ရွှင်မှုတွေ ပြည့်လာသည်။

သူမ နောက်ဆုံးတော့... နောက်ဆုံးတော့ သူ့ကို ပြန်ပြုံးပြလာပြီ။

"ဘာမှမဟုတ်ပါဘူး.. ဆံပင်တွေ နည်းနည်းရှည်လာသလိုပဲ ခံစားရလို့ပါ"

လရိပ် ပြန်ဖြေလိုက်တာနဲ့ သူက သူမနောက်ဘက်ကို လာရပ်ပြီး ဆံပင်တွေကို လက်ချောင်းတွေနဲ့ ညင်သာစွာထိတွေ့လာကာ...

"မင်းဆံပင်ရှည်ရှည်လေးကို ကိုယ်ကြိုက်တယ်"

သူက တိုးတိုးလေးပြောရင်း သူမဆံပင်ကို နှာခေါင်းနဲ့ ထိကပ်ကာ သူမ ဆီကရတဲ့သင်း

ပျံ့တဲ့အနံ့ကို လောဘတကြီး ရှူရှိုက်လိုက်သည်။

"ရှင်..အရင်ကလည်း အဲ့လိုပြောဖူးတယ်"

လွှမ်းနှလုံးသား တစ်ချက်ခုန်သွားပြီး နောက်ကနေ သူမရဲ့ခါးသွယ်သွယ်ကို ညင်သာစွာ ဖက်လိုက်ကာ မေးစေ့ကို သူမလည်ပင်းနားမှာ မှီထားလိုက်ပြီးမှ...

"လရိပ်..."

သူ့အသံက အနည်းငယ် တုန်ယင်နေသည်။

"ကိုယ်တို့... အရင်ကလို ပြန်နေကြရအောင်လေ ဟုတ်ပြီလား"

သူ့စကား‌ ကြောင့် သူမ ခဏတာ တိတ်ဆိတ်နေပြီးမှ...

"အင်း"

လရိပ် တိုးတိုးလေး ပြန်ဖြေလိုက်သည်။

အသံက တိုးလွန်းတာကြောင့် မကြားရလုနီးပါးဖြစ်ပေမဲ့ နေကမ္ဘာလွှမ်း အတွက်ဒီစကားတိုးတိုး လေးတစ်ခွန်းက သူ့ကို ချက်ချင်းပျော်ရွင်အောင်လုပ်ပေးနိုင်သည်။

သူ သူမကို ပိုတင်းတင်းဖက်ထားပြီး သူမတစ်ကိုယ်လုံးကို ရင်ခွင်ထဲမှာ အားနဲ့ပွေ့ဖက်လိုက်ထားသည်။

သူမ နောက်ဆုံးတော့ နားလည်သွားပြီ..အခြေအနေကို လက်ခံလိုက်ပြီ။

သူ့ဆီကို ပြန်လာဖို့ ဆန္ဒရှိလာပြီလို့ သူထင်လိုက်သည်။

ညစာစားချိန်မှာလရိပ်ကအရင်ကထက် အနည်းငယ်ပိုစားခဲ့သည်။

ဒါဟာ ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပင်...

လွှမ်း သူမအတွက် ကိုယ်တိုင်ဟင်းထည့်ပေးနေပြီး သူ့မျက်လုံးတွေကလည်း သူမမျက်နှာကနေ လုံးဝမခွာခဲ့ပေ။

သူမကတော့ တိတ်တိတ်လေးသာ စားနေပြီး တစ်ခါတလေ သူ့ကို မော့ကြည့်လာတဲ့သူမရဲ့မျက်လုံးတွေက နူးညံ့နေပြီး အနည်းငယ် မှီခိုချင်တဲ့အရိပ်တောင် ပါနေသည်။

အဲဒီအကြည့်က သူ အတွက်အကျွမ်းတဝင်အဖြစ်ဆုံးဖြစ်ပြီး သူအချစ်ဆုံးအကြည့်လည်း ဖြစ်သည်။

ညစာစားပြီးနောက် သူတို့နှစ်ယောက် တီဗီ ရှေ့မှာ ထိုင်ကြည့်နေကာတီဗီမှာ စီးပွားရေးသတင်းတွေ ဖွင့်ထားပေမဲ့ လရိပ်က တော့အာရုံစိုက်ပြီး ကြည့်နေသည်။

လွှမ်း သူမရဲ့နူးညံ့တဲ့ မျက်နှာလေးကို ကြည့်ရင်း မကြုံဖူးသေးတဲ့ စိတ်ကျေနပ်မှုတစ်ခု သူ့ရင်ထဲမှာ ပြည့်နှက်လာသည်။

ဒီလိုခမ်းနား ပေမဲ့ အထီးကျန်ဆန်လွန်းလှတဲ့အိမ်ကြီးက နောက်ဆုံးတော့ အိမ်တစ်အိမ်လို နွေးထွေးလာသလို ခံစားလာရသည်။

"လွှမ်း..."

သူမက ရုတ်တရက် ခေါ်လိုက်တာကြောင့် လွှမ်း..

"အင်း" ဟု ပြန်ဖြေလိုက်ရင်း ဆိုဖာလက်တင်ခုံပေါ်မှာ တင်ထားတဲ့ သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

"မနက်ဖြန် အပြင်ထွက်ပြီး လမ်းလျှောက်ကြရအောင်လေ "

သူမက ပြောရင်းခေါင်းစောင်းပြီး သူ့ကိုကြည့်လာသည်။

သူမမျက်လုံးထဲမှာတော့ သတိထားပြီး တောင်းဆိုနေသလို အရိပ်လေးတစ်ခု ရှိနေသည်။

လွှမ်း နှလုံးသားက ထပ်ပြီး တစ်ချက်ခုန်သွားခဲ့သည်။

ဒီရက်ပိုင်းအတွင်း သူမဟာ ဘာတောင်းဆိုမှုမှ

မလုပ်ခဲ့ပေ။ အပြင်ထွက်ချင်တယ်ဆိုတာဆို ပိုလို့တောင် မပြောခဲ့ပေ။

"ဘယ်ကိုသွားချင်လဲ"

"ဘယ်နေရာမဆို ရပါတယ်..ရှင်နဲ့အတူရှိနေရင်ပဲရပြီ..."

သူမက နူးညံ့စွာ ပြောလာပြီး အသံထဲမှာ ချွဲနွဲ့တဲ့အရိပ်လေး ပါနေသည်။

လွှမ်း ရင်ထဲမှာ ပျော်ရွှင်မှုတွေ ချက်ချင်း ပြည့်သွားပြီးသူ ချက်ချင်း သဘောတူတော့မလို ဖြစ်သွားပေမဲ့ သူ့အသိစိတ်က သူ့ကို တားလိုက်ကာ...

"မနက်ဖြန်တော့... မဖြစ်လောက်ဘူး"

"ဟုတ်လား"

"မနက်ဖြန်က... နန်းသစ္စာနဲ့ ရှင့်ရဲ့ မင်္ဂလာပွဲနေ့မလား"

သူမက သူ့ ဘာမှမပြောရသေးခင်မှာပင် ချက်ချင်း ပြောလာသည်။

သူမ စကားကြောင့် သူ့ရဲ့မျက်နှာ ချက်ချင်း တင်းမာသွားရသည်။

"ဒါဆို... မနက်ဖြန် ကိုယ်ချစ်ရတဲ့ယောက်ျားက တခြားမိန်းမနဲ့ လက်ထပ်တာကို ကျွန်မကြည့်နေရတော့မှာပေါ့"

လွှမ်း သူမကို ကြည့်လိုက်တော့ သူမမျက်လုံးထဲမှာ စိတ်ပျက်မှုနဲ့ ဝမ်းနည်းမှုတွေကို မြင်တွေ့လိုက်ရသည်။

"ကျွန်မ မနက်ဖြန် ပဲရစ်ကို သွားချင်တယ်"

ပြောရင်းသူမအသံက ရုတ်တရက် မြင့်လာပြီး မျက်ရည်တွေက မျက်လုံးထဲ ပြည့်လာသည်။

လွှမ်းသူမရဲ့ မျက်ရည်တွေကိုမြင်လိုက်ရတော့ ထိတ်လန့်သွားမိသည်။

သူသူမငိုတာကို မမြင်ချင်ဆုံးဖြစ်သည်။

အထူးသဖြင့် သူ့ကြောင့်သူမ ငိုနေတာကို ပိုပြီး

မခံနိုင်ပေ။

"အင်း... အင်း..ကိုယ်စီစဉ်ပေးမယ်နော်"

သူချက်ချင်း အလျှော့ပေးလိုက်ပြီး ဖုန်းထုတ်ကာ ဖုန်းခေါ်လိုက်ပြီး စီစဉ်လိုက်သည်။

သူက ဖုန်းချပြီးနောက် သူမဘက်လှည့်ကြည့်ကာ နူးညံ့ပြီး အပြစ်ရှိသလို ဖြစ်နေတဲ့အကြည့်နဲ့...

"လရိပ်..ကိုယ်..."

သူ့စကားပင်မဆုံးလိုက် သူမက ရုတ်တရက် သူ့ရင်ခွင်ထဲကို ပြေးဝင်လာပြီး သူ့ကို တင်းတင်းဖက်ကာ မျက်နှာကို သူ့ရင်ဘတ်ထဲ မြှုပ်ထားပြီး..

"ကျေးဇူးတင်ပါတယ်..လွှမ်း..."

သူမအသံက တိုးညှင်းနေသည်။

လွှမ်းနှလုံးသားက ချက်ချင်း ပျော့ပျောင်းသွားပြီးသူ သူမကို တင်းတင်းပြန်ဖက်ထားလိုက်ကာ သူ့ရင်ခွင်ထဲမှာ ပွေ့ထားလိုက်သည်။

"အရူးမလေး..."

သူ သူမနားနားကိုကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

« ရှေ့အခန်း - အခန်း ၂၇ နောက်အခန်း - အခန်း -၂၉ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ