မြို့ထဲက ခမ်းနားထည်ဝါဆုံး ခန်းမကြီးကို အလှပဆုံးဖြစ်အောင် အလှဆင်ထားသည်။
နိုင်ငံခြားကနေ လေယာဉ်နဲ့ တင်သွင်းလာတဲ့ နှင်းဆီဖြူပန်းတွေ..ရှန်ပိန်ရောင် ကျူးလစ်ပန်းပေါင်း တွေနဲ့ အလှဆင်ထားပြီး မဂ်လာစင်မြင့်ဆီသွားတဲ့ အနီရောင်ကော်ဇောရဲ့ ဘေးနှစ်ဖက်မှာလည်း ပန်းတွေနဲ့ ပြည့်နှက်နေသည်။
ခန်းမကြီးအပြင်ဘက်က မြက်ခင်းပြင်ကိုလည်း သေသေသပ်သပ် ပုံဖော်ထားကာမီးရောင်အောက်မှာ တောက်ပနေသည်။
နာမည်ကြီးတေးဂီတအဖွဲ့ကလည်း ဂန္ထဝင်တေးသီချင်းတွေကို တီးခတ်နေကြသလို..
တက်ရောက်လာကြသူတိုင်းကလည်း အားလုံးလိုလိုက ချမ်းသာကြွယ်ဝတဲ့ အထက်တန်းလွှာတွေဖြစ်ကြသည်။
ဒီနေ့ဟာ Sun လုပ်ငန်းစုနဲ့ မဟာမြိုင်မိသားစုတို့ရဲ့ ရာစုနှစ်အကြာထဲက စီစဉ်ထားတဲ့မင်္ဂလာပွဲ နေ့ဖြစ်သည်။
စီးပွားရေးအင်ပါယာနှစ်ခုရဲ့ အကျိုးစီးပွားနဲ့ အထက်တန်းလွှာလောကရဲ့ အင်အားကိုပါ သက်ရောက်စေမယ့် မင်္ဂလာပွဲကြီးတစ်ခု ဖြစ်သည်။
သတို့သမီးပြင်ဆင်တဲ့အခန်းထဲထဲ မှန်ရှေ့မှာ
နန်းသစ္စာ ထိုင်နေသည်။သူမဝတ်ထားတဲ့ ဒီဇိုင်နာချုပ် မင်္ဂလာဝတ်စုံက အလွန်တန်ဖိုးကြီးမားသည်။
ဝတ်စုံအနားမှာ စီချုပ်ထားတဲ့ စိန်တွေက မီးရောင်အောက်မှာ တောက်ပနေသလိုသူမရဲ့ မိတ်ကပ်ကလည်း အပြစ်အနာအဆာမရှိ
အောင် လှပပြီး နှုတ်ခမ်းပေါ်မှာ အောင်မြင်သူတစ်ယောက်ရဲ့ အပြုံးနဲ့ ဂုဏ်ယူဝင့်ကြွားမှုတွေ ထင်ရှားနေသည်။
စတိုင်လစ်က သူမကိုလိုအပ်တဲ့နေရာတွေကိုထပ် ပြင်ပေးနေသည်။
"သစ္စာရေ… သမီး အရမ်းလှတာပဲ"
သူမ မိခင်ဖြစ်သူက ဘေးမှာရပ်ရင်း ကျေနပ်ပီတိဖြစ် နေတဲ့ အပြုံးနဲ့ ပြောလာသည်။
"ဒီနေ့ပြီးသွားရင် သမီးက အပြည့်အဝ Sun မိသားစုရဲ့ သခင်မ ဖြစ်သွားပြီပဲ"
နန်းသစ္စာ မှန်ထဲက သူမရဲ့ပုံရိပ်ကို ကြည့်ပြီး ဝမ်းဗိုက်ပြားပြားလေးကို အသာအယာ ပွတ်လိုက်သည်။
သူမရဲ့အပြုံးက ပိုပြီးဂုဏ်ယူစရာကောင်းလာသည်။
နောက်ဆုံးတော့ သူမလိုချင်တာအားလုံးကို ရရှိခဲ့ပြီမလား...
တစ်ဖက်မှာတော့ သီးသန့်အနားယူခန်းထဲတွင်
လွှမ်း ပြတင်းပေါက်ရှေ့မှာ မတ်မတ်ရပ်နေမိသည်။
သူဝတ်ထားတဲ့ အနက်ရောင်ဝတ်စုံဟာ သူ့ရဲ့ကျယ်ပြန့်တဲ့ပခုံးကို ပိုမိုထင်ရှားစေသလို
နေရောင်ခြည်က ပြတင်းပေါက်ကနေ ဖြတ်ဝင်လာပြီး သူ့ကိုယ်ပေါ်မှာ ကျရောက်နေပေမဲ့ သူ့ပတ်ဝန်းကျင်က မသိမသာအေးစက်နေတဲ့ အငွေ့အသက်ကိုတော့ မဖယ်ရှားနိုင်ခဲ့ပေ။
သူ့မျက်နှာမှာ ဘာအမူအရာမှ မရှိပေမယ့် သူ့မျက်လုံးတွေကတော့ အလွန်နက်ရှိုင်းနေသည်။
အပြင်ဘက်က လူတွေပြည့်နှက်နေတဲ့ မြင်ကွင်းကိုကြည့်ပြီး သူဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
"အကိုလေး… အချိန်ရောက်တော့မယ်ခင်ဗျ"
မင်းနိုင်က အသံတိုးတိုးနဲ့ သတိပေးလာမှလွှမ်း အသက်ပြင်းပြင်းရှူပြီး လှည့်ကြည့်လာသည်။
သူ့မျက်နှာကတော့ ပုံမှန်အတိုင်း အေးစက်တည်ငြိမ်နေဆဲပင်။
မင်္ဂလာတေးသံက တည်ငြိမ်စွာ ထွက်ပေါ်လာပြီးခန်းမတံခါးကြီးက ဖြည်းဖြည်းချင်းပွင့်လာကာ နန်းသစ္စာကသူ့ အဖေရဲ့လက်ကိုတွဲပြီး ပန်းပွင့်တွေဖြန့်ခင်းထားတဲ့ အနီရောင်ကော်ဇောပေါ်ကနေ ဖြည်းဖြည်းချင်း လျှောက်လာသည်။
ဇာမျက်နှာဖုံးအောက်က ပျော်ရွှင်မှုကြောင့် နီမြန်းနေတဲ့ သူမရဲ့မျက်နှာကို လူတိုင်းက စိုက်ကြည့်နေကြပြီးချီးကျူးသံတွေလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
စင်မြင့်ထက်မှာမတ်တပ် ရပ်နေတဲ့ လွှမ်းကတော့ သူ့ဆီကို ဖြည်းဖြည်းချင်း လျှောက်လာနေတဲ့ နန်းသစ္စာကို ကြည့်နေပြီးသူ့မျက်နှာက ခံစားချက်ကင်းမဲ့တဲ့အ ရုပ်တစ်ခုလို တည်ငြိမ်နေသည်။
••••••
လေဆိပ်ရဲ့ LED ဖန်သားပြင်ပေါ်မှာလည်း
မဂ်လာပွဲကို တိုက်ရိုက်ထုတ်လွှင့်နေသည်။
မဂ်လာပွဲက အနောက်တိုင်းဆန်တဲ့ မဂ်လာပွဲမို့ သတို့သားသတိုးသမီးရဲ့ အပြန်အလှန် စကားပြောသံတွေက စပီကာကနေ ထွက်ပေါ်လာသည်။
ကင်မရာက နေကမ္ဘာလွှမ်းရဲ့မျက်နှာကို အနီးကပ်ရိုက်ပြလိုက် နန်းသစ္စာကို ရိုက်ပြ
လိုက်နဲ့ အသေအချာရိုက်ပြနေသည်။
သူတို့နှစ်ယောက်က လက်စွပ်အပြန်အလှန် လဲလှယ်ပြီး စိန်လက်စွပ်တွေကို တစ်ယောက်ရဲ့လက်သူကြွယ်မှာ တစ်ယောက် ဝတ်ပေးနေကြသည်။
ခန်းမအတွင်းမှာလည်း လက်ခုပ်သံတွေနဲ့ အားပေးသံတွေ ပြည့်နှက်သွားသလိုဖန်သား
ပြင်ပေါ်က မြင်ကွင်းကလည်း မင်္ဂလာပွဲလာဧည့်သည်တွေရဲ့ ပျော်ရွှင်နေတဲ့မျက်နှာတွေဆီ ပြောင်းသွားသည်။
လရိပ် ထိုပုံရိပ်တွေကို ကြည့်နေရင်ူအဲဒီအချိန်မှာ အတိတ်ကအမှတ်တရတွေက သူမရဲ့စိတ်ထဲကို ရုတ်တရက်ပြန်ဝင်လာသည်။
"ကိုယ်တို့မင်္ဂလာပွဲကို ဒီနေရာမှာလုပ်မယ်"
အဲဒီတုန်းက လွှမ်းက သူမနောက်ကနေ ဖက်ထားပြီး သူမကို တိုးတိုးလေးပြောလာသည်။
သူ့ရဲ့နွေးထွေးတဲ့အသက်ရှူသံက သူမအသားကို ထိတွေ့နေပြီး ရေမွှေးနံ့သင်းသင်းနဲ့ ဆေးလိပ်နံ့အနည်းငယ်ကိုပါ ရရှိနေခဲ့သည်။
အဲဒီတုန်းက သူမတို့နှစ်ယောက်က အိမ်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး ကျွန်းတစ်ကျွန်းအကြောင်း မှတ်တမ်းရုပ်ရှင်ကြည့်နေခဲ့ကြသည်။
တီဗီမျက်နှာပြင်ပေါ်က အပြာရောင်ပင်လယ်ကြီးကို ညွှန်ပြရင်း သူကပြောခဲ့သည်။
"ဒီနေရာကို ကိုယ်ဝယ်လိုက်မယ် နောင်ဆို ဒီကျွန်းက ကိုယ်တို့နှစ်ယောက်ရဲ့ကျွန်းပဲ"
လရိပ် သူ့စကားကြောင့် မျက်လုံးပြူးပြီး သူ့ရဲ့သန်မာတဲ့လက်မောင်းကို ထိုးလိုက်ကာ...
"CEO လွှမ်းရေ… ရှင့်လုပ်ပုံက နည်းနည်းတော့ ထူးဆန်နေပြီနော်"
သူမစကားကြောင့် သူက ရယ်လိုက်ပြီး...
"မင်းအတွက်ကိုယ် ပိုက်ဆံသုံးတာကို ထူးဆန်းတယ်လို့ ဘယ်လိုလုပ်ပြောရတာလဲကွာ"
ပြောပြီးတော့ သူက ခေါင်းစောင်းပြီး သူမပါးကို နှာခေါင်းနဲ့ အသာပွတ်လိုက်သည်။
"ဒါ့ထက်တောင်ကိုယ့်မိန်းမကလေးကအကောင်းဆုံးအရာတွေနဲ့ ထိုက်တန်တယ်"
အဲ့တုန်းကသူက ပုံဖော်ပြောပြဖို့ အလွန်စိတ်အားထက်သန်နေခဲ့သည်။
နေဝင်ခါနီးအချိန်မှာ ပင်လယ်ကမ်းခြေပေါ်မှာ အဖြူရောင်ပန်းခုံးတစ်ခု ဆောက်မှာဖြစ်ကြောင်း...
သူမက ပန်းဥယျာဉ်လို အနံ့သင်းတဲ့ ပန်းတွေကို ကြိုက်တာကြောင့် ကမ်းခြေတစ်လျှောက်မှာလည်း အဲဒီပန်းဖတ်တွေကို ထူထူခင်းထားမယ်တဲ့။
ဧည့်သည်တွေကတော့...
"ကိုယ်တို့နှစ်ယောက်ပဲ.. အများဆုံးဆို… သံစဉ်တစ်ယောက်ပဲ ထပ်ပါမယ်..အဲဒီမီးသီးကောင်မလေးပေါ့"
ပြီးတော့..
"သူ့ကို မင်းရဲ့သတို့သမီးအရံအဖြစ် ထားလိုက်မယ် ဒါဆို ကိုယ်က သူ့အပေါ် မကောင်းဘူးလို့ သူတစ်ချိန်လုံးညည်းနေမှာ မဟုတ်တော့ဘူး"
လရိပ် သူ့စကားကြောင့် ရယ်လိုက်မိကာ...
"သုံးယောက်တည်းဆို ဘာစားကြမလဲ ဗိုက်ဆာခံပြီး မင်္ဂလာဆောင်လို့ရမလား"
သူက သူမရဲ့နှာခေါင်းကို အသာပွတ်လိုက်ပြီး ချစ်စနိုးနဲ့...
"အရူးမလေး… အားလုံးစီစဉ်ပြီးသားပါ ပြင်သစ်က စားဖိုမှူးကြီးကိုတောင် လေယာဉ်နဲ့ ခေါ်လာပြီး ပင်လယ်စာ BBQ ချက်ခိုင်းမယ်ကွာပုစွန်ထုပ်တွေရော၊ ကမာကောင်တွေရော အများကြီးရှိမယ်"
" မင်းကြိုက်တဲ့ သရက်သီးကောက်ညှင်းလည်း ပါမယ်အချိုပွဲစားဖိုမှူးကိုလည်း အီတလီကနေ ခေါ်ထားမယ် စားပြီးရင် ထပ်စားချင်လာမယ်လို့ အာမခံတယ်"
ထိုအချိန်ကသူပြောပြခဲ့တဲ့အရာတိုင်းက တကယ်ကိုအသေးစိတ်လွန်းလှသည်။
အဲဒီမြင်ကွင်းက ခဏအတွင်းမှာပဲ တကယ်ဖြစ်လာနိုင်သလိုမျိုးပင်။
နေဝင်ချိန်က ပင်လယ်ရေပြင်ကို ရွှေရောင်တောက်ပစေမယ်။ပင်လယ်လေပြေက သူမရဲ့ဆံပင်လေးတွေကို လွင့်စေမယ်။
သူက ရိုးရိုးရှင်းရှင်း အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး လက်ဖျံပေါ်မှာ အင်္ကျီလက်ကို လိပ်တင်ထားပြီးသူမရဲ့လက်ကို ကိုင်ကာ ခြေဗလာနဲ့ နူးညံ့တဲ့ကမ်းခြေပေါ်မှာ အတူလျှောက်ကြမယ်။
ပတ်ဝန်းကျင်မှာ လှိုင်းသံနဲ့ သူတို့နှစ်ယောက်ရဲ့ နှလုံးခုန်သံတွေပဲ ရှိမယ်။
"ဘာလို့ ကိုယ့်ကို အဲဒီလိုကြည့်နေတာလဲ"
သူမရဲ့အကြည့်ကို သတိထားမိသွားတဲ့ သူက မာန်တက်စွာ ပြုံးလိုက်ပြီး...
"မင်းကောင်လေးက ချောလွန်းလို့ အထင်ကြီးသွားတာလား"
လရိပ်ပါးတွေ နီရဲသွားပြီး...
"ဟွန့်..ရှင်ကိုယ့်ကိုယ်ကို အရမ်းဘဝင်မြင့်မနေနဲ့"
သူက တော့သူမကို လွှတ်မပေးပဲသူမရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အသာကိုင်ပြီး သူ့မျက်လုံးတွေထဲ တိုက်ရိုက်ကြည့်စေကာ..
"လရိပ်...."
သူ့အသံက ညင်သာနေပြီးသူ့မျက်လုံးထဲမှာတော့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေ ပြည့်နှက်နေသည်။
"မင်္ဂလာဆောင်တဲ့နေ့မှာ မင်းက ခေါင်းကနေ ခြေဖျားအထိ..အပြင်ကနေ အတွင်းအထိ အားလုံးက ကိုယ့်အပိုင်ပဲ"
ပြေပြီးတော့ သူက သူမကို နမ်းခဲ့သည်။
အဲဒီအချိန်တုန်ူကတော့ သူမရဲ့စိုးရိမ်မှုတွေ၊ သံသယတွေ အားလုံးပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေပဲ ရှိခဲ့သည်။
••••••
"မမလေးလရိပ် လေယာဉ်ထွက်တော့မှာမို့ တက်ရမယ့်အချိန်ရောက်ပါပြီ"
ရုတ်တရက် ထွက်ပေါ်လာတဲ့အသံကြောင့် သူမ အတိတ်ကနေ လက်ရှိဘဝထဲ ပြန်ရောက်လာခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ ဆံပင်တိုတိုအမျိုးသမီးတစ်ယောက်က သူမအနားကို
လာပြီး အနည်းငယ်ကိုင်းကာ ပြောလာသည်။
ထိုအမျိုးသမီးဟာ နေကမ္ဘာလွှမ်းက သူမကို ပါရီအထိ လိုက်ပို့ဖို့စေလွှတ်ထားတဲ့ အမျိုးသမီးလုံခြုံရေးဝန်ထမ်း ဖြစ်သည်။
"သွားကြရအောင်လေ..မမလေး"
လရိပ်အကြည့်ကခဏလောက် ဖန်သားပြင်ဆီကို ပြန်ရောက်သွားတော့ဖန်သားပြင်ထဲမှာ
နေကမ္ဘာလွှမ်းက နန်းသစ္စာရဲ့လက်ကို ကိုင်ထားပြီး လူတွေရဲ့ဆုတောင်းပေးမှုတွေကို လက်ခံနေသည်။
သူ့ရဲ့ဘေးတိုက်မျက်နှာက ပြီးပြည့်စုံလွန်းနေပြီး နှုတ်ခမ်းထောင့်မှာလည်း ယဉ်ကျေးတဲ့အပြုံးတစ်ခု ရှိနေသည်။
နောက်ဆုံးတော့ သူက တစ်ခြားလူတစ်ယောက်ရဲ့ အပိုင်လုံးဝဖြစ်သွားခဲ့ပြီ။
လရိပ် ဖန်သားပြင်ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် မျက်နှာလွှဲကာ ပြတ်ပြတ်သားသား လှည့်ထွက်လာခဲ့သည်။
"နေကမ္ဘာလွှမ်း… ဒီဘဝမှာကော နောက်ဘဝမှာပါ ရှင်နဲ့ကျွန်မ ဘယ်တော့မှ ထပ်မတွေ့ကြပါစေနဲ့"
အခန်းမှတ်ချက်များ (0)