နန်းသစ္စာ အိမ်ထဲရောက်တာနဲ့ လွှမ်း ခြုံပေးထားခဲ့တဲ့ အင်္ကျီကို ချွတ်လိုက်ပြီး အနားမှာ ရောက်လာတဲ့ အိမ်အကူကို လှည်မကြည့်ဘဲ အင်္ကျီကိုလှမ်းပေးလိုက်တယ်။
ဧည့်ခန်းထဲက မီးရောင်က သူမမျက်လုံးထဲက အေးစက်မှုတွေကို ပိုပြီးတော့ သိသာစေသည်။
အဲ့အချိန် အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ကသူမဘေးမှာ
လာရပ်ပြီး သူမကို တစ်ရိုတစ်သေနဲ့ ခေါင်းငုံ့ပြီး သသ့လက်ထဲက အညိုရောင် ဖိုင်အိတ်ကို ကမ်းပေးလာကာ...
“မမလေး ဒါက မမလေးတောင်းထားတဲ့
လရိပ်မြူနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးပါဗျ..."
နန်းသစ္စာ ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး သူ့ဘာမှပြန်မပြောဘဲကို လက်နဲ့ ပြန်ထွက်သွားဖို့ အချက်ပြလိုက်တာနဲ့ ထိုသူက အနားကနေ ခေါင်းငုံ့ပြီး ချက်ချင်းပြန်ထွက်သွားခဲ့သည်။
နန်းသစ္စာ အနီးနားက ဆိုဖာခုံပေါ် ထိုင်လိုက်ပြီး ဖိုင်အိတ်ထဲက စာရွက်တွေကို တစ်ရွက်ချင်းစီ ထုတ်ကာ စားပွဲပေါ် ဖြန့်ချလိုက်တော့လရိပ်မြူရဲ့ ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဓာတ်ပုံတွေ အစီအရီထွက်လာသည်။
နန်းသစ္စာ ဓာတ်ပုံတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ပြီး သူမရဲ့အကြည့်က လူတစ်ယောက်ကို ကြည့်တာထက် အရည်အသွေးမပြည့်မီတဲ့ ပစ္စည်းတစ်ခုကို စစ်ဆေးနေသလို ဖြစ်နေခဲ့သည်။
“ဒီတော့ သူက မိဘမဲ့တစ်ယောက်ပေါ့..”
သူမက တစ်ယောက်တည်း တိုးတိုးလေးကိုယ့်ဘာသာ ပြောလိုက်ကာ ထိုအသံထဲမှာမထီမဲ့မြင်ပြုတဲ့ အရိပ်အယောင်တွေက အတိုင်းသားပေါ်လွင်နေသည်။
အချက်အလက်တွေအရ လရိပ်မြူဟာသူမ အသက် ၆ နှစ်အရွယ်မှာ မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ပြီး မိဘမဲ့ဂေဟာကို ပို့ခံခဲ့ရကာ....
အသက် ၁၈ နှစ်အထိ အဲဒီမှာသာနေခဲ့ပြီး အဲဒီနောက်မှသာ သူ့ဘဝသူ ရပ်တည်ခဲ့တယ်လို့ဖော်ပြထားသည်။
နန်းသစ္စာ နောက်စာမျက်နှာကို လှန်လိုက်တော့အဲဒီမှာလရိပ်မြူရဲ့ ပညာရေးအကြောင်းကို ရေးထားသည်။
လရိပ်မြူဟာ ပညာသင်ဆုတွေကို ဆက်တိုက်ရရှိခဲ့ပြီး အမှတ်ကောင်းကောင်းနဲ့ တစ်ဆင့်ချင်း ကြိုးစားတက်လာခဲ့သလို စာရေးရာမှာလည်း အရည်အချင်းရှိကြောင်းကိုလည်းဖော်ပြထားသည်။
နောက်စာမျက်နှာတွေကတော့ လရိပ်မြူနဲ့ လွှမ်းတို့ ဘယ်လိုတွေ့ဆုံခဲ့ကြသလဲ ဆိုတာ ရေးထားပြီး အဲ့နောက်မှာဘာစာရွက်မှမရှိတော့ဘဲနောက်ဆုံးစာမျက်နှာကို ရောက်သွားတာမို့
နန်းသစ္စာရဲ့လက်တွေက ရပ်တန့်သွားပြီး..
သူမက မျက်ခုံးတစ်ချက်ပင့်လိုက်ကာမျက်လုံးထဲမှာလည်း မထီမဲ့မြင်အရိပ်အယောင်တွေ
ဖြတ်သွားပြီး....
“ဒါပဲလား? ဒီလောက်ပဲလား?”
“လရိပ်မြူ… မိသားစုနောက်ခံက သာမန်ထက်မပိုတဲ့ မိဘမဲ့တစ်ယောက်က Sun လုပ်ငန်းစုရဲ့ ဆက်ခံသူနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ?”
သူမက အထင်သေးတဲ့ အပြုံးနဲ့ တီးတိုးရွေရွတ်လိုက်ရင်း ဆိုဖာကနေထကာ ပြတင်းပေါက်နားကို လျှောက်သွားလိုက်ပြီး အပြင်ကို ကြည့်လိုက်တော့မိုးရေစက်တွေကြားကနေ အဝေးက မြို့ပြရဲ့မီးရောင်တွေကို လှမ်းမြင်နေရသည်။
သူမတို့ မဟာမြိုင်အိမိတော် ကနေလှမ်းကြည့်ရင်တောင်မြင်နေရတဲ့ မြို့ရဲ့အဓိကအချက်အချာနေရာမှာ Sun လုပ်ငန်းစုပိုင် အဆောက်အအုံကြီး က ထင်ရှားစွာ ရှိနေသည်။
မဟာမြိုင် မိသားစုနဲ့ Sun လုပ်ငန်းစုဆိုတာ သူမတို့အဖေတွေရဲ့မျိုးဆက်ကတည်းက စီးပွားရေးလောကမှာ အင်အားကြီး မိသားစုနှစ်စုဖြစ်ခဲ့ကြသလို နန်းသစ္စာ ဆိုတဲ့ သူမကလည်းငယ်စဉ်ကတည်းက အနာဂတ်မှာ Sun လုပ်ငန်းစုရဲ့ သခင်မ ဖြစ်လာမယ့်သူအဖြစ် သတ်မှတ်ခံထားရတာပင်။
မိသားစုနှစ်ခုရဲ့ လက်ထပ်ပေါင်းစည်းမှုကလည်းအစထဲကရှောင်လွဲမရအောင် အားလုံးက ကြိုတင်ဆုံးဖြတ်ထားပြီးသားဖြစ်တာမို့
လရိပ်မြူကတော့ လွှမ်းမျက်စိမမြင်တဲ့အချိန်မှာ သူ့ဘေးမှာ အဖော်ပြုပေးခဲ့တဲ့သူတစ်ယောက်သာသာအဆင့်ပင်။
“ရယ်စရာပဲ”
နန်းသစ္စာ တိုးတိုးလေးပြောလိုက်သည်။
“နောက်ခံမရှိတဲ့ မိဘမဲ့တစ်ယောက်ကို Sun လုပ်ငန်းစုထဲဘယ်သူက ဝင်ခွင့်ပေးမှာလဲ
အိမ်မက်မက်နေလိုက်..."
နန်းသစ္စာ ဆိုဖာဆီပြန်လာပြီး အချက်အလက်တွေကို ထပ်ကြည့်လိုက်ပြန်ကာ ဒီတစ်ခါမှာ တော့သူမမျက်လုံးထဲက မထီမဲ့မြင်အရိပ် အယောင်တွေက ပိုပြီး ပြင်းထန်လာခဲ့သည်။
လွှမ်းက အဲဒီမိန်းမကို ဘယ်လောက်ပဲ အလိုလိုက်နေပါစေ..နောက်ဆုံးမှာတော့
လရိပ်မြူဟာ အရုပ်တစ်ရုပ်လိုပါပဲ။
တွေးရင်း နန်းသစ္စာရဲ့ နှုတ်ခမ်းထောင့်မှာ ကျေနပ်တဲ့အပြုံးတစ်ခု ပေါ်လာသည်။
သူမလက်ချောင်းတွေက ဓာတ်ပုံပေါ်ကို ဖြည်းဖြည်းချင်း ထိလိုက်ပြီး နောက်ဆုံး
လရိပ်မြူရဲ့ မျက်နှာပေါ် ရပ်လိုက်ကာလက်နဲ့ အားထည့်ပြီးဓာတ်ပုံကို နှစ်ပိုင်း ဆုတ်ဖြဲလိုက်သည်။
"လရိပ်မြူ… နောက်ဆုံးတော့ နင်ကဒီအတိုင်း လွှမ်းဘဝထဲမှာ ခဏတာ ဖြတ်သွားမယ့်လူတစ်ယောက်ပဲ.."
တစ်ဖက်မှာတော့…
ညနက်လာတာနဲ့အမျှ လမ်းဘေးနှစ်ဖက်က မီးရောင်တွေဟာ မိုးရွာပြီးကာစမို့ လမ်းပေါ်မှာ
အရိပ်ဝါးဝါးလေး တွေထင်ဟပ်နေသည်။
လင်းမြတ်ပိုင် ကားကို လမ်းဘေးမှာ ဖြည်းဖြည်းရပ်လိုက်ပြီးသူ့ဘေးခုံမှာထိုင်နေတဲ့ လရိပ်မြူဘက် လှည့်ကြည့်လိုက်တော့သူမက ပြတင်းပေါက်အပြင်ကို အဓိပ္ပာယ်မဲ့သလို ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေသည်။
လင်းမြတ်ပိုင် ချောင်းတစ်ချက်ဟန့်လိုက်ကာ..
“အဟွန်...လရိပ်.. တိုက်ခန်းရှေ့ကို ရောက်ပြီ.."
လင်းမြတ်ပိုင်ရဲ့ အသံကြားမှ လရိပ် အတွေးနယ်လွန်နေရာမှ အတွေးတွေထဲကနေ ပြန်နိုးလာပြီး
သူမအတင်းပြုံးလိုက်ကာ...
“ကျေးဇူးတင်ပါတယ်..ကိုလင်းမြတ်ပိုင်”
လင်းမြတ်ပိုင်ကလည်းပြုံးလိုက်ပြီး...
“ရပါတယ် မလိုပါဘူး အချင်းချင်းတွေပဲကို ဒါနဲ့ လရိပ်မင်း ဒီမှာပဲ နေနေသေးတာလား?လွှမ်းက မင်းကို ဗီလာတစ်လုံးဝယ် ပေးထားပြီးပြီမဟုတ်လား အဲ့တာကိုဘာလို့ အဲဒီကို မပြောင်းသေးတာလဲ?”
“အဲ့တာက ရုတ်တရက်ကြီးဆိုတော့..ပစ္စည်းတွေ မစီရသေးလို့ပါ”
သူမ အဖြေကို ကြား တော့လင်းမြတ်ပိုင်က ပြုံးလိုက်ပြီး သူ့မျက်လုံးထဲမှာ တကယ်ကိုအားကျမှုအပြည့်နဲ့...
“လရိပ် မင်းသိလား အဲဒီဗီလာက တကယ်ကောင်းတယ် လွှမ်းက မင်းအတွက်ဆိုပြီး သေချာကို လုပ်ထားတာ နေရာရွေးတုန်းကတောင် ငါ သူနဲ့အတူ နေရာဆယ်နေရာကျော် လိုက်ကြည့်ပေးခဲ့ရသေးတယ် သူက သေချာ ရွေးပြီးမှ နောက်ဆုံးအဲ့လို ပြီးပြည့်စုံတဲ့နေရာကို သဘောကျခဲ့တာ..."
“ဒီဇိုင်းကိုလည်း ခုနစ်ကြိမ်..ရှစ်ကြိမ်လောက် ပြန်ပြင်ခဲ့ပြီး မီးဖိုချောင်က စားပွဲအမြင့်တောင် မင်းအရပ်နဲ့ အဆင်ပြေအောင် အထူးလုပ်ခိုင်းထားတာ...”
လင်းမြတ်ပိုင် ပြောနေရငခး လရိပ်ကို လှမ်းကြည့်လိုက် တော့သူမက တိတ်ဆိတ် နေပြီး
အတွေးနယ်လွန်နေတဲ့ ပုံပေါ်တာကြောင့်....
“လရိပ် မင်းအများကြီး မတွေးပါနဲ့လွှမ်းနဲ့
နန်းသစ္စာက ငယ်ငယ်ကတည်းက အတူကြီးပြင်းလာတာမို့ လွှမ်းက နန်းသစ္စာကို အမြဲတမ်း ညီမတစ်ယောက်လိုပဲ သဘောထားခဲ့တာပါ သူ့အပေါ်ထားတဲ့ ခံစားချက်က မင်းထင်သလို အချစ်မျိုးမဟုတ်ဘူး.."
" တာဝန်ယူချင်တာနဲ့ ကာကွယ်ပေးချင်တာပိုများတယ်”
လင်းမြတ်ပိုင်စကား အဆုံး လရိပ်က နာကျင်နေတဲ့ အပြုံး လေးပြုံးလိုက်ပြီးဘာမှပြန်မပြောဘဲ ခေါင်းသာခါလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်မကို ပြန်လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်သွားလိုက်ပါအုံးမယ်နော်..”
နှုတ်ဆက်ပြီး သူမ ကားတံခါးဖွင့်လိုက်တော့
အပြင်က အေးစက်တဲ့မိုးရေတွေက သူမမျက်နှာပေါ်ကို ချက်ချင်းကျလာခဲ့တာကို ခံစားလိုက်ရပေမဲ့ လရိပ် ထီးမယူဘဲ မိုးရေစိုခံလိုက်ကာ ကားပေါ်ကဆင်းခဲ့လိုက်သည်။
သူမ ဆံပင်ရှည်တွေနဲ့ အဝတ်အစားတွေ ကခဏချင်းပင် စိုရွှဲလာတော့သည်။
“ဟေး! လရိပ်မြူ! ထီးယူသွားလေ!”
ကားထဲက နေလင်းမြတ်ပိုင်က အော်ပြောနေပေမဲ့ သူမက လှည့်ကြည့်မလာသလိုမိုးသံကြောင့် သူ့အသံကလည်း ဝါးသွားရသည်။
“မိုးရေထဲ လမ်းလျှောက်ပြီး အအေးမိသွားရင် လွှမ်းက ငါ့ကို အရေခွံဆုတ်တော့မှာ!”
သူဘာ်လောက် အော်ပြောနေနေ လရိပ်မြူကတော့ မကြားသလိုနေပြီး တိုက်ခန်းတံခါး
ဆီ တန်းလျှောက်သွားခဲ့သည်။
လရိပ် မိုးရေတွေက သူမခေါင်းပေါ်ကနေ တစ်ကိုယ်လုံးကို စိုစွတ်သွားစေပြီးတော့သူမရဲ့နှလုံးသားထဲက ဒေါသကိုပါ မိုးရေတွေက
ငြိမ်းသတ်ပေးနေသလိုပင်။
သူမ တိုက်ခန်းထဲ ပြန်ရောက်တာနဲ့ စက်ရုပ်တစ်ရုပ်လို တံခါးပိတ်လိုက်ပြီးမီးမဖွင့်ပဲအမှောင်ထဲမှာပဲ ရပ်နေလိုက်သည်။
သူမ ဆံပင်ဖျားက မိုးရေစက်တွေက တစ်စက်ချင်း ကြမ်းပြင်ပေါ်ကျလာတာပြီးရေစက်တွေ စုလာကာ ကြမ်းပြင်ပေါ်မှာ ရေအိုင်လေးပင် ဖြစ်လာသည်။
အတော်ကြာအောင်ရပ်နေလိုက်ပြီးမှ သူမရေချိုးသန့်စင်လိုက်ပြီး ညဝတ်အင်္ကျီကို ဝတ်လိုက်ပေမယ့် ခန္ဓာကိုယ်ကတေ မထိန်းနိုင်အောင် တုန်ယင်လာခဲ့သည်။
ခေါင်းကလည်း ပိုပိုပြီးကိုက် လာကာပူလိုက် အေးလိုက်နဲ့ အဖျားတတ်လာခဲ့ပြီး အိပ်ရာပေါ်မှာ အိပ်ပေါ်သွားခဲ့သည်။
နောက်တစ်နေ့မနက်မှာတော့ လဪိပ် အဖျားကပိုဆိုးလာကာစကားတောင် မပြောနိုင်တော့သလိုသူမ ရေခွက်တစ်ခွက်ကို ကိုင်ဖို့တောင် အားမရှိတော့ပေ။
အဲ့အချိန် မှာ သူမ အိမ်တံခါးသော့ဖွင့်သံကို ကြားလိုက်ရပြီး တစ်ပြိုင်နက်...
“လရိပ်?”
လွှမ်းရဲ့ ခေါ်သံကို ကြားလိုက်ရကာ သူက အခန်းထဲချက်ချင်းခြေလှမ်းကျဲတွေနဲ့ ဝင်လာကာသူမဘေးမှာထိုင်ချလိုက်ပြီး သူမ နဖူးကို
ကြင်ကြင်နာနာနဲ့စမ်းလိုက်သည်။
သူ့မျက်နှာက ချက်ချင်း မျက်မှောင်ကြုံ့သွားပြီး...
“ဘာလို့ ဒီလောက်အထိ အဖျားတွေတက်နေတာတောင် ကိုယ့်ကို ဖုန်းမဆက်တာလဲ.."
လရိပ် မျက်လုံးအနည်းငယ်ဖွင့်လိုက်ပြီး စိုးရိမ်တကြီးဖြစ်နေတဲ့ သူ့ရဲ့မျက်နှာကို ကြည့်
လိုက်ပြီးမှ ခပ် ဖျော့ဖျော့ပြုံးပြလိုက်ပြီး...
“ရှင်အလုပ်ရှုပ်နေမှာစိုးလို့ပါ..?”
သူက ဘာမှပြန်မပြောဘဲ သူမကိုရုတ်တရက် ချီလိုက်သည်။
သူ့လှုပ်ရှားမှုထဲမှာ ဒေါသနဲ့ စိတ်ပူပန်မှု နှစ်မျိုးစလုံး ရောထွေးနေတာက အတိုင်းသားပေါ်လွင်နေသည်။
သူပ အနွေးထည်ထူထူတစ်ထည်ကိုထုတ်လိုက်ပြီး သူမအပေါ် ခြုံပေးလာကာဖုန်းကိုထုတ်လိုက်ပြီး....
“ကားပြင်ထား အခုချက်ချင်း ဆေးရုံသွားမယ်..”
ပြီးတာနဲ့ သူမကိုချီကာ ကားပေါ်တင်ပေးပြီး ဆေးရုံကို ခေါ်လာခဲ့သည်။
ဆေးရုံမှာလည်း သူက သူမ အိပ်ရာဘေးမှာထိုင်ပြီး သူနာပြုက သူမကို ဆေးသွင်းပေးနေတာကို ထိုင်ကြည့်နေသလိုဆေးသွင်းနေတဲ့အချိန်တစ်လျှောက်လုံးလည်း သူမလက်ကို မလွှတ်ဘဲ ကိုင်ထားခဲ့သည်။
သူ့မျက်ခုံးတွေကလည်း အခုထိ တင်းကြပ်နေတုန်းပင်။
“အခုကစပြီး မိုးရွာတဲ့နေ့ဆို ဘယ်နေရာသွားသွား ကားဆရာက မင်းကို တံခါးဝအထိ လာပြီးအကြိုပို့လုပ်ရမယ်”
ရုတ်တရက် သူမကိုကြည့်ရင်း ပြောလာသလို
သူ့အသံကလည်း ငြင်းလို့မရအောင် ပြတ်သားနေသည်။
လရိပ် ခေါင်းခါလိုက်ပြီး တစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့ သူကက နူးညံ့တဲ့အသံနဲ့ တားလာခဲ့သည်။
“စကားမပြောနဲ့ အုံး..ကောင်းကောင်းနားလိုက်”
ပြောပြီး သူ့လက်ချောင်းထိပ်တွေနဲ့ သူမမျက်လုံးထောင့်ကို နူးညံ့စွာ ပွတ်ပေးလာခဲ့သည်။
သူမ နေမကောင်းတဲ့အဲဒီရက်ပိုင်းတစ်လျှောက်လုံးသူက သူမဘေးကနေ မခွာဘဲကိုယ်တိုင် ဆန်ပြုတ်ပြုတ်ပေး..ဆေးတိုက်တာတွေလုပ်ပေးသလိုလိမ္မော်သီးတောင် တစ်စိတ်ချင်းစီ သေချာခွာပေးလာသည်။
ညသန်းခေါင်ယံအချိန်မှာ လရိပ် တစ်ရေးနိုးလာခဲ့ပြီး သူမဘေးကိုကြည့်လိုက်တော့ လွှမ်းက နှစ်ခြိုက်စွာအိပ်ပျော်နေသည်။
သူမ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ လွှမ်းရဲ့ဆံပင်တွေကို ဖြည်းဖြည်းလေး ပွတ်လိုက်ပြီး
သူ့မျက်နှာချောချောကို စိုက်ကြည့်နေမိသည်။
သူမသိတယ်..သူမသူ့ကို လက်လွှတ်မပေးနိုင်သေးပေ။
ဒါကြောင့် သူတို့နှစ်ယောက်ကို အချိန်နည်းနည်း ထပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဒါဟာသူမအမှန်တရားကို သိချင်လို့လား…
ဒါမှမဟုတ် သူ့ကို လက်မလွှတ်ဖနိုင်
သေးလို့လားဆိုတာကိုတော့သူမကိုယ်တိုင်တောင် သေချာမသိတော့ပေ။
သုံးရက်မြောက်နေ့မှာ လရိပ်ရဲ့အဖျားအရှင်းပျောက်သွားပြီး ကောင်းသွားပြီမို့ဆေးရုံက ဆင်းပြီး တိုက်ခန်းကို ပြန်လာခဲ့သည်။
သူမနဲ့ လွှမ်း ဆိုဖာပေါ်မှာထိုင် နေတုန်း တံခါးခေါက်သံကြားလိုက်ရတာမို့ လွှမ်း ထိုင်နေရာ
ကနေ ထပြီး တံခါးသွားဖွင့်လိုက်တော့
လင်းမြတ်ပိုင်ကလက်ထဲမှာ သစ်သီးခြင်း
တစ်ခြင်းကို ကိုင်ထားပြီး သူ့ကို မြင်လိုက်တာနဲ့မျက်နှာချိုသွေးတဲ့ အပြုံးနဲ့ပြုံးလာကာ...
“ဘယ်လိုလဲ? လရိပ် ကောင်းကောင်း နေကောင်းသွားပြီလား?”
သူက ပြောရင်း လွှမ်းရဲ့အနောက်ကို လှမ်းကြည့်ကာ အထဲမှာရှိတဲ့ လရိပ်ကို ကြည့်ဖို့ ကြိုးစားလိုက်သည်။
“ဒီကို ဘာလာလုပ်တာလဲ?”
အဲ့အချိန် လွှမ်းရဲ့အေးစက်စက်အသံထွက်လာတာကြောင့် လင်းမြတ်ပိုင် ခဏတောင့်သွားပြီး
မှ ပိုပြီးပြုံးလိုက်ကာ..
“မင်းကလည်း ငါက လရိပ်ကို လာကြည့်တာပါ အဲဒီနေ့က မိုးမိသွားတာကို စိတ်ပူလို့...”
“ငါအဲဒီညက သူ့ကို အိမ်ထဲအထိ လိုက်ပို့ပေးမလို့ပါပဲ ဒါပေမယ့် လရိပ်ကလက်မခံပဲ ကားပေါ်ကနေ ဆင်းသွားလို့ပါ..”
လင်းမြတ်ပိုင်က ကိုယ့်ကိုယ်ကို ကာကွယ်ပြောလိုက်ပြီး အသံထဲမှာလည်း မကျေနပ်ဖြစ်ကာ စိတ်မကောင်းဖြစ်နေပုံလည်းရသည်။
လွှမ်းရဲ့အသံကတော့ သွားကြားထဲကနေ အားနဲ့ညှစ်ထုတ်လိုက်သလို ဖြစ်နေကာ...
“ဒါဆို မိုးရေထဲမှာ လရိပ်တစ်ယောက်တည်း လမ်းလျှောက်သွားတာကို ဒီတိုင်းကြည့်နေခဲ့တာလား?”
လင်းမြတ်ပိုင်လည်း ဘာပြန်ပြောရမှန်း မသိတော့ပဲသူ့လက်ထဲက သစ်သီးခြင်းကို ငုံ့ကြည့်ရင်း ခေါင်းကုတ်လိုက်ကာ....
“လွှမ်း…မင်းကလည်းကွာ..”
အဲဒီအချိန်မှာ လရိပ်အသံကအ နောက်ကနေ ထွက်လာသည်။
“လွှမ်း အဲဒီနေ့က မိုးရေစိုချင်လို့ ကျွန်မကိုယ်တိုင် ဆင်းသွားတာပါ..”
လွှမ်းက လရိပ်ဆီ ချက်ချင်း လှည့်ကြည့်လိုက်ပြီး....
“ဘာလို့ထလာတာလဲ? ပြန်သွားပြီး လှဲနေ..”
ပြောရင်း သူက ခြေလှမ်းကြီးကြီးနဲ့ သူမဆီ လျှောက်သွားကာ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့...
“ကျွန်မအခု တော်တော်ကောင်းနေပါပြီ..သက်သာနေပြီ..”
တံခါးဝမှာ ရပ်နေတဲ့ လင်းမြတ်ပိုင်ကတော့ကတော့ သူတို့နှစ်ယောက်ကို ခဏကြောင်ကြည့်နေမိပြီးမှသတိဝင်လာကာ..
“ဒါက လရိပ်အတွက် ဝယ်လာတဲ့ သစ်သီးပါ အဲဒီနေ့က ဖြစ်သွားတာအတွက် တောင်းပန်တဲ့အနေနဲ့ပါ..”
သူက အိမ်ထဲဝင်လာပြီး သစ်သီးခြင်းကို စားပွဲပေါ်တင်လိုက်ရင်းပြောလိုက်သည်။
ပြီးတော့ လက်နှစ်ဖက်ကို မသိမသာ ပွတ်နေမိရင်း မတ်တပ်သာရပ်နေမိသည်။
လွှမ်း သူ့ကို လုံးဝဂရုမစိုက်ဘဲ လရိပ်ကို ဆိုဖာပေါ် ပြန်ထိုင်စေကာ စောင်ခြုံပေးလိုက်ပြီးမှ..
“သူမ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ သစ်သီးခြင်းတစ်ခြင်းပို့လိုက်တာနဲ့ ပြဿနာပြေလည်သွားမယ်လို့ ထင်နေတာလား?”
လင်းမြတ်ပိုင် သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်နှစ်ဖက်မြှောက်က အရှုံးပေးတဲ့အမူအရာနဲ့...
“ဟုတ်ပါပြီကွာငါမှားသွားပါတယ်?”
“နောက်တစ်ခါဆို သေချာပေါက် အိမ်အထိ လိုက်ပို့ပေးမယ် လရိပ်ကို မိုးရေထဲ တစ်ယောက်ထဲပစ်မထားတော့ဘူး ဟုတ်ပြီလား.."
ပြောပြီးတာနဲ့ နောက်ဆုံး လွှမ်းရဲ့ အေးစက်တဲ့အကြည့်တွေကို မခံနိုင်တော့တဲ့ လင်းမြတ်ပိုင် အိမ်ထဲကနေ အမြန်ထွက်လာခဲ့လိုက်သည်။
လင်းမြတ်ပိုင် အိမ်တံခါးအပြင်ရောက်မှ သက်ပျင်းတစ်ချက်ချလိုက်ပြီး ဟူးးးး
'တော်တော် အကဲပိုတဲ့ကောင် သူငယ်ချင်းကိုတောင် ပေါက်ထွက်မတတ် စိုက်ကြည့်နေတာ
သူ့အကြည့်နဲ့တင်သေနိုင်တယ်..."
လင်းမြတ်ပိုင် လမ်းတစ်လျှောက်လုံး ပွစိပွစိရေရွတ်ပြီး ပြန်လာခဲ့သည်။
အခန်းမှတ်ချက်များ (0)