Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း ၆

“လွှမ်း!”

လင်းမြတ်ပိုင် အခြေအနေကို ချက်ချင်းသဘောပေါက်သွားကာ လွှမ်းကို လှမ်းတားဖို့ ကြိုးစားလိုက်ပေမဲ့ နောက်ကျသွားပြီဖြစ်သည်။

လွှမ်းက နှစ်လှမ်းစာအကွာအဝေးကို ခြေလှမ်းတစ်လှမ်းတည်းနဲ့ ကျော်သွားပြီး ထိုအမျိုးသားရှေ့သို့ ရောက်သွားကာ သူ့အင်္ကျီကော်လာကို ဆောင့်ဆွဲလိုက်ပြီး ဆွဲထိုးလိုက်သည်။

“ခွပ်!”

အရိုးကျိုးသံနှင့်အတူ ထိုအမျိုးသားရဲ့နှာခေါင်းထဲကနေ သွေးတွေ ပန်းထွက်လာကာ လွှမ်းရဲ့ အဖြူရောင်အင်္ကျီလက်ဖျားပေါ်အထိ စင်ကျသွားသည်။

လွှမ်းကမရပ်သေးဘဲ ထိုလူကို ဆွဲကိုင်ကာ မြေပြင်ပေါ်သို့ ဆောင့်ပစ်လိုက်ပြီး ဖိနပ်နဲ့ခေါင်းကိုပါ ဖိနင်းထားကာ..

“ဘယ်လက်နဲ့ ထိလိုက်တာလဲ?”

မေးလိုက်တဲ့ အသံက အလွန်တိုးညှင်းလွန်းပေမဲ့

ထိုအသံထွက်လာတာနဲ့ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

“ငါ့လူကို မင်းက ထိရဲတယ်ပေါ့?”

အရက်မူးနေတဲ့ အမျိုးသားကတော့ အခုချိန်ထိသူ့ ဘယ်သူ့ကို ရန်စမိမှန်း..အခြေအနေက ဘယ်လောက်အထိ ဆိုးရွားသွားနိုင်လဲဆိုတာကို မသိသေးဘဲ...

“ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ? ဒီနေ့တော့ ငါက...”

ထိုသူ စကားပင် မဆုံးလိုက်..လွှမ်း ထပ်ပြီး လုပ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ဟိုတယ်ရဲ့လုံခြုံရေးဝန်ထမ်းတွေအပြေးရောက်လာကြကာလွှမ်းကို အလျင်စလို တောင်းပန်လာကြသည်။

“CEO လွှမ်း စိတ်လျှော့ပါဗျ..ဒီအရက်မူးသမားကိုကျွန်တော်တို့ အခုချက်ချင်းပဲ ဆွဲထုတ်သွားပါမယ်...”

လုံခြုံရေးဝန်ထမ်းများက မြေပြင်ပေါ်တွင် လဲကျနေသောထိုလူကို အမြန်ဆွဲထူလိုက်ကြသည်။

ထိုအချိန်မှသာ အရက်မူးနေသော ထိုလူက သတိနည်းနည်းပြန်ဝင်လာခဲ့ပြီး မျက်လုံးများကို အားယူဖွင့်ကာ ရှေ့တွင်ရပ်နေသော အမျိုးသားကို သေချာကြည့်လိုက်တော့မှစီးပွားရေးလောကမှာ လူအများကို ကြောက်ရွံ့စေနိုင်လောက်တဲ့ အရှိန်အဝါရှိသူ..Sun လုပ်ငန်းစုရဲ့ CEO ဖြစ်နေမှန်း သိလိုက်ရချိန်ထိုသူ မျက်နှာမှာ ချက်ချင်းဖြူဖျော့သွားသည်။

ထိုသူက မြေကြီးပေါ်မှာ ချက်ချင်း ဒူး‌ထောက်ထိုင်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့်...

“CEO လွှမ်း… ကျွန်တော် အရက်မူးနေလို့ပါ ကျွန်တော် မသိလိုက်တာပါ တောင်းပန်ပါတယ်…”

ထိုသူက တောင်းပန်နေပေမဲ့ လွှမ်းကတော့ ဘာမှမပြောဘဲ သူ့လက်ဖမိုးပေါ် မှာပေနေတဲ့ သွေးများကိုသာ လက်ကိုင်ပုဝါကို ထုတ်ပြီးအေးအေးဆေးဆေး သုတ်လိုက်ပြီးမှ..

“အခုတော့ သိသွားပြီလား?”

လွှမ်းရဲ့ အေးစက်စက်ထိုစကားတစ်ခွန်းကိုကြားလိုက်တာနဲ့ ထို အမျိုးသားက သူ့နဖူးကို ကြမ်းပြင်နဲ့ ထိလုမတတ် ဦးညွှတ်ကာ..

“ကျွန်တော်မှားသွားပါတယ်! CEO ခင်ဗျ ကျွန်တော်မှားပါတယ်! ကျွန်တော့်ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပ့...”

ထိုသူက တောင်းပန်ရင်း အသနားခံနေသည်။

နေကမ္ဘာလွှမ်းကို သွားစမိခြင်းဟာတစ်ယောက်တည်း ပြဿနာတက်သွားယုံပဲမဟုတ်ဘဲနောက်က မိသားစုတစ်ခုလုံးပင် ဒုက္ခရောက်သွားနိုင်သည်မဟုတ်လား..

ဘေးနားက လူတွေကလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ဖြည်းဖြည်းချင်း နောက်တစ်လှမ်းစီ ဆုတ်သွားကြသည်။

လူအုပ်ထဲက အချို့က ဒူးထောက်နေသော ထိုအမျိုးသားကို ရုတ်တရက် မှတ်မိသွားကာ..

“သူက ထိပ်တန်းလုပ်ငန်းပိုင်ရှင်ရဲ့ သားမဟုတ်လား?”

“အဲ့လုပ်ငန်းတော့ ပြီးပြီ…”

“အရင်တစ်ခါက Sunမိသားစုကို စော်ကားခဲ့တဲ့လူက အခုထိ ထောင်ထဲမှာပဲတဲ့…”

ဘေးနားက လူအုပ်စီကနေ တီးတိုး ပြောဆိုသံတွေထွက်ပေါ်လာသည်။

နေကမ္ဘာလွှမ်းကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူ့ဝတ်စုံပေါ်ထပ်အင်္ကျီကို ချွတ်လိုက်ပြီး

နန်းသစ္စာရဲ့ ပခုံးပေါ်သို့ ခြုံပေးလိုက်ကာသူမ

ပုခုံးကို ဖက်ကာ ထွက်ပေါက်ဘက်သို့ ခေါ်ဆောင်သွားသည်။

သူက ဒူးထောက်နေတဲ့ အမျိုးသားရဲ့ ဘေးနားက ဖြတ်သွားသည့်အချိန်တွင်တော့ ခြေလှမ်းများ ကို ခဏ ရပ်လိုက်ကာ...

“မနက်ဖြန် ဆယ်နာရီမှာ မင်းအဖေကို ရှယ်ယာလွှဲပြောင်းစာချုပ်ယူပြီး ငါ့ဆီလာခိုင်းလိုက်...”

စကားဆုံးတာနဲ့ သူကနန်းသစ္စာကို ဖက်ကာထွက်‌ပေါက်ဆီဆက်လျှောက်သွားသည်။

ဧည့်ခန်းကြီးထဲမှာ ကျန်နေခဲ့သူ တွေကတော့တစ်ယောက်မျှ အသံကျယ်ကျယ်ပင် မပြောရဲကြပေ။

ထွက်ပေါက်အနားရောက်တော့မှ လွှမ်းက သူ့သူငယ်ချင်းများဘက်ကို ပြန်လှည့်ကြည့်လိုက်ကာသူ့မျက်နှာပေါ်တွင် အားနာနေသည့်

အရိပ်အ‌ယောင်တစ်ချက် ပေါ်လာပြီး..

“sorry .. နန်းကို ပြန်လိုက်ပို့ရအုံးမှာမို့ ငါအရင်ပြန်နှင့်မယ်.."

ပြောရင်း သူ့မျက်လုံးများက လရိပ် ဘက်ကို ခဏ ရောက်လာပေမဲ့တစ်စက္ကန့်ပင် မပြည့်ခဲ့။

သို့သော် ထိုတစ်စက္ကန့်အတွင်းမှာတောင် သူ့မျက်လုံးထဲမှာသူမအပေါ် အားနာပြီးအပြစ်ရှိစိတ်ခံစားရတဲ့အရိပ်အယောင်ကိုလည်းမတွေ့ခဲ့ရသလို ရှင်းပြလိုသည့်အရိပ်အယောင်ကိုလည်း မတွေ့ခဲ့ရပေ။

လရိပ် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကြောင့် လက်သည်းများက လက်ဖဝါးထဲအထိ စိုက်ဝင်နေပြီဖြစ်ပေမဲ့ သူမ ဘာနာကျင်မှုကိုမှ မခံစားရပေ။

တစ်ခါတစ်လေနှလုံးသားက သွေးကျမတတ် ခံစားရတဲ့ နာကျင်မှုက အဆုံးစွန်အထိ ရောက်သွားရင် ခန္ဓာကိုယ်ကအာရုံခံစားချက်တွေကို ဆုံးရှုံးသွားတတ်တယ်မလား။

သူက ချက်ချင်း လင်းမြတ်ပိုင် ဘက်ကိုပြန် လှည့်ကြည့်လိုက်ပြီး...

“လရိပ်ကို မင်းပဲ ပြန်ပို့ပေးလိုက်..”

ထိုစကား ပြောပြီးတာနဲ့ သူက နန်းသစ္စာကို ခေါ်ကာ ထွက်သွားခဲ့သည်။

သူ့ကျောပြင်က လရိပ်ရဲ့ မြင်ကွင်းအဆုံး ဟိုတယ်ရဲ့တံခါးအပြင်ဘက်မှာပျောက်ကွယ်သွားခဲ့သည်။

~~~~~

ကားပေါ်ရောက်တာနဲ့ နန်းသစ္စာက နောက်ခုံပေါ်သို့ အားကုန်သွားသလို ထိုင်ချလိုက်သည်။

သူမရဲ့ အသက်ရှူသံကတော့ အခုထိ မငြိမ်သေးပေ။

“လွှမ်း… ကံကောင်းလို့ ရှင်အချိန်မီ ရောက်လာလို့...”

နန်းသစ္စာ လွှမ်းရဲ့ တင်းမာနေတဲ့ မျက်နှာကို ခိုးကြည့်ရင်း သတိထားကာ သူ့ဘက်ကို ဖြည်းဖြည်းချင်းတိုးလိုက်ပြီး..

“ရှင်သာ မရောက်လာခဲ့ရင်တို့…”

သူမ ပြောရင်းရပ်လိုက်ကာ သူ့မျက်နှာကို ကြည့်လိုက်တော့ မျက်နှာထားတင်းတင်းဖြင့်သာရှိနေသေးသည်။

နန်းသစ္စာ သူ့လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်တော့သူက ခဏ လက်ကိုရုန်းဖို့ပြင်လိုက်ပြီးမှ ငြိမ်သွားသည်။

ကားထဲမှာတော့ အခုထိ တိတ်ဆိတ်နေဆဲပင်။

“ဒီနှစ်တွေအတွင်းမှာ ငါအမြဲတမ်း ပါရီက အဲဒီကော်ဖီဆိုင်လေးကို အိပ်မက်မက်နေတုန်းပဲ…”

ခဏအကြာတော့မှ နန်းသစ္စာရဲ့ အသံ သေးသေးလေးကကားထဲမှာ ထွက်လာသည်။

လွှမ်းကတော့ဘာစကားတစ်ခွန်းမှပြန်မပြောသလို ခေါင်းလှည့်ကာ ပြတင်းပေါက်အပြင်ဘက်သို့သာ ငေးကြည့်နေတုန်းပင်။

“အဲဒီနွေရာသီကို မှတ်မိသေးလား?”

နန်းသစ္စာ လက်မလျှော့သေးဘဲ သူ့မျက်နှာကို ငေးကြည့်ရင်း ဆက်ပြောလိုက်သည်။

“နပိုလီယံတံတားပေါ်က နေဝင်ချိန်တွေအားလုံးကို ကျွန်မအတွက် ဝယ်ပေးမယ်လို့ ရှင်ပြောခဲ့တယ်လေ…”

ပြောရင်း သူမမျက်နှာပေါ်တွင် ဝမ်းနည်းသည့်အရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

“ကျွန်မ ရှင့်ကို မမေ့နိုင်ဘူး..”

သူမစကားအဆုံး လွှမ်း မျက်လုံးမှိတ်လိုက်ကာ..

"နန်း… အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီ..”

ထွက်ပေါ်လာတဲ့သူ့အသံက အေးဆေးနေပြီး ခံစားချက်ကင်းမဲ့နေသည်။

ပြောပြီးသူက အောက်ကိုငုံ့ကြည့်ကာ သူ့လက်ကို ကိုင်ထားသော သူမလက်ကိုခဏ စိုက် ကြည့်

လိုက်ပြီးမှ ဖြည်းဖြည်းချင်း သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သည်။

“မင်းနဲ့ ငါက မဟာမြိုင်မိသားစုနဲ့ Sun လုပ်ငန်းစုရဲ့ စီးပွားရေးပူးပေါင်းမှုအတွက် လက်ထပ်ရုံသပ်သပ်ပဲမင်းအဖေကလည်း သဘောတူတယ်ငါ့အဘိုးကလည်းခေါင်းညိတ်ပြီး သဘောတူထားတယ်ဒါပဲ.."

လွှမ်းရဲ့ ပြတ်သားလှတဲ့ စကား အဆုံးနန်းသစ္စာ

ဝမ်းနည်းသွားရကာ..

“ဒါပေမယ့်ကျွန်မတို့…”

“အခု ငါ့မှာ လရိပ်ရှိနေပြီ..”

သူမ စကားပင် မဆုံးလိုက် လွှမ်းရဲ့တိုး‌ပေမဲ့ငြင်းပယ်လို့မရအောင် ပြတ်သားနေတဲ့ အသံ

အသံကထွက်ပေါ်လာသည်။

အဲ့အချိန် နန်းသစ္စာရဲ့ ရုတ်တရက်တင်းမာသွားသော မျက်နှာက ကားပြတင်းပေါက် မှန်ပေါ်မှာ ထင်ဟပ်နေသည်။

သူမ သူ့အနားကနေပါ အနည်းငယ်နောက်ဆုတ်လိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အချိန်တွင် သူမမျက်လုံးထဲက မျှော်လင့်ချက် အလင်းရောင်သည် ချက်ချင်းမှိန်ကျသွားပေမဲ့တစ်ခဏတွင်ပင် သူမမျက်ဝန်းထဲမှာ နောက်ထပ်ဖော်ပြလို့

မရတဲ့ ဆုံးဖြတ်ချက်တစ်ခု ပြန်လည်ပေါ်လာသည်။

သူမ မျက်လုံးကို အောက်ချလိုက်ကာ ရင်ထဲမှာ လှုပ်ရှားနေတဲ့ ခံစားချက်ပေါင်းစုံကို တိတ်တဆိတ် ဖုံးကွယ်ထားလိုက်သည်။

လွှမ်းပြောတဲ့ “အတိတ်မှာကျန်ခဲ့ပြီ” ဆိုသည့်စကားကို သူမ မယုံကြည်ပေ။

အချို့အတွက်တော့ ငါးနှစ်ဆိုတာ လူတစ်ယောက်ကို ဖြည်းဖြည်းချင်း မေ့သွားစေနိုင်လောက်သည့် အချိန်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့သူမနဲ့ လွှမ်းကြားက ဆက်နွယ်မှုကတော့ ဒီလောက်လွယ်လွယ်နှင့် ပျောက်ကွယ်သွားမည်မဟုတ်ပေ။

စွဲလမ်းမှုဆိုတာ မြက်ရိုင်းပင်တစ်ပင်လိုပင်ပိုနင်းလေ ပိုပြီး ထွားလာလေလေ ဖြစ်သည်။

အခု သူမအနေနဲ့ ဘယ်သူနိုင်တယ်..ဘယ်သူရှုံးတယ်ဆိုတာကိုပင် ဂရုမစိုက်တော့ပေ။

ဒီအချိန်မှာ သူမ လက်မခံနိုင်တာတစ်ခုကသူ့ဘဝထဲမှာ သူမက ခဏတာပေါ်လာပြီး ပြန်ပျောက်ကွယ်သွားတဲ့ အပိုင်းလေးတစ်ခုသာ

ဖြစ်သွားခြင်းကို သူမ လက်မခံနိုင်ပေ။

ဒါပေမဲ့ သူမအတွက် နေကမ္ဘာလွှမ်းဆိုတဲ့ ထိုသူက သူမဘဝထဲတွင် မဖယ်ရှားနိုင်သော ဆူးတစ်ချောင်းလို ဖြစ်နေခဲ့သည်။

နန်းသစ္စာ လွှမ်းရဲ့ တင်းမာနေတဲ့ မျက်နှာကို ငေးကြည့်မိရင်းသူ့နှလုံးသားကို ကာကွယ်ထားတဲ့ အကာအရံကို သူမ လွယ်လွယ်နဲ့ချိုးဖျက်နိုင်

မှာမဟုတ်ဘူးဆိုတာ သေချာသိနေသည်။

ဒါပေမဲ့ သူမကတော့လက်လျှော့မှာမဟုတ်ပေ သူမမှာ အချိန်လည်းရှိသည်..စိတ်ရှည်မှုလည်း ရှိသည်။

အချစ်ဆိုတာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ ဆုံးဖြတ်ရသည့်အရာ မဟုတ်ပဲ

ဘယ်သူက ဘယ်သူမရှိရင် မနေနိုင်တော့မလဲ

ဆိုတာပဲ စောင့်ကြည့်ရသည့် ပြိုင်ပွဲတစ်ခုသာ ဖြစ်သည်။

သူမဒီပွဲမှာ အကြိမ်တစ်ထောင်လောက် ရှုံးနိမ့်နိုင်သည်။ဒါပေမဲ့သူသာ တစ်ကြိမ်လောက်ပဲ နောက်လှည့်ကြည့်လိုက်မယ်ဆိုရင်အနိုင်ရသူ

က သူမသာ ဖြစ်လိမ့်မည်။

အနက်ရောင် ကားလေးဟာ မဟာမြိုင်စံအိမ်ရှေ့တွင် ဖြည်းညင်းစွာ ရပ်တန့်သွားသည်။

ယာဉ်မောင်းက လွှမ်းဘက်ခြမ်းက ကားတံခါးကိုအရင် ဖွင့်ပေးလာသည်။

လွှမ်း ကားရှေ့တွင် လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ကာ တိတ်တဆိတ် ရပ်နေလိုက်သည်။

မိုးရွာပြီးစ ပတ်ဝန်းကျင်ရဲ့ ညဘက်လေထုကတော့ အေးစိမ့်နေသည်။

“အိမ်ပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်”

နန်းသစ္စာက သူ့ရှေ့မှာ ရပ်ကာ ကျေးဇူးတင်စကားဆိုလာပေမဲ့ လွှမ်း ခေါင်းကိုသာ အနည်းငယ်ညိတ်ပြလိုက်ပြီး သူမနောက်ဘက် အဝေးတစ်နေရာကို သာကြည့်နေမိသည်။

သူမက ဖြည်းဖြည်းချင်း သူ့ရှေ့ကို လျှောက်လာပြီးခြေဖျားထောက်ကာ သူ့ကို နမ်းဖို့ လုပ်လာတာမို့လွှမ်း ခေါင်းကိုချက်ချင်း လွှဲလိုက်သည်။

နန်းသစ္စာ သူမရဲ့ အနမ်းက လေထဲတွင်သာ ပျောက်ကွယ်သွားရတာမို့သူမနှုတ်ခမ်းပေါ်က အပြုံးက တောင့်တင်းသွားရပြီး နာကျင်သွားရသော်လည်း ခဏအကြာတွင် သူမ အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်သည်။

“ညနက်နေပြီ အမြန်အထဲဝင်တော့”

ပြောပြီး လွှမ်းက ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ကာသူတို့ကြားက အကွာအဝေးကို ထပ်တိုးလိုက်သည်။

“မင်း အဖေကိုလည်း ငါ့ကိုယ်စား နှုတ်ဆက်လိုက်..အခုလည်း နောက်ကျနေပြီဆိုတော့ နောက်ရက်မှ လာတွေ့မယ်လို့ ...”

နန်းသစ္စာ ပြန်မဖြေမိဘဲ ခေါင်းမော့ကာ သူ့ရဲ့ အေးစက်နေတဲ့ မျက်လုံးများကိုသာစိုက်ကြည့်နေမိသည်။

သူကတော့ ခဏမျှသာ စိုက်ကြည့်ပြီး လှည့်ထွက်သွားခဲ့သည်။ ကားလေးဟာ ဖြည်းဖြည်းချင်း သူမအနားကနေ မောင်းထွက်သွားသည်။

နန်းသစ္စာ လွှမ်းရဲ့အင်္ကျီကို ကိုင်ထားရင်း အိမ်ရှေ့မှာ တိတ်တဆိတ် ရပ်နေခဲ့မိသည်။

ကားနောက်မီးရဲ့ အလင်းက ညအမှောင်ထဲတွင် တဖြည်းဖြည်း ချင်းသေးငယ်လာပြီးနောက်ဆုံးမှာတော့မြင်ကွင်းထဲကလုံးဝ ပျောက်ကွယ်သွားတော့သည်။

-----

« ရှေ့အခန်း - အခန်း ၅ နောက်အခန်း - အခန်း ၇ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ