ကားက ကုန်သွယ်ရေးစင်တာ အနီးက အဆောက်အအုံတစ်ခုရှေ့မှာ ရပ်လိုက်
တာကြောင့် လရိပ်ကားပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက် တော့အဆောက်အအုံအပြင်ဘက်က ရိုးရိုးသာမန်ပုံစံပင်။
ဒါပေမဲ့ အတွင်းကိုဝင်လိုက်တဲ့အခါမှာတော့ အထဲမှာ မှန်အပြည့်နဲ့ ကြမ်းပြင်ကနေ မျက်နှာကျက်အထိဆက်ထားတဲ့ ပြတင်းပေါက်ကြီးတွေနဲ့ ကွေ့ကောက်စီးဆင်းနေတဲ့ ရေကန် လေးကို တွေ့လိုက်ရသည်။
ရေထဲမှာရှိတဲ့ ကြာပန်းပုံ မီးအိမ်လေးတွေက ဝင်ပေါက်ကနေ ဓာတ်လှေကားအနားအထိ လမ်းတစ်လျှောက် လင်းထိန်နေသည်။
လွှမ်း လရိပ်ရဲ့လက်ကိုကိုင်ပြီး အထဲကိုခေါ်သွားလိုက်သည်။
သူ ဓာတ်လှေကားထဲရောက်တာနဲ့ အပေါ်ဆုံးထပ်ကိုနှိပ်လိုက်ပြီး ဓာတ်လှေကားက တဖြည်းဖြည်း အပေါ်တက်သွားကာ...
ဓာတ်လှေကားတံခါးပွင့်လာတဲ့အချိန်မှာတော့ သူမမျက်စိရှေ့မှာ အထပ်တစ်ခုလုံးနီးပါး ဖုံးအုပ်ထားတဲ့ မှန်ပြတင်းပေါက်ကြီးတစ်ခု ပေါ်လာသည်။
အဲဒီကနေ မြို့ရဲ့ ညဘက်မြင်ကွင်းတစ်ခုလုံးကို အပေါ်စီးကနေ မြင်နေရသည်။
“လွှမ်းနဲ့ လရိပ်တို့ ရောက်လာပြီလား!”
လရိပ် အသံကြားရာဘက်ကို လှည့်ကြည့်လိုက်တော့ လင်းမြတ်ပိုင် က နွေးနွေးထွေးထွေး ပြုံးရင်း သူမတို့ အနား ကိုလျှောက်လာသည်။
သူ့နောက်မှာတော့ လူခုနစ်ယောက်၊ ရှစ်ယောက်လောက် ပါလာကာသူတို့အားလုံးကလည်း
လရိပ်သိတဲ့သူတွေပင်..အထူးသဖြင့် သူတို့က လွှမ်း မျက်စိမမြင်ခဲ့တဲ့အချိန်မှာတောင် ရှိနေပေးကြတဲ့ မိတ်ဟောင်းဆွေဟောင်းတွေ ဖြစ်သည်။
ဒီညစားပွဲက လူဆယ်ယောက်လောက်ပဲရှိပြီးသိပ် မကြီးပေမယ့် အားလုံးဟာ သူတို့နယ်ပယ်ထဲမှာတော့ နာမည်ကြီးတဲ့အသိုင်းအဝိုင်းကလူတွေချည်းပင်။
သူတို့ရဲ့ အပြုအမှုတိုင်းဟာ ချမ်းသာပြီး အထက်တန်းစားဖြစ်ကြောင်း ပြသနေသည်။
“ညစာမစားခင်ငါတို့ ဂိမ်းနှစ်ပွဲလောက် ကစားကြရအောင်ေလ..”
“အင်း ကောင်းတယ် ဖဲဆော့ကြ မလား?”
လင်းမြတ်ပိုင်ရဲ့ စကားကို ကျန်တဲ့လူတွေကလည်း ချက်ချင်း သဘောတူလိုက်ကြသည်။
သူတို့ စားပွဲထိုးကို ခေါ်ပြီး ပြောလိုက်တာနဲ့ စားပွဲထိုးက ချက်ချင်း ဖဲချပ်အသစ်စက်စက်တွေ နဲ့ လောင်းကြေးချစ်ပ်ပြားတွေ ယူလာခဲ့သည်။
“လွှမ်း ကျွန်မ မကစားတတ်ဘူး...”
လရိပ် စားပွဲပေါ်ကို ကြည့်ပြီး လွှမ်းနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်တော့...
“ရပါတယ် ကိုယ့်အတိုင်းပဲ လိုက်လုပ်..”
ကစားပွဲစတာနဲ့ ပတ်ဝန်းကျင်က လေထုဟာ ချက်ချင်း ပိုပြီးတက်ကြွလာသလိုဖဲချပ်တွေက စားပွဲပေါ်မှာ တစ်ဖက်တစ်ချက် ပျံ့လွင့်နေပြီး
ချစ်ပ်ပြားတွေ တိုက်မိတဲ့အသံကလည်း ထွက်ပေါ်နေသည်။
လွှမ်းကတော့ဆော့ရင်း သူမကို လောင်းကြေးတွေ ချပြီး ဘယ်လိုကစားရမလဲဆိုတာကို အဆင့်ဆင့် သင်ပေးနေသည်။
“ဒိုင်လက်ထဲမှာ ဖဲသုံးချပ်ရှိလာရင်…”
သူက အသံတိုးတိုးနဲ့ရှင်းပြရင်း သူမလက်ဖမိုးကို လက်ချောင်းထိပ်နဲ့ နူးနူးညံ့ညံ့ ထိနေသည်။
လရိပ်ကတော့ သူရှင်းပြနေတာကို စိတ်မဝင်စားဘဲ ဖဲချပ်တွေထက် သူ့ရဲ့မျက်နှာ ကို ခိုးခိုးကြည့်နေမိသည်။
သူ့မျက်နှာမှာ အပြုံးဖျော့ဖျော့လေးရှိပေမယ့် မျက်လုံးတွေကတော့ သိမ်းငှက်လို စူးရှနေပြီး ဖဲတစ်ချပ်ချင်းစီ ထွက်လာတာကို သေချာအာရုံစိုက်ကြည့်နေသည်။
"ခွန်းသစ် မင်းရဲ့ ရွက်လှေက ဘယ်လောက်တန်လဲ အဲဒါကို လောင်းကြေးအဖြစ် ထားမလား?”
လင်းမြတ်ပိုင် မေးလိုက်တော့ ခွန်းသစ်က မျက်ခုံးပင့်လိုက်ကာ...
“မင်းမှာလည်း လောင်းဖို့တန်တဲ့ပစ္စည်း တစ်ခုခုရှိလား?”
လင်းမြတ်ပိုင်က မေးစေ့ကိုပွတ်ရင်း ခဏစဉ်းစားလိုက်ပြီးမှချက်ချင်းမဆိုင်းမတွပြန်ဖြေလာသည်။
“ငါ့ရဲ့ကားအသစ် ပါကင် ရှိတယ်လေ မနေ့တစ်နေ့ကမှ သွားယူထားတာ”
လင်းမြတ်ပိုင်က တစ်ခါ လွှမ်းဘက်ပါ လှည့်လာပြီး မျက်လုံးထဲမှာ ပြုံးစိစိ အရိပ်အယောင်နဲ့...
“လွှမ်း မင်းကော ငါနဲ့ လောင်းမလား?”
လွှမ်း လရိပ်ရဲ့လက်ကောက်ဝတ်ကို ကိုင်ပြီး
ချစ်ပ်ပြားတချို့ကို သူမလက်ထဲ ထည့်ပေးလိုက်ကာ..
“ကိုယ့်အတွက် လောင်းပေး...”
ရုတ်တရက်ဆိုသလို လရိပ်ကြောင်သွားရသည်။ သူတို့ လောင်းကြေးက ကြီးတာမို့ သူမ မလုပ်ရဲပေ ပြီးတော့ သူမက ဘာမှလဲ မဆော့တတ်တာမို့..
“ကျွန်မလား? ကျွန်မက မလုပ်တတ်…”
“အချစ်မင်းလုပ်နိုင်ပါတယ်...”
ပြောရင်း လွှမ်းက ပြုံးပြလာတာမို့ လရိပ်လဲ
မငြင်းနိုင်တော့ပေ။
လရိပ် ဂိမ်းစတာနဲ့ ဘာကြောင့်မှန်းမသိဘဲ သူမလက်ထဲက ချစ်ပ်ပြား အားလုံးကို Player ဘက်မှာ လောင်းလိုက်တာကြောင့်..
စားပွဲပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားရသည်။
လင်းမြတ်ပိုင်ကလည်း အံ့ဩတကြီးနဲ့...
“ဝိုး! သခင်လေး လွှမ်းက ဒီလောက်တောင် ယုံကြည်ချက်ရှိ နေတာပါလား?”
လွှမ်းကတော့ ဘာမှပြန်မပြောဘဲ ပြုံရုံသာ ပြုံးနေလိုက်သည်။
ဖဲတွေကို ဖွင့်ကြည့်လိုက်တော့ လရိပ်တို့ ပထမအချီမှာ တကယ်ကြီးနိုင်သွားသည်။
“ဝိုး...မရီးကံက တကယ်ကောင်းတာပဲ!”
လင်းမြတ်ပိုင်က အံဩတကြီး ပြောလာသည်။
လွှမ်းကတော့ ပြုံးပြီး နိုင်ထားတဲ့ချစ်ပ်ပြားတွေကို သူမရှေ့ ကိာတွန်းပေးလိုက်သည်။
“ဆက်လုပ်...”
ဒုတိယအချီမှာလည်း လရိပ် ထပ်နိုင်ပြန်သည်။
တတိယအချီရောက်တဲ့အခါ မှာတော့ချစ်ပ်ပြားတွေက သူမရှေ့မှာ စုပုံနေပြီဖြစ်သည်။
“All in....”
လွှမ်းက အေးအေးဆေးဆေး ပြောလာတာကြောင့်လရိပ် အံကိုတင်းတင်းကြိတ်လိုက်ပြီး သူမရှေ့က ချစ်ပ်ပြားအားလုံးကို လောင်းလိုက်သည်။
ဒီတစ်ခါနောက်ဆုံးဖဲချပ်ကို ဖွင့်လိုက်တဲ့အခါမှာ
တော့ သူမတို့ သာထပ်ပြီးနိုင်ပြန်သည်။
ကစားပွဲက လူအားလုံးလည်း အံ့အားသင့်ပြီး စကားမပြောနိုင်တော့ပေ။
လင်းမြတ်ပိုင်ကတော့ ရှုံ့မဲ့နေတဲ့ မျက်နှာကြီးနဲ့..
“ဟာ..ဒါ ဘာကံကြီးလဲကွာ?”
လရိပ်ကတော့ စိတ်လှုပ်ရှားလွန်းလို့ မျက်နှာ တွေပါနီရဲလာပြီး သူမဘယ်နေရာမှာရှိနေမှန်းတောင် မေ့သွားကာ လွှမ်းရဲ့အင်္ကျီလက်ကို ဆွဲပြီး....
“ ရေးးးကျွန်မတို့နိုင်ပြီ!”
လွှမ်းကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပင် ပြုံးနေပြီး သူမနှာခေါင်းကို လက်နဲ့တို့လိုက်ကာ....
“မင်းနိုင်တာပဲ...”
ခွန်းသစ်မင်းကလည်း...
“လွှမ်းရဲ့ လောင်းကစားကံက မွေးရာပါကို ကံကောင်းတာပဲ”
လင်းမြတ်ပိုင်ကတော့ ရင်ဘတ်ကိုဖိကိုင်ပြီး ငိုမဲ့မဲ့နဲ့...
“ငါ့ ကားအသစ်လေး ကို ခြစ်ရာတောင်မရှိဘဲ ခွဲခွာရတော့မှာပဲ!”
လွှမ်းကတော့ ရယ်လိုက်လိုက်ကာ...
“ဒါကတော့ မင်းတို့ကိုယ်တိုင် လောင်းကြေးအကြောင်း စပြောခဲ့တာပဲလေ..”
“ကောင်းပြီ..ကောင်းပြီ ငါရှုံးတာကို ဝန်ခံပါတယ်”
ပြောပြီး လင်းမြတ်ပိုင်က ချစ်ပ်ပြားလေးတွေကို ဘေးဖယ်လိုက်ကာ..
“ညစာစားကြရအောင်! အားလုံးစားသောက်ခန်းဘက် သွားကြရအောင်လေ စားရင်းနဲ့ စကားပြောကြတာပေါ့.."
သူပြောလိုက်တော့ အားလုံးလည်း စားသောက်ခန်းဘက်ကို ရွှေ့လိုက်ကြသည်။
ကျယ်ဝန်းတဲ့ သီးသန့်စားသောက်ခန်းထဲက စားပွဲဝိုင်းကြီးတစ်ခုလုံးမှာ အလှဆင်ထားတဲ့ ဟင်းပွဲတွေ ပြည့်နှက်နေကာ လရိပ်ကတော့ လွှမ်း ရဲ့ ဘယ်ဘက်မှာဝင် ထိုင်လိုက်သည်။
အားလုံး ထမင်းစားပွဲမှာ နေရာယူပြီးတာနဲ့
လင်းမြတ်ပိုင်က မတ်တပ်ရပ်လိုက်ကာ
ဖန်ခွက်ကို မြှောက်လိုက်ပြီး...
“ဒီနေ့ ပထမဆုံး ငါပဲ သောက်ပြီး ဂုဏ်ပြုလိုက်မယ်! ငါရှုံးတာက တခြားလူတွေထက် ကစားတာမကျွမ်းလို့ပါ..ဒီတစ်ခွက်ကတော့ လရိပ်မြူရဲ့ ကံကောင်းခြင်းအတွက် ဂုဏ်ပြုတာ!”
လရိပ်လည်း ခေါင်းညိတ်ပြီး ကျေးဇူးတင်ကြောင်းပြလိုက်ကာ သူမ ဝိုင်ခွက်ကို မြှောက်
မလို့လုပ်လိုက်တဲ့အချိန်မှာပဲ လွှမ်းက သူမ
လက်ထဲက ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး သူ့ရှေ့မှာထားလိုက်ကာ သူမအတွက်တော့ ရေနွေးတစ်ခွက် လဲပေးပြီး လက်ထဲပြန်ထည့်ပေးလာသည်။
လရိပ် ပြုံးလိုက်ပြီး ဝိုင်အစား သူပေးလာတဲ့ ရေနွေးသာသောက်လိုက်သည်။
တဖြည်းဖြည်းနဲ့ စကားဝိုင်းက လတ်တလော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကနေ အပန်းဖြေစခန်းအကြောင်းတွေ.. နောက်တော့ တစ်ယောက်နဲ့တစ်ယောက် စုဆောင်းထားတဲ့ တန်ဖိုးကြီးပစ္စည်းတွေ အကြောင်းအထိ ရောက်သွားသည်။
စားနေရင်းနဲ့ တစ်ယောက်က ဟာသတစ်ခု ထပြောလိုက်တာကြောင့် အားလုံး ရယ်မိကြသလို လရိပ်လည်းမထိန်းနိုင်ဘဲ အကျယ်ကြီး ရယ်လိုက်မိသည်။
လရိပ် စားနေရင်းဘေးမှာ ဘေးမှာထိုင်နေတဲ့ လွှမ်းကို တိတ်တိတ်လေး လှည့်ကြည့်လိုက်တော့သူက သူမအကြိုက်ဟင်းတွေကို သူမပန်းကန်ထဲ ထည့်ပေးလာကာ....
"အချစ်..စားလေ ကိုယ့်ကို ဘာတွေငေးကြည့် နေတာလဲ.."
သူက ပြုံးကာ ထမင်းပန်းကန်ကို မျက်စပစ်ပြရင်း မေးလာတာကြောင့်..လရိပ် သူမ ခိုးကြည့် နေတာ မိသွားတာမို့ ရှက်ပြုံးလေး ပြုံးရင်း ခေါင်းခါပြလိုက်ကာ သူ့ဆီက အကြည့်လွှဲလိုက်ပြီး ဆက်စားနေလိုက်သည်။
ညစာစားပြီးတဲ့နောက် အားလုံးဧည့်ခန်းမဆီပြန် ထွက်လာကြသည်။
ဧည့်ခန်းမဆီ ပြန်သွားတဲ့လမ်းမှာ လွှမ်းက သူမ ခါးကို လက်နဲ့ဖက်လိုက်ပြီး သူ့လက်ဖဝါးက သူမခါးပေါ်ကို မသိမသာ နှစ်ကြိမ်လောက်
ပွတ်သတ်လာတာမို့ လရိပ်သူ့ကိုကြည့်လိုက်
ပြီး မျက်စောင်းလေးထိုးလိုက်ပေမဲ့ သူကတော့ လက်ကိုမဖယ်ပဲဆက်ဖတ်ထားဆဲပင်။
ဟိုတယ်ဧည့်ခန်းက မီးရောင်အောက်မှာတော့ စကားပြောရယ်မောနေတဲ့သူတွေနဲ့ စည်ကားနေဆဲပင်။
အဲ့အချိန် ရုတ်တရက် လွှမ်းက သူမခါးကိုဖက်ထားတဲ့လက်ကို လွှတ်လိုက်တာမို့ လရိပ်သူ့ကို မော့ကြည့်ပြီး သူကြည့်နေတဲ့ဘက်ကို လိုက်ကြည့်လိုက်တော့..
သူမတို့နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ နန်းသစ္စာ နားမှာ အမျိုးသားတစ်ယောက်က နန်းသစ္စာရဲ့ လမ်းကိုပိတ်ထားသလိုအဲဒီအမျိုးသားက လည်း
မျက်နှာတွေနီနေပြီး အရက်မူးနေမှန်းသိသာလှသည်။
ထိုလူရဲ့ ခန္ဓာကိုယ်က မတ်မတ်တောင်မရပ်နိုင်တော့ဘဲ ယိမ်းယိုင်နေပေမဲ့ နန်းသစ္စာရှေ့မှာပိတ်ရပ်ပြီး တစ်စုံတစ်ရာကို အတင်းအကျပ်ပြောနေကာပြောရင်း လက်လှမ်းပြီး နန်းသစ္စာရဲ့ လက်ကောက်ဝတ်ကိုပါ လှမ်းဆွဲဖို့ ကြိုးစားနေသည်။
နန်းသစ္စာက နောက်ကိုချက်ချင်းဆုတ်လိုက်ပြီး သူမမျက်နှာပေါ်မှာလည်း မနှစ်မြို့မှုတွေက အတိုင်းသားပေါ်လွင်နေသလို.. လူအများရှေ့မှာရုန်းရင်းဆန်ခတ် ဖြစ်မှာကိုလည်း ကြောက်နေဟန်တူသည်။
လရိပ် ကြည့်နေရင်း သူမဘေးက လွှမ်းရဲ့ အသက်ရှူသံ ပိုမြန်ပြီး ပိုလေးလာတာကို သတိထားလိုက်မိကာ သူမတားချိန်ပင်မရလိုက်
လွှမ်းက အဲဒီဘက်ကို ခြေလှမ်းကျဲကျဲနဲ့ အမြန်လျှောက်သွားခဲ့သည်။
လရိပ် သူမကတော့ နေရာမှာပဲ ရပ်ကျန်ခဲ့ပြီး နန်းသစ္စာဆီ အမြန်သွားနေတဲ့ သူ့ရဲ့ကျောပြင်ကို သာငေးကြည့်နေမိသည်။
ကြည့်နေရင်းသူမနှလုံးသားထဲမှာ တင်းကျပ်နာကျင်လာရသလိုသူမနဲ့ လွှမ်းက ခြေလှမ်းအနည်းငယ်လောက်ပဲ ကွာဝေးနေပေမယ့်
သူမရင်ထဲမှာတော့ သူမတို့နှစ်ယောက်ကြား
က အကွာအဝေးဟာတဖြည်းဖြည်းနဲ့ အတော်လေးဝေးကွာနေသလို ခံစားလိုက်ရသည်။
-----
အခန်းမှတ်ချက်များ (0)