လွှမ်း ဆိုဖာပေါ်မှာ လရိပ် ဖက်ထားပြီး ထိုင်နေတုန်းအိမ်ရှေ့ကလူခေါ် ဘဲလ်သံမြည်လာပေမဲ့ သူမလေးက ထဖို့ပျင်းနေတာကြောင့် လွှမ်း သူမခေါင်းလေးကို အသာပုတ်ပြီးထလိုက်ကာ တံခါးသွားဖွင့်လိုက်သည်။
"အကိုလေးမှာထားတာတွေပါ..."
မင်းနိုင်က ဝယ်လာတဲ့ ပစ္စည်းတွေက သူ့ကို တစ်ရိုတသေနဲ့လှမ်းပေးလာသည်။
"အင်း...ဒီနားမှာပဲ ထားခဲ့လိုက်..."
သူပြောလိုက်တော့ မင်းနိုင်က အိတ်တွေကို ယူပြီး တံခါးဝက စားပွဲပေါ်မှာ ချပြီးတာနဲ့ ခေါင်းညိတ်ပြီး ချက်ချင်းပြန် ထွက်သွားခဲ့သည်။
လွှမ်း တံခါးပိတ်ပြီးပြန် လှည့်လိုက်တော့ လရိပ်က ဈေးဝယ်အိတ်နား ရောက်လာပြီးအိတ်ထဲကို မွှေနှောက်ရှာကာ စတော်ဘယ်ရီတစ်ဘူးကို ထုတ်ပြီး တစ်လုံးကို ချက်ချင်း ပါးစပ်ထဲ ပစ်ထည့်လိုက်တာကြောင့်...
"အချစ်..ဗိုက်ဆာနေတာလား?"
"အင်း.."
သူမက ပြောရင်း ခေါင်းညိတ်ပြကာ အသီးကို မျိုချလိုက်သည်။
သူမလက်ချောင်းထိပ်တွေမှာတော့စတော်ဘယ်ရီ အသီးရည် လေးတွေကစိုနေသေးတာမို့ လွှမ်း သူမလက်ထဲက စတော်ဘယ်ရီဘူးကို ယူလိုက်ပြီး သူမလက်ကို သူ့ နှုတ်ခမ်းနားဆွဲယူလိုက်ကာ လက်ချောင်းထိပ်က အသီးရည်တွေကို အသာစုပ်လိုက်သည်။
ဒါဟာ သူ ပုံမှန်လဲ လုပ်နေကြ အပြုအမူမို့ သူမအနေနဲ့ကော သူ့အနေနဲ့ပါ မထူးဆန်းတော့ပေ။
လွှမ်း စတော်ဘယ်ရီ ဘူးကိုပါ အိတ်ထဲပြန်ထည့်လိုက်ပြီး အိတ်ကို မီးဖိုခန်းထဲသယ်လာခဲ့လိုက်သည်။
မီးဖိုချောင်ထဲရောက်တာနဲ့ လွှမ်း ဝယ်လာတဲ့ ပစ္စည်းတွေကို နေရာချကာ ချက်ပြုတ်ဖို့ ပြင်လိုက်သည်။
"အချစ် ဟိုမှာထိုင်ပြီး စောင့်နေ ဒါနဲ့ မင်းဝတ္ထုအတွက် ကောအကြံရပြီလား?"
သူ့မေးလိုက်တော့ သူမက ခေါင်းခါပြလာတာမို့...
"အယ်ဒီတာက အချစ်ကို အရမ်းဖိအားပေးနေတာလား?"
"မဟုတ်ပါဘူး ဒါပေမဲ့ အခုထိ အကြံမရသေးတော့ တော်တော်စိတ်ဖိစီးရတယ်"
သူမကပြောရင်း သက်ပြင်းချလိုက်သည်။
" စာတစ်လုံးတောင် ရေးလို့မရဘူး..ခေါင်းထဲဘာမှပေါ်မလာဘူး..."
"ဒါဆို ကိုယ့်..အကြောင်းရေးလိုက်လေ"
"ကိုယ်က ဒီလောက်ထူးခြားတဲ့လူဆိုတော့ အစကနေအဆုံးထိ ရေးရင်တောင် မလုံလောက်သေးဘူး.."
လွှမ်းက ဟင်းချက်ရင်း သူမကို လှည့်မကြည့်ဘဲ ပြောနေသည်။
လရိပ်ကတော့ ထမင်းစားစားပွဲမှာ ထိုင်ပြီး မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ထို ယောက်ျားကို ငေးကြည့်နေမိသည်။
ဒီမြင်ကွင်းက သူမအတွက် မထူးဆန်းပေမဲ့ အခြားသူတွေသာ မြင်ရင်တော့ သေချာပေါက် အံအားသင့်ကြမဲ့ မြင်ကွင်းပင်။
စီးပွားရေးလောကမှာ အာဏာကြီးမားပြီး စကားတစ်ခွန်းနဲ့ လူတွေကို အမိန့်ပေးနိုင်တဲ့
Sun အုပ်စုရဲ့ CEO က အခုတော့ ရိုးရိုးအိမ်နေရင်းအဝတ်ကို ဝတ်ထားပြီး အင်္ကျီလက်တွေကို လက်ဖျံအထိ လိပ်တင်ကာ သူမအတွက် နေ့လယ်စာကို အာရုံစိုက်ပြီး ပြင်ဆင်ပေးနေခြင်းပင်။
Sun မိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့ သူဟာ ငယ်စဉ်ကတည်းက အိမ်မှာ အစေခံပေါင်းများစွာနဲ့ ပြုစုပျိုးထောင်ခံခဲ့ရသူ..
ဒါပေမယ့် အခုတော့ သူက မီးဖိုချောင်ထဲမှာ ရပ်နေပြီး သူမအတွက် ချက်ပြုတ်ပေးနေသည်။
ဒီအချိန်မှာ သူ့ရဲ့ အလေးအနက်ထားမှုက ကြယ်ငါးပွင့်အဆင့် စားဖိုမှူးတောင် မယှဉ်နိုင်လောက်ပေ။
မျက်စိပြန်မြင်လာပြီးနောက်ပိုင်း လွှမ်း သူမနဲ့
နှစ်ယောက်တည်း အတူရှိရတဲ့အချိန်တွေကို ပိုပြီးနှစ်သက်လာခဲ့သည်။
သူမအတွက် သူကိုယ်တိုင် ချက်ပြုတ်ပေးတာ
က ပိုများသည်။
အစပိုင်းမှာတော့ သူ ကြက်ဥကြော်တာတောင်
မကျွမ်းကျင်ခဲ့ပေမယ့် အခုတော့ ဟင်းမျိုးစုံနဲ့ စားပွဲတစ်ခုလုံးကို လှလှပပ ပြင်ဆင်ပေးနိုင်နေပြီဖြစ်သည်။
သူမကြိုက်တဲ့အရသာနဲ့ ကိုက်ညီအောင် လည်း ပြင်ဆင်နိုင် နေပြီဖြစ်သည်။
လွှမ်း သူမကို အိမ်အကူ ငှားထားပေးပြီး အဝေးကနေ အခြားသူတစ်ယောက်ကို ဂရုစိုက်ပေးခိုင်းရတာမျိုးထက်ကိုယ်တိုင်ဂရုစိုက်ပေးပြီး သူမအနားမှာ ရှိနေရတာကို သဘောကျသည်။
သူ ကိုယ်တိုင်လုပ်ပေးပြီး ကိုယ့်ကြောင့် သူမပျော်ရွှင်နေတာကို မြင်ရတဲ့ခံစားချက်..
အဲဒီခံစားချက်ကို လွှမ်းအတွက်တော့
တကယ် ဘာမှနဲ့မတူပေ။
~~~~~~
နေ့လယ်စားပြီးတဲ့နောက် လရိပ် ပန်းကန်တွေကို ကိုယ်တိုင်သိမ်းဖို့ လုပ်နေချိန် လွှမ်း အနောက်ကနေ သူမကို ဖက်လိုက်ကာ...
"ဆိုဖာပေါ်သွားထိုင်ပြီး နားတော့ ကိုယ်ပဲဆေးလိုက်မယ်.."
လရိပ် ပြုံးကာ ခေါင်းညိမ့်ပြလိုက်ပြီး သူ့ပါးကို နမ်းလိုက်ကာ သူမ ဧည့်ခန်းဆီထွက်လာခဲ့လိုက်သည်။
လွှမ်း ပန်းကန်တွေ ဆေးပြီး အရှေ့ကို ထွက်လာတော့ လရိပ်က ဆိုဖာပေါ်မှာ Snowball ကို ဖက်ထားရင်း အိပ်ငိုက်နေသည်။
ပြတင်းပေါက်က နေရောင်ထိုးပြီး သူမမျက်နှာပေါ် ကျရောက်နေ တာကြောင့်သူမမျက်တောင်ေလးတွေက မျက်ခွံအောက်မှာ အရိပ်ပါးပါးလေး ဖြစ်နေသည်။
လွှမ်း သူမဘေးနားမှာ ဝင်လိုက်တော့ဆိုဖာက အနည်းငယ်နိမ့်ကျပြီး လှုပ်သွားတာမို့ သူမ နှိုးသွားပုံရကာ မျက်လုံးဖွင့်ပြီး သူ့ကို ကြည့်လာသည်။
"အိပ်ချင်နေတာမလား..ဘာလို့ အခန်းထဲမှာဝင်
မအိပ်တာလဲ?"
သူ သူမ ဆံပင်လေး တွေက်ု ညင်သာစွာသင်ပေးရင်း မေးလိုက်တော့...
"လွှမ်း နဲ့အတူ ရုပ်ရှင်ကြည့်ဖို့ စောင့်နေတာလေ"
လွှမ်း ပြုံးကာ သူမခေါင်းကို အသာပွတ်လိုက်သည်။
သူမက တော့ သူ့ပခုံးပေါ် မှီလာပြီး အိပ်ချင်မူးတူးနဲ့ စကားတွေဆက်ပြော
နေသည်။
နှစ်ယောက်သား ဟာသကားတစ်ကား ရှာပြီး ဖွင့်ကြည့်လိုက်ပေမဲ့ လရိပ်ကတော့ ရုပ်ရှင်ကြည့်ရင်း အိပ်လိုက်၊ နိုးလိုက်၊ ပြန်အိပ်လိုက် ဖြစ်နေသည်။
ဇာတ်ကား တစ်ဝက်လောက်ရောက်တော့ လွှမ်း သူမကို ဖက်ပြီးဆိုဖာပေါ်ကို လှဲချလိုက်သည်။
ဆိုဖာက ကျဉ်းလွန်းတာကြောင့် သူမ ပြုတ်ကျ
မသွားအောင်သူ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တော့..
"လွှမ်း...ခါးမနာဘူးလား?"
သူမက အိပ်ချင်မူးတူးနဲ့ မေးလာသည်။
"မင်းလိုသေးသေးလေးကို ဖက်ထားရတာ ခါးမနာပါဘူး စက္ကူရုပ်လေးလိုပဲ..."
သူ့အဖြေကြောင့် သူမက မျက်ခုံးလေးကွေးပြီး ပြုံးကာ သူ့ရင်ခွင်ထဲကို ပိုပြီး တိုးဝင်လာတာကြောင့် လွှမ်းလည်း ပိုပြီး တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။
ရုပ်ရှင်ပြီးခါလောက် ရောက်တဲ့အချိန်မှာ လွှမ်းရဲ့ ဖုန်းမျက်နှာပြင်က လင်းလာပြီး ဖုန်းသံမြည်လာတာကြောင့် သူ တစ်ချက်လှမ်းကြည့်လိုက်ပြီး အရေးမကြီးတဲ့ဖုန်းမို့ မကိုင်ပဲထားလိုက်သည်။
"လွှမ်းဖုန်းလာနေတယ်..."
သူမက အိပ်ချင်မူးတူးနဲ့ ပြောလာသည်။
"ရတယ်..အရေးမကြီးဘူး"
လရိပ် ဘာမှဆက်မပြောတော့ဘဲ မျက်လုံးမှိတ်လိုက်သည်။
အဲ့အချိန် သူမအတွက် ရုပ်ရှင်ထဲက စကားသံတွေက နောက်ခံအသံလို ဖြစ်သွားသည်။
သူမနားထဲမှာ လွှမ်းရဲ့ နှလုံးခုန်သံကိုသာ ကြားနေရသည်။သူမ စည်းချက်ကျကျ ခုန်နေတဲ့နှလုံးခုန်သံကို နားထောင်ရင်း အိပ်ပျော်သွားခဲ့သည်။
လွှမ်း သူ့ရင်ခွင်ထဲမှာ အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့သူမကို ငုံ့ကြည့်လိုက်ကာ
လက်ချောင်းတွေက သူမပါးပြင်လေးတွေကို
အသာအယာထိတွေ့လိုက်သည်။
အဲ့အချိန် Snowball ကလည်း ဆိုဖာပေါ် ခုန်တက်လာကာ သူ့ရဲ့ ခြေထောက်ပေါ် နင်းပြီး သက်တောင့်သက်သာဖြစ်မယ့်နေရာကို ရှာကာ
ခွေပြီး လာအိပ်နေသည်။
နေရောင်က ဆိုဖာပေါ်က တစ်ယောက်ကိုတစ်ယောက် မှီထားတဲ့ လူနှစ်ယောက်နဲ့ ကြောင်လေးတစ်ကောင်ရဲ့ အရိပ်တွေကိုအလှပဆုံး ပုံဖော်ပေးနေသည်။
လွှမ်း ပြတင်းပေါက်အပြင်ကိုလှမ်း ကြည့်လိုက်ပြီးမှ ခေါင်းငုံ့ကာ သူမနဖူးကို အသာနမ်းလိုက်သည်။
လရိပ်ကတော့ အေးအေးဆေးဆေး အိပ်ပျော်နေပြီး အိပ်မက်ထဲမှာမျောလွင့်နေသည်။
လွှမ်းရဲ့ ရင်ခွင်က အရမ်းနွေးထွေးပြီး သက်တောင့်သက်သာဖြစ်လွန်းတာကြောင့် သူမဟာ တစ်နေ့ခင်းလုံးနီးပါး အဲဒီအတိုင်း အိပ်ပျော်သွားခဲ့သည်။
လရိပ် အချိန်အ တော်ကြာအောင် အိပ်ပျော်သွားပြီး သူမ နိုးလာတဲ့အချိန်ထိ လွှမ်း က လက်တစ်ဖက်နဲ့ သူမကို ဖက်ထားပြီး ကျန်တစ်ဖက်နဲ့ ဖုန်းသုံးနေသည်။သူက သူမကို ဖက်ထားဆဲပင်။
အပြင်ဘက်က နေရောင်ကတော့ နွေးထွေးတဲ့ လိမ္မော်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲ
နေပြီဖြစ်သည်။
"နိုးလာပြီလား?"
လွှမ်းကပြောရင်း ခေါင်းငုံ့လာပြီး သူမ မျက်လုံးထောင့်ကို လက်မနဲ့ အသာအယာ ညင်သာစွာနဲ့ ပွတ်ပေးလာသည်။
"ဘယ်နှနာရီရှိပြီလဲဟင်?"
"ခြောက်နာရီ"
"ဟင်? ကျွန်မ ဒီလောက်တောင် အိပ်သွားတာလား?"
အံဩတကြီး ပြောရင်းသူမက ရုတ်တရက် ထထိုင်လိုက်တာကြောင့် သူကလည်း ထထိုင်လာကာ သူမရဲ့ ရှုပ်ပွနေတဲ့ဆံပင်ကို နားနောက် ပို့ပေးရင်း ပြုံးလိုက်ပြီး...
"မင်းက တကယ်အိပ်ပုပ်လေးပဲ..."
သူဆက်ပြောဖို့ ပြင်လိုက်ပေမဲ့အဲဒီအချိန်မှာ ဖုန်းမျက်နှာပြင် လင်းလာပြီး Message ဝင်လာတာကြောင့် လွှမ်းစကားကိုရပ်ပြီး message ကိုခဏဖတ်လိုက်ပြီးမှ ချက်ချင်း ဖုန်းကို ပိတ်လိုက်ကာသူမကို ကြည့်ရင်း...
"အချစ် လင်းမြတ်က ညစာစားပွဲတစ်ခု စီစဉ်ထားတယ် လိုက်မလား?"
သူ့ရဲ့အမေးကြောင့် လရိပ် ခဏလောက် ငြိမ်ပြီး စဉ်းစားလိုက်သည်။
သူမစိတ်က နန်းသစ္စာ ပါ လာမှာလား လို့ မေးချင်လိုက်ပေမယ့် စကားတွေကို ပြန်မျိုချလိုက်ကာ...
"အခုလား?"
"အင်းဟုတ်တယ် နေရာက လည်းသိပ် မဝေးပါဘူး.."
လရိပ် အမှန်တော့ မသွားချင်ပါအထူးသဖြင့် သူမ နန်းသစ္စာနဲ့ ထပ်တွေ့ရနိုင်တယ်လို့ တွေးမိတဲ့အခါ ပိုပြီးမသွားချင်တော့ပေ။
ဒါပေမယ့် အိမ်မှာ တစ်ယောက်တည်းနေရင်း အတွေးတွေထဲ နစ်မြုပ်နေတဲ့ အခြေအနေ
က ပိုဆိုးနိုင်တာကြောင့်...
"ဟုတ် လိုက်မယ်လေ..."
သူမ အတော်ကြာစဉ်းစားပြီးမှ ဖြေလိုက်တာမို့...
"ဘာတွေ ဒီလောကိတောင် တွေးနေရတာလဲ အရူးမလေးဟင်.."
လွှမ်းက သူမမေးစေ့ကို လက်နဲ့မော့လိုက်ကာ..
"လာသွားပြီး အဝတ်အစားလဲတော့ ကိုယ် ရွေးပေးမယ်"
သူက အိပ်ချင်မူးတူးဖြစ်နေတဲ့ သူမကို အိပ်ခန်းထဲ ဆွဲခေါ်သွားပြီး အဝတ်ဗီရိုထဲက အစိမ်းရင့်ရောင်ဂါဝန်တစ်ထည်ကို ထုတ်ပေးလာသည်။
လရိပ် သူထုတ်လိုက်တဲ့ ဂါဝန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး...
"ဒါက အရမ်းsexy ကျလွန်း နေတယ် မဟုတ်ဘူးလား?"
"ကိုယ်ကတော့ မင်း ဒီလိုဝတ်တာကို ကြိုက်တယ်"
ပြောရင်း သူက ဂါဝန်ကို ကိုင်ပြီး သူမအနား လာကာ ရုတ်တရက်ဝတ်ထားတဲ့ ဝတ်စုံကို ဆွဲလိုက်တာကြောင့် လရိပ် အလျင်အမြန် သူ့လက်ကောက်ဝတ်ကို လှမ်းဖမ်းကာတား
လိုက်သည်။
"မလုပ်နဲ့..ကျွန်မဘာသာ လုပ်လို့ရတယ်.."
သူမကိုကြည့်ပြီးသူက ပြုံးလိုက်ကာ...
"ဘာလို့ရှက်နေတာလဲ? အရင်ကလည်း မမြင်ဖူးတာမှ မဟုတ်တာ.."
သူက ပြောပြီးမှ လက်လွှတ်ပေးလိုက်ပြီး သူမအတွက် ရေတစ်ခွက်သွားယူပေးလာတာမို့လရိပ် မျက်လုံးမှိတ်ပြီး ရေကို တစ်ကျိုက်တည်းမော့ သောက်လိုက်သည်။
သူက မျက်နှာသုတ်ပဝါတစ်ထည်ကို ရေနွေးနွေးစွတ်ပြီး မျက်နှာကို အသာသုတ်ပေးလာကာ....
"မလှုပ်နဲ့ ငြိမ်ငြိမ်နေနော် မျက်နှာမှာ သွားရည်ရာတွေ ကျန်နေသေးတယ်ကိုယ် သုတ်ပေးမယ်"
သူက ပြုံးစိစိနဲ့ ပြောလာတာကြောင်ြ လရိပ် ရှက်ရှက်နဲ့ သူ့ပခုံးကို လက်နဲ့ဖိလိုက်ပြီး...
"ဘယ်မှာ သွားရည် ရာ ရှိလို့လဲ! လွှမ်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်!"
သူက သူမလက်ကောက်ဝတ်ကို ဖမ်းလိုက်ပြီး..
"ကောင်းပါပြီ၊ ကောင်းပါပြီ..မရှိပါဘူး မင်းချစ်လို့ ကို စတာပါကွာ"
ပြောရင်း မျက်နှာကို သေချာသုတ်ပေးပြီးတဲ့နောက် သူက သူမကို မြန်မြန်ပြင်ဆင်ဖို့ ပြောလာသည်။သူမ သန့်ရှင်း ရေးလုပ် နေချိန် သူက ထွက်မသွားဘဲ ရေချိုးခန်းတံခါးဘောင်ကို မှီရင်း ကြည့်နေတာမို့...
"ဒါနဲ့ပွဲက လူအများကြီး ဖိတ်ထားတာလား?"
လရိပ်လည်း သွားတိုက် နေရင်း သွားတိုက်ဆေးဆေးအမြှုပ်တွေနဲ့ ပြည့်နေတဲ့ကြားကသူ့ကို မေးလိုက်တယ်။
"သူငယ်ချင်းဟောင်းအနည်းငယ်ပဲဖိတ်ထားတာ အချစ်လည်း အားလုံးကို သိပါတယ်"
ဘာမှဆက်မပြောတော့ဘဲ လရိပ် ခေါင်းညိတ်ပြလိုက်သည်။ပြင်ဆင်ပြီး ဂါဝန်ကို ဝတ်လိုက်တော့ အစိမ်းရင့်ရောင်က သူမရဲ့ အသားအရေကို ပိုပြီးဖြူသွားစေသည်။
သူမ ပြင်ထားတာကို မှန်ရှေ့မှာ ခဏလောက် သေချာအောင် ကြည့်ပြီးမှ နောက်ဆုံး နှုတ်ခမ်းနီ ဆိုးလိုက်သည်။
လွှမ်းက အံဆွဲထဲက စိန်လည်ဆွဲတစ်ကွင်းကို ထုတ်ပြီးသူမအနောက်မှာ ရပ်ကာလည်ပင်းမှာ
ဝတ်ပေးလာတာမို့ လရိပ် လည်ဆွဲကို ကိုင်ကြည့်ပြီး မှန်ထဲကနေ သူ့ကို မော့ကြည့်လိုက်ပြီးမှ...
"လွှမ်း ဘာလို့ ရုတ်တရက် ဒီလောက်တောင် ပြင်ဆင်ပေးနေရတာလဲ?"
"အင်း?"
အမေးကို အရင်မဖြေသေးဘဲ သူက လည်ဆွဲချိတ်ကို ချိတ်ပေးရင်း သူမလည်ပင်းနောက်ကို ငုံ့နမ်းလိုက်ပြီးမှ...
"ဘာမှမဟုတ်ပါဘူး..မင်းပိုလှနေတာကို မြင်ချင်လို့ပါ"
ပြောရင်း သူက တံခါးနားမှာ ချိတ်ထားတဲ့ အပြာရင့်ရောင် ခြုံလွှာ လေးကို ယူပြီး သူမရဲ့ ပခုံးပေါ် အသာခြုံပေးလာသည်။
"ညကျ အေးလိမ့်မယ်ခြုံထားလိုက်"
"ဟုတ်.."
လရိပ် ခေါင်းအသာညိတ်လိုက်သည်။
ပြင်ဆင်ပြီးတာနဲ့ နှစ်ယောက်သား ထွက်လာခဲ့ကြသည်။
လရိပ်က ဒေါက်မြင့်ဖိနပ်စီးထားတာကြောင့် ခြေလှမ်းတွေက အနည်းငယ် ယိုင်နေတာမို့
လွှမ်း သူမလက်မောင်းကို ကိုင်ကာ ကားဆီဖြည်းဖြည်းချင်း လျှောက်ခဲ့ကြသည်။
ကားက အောက်ထပ်မှာ ရပ်ထားတာဖြစ်သည်။
လွှမ်း ထုံးစံအတိုင်းသူမအတွက် ကားတံခါးကို ဖွင့်ပေးကာ...
"အချစ်...ခေါင်းသတိထားတိုက်မိမယ်"
ပြောရင်း သူမကားထဲဝင်တဲ့အချိန်မှာ သူ့လက်ဖဝါးနဲ့ သူမခေါင်းနောက်ကို ကာပေး
လိုက်သည်။
ကားထဲက အဲကွန်းကြောင့် ချမ်းလာတာကြောင့် လရိပ် ပခုံးကို အနည်းငယ်ကျုံ့လိုက်မိသည်။
လွှမ်း သူမချမ်းပြီး အနည်းငယ်တုန်နေတာ ကို သတိထားမိတာကြောင့်..
"အဲကွန်း အအေး လျှော့လိုက်.."
သူ ဒရိုက်ဘာကို ချက်ချင်း အမိန့်ပေးလိုက်သည်။
------
အခန်းမှတ်ချက်များ (0)