Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း ၈

လရိပ် ဆိုဖာပေါ်ထိုင်ရင်း နှင်းလုံးလေးကို ဖြည်းဖြည်းလေး ပွတ်ပေးနေပေမဲ့ သူမရဲ့မျက်လုံးတွေကတော့ခရီးဆောင်အိတ်ထဲ ပစ္စည်းတွေထည့်နေတဲ့လွှမ်း ဆီ ရောက်နေသည်။

"အင်္ဂလန်က ပရောဂျက်ကိစ္စကို ကိုယ်ကိုယ်တိုင်သွားပြီး ဖြေရှင်းရမှာမို့ အမြန်ပြီးရင် သုံးရက်လောက်ပဲကြာမယ် နောက်ကျဆုံး တစ်ပတ်ပဲ.."

ပြောရင်းသူက အဝတ်အစားတွေကို သေချာခေါက်ထည့်ကာ သူမကို မော့ကြည့်လာသည်။

"ဒီရက်ပိုင်းအတွင်း တစ်ခုခုဖြစ်ရင် မင်းနိုင် ကို ဆက်သွယ်လိုက်သူ့ကို အချိန်မရွေး အဆင်သင့်ရှိနေဖို့ ကိုယ်ပြောထားပြီးပြီကြားလား.."

လရိပ် ခေါင်းညိတ်ပြလိုက်သည်။

လွှမ်းက သူမနားကို လျှောက်လာပြီး သူ့လက်ချောင်းတွေနဲ့ သူမရဲ့မေးစေ့ကို

ညင်သာစွာမော့လိုက်ကာ သူ့မျက်နှာကို

ကြည့်စေပြီး....

"ဒီရက်ပိုင်း အစားမှန်မှန်စား.. ညလည်း အိပ်ရေးမပျက်‌စေနဲ့မင်းအအေးမိတာက အခုမှ သက်သာတာ.. ကိုယ့်ကို ထပ်ပြီး စိတ်မပူစေနဲ့.."

သူကစိတ်ပူတဲ့ အကြည့်တွေနဲ့ သူမကို ဂရုတစိုက်မှာစရာရှိတာတွေပြောပြီး

သူမနဖူးပေါ်ကို နူးညံ့စွာ နမ်းလာသည်။

လရိပ်လည်း သူ့ကို တင်းတင်းကျပ်ဖက်လိုက်သည်။ အမှန်သူမသူ့အနားမှာပဲ နေချင်သေးပေမဲ့ သူ့ကအလုပ်ကိစ္စသွားရမှာမို့ မလွှတ်လို့လဲမရပေ။

"ကိုယ်သွားတော့မယ်နော်အချစ် အပြင်ကားနားထိမလိုက်ပို့နဲ့နော် မင်းက အခုမှသက်သာကာ

စမို့ လေစိမ်းတွေမိပြီး ပြန်ဖျားလိမ့်မယ်"

လရိပ်လည်း ငြင်းမနေတော့ဘဲ ခေါင်းညိမ့်ပြလိုက်ကာ...

"ဟိုမှာလည်းဂရုစိုက်အုံးနော်လွှမ်း..သတိရနေမယ်"

လွှမ်းက သူမနဖူးလေးကို နောက်တစ်ခါပြန်နမ်းလာပြီး ခရီးဆောင်အိတ်ကိုဆွဲကာထွက်သွားပြီး

တံခါးအပြင်ဘက်မှာတော့ သူ့ဒရိုက်ဘာက အသင့်စောင့်နေသည်။

လွှမ်းထွက်သွားပြီးတဲ့နောက် လရိပ် ပြတင်းပေါက်နားမှာ ရပ်လိုက်ပြီး အောက်ဘက်လမ်းပေါ်ကနေ တဖြည်းဖြည်း မောင်းထွက်သွားတဲ့ အနက်ရောင်ကားကိုမြင်ကွင်းကနေပျော်သွားတဲ့အထိ ငေးကြည့်နေမိသည်။

~~~~~~

နောက်ရက်တွေမှာတော့ လရိပ် သူမရဲ့ အလုပ်ထဲမှာပဲ အာရုံစိုက်နေမိသည်။

စာရေးခြင်းက သူမအတွက်တော့ အလုပ်တစ်ခုဆိုတာထက် လက်တွေ့ဘဝကနေခဏခိုလှုံနိုင်တဲ့နေရာတစ်ခု ဖြစ်ခဲ့သည်။

ဒီတစ်ခါတော့ လရိပ် ရေးစရာအတွေးတွေ ကုန်ခမ်းလာပေမယ့် သတ်မှတ်ထားတဲ့ နောက်ဆုံးရက်က နီးနေပြီး လက်ရေးမူတင်ရမယ့်ရက်ကို သုံးကြိမ်တောင် ရွှေ့ပေးပြီးပြီဖြစ်လို့ ဒီတစ်ခါတော့ ထပ်ပြီး နောက်ကျလို့မရတော့ကြောင်း

အယ်ဒီတာက အီးမေလ်ပို့ထားတာမို့ သူမ အလုပ်ကို အပြီးသတ်ဖို့ကြိုးစားလိုက်သည်။

ညနက်ပိုင်းတွေမှာလည်း သူမ အိပ်မပျော်နိုင်ဘဲ

ပြတင်းပေါက်နားမှာ ထိုင်ကာအဝေးက အထပ်မြင့်အဆောက်အအုံတွေရဲ့ မီးရောင်တွေကို ငေးကြည့်ရင်း..သူ့ကိုသာ သတိရနေမိသည်။

သူမ စာရေးရတဲ့ဖိအားနဲ့ စိတ်ထဲက ခံစားချက်တွေဟာ တစ်ခုနဲ့တစ်ခု ရောထွေးပြီး ဒီရက်ပိုင်းဟာ‌တော့သူမအတွက်စိတ်ပင်ပန်းစေတဲ့နေ့ရက်တွေပင်။

နောက်ဆုံး ငါးရက်မြောက်နေ့မနက်မှာတော့

လရိပ် နောက်ဆုံးဇာတ်ဝင်ခန်းကို ပြန်ပြင်ပြီး အပြီးသတ်နိုင်ခဲ့သည်။

လက်ရေးမူကိုလည်း ထုတ်လုပ်သူဆီ ပို့လိုက်ပြီမို့ သူမတာဝန်တွေပြီးသွားပြီဖြစ်သည်။

နေ့မနားညမနားလုပ်ပြီး အလုပ်ပြီးသွားချိန်မှာတော့သူမ ပင်ပန်းလွန်းပြီး ဆိုဖာပေါ်ကို ခြေပစ်လက်ပစ် လှဲချကာ နားလိုက်သည်။

လရိပ် ဆိုဖာပေါ်မှာပဲ ခဏလောက်မှေးခနဲ အိပ်ပျော်သွားချိန် ရုတ်တရက် ဖုန်းမြည်သံကြောင့်သူမ လန့်နိုးလာခဲ့သည်။

သူမဖုန်းကို လက်လှမ်းယူပြီး နာမည်ကို ကြည့်လိုက်တော့...'နွေသံစဉ်'.. သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်‌နေသည်။

"ဟယ်လို..."

"ဟယ်လို လရိပ်! ငါအခုအိမ်ပြန်ရောက်နေပြီ!

ဒီညတော့ ငါတို့နှစ်ယောက်ဆုံကြမယ်နော်

ငြင်းတာ လုံးဝလက်မခံပါဘူး..!"

"ဟယ်လို? လရိပ်?ဟဲ့ငါပြောတာ ကြားရဲ့လား?"

"ကြားတယ်၊ ကြားတယ်.."

လရိပ် ပြန်ဖြေရင်း လဲနေရာမှထလိုက်ကာ...

"ဒီညလား?"

"အင်း..ဟုတ်တယ်..ဒီညခုနစ်နာရီအရင်နေရာပဲနော် ညကျမှတွေ့ကြမယ်"

ပြောပြီးတာနဲ့ သံစဉ်က ချက်ချင်း ဖုန်းချသွားသည်။

လရိပ်လည်း ဖုန်းကို ချလိုက်ပြီး စားပွဲပေါ်က သူမရေးထားခဲ့တဲ့လက်ရေးမူစာရွက်အပုံကို အတော်ကြာအောင် ငေးကြည့်နေမိသည်။

~~~~~

သူမနဲ့သံစဉ် မတွေ့တာ ခြောက်လကျော် ရှိပြီဖြစ်ကာနောက်ဆုံးတွေ့ခဲ့တာက သံစဉ် နိုင်ငံခြားမထွက်ခင်ကပင်။

လရိပ် အရင်နေ့က အိပ်ရေးပျက်ခဲ့သမျှတွေကို ဒီနေ့ တစ်နေကုန်လုံးအတိုးချ အိပ်နေလိုက်သည်။သူမ ညနေ 5နာရီလောက်မှ အိပ်ရာကထကာ သံစဉ် နဲ့ သွားတွေ့ဖို့ ပြင်ဆင်လိုက်သည်။

လရိပ် သူမတို့ဆုံနေကြ စားသောက်ဆိုင်လေးထဲကို ရောက်တော့ သံစဉ်ကအရင်ရောက်နှင့်နေကာ ပြတင်းပေါက်နားမှာနေရာယူပြီး ထိုင်နေပြီဖြစ်သည်။

သူမက လရိပ်ကို မြင်တာနဲ့ ချက်ချင်း လက်လှမ်းပြကာ..

"လရိပ်..ဒီမှာ..ဒီဘက်ကိုလာ!"

လရိပ် ထိုင်လိုက်တာနဲ့ သံစဉ်က သူမကို ခေါင်း

စ ခြေအဆုံး စစ်ဆေးသလို ကြည့်လာပြီး...

"အမလေး! ဒေါ်လရိပ်မြူ မျက်ကွင်းတွေက မည်းနေတာပဲ ကြောက်စရာတောင်ကောင်းတယ်..နင်ဘယ်နှစ်ရက်လောက်တောင်အိပ်ရေးပျက်ထားတာလဲ.."

သံစဉ် စကားကြောင့် လရိပ် ကိုယ့်ရုပ်က အတော်ဆိုးနေပြီလားလို့ထင်မိကာ ဘေးဝိုင်းတွေကိုမလုံမလဲကြည့်လိုက်ပြီး မီနူးစာအုပ်ကို ကောက်ယူကာမျက်နှာရှေ့မှာ ကာထားလိုက်ပြီးမှ...

"ငါ ဇာတ်ညွှန်းအပြီးသတ်ဖို့ အလုပ်များနေလို့ပါ အခုမနက်လေးကတင်ပဲ လက်ရေးမူပို့ပြီးတာ"

"မဟုတ်ဘူး.."

သူမ ပြောလိုက်တဲ့စကားကို သံစဉ်က ငြင်းလိုက်ပြီး ကာထားတဲ့ မီနူးစာအုပ်ကို ဆွဲချလိုက်ကာ..

"လိမ်မနေနဲ့ ငါတို့‌ ပေါင်းလာတာ ဆယ်နှစ်ကျော်ပြီ..နင် ဘယ်လိုလူလဲဆိုတာ ငါမသိဘူးမှတ် နေလား?..နင်အရင်က လက်ရေးမူ တွေအပြီးသတ် ရေးရပေမဲ့ တစ်ခါမှ ဒီလောက်ပင်ပန်းတာမျိုးမတွေ့ဖူးဘူး ..."

"အခုနင့် အခြေအနေက ပုံမှန်မဟုတ်ဘူး..အခြားကိစ္စတစ်ခုရှိသေးတယ်မလား လရိပ်.."

သံစဉ်ရဲ့ စကားတွေကြောင့် လရိပ် အပြုံးတွေက

ချက်ချင်း တောင့်ခဲသွားတာမြင်လိုက်ရတာမို့..

"ဘာဖြစ်တာလဲ? နေကမ္ဘာလွှမ်းနဲ့ ပတ်သက်ပြီး ပြဿနာရှိလို့လား?"

မသေချာပေမဲ့ ခန့်မှန်းပြီး မေးလိုက်တဲ့ သံစဥ်ရဲ့အဲဒီစကားက လရိပ်အတွက်မှန်နေသလို သူမ သူငယ်ချင်း ဖြစ်သူလည်းအနားမှာရှိ‌ နေချိန်ဖြစ်တာကြောင့်ရင်ထဲက ခံစားချက်တွေကို တစ်ယောက်ထဲမြိုသိပ်ပြီးမထိန်းထားနိုင်တော့ဘဲ မျက်လုံးထဲမှာ မျက်ရည်တွေချက်ချင်း ဝဲလာရသည်။

သူမ မျက်ရည်ကျလာတာမြင်တော့ သံစဉ် ကချက်ချင်းဒေါသထွက်သွားပြီး..

"တကယ်ပဲ ငါထင်တာမှန်နေတာလား?"

"ဒီကောင် ဘာလုပ်ပြန်ပြီလဲ..ငါ့နဲ့တွေ့မယ်?"

အဲ့အချိန်စားပွဲထိုးက သူမတို့မှာထားတာတွေ လာချတာမို့ သံစဉ်လည်းပြောနေတာတွေခဏရပ်သွားသလို လရိပ်လည်း ခေါင်းငုံ့လိုက်ပြီး မျက်လုံးထောင့်က မျက်ရည်များကို သုတ်လိုက်သည်။

စားပွဲထိုးပြန်သွားမှ သံစဉ်ကသူမရှေ့ကိုပိုတိုးလာပြီး အသံတိုးတိုးနဲ့.....

"လရိပ် တစ်ယောက်ထဲ မြိုသိပ်ပြီးရင်ထဲမှာပဲ

မထားနဲ့..ဘာဖြစ်တာလဲငါကို ပြောပြ..နင့်ဘက်မှာငါတစ်ယောက်လုံးရှိတယ်.."

လရိပ်လည်း သံစဉ်ကို စိုက်ကြည့်လိုက်ပြီး

သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ အခုရက်ပိုင်းအတွင်း ဖြစ်ခဲ့သမျှကို အစကနေ အဆုံးအထိ ပြောပြလိုက်သည်။

သူမ အကြောင်းကို နားထောင်ပြီးတာနဲ့ သံစဉ်

က ဒေါသတွေအရမ်းထွက်ပြီး ထိုင်ရာကနေပါ ထရပ်လိုက်ကာ....

"ဟားးဒီကောင်တော့ တကယ်ပဲ! ဒီအကျင့်

မကောင်းတဲ့ကောင်ကတော့..!!"

သံစဉ်က ထရပ်ပြီး စားပွဲကိုပါ လက်သီးနဲ့ထုကာအော်လိုက်တာမို့ အနားကဝိုင်းကလူတွေ အားလုံးလှည့်ကြည့်လာကြသည်။

လရိပ် ဘေးဝိုင်းတွေကို မလုံမလဲ ကြည့်လိုက်ပြီး သံစဉ်ကို အမြန်ဆွဲချကာထိုင်ခိုင်းလိုက်ရသည်။

"သံစဉ် ဒီလိုမလုပ်နဲ့.. အသံတိုးတိုးပြော..ဘေးနားကလူတွေကြည့်နေပြီ..."

"လရိပ်မြူ နင် အခုချိန်မှာ ငါ့ကို တိုးတိုး ပြောခိုင်း‌ နေတာလား..မရတော့ဘူး ငါကတော့ ဒေါသထွက်လွန်းလို့ ဒီကောင်ကို တစ်စစီလုပ်ပစ်ချင်နေပြီ.နင်အခုထိ သူ့အတွက် ကာကွယ် ပေးနေတုန်းပဲလား?.."

လရိပ် ဘာမှပြန်မပြောနိုင်ဘဲ မျက်လွှာလေးချကာ ‌ခေါင်းငုံ့လိုက်ပေမဲ့ သံစဉ်ကတော့ ဒေါသတွေထွက်ကာ ဆက်ပြောလာသည်။

"နင် လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး သူ့အတွက်ဘယ်လောက်တောင် ကြိုးစားခဲ့လဲ! အခုကျမှ သူက တခြားမိန်းမနဲ့ လက်ထပ်မှာတဲ့လား"

သံစဥ်က တစ်ရစပ် ပြောနေပေမဲ့ လရိပ် ခေါင်းငုံ့ထားပြီး ဘာမှမပြောနိုင်ပဲမျက်ရည်တွေသာ ကျလာရသည်။

"အခုကော နင် ဘာဆက်‌လုပ်မှာလဲ.."

သံစဉ်က ပြောနေတာတွေရပ်လိုက်ပြီး သူမကို

ကြည့်ကာ မေးလာပေမဲ့..လရိပ်မှာ လည်း ဘာဆက်လုပ်ရမလဲဆိုတာ အဖြေမရှိတာကြောင့် သူမ ခေါင်းသာခါလိုက်ပြီး...

"ငါ..မသိဘူး.."

"မသိဘူးဆိုတာ ဘာလဲ!"

တစ်ခါ သံစဉ်က စားပွဲကို လက်နဲ့ ရိုက်လိုက်ပြီး...

"နင် သူ့ကို သေချာမေးရမယ်လေ..သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး ဘယ်လိုရှင်းပြမလဲဆိုတာ နားထောင်ရမယ်လေ.."

"ဒါပေမယ့်…"

"ဒါပေမယ့်ဆိုတာ မရှိဘူး လရိပ်.."

သံစဉ်က သူမစကားကို ဖြတ်ပြောလိုက်ပြီး....

"အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်းမေးပြီး ဖြေရှင်းကြ..ဒါမှမဟုတ် နင်သူနဲ့အမြန်ဆုံး လမ်းခွဲပြီး သူ့အနားကထွက်လာခဲ့တော့လရိပ်အချိန်မဖြုန်းနဲ့တော့.."

"ငါးနှစ်တောင် ရှိပြီ. နင်သူ့အတွက် ပေးဆပ်ခဲ့တာ ဒီတစ်ခါတော့ နင့်အတွက်နင် စဉ်းစားသင့်ပြီ.."

သံစဉ်ရဲ့ စကားအဆုံး လရိပ် ခဏတိတ်ဆိတ်

နေလိုက်ပြီး စဉ်းစားလိုက်ကာ နောက်ဆုံးမှာ ခေါင်းညိတ်ပြလိုက်သည်။

~~~~~~~~

လွှမ်း မှန်းထားတဲ့ရက်ထက် နှစ်ရက်စောပြီး အင်္ဂလန်ကနေ ပြန်ရောက်လာခဲ့သည်။လေယာဉ်အကြာကြီးစီးခဲ့ရတာမို့ပင်ပန်းနေခဲ့ပေမယ့် သူ

မနားဘဲအရင်ဆုံး လရိပ်ရဲ့တိုက်ခန်းဆီလာခဲ့လိုက်သည်။

လွှမ်း တိုက်ခန်းတံခါးရှေ့မှာ ရပ်နေတဲ့အချိန်

သူ့စိတ်ထဲမှာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

သူမကို သူပြန်ရောက်နေကြောင်း မပြောရသေးတာမို့ အခုသူ့ကို ရုတ်တရက်တွေ့လိုက်

ရရင် သူမ အံ့ဩဝမ်းသာသွားမလားဆိုပြီး

တွေးနေမိသည်။

သူ မျှော်လင့်ချက်အပြည့်နဲ့ တံခါးဖွင့်လိုက် ပေမဲ့သူမျှော်လင့်ထားတာ တစ်ခုမှဖြစ်မလာပေ။

တစ်အိမ်လုံး အပ်ကျသံမကြားရအောင်ပင် တတိတ်ဆိတ်နေပြီး. နှင်းလုံး ကတော့ သူ့ကြောင်အိပ်ရာပေါ်မှာ အေးအေးဆေးဆေး အိပ်နေကာ..

အသံကြားလို့ခဏ ခေါင်းမော့ကြည့်လာပြီး

ပြန်အိပ်နေသည်။

"လရိပ်.."

သူမ နာမည်ကို ခေါ်ကြည့်ပေမဲ့ပြန်‌ပြောသံ

မကြားရဘဲ နှင်းလုံးရဲ့ "မြောင်…"ဆိုတဲ့အသံ

လေးသာ ထွက်လာသည်။

နှင်းလုံးက တိတ်တိတ်လေး လျှောက်လာပြီး

သူ့ရဲ့ ဘောင်းဘီခြေထောက်ကို ကိုယ်နဲ့ပွတ်လာ

ပြီးကြောင်စာခွက်ဆီ သွားကာ အစာကုန်ခါနီး

ဖြစ်နေတဲ့ အစာခွက်ကို လက်သည်းနဲ့ တို့ပြလာသည်။

လွှမ်း ပြုံးလိုက်မိပြီးအရင်ဆုံး နှင်းလုံးအတွက် အစာခွက်ထဲ အစာထည့်ပေးလိုက်တာ ပြီးတာနဲ့ ဖုန်းထုတ်ပြီး လရိပ်ကို ဖုန်းခေါ်လိုက်သည်။

"ဟယ်လို..အချစ်..ကိုယ်ပြန်ရောက်..."

သူမဖုန်းကိုင်ကိုင်ခြင်း သူဝမ်းသာအားရပြောလိုက်ပေမဲ့ သူ့စကားမဆုံးခင်တစ်ဖက်က လရိပ်ရဲ့ ဖုန်းထဲက‌ နေ သူမ အသံမဟုတ်ဘဲ အခြားမိန်းကလေး တစ်ယောက်ရဲ့အသံ ထွက်လာသည်။

"ဟယ်လို...CEOလွှမ်း ရှင်ပြန်ရောက်နေပြီလား"

"ဒီမှာ..လရိပ် အရက်မူးနေလို့ လာခေါ်ပါအုံး.."

လွှမ်း မျက်‌မှောင်ကြုတ်လိုက်ပြီး စိုးရိမ်သွားကာ...

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မူးသွားတာလဲ?"

"ရှင် အဲ့တာတွေနောက်မှမေးအခု ကျွန်မနေရာပို့ပေးမယ်.မြန်မြန်လာခဲ့ကျွန်မတစ်ယောက်တည်း သူ့ကို မထိန်းနိုင်ဘူး.."

ပြောပြီးတာနဲ့ ဖုန်းချသွားကာ သူ့ မက်‌ဆေ့ထဲကို နေရာပို့လာသည်။လွှမ်းလဲ နေရာသိတာနဲ့ ချက်ချင်း ထွက်လာခဲ့လိုက်သည်။

....

စားသောက်ဆိုင်က သီးသန့်ခန်းထဲမှာတော့

သံစဉ်က ကုလားထိုင်ပေါ် မှီနေတဲ့လရိပ်ကို

မနည်းထိန်းထားရသည်။

အဲဒီအချိန်မှာ တံခါးပွင့်လာပြီးလွှမ်း ဝင်လာခဲ့သည်။

လွှမ်း ရောက်ရောက်ချင်းလရိပ်ကိုကြည့်လိုက် တော့သူမ မျက်နှာက အရက်ကြောင့် နီရဲနေသလို...ပါးပြင်ပေါ်မှာလဲ မျက်ရည်စီးရာတွေ ကျန်နေပြီး သူမမျက်နှာမှာလဲ နာကျင်နေတဲ့အရိပ်အယောင်တွေထင်ရှားနေတာမို့ သူမပုံစံလေးကိုကြည့်ရင်းလွှမ်း နှလုံးသားက နာကျင်သွားရသည်။

သူ လက်လှမ်းလိုက်ပြီး ...သူမရဲ့ပါးကိုအသာအယာလေးထိလိုက်ရင်းအရင်အပတ်

က တင် သူမအအေးမိပြီး အဖျားတက်ခဲ့တာကို သတိရသွားကာ ပိုစိုးရိမ်သွားမိသည်။

"ဘာလို့ ဒီလောက်တောင် သောက်လိုက်ရတာလဲ"

သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်ပြီး လရိပ်ကို ချီလိုက်ပြီးမှ သူမသူ့ငယ်ချင်းဘက်ကို လှည့်

လိုက်ကာ....

"သူ့ကို ကြည့်ပေးထားလို့ ကျေးဇူးတင်တယ်.. ကျွန်တော် ပြန်ခေါ်သွားလိုက်တော့မယ်.."

ပြောပြီး လွှမ်း လရိပ်ကို ချီကာ စားသောက်ဆိုင်ကနေ ထွက်လာခဲ့သည်။သူမကို ကားထဲမှာသေချာနေရာချပေးပြီးမှ သူ‌ ဘေးနားကနေ ဝင်ထိုင်လိုက်သည်။

ကားက ညအမှောင်ထဲမှာ ငြိမ့်ငြိမ့်လေး သွားနေသလို ကားထဲမှာတော့ လရိပ်ရဲ့ ဗလုံးဗထွေးပြောသံလေးက တစ်ခါတစ်ရံထွက်ပေါ်လာခဲ့သည်။

သူမ စကားတွေက ဘာတွေပြောနေမှန်း မရှင်းလင်းပေ။လွှမ်း သူမနားကိုပိုတိုးလိုက်ပြီး သူမကို ရင်ခွင်ထဲ မှာဆွဲဖက်ထားလိုက်ပြီး..

"ဘာလို့ ဒီလောက်တောင် သောက်ရတာလဲ… အရူးမလေး.."

ပြောကာသူ သူမနဖူးလေးကို ညင်သာစွာနမ်းလိုက်သည်။

.....

အိမ်ရောက်တာနဲ့ သူမကို အိပ်ခန်းထဲက အိပ်ရာပေါ်မှာ ချလိုက်ပြီး သူမအဝတ်အစားတွေက အရက်တွေစိုနေတာမို့သူ လဲပေးဖို့ ထိလိုက်ချိန်....

"ငါ့ကို မထိနဲ့…"

လရိပ်က မျက်လုံးတစ်ဝက်လောက်သာဖွင့်ပြီး

ဗလုံးဗထွေးနဲ့ အားယူပြီးပြောလာကာသူ့လက်ကိုလည်း တွန်းဖယ်လာသည်။

လွှမ်း သူမရဲ့တုံ့ပြန်တဲ့ပုံစံလေးကိုကြည့်ပြီး

ရီလိုက်မိသည်။

သူကိုယ်ကို ကိုင်းလိုက်ပြီး သူမဆီက အရက်နံ့ကို ခံကြည့်လိုက်တော့အရက်နံ့ဖျော့ဖျော့လေးနဲ့ သူမရဲ့ ကိုယ်သင်းနံ့လေးက ရောနှောနေသည်။

လွှမ်း သူ့ရင်ခွင်ထဲက လရိပ်ကို ကြည့်ရင်း

သနားစိတ်နဲ့ ကြင်နာစိတ်တို့ ပိုတိုးလာရသည်။

အရက်ကြောင့် သူမမျက်နှာလေးကနီရဲနေကာ

ပုံမှန်ဆို သတိအရမ်းထားတတ်ပြီး အေးစက်တတ်တဲ့သူမဟာ အခုတော့ အဲဒီပုစံတွေ

ပျောက်သွားပြီး ကလေးငယ်တစ်ယောက်လို ချစ်စရာကောင်းနေသည်။

"လိမ္မာပါတယ်ကွာ..အဝတ်တွေကစိုနေပြီလေ အိပ်မယ်ဆို အရင်အဝတ်လဲရမယ်နော်.."

မူးနေတဲ့သူမက အနည်းငယ်ငြင်းဆန်ပေမယ့် ပုံမှန်လို သတိအပြည့်နဲ့တော့ မဟုတ်သလိုသူမရဲ့ငြင်းဆန်ပုံကလည်း အလိုလိုက်ခံချင်တဲ့ ကလေးတစ်ယောက်လို ဖြစ်နေသည်။

သူ‌ဖြည်းဖြည်းချင်းချော့ပြောမှ သူမ ဂျီကျနေတာက ငြိမ်သွားခဲ့သည်။လွှမ်း သူမငြိမ်သွားမှ သက်ပြင်းဖျော့ဖျော့ချလိုက်ပြီး သူမကို

အဝတ်အစားတွေလဲပေးလိုက်သည်။

အဝတ်လဲ‌ပေးပြီးမှ ပုဝါလေးကို ရေနွေးနွေးလေးနဲ့စိမ်လိုက်ပြီး သူမကို သေချာသုတ်ပေးလိုက်သည်။

သန့်ရှင်းရေးလုပ်ပေးပြီး အိပ်ရာပေါ်မှာ သေချာနေရာချပေးကာသူက‌တော့မီးဖိုချောင်ထဲဝင်ပြီး အမူးပြေစေမယ့် ဟင်းရည်တစ်ခွက်အမြန်လုပ်ကာယူလာခဲ့လိုက်သည်။

အိပ်ရာ‌မှာ လှဲနေတဲ့သူမကို လက်တစ်ဖက်နဲ့ မလိုက်ပြီး ကျောကို ထိန်းပေးလိုက်ကာ ကျန်တစ်ဖက်နဲ့ ဟင်းရည်ကို သူမနှုတ်ခမ်းနား

ကပ်ပေးလိုက်ကာ..

"အချစ် လိမ္မာတယ် ဒါလေးနည်းနည်း လောက်သောက်လိုက်နော် ..နေလို့ကောင်းသွားအောင်.."

သူ့အသံက အလွန်နူးညံ့နေကာစီးပွားရေးလောကမှာ ပုံမှန်ဆို ပြတ်သားပြီး အေးစက်စက် အမိန့်ပေးတတ်တဲ့လွှမ်းနဲ့ လုံးဝမတူပေ။

သူမကလည်း မူးနေပေမဲ့ စကားနားထောင်ပြီး ဟင်းရည်ကို နည်းနည်းချင်း သောက်ပေးရှာသည်။

သောက်နေရင်း ဟင်းရည်အနည်းငယ်က သူမနှုတ်ခမ်းထောင့်ကနေ စီးကျလာတာမို့ လွှမ်း လက်ချောင်းထိပ်လေးနဲ့ ညင်သာစွာ သုတ်

ပေးလိုက်သည်။

သူ့မျက်လုံးထဲမှာတော့ သူကိုယ်တိုင်တောင် သတိမထားမိတဲ့ နူးညံ့ကြင်နာမှု တွေ ပြည့်နေသည်။

အကုန်လုံး ကုန်သွားမှ သူဟင်းရည်ခွက်အလွတ်ကိုဘေးမှာ ချထားလိုက်ပြီး သူလည်းလရိပ်ဘေးမှာ ဝင်လှဲလိုက်ကာသူမကို ဖြည်းဖြည်းလေး ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။

အရက်နံ့ဖျော့ဖျော့လေးနဲ့ လရိပ်ရဲ့ ကိုယ်သင်းနံ့လေး ရောယှက်ပြီး သူ့အနားမှာ ပျံ့နှံ့နေသည်။

သူမအနားမှာ ဒီလိုနေရတာကကိုပင် လွှမ်းအတွက်တော့သူ့စိတ်ကို ထူးထူးခြားခြား ငြိမ်သက်စေကာ ငြိမ်းချမ်းစေသည်။

ပြတင်းပေါက်အပြင်ဘက်မှာ သစ်ပင်အရိပ်တွေက လေထဲမှာ ယိမ်းနွဲ့နေသလို..ကောင်းကင်ထက်မှာလည်း ကြယ်တွေ လင်းလတ်နေကာ...အခန်းထဲမှာတော့ အလွန်တိတ်ဆိတ်

နေပြီး...

လူနှစ်ယောက်ရဲ့ အသက်ရှူသံလေးတွေကလွဲရင် ဘာအသံမှ မကြားရတော့ပေ။

« ရှေ့အခန်း - အခန်း ၇ နောက်အခန်း - အခန်း ၉ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ