နွေရာသီ ကျောင်းပိတ်ရက်ပေမယ့် လင်းခကတော့ ရတီနှင့် တစ်ပတ်ကို တစ်ခါတော့ မဖြစ်မနေ ရအောင် ဒိတ် သည်။ ရတီက တစ်ခါတလေ သူနဲ့မဒိတ်ချင်ပေမယ့် လင်းခကတော့ အတင်း ချွဲနွဲ့ပြီး ခေါ်ထုတ်သည်။
ဒီနေ့လည်း သူတို့ နှစ်ယောက် အမြဲ ထိုင်နေကျ ကော်ဖီဆိုင်လေးထဲတွင် လင်းခ ရတီ့ကို စောင့်နေခြင်းဖြစ်၏။
သန့်ဇင်လင်းနဲ့ မှူးပြည့်တို့လိုမျိုး အနေဝေးသွားလို့ ကြားလူဝင်ပြီး ပြတ်သွားကြရတာမ်ျုး သူလုံးဝအဖြစ်မခံနိုင်ပါ။
ရတီနဲ့သာပြတ်ရင် သူရူးရမှာ။
သူ့ကောင်မလေးက နည်းနည်းနောနော လှတာမှ မဟုတ်တာ။
ထိုသို့ ကိုယ့်ဟာကိုယ် တွေးနေတုန်း... ဆိုင်တံခါး ဖွင့်သံနှင့်အတူ ဝင်လာသော ရတီ့ကို မြင်လိုက်ရလျှင် လင်းခ မျက်နှာက အလိုလို ပြုံးယောင်သန်းသွားတော့သည်။
ရတီက ဂျင်းဘောင်းဘီအပြာနုရောင် ခပ်ပွပွနှင့် အဖြူရောင် တီရှပ်လေးကို တွဲဖက် ဝတ်ဆင်ထားပြီး ဆံပင်တိုတိုလေးများကို သပ်ရပ်စွာ ဖြီးထားပြီး အပြင်ဘက် နေပူထဲမှ လာရသဖြင့် ပါးပြင်လေး နှစ်ဖက်က မက်မွန်သီးလေးတွေလို နီရဲနေ၏။
ဘယ်လိုကြည့်ကြည့် ချစ်စရာ၊အသည်းယားစရာလေးပင်။
"ရောက်နေတာ ကြာပြီလား ။"
ရတီ လင်းခ ရှေ့ရှိ ခုံတွင် ဝင်ထိုင်ရင်း မျက်မှောင်လေး ကုတ်ကာ မေးလိုက်သည်။ အပူဒဏ်ကြောင့် စိတ်ရှုပ်နေပုံရ၏။ လင်းခ အမြန်ပင် ပြုံးပြလိုက်ပြီး သူမ ရှေ့သို့ ရေခဲရေ တစ်ခွက်ကို အသာလေး တွန်းပို့ပေးလိုက်သည်။
"မကြာသေးပါဘူး... ငါ့မိန်းမလေးကို မျှော်နေတာနဲ့တင် အချိန်ကုန်မှန်းတောင် မသိလိုက်ပါဘူးကွာ။"
"ဟဲ့... ပါးစပ်က ... သေမယ်နော်။ "
ရတီ နှုတ်ခမ်းလေး စူကာ ပြောရင်း စားပွဲပေါ်က ရေခဲရေခွက်ကို ကောက်ကိုင်ကာ တစ်ဝက်လောက် မော့သောက်လိုက်သည်။ လင်းခကတော့ ရေပိုက်ကို ကိုက်ကာ ရေသောက်နေသော ရတီ့ကို မေးလေး ထောက်ကာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။ သူ မြင်နေကျ မြင်ကွင်းလေး ဖြစ်သော်လည်း ဘယ်တော့မှ မရိုးနိုင်။
"အိမ်မှာ အေးအေးဆေးဆေး အိပ်နေရမယ့် အချိန်ကို... နင်က အတင်းတွေ ခေါ်ထုတ်နေတာပဲ။ ပူလိုက်တာဟာ... အသားတွေတောင် မည်းကုန်တော့မယ်။"
ရေသောက်ပြီးသည်နှင့် ရတီက ပွစိပွစိနှင့် စတင် ညည်းတွားလေတော့သည်။ လင်းခ ခပ်ဟဟလေး ရယ်လိုက်ပြီး စားပွဲပေါ် တင်ထားသော ရတီ့ လက်တစ်ဖက်ကို သူ့ လက်ဖဝါးနွေးနွေးကြီးဖြင့် အုပ်မိုး ဆုပ်ကိုင်လိုက်ကာ ...
"ပူမှန်း သိပေမယ့်... ငါက နင့်ကို အရမ်းလွမ်းနေပြီလေဟာ။ တစ်ပတ်လုံးမှ ဒီတစ်ရက်လေး တွေ့ရတာကို။ နင့် မျက်နှာလေးကို မတွေ့ရရင် ငါ အသက်ရှူရတာတောင် ကျပ်လာသလိုပဲ။"
လင်းခ၏ ချွဲနွဲ့နွဲ့ စကားကြောင့် ရတီ မျက်စောင်းလေး တစ်ချက် ထိုးလိုက်သော်လည်း သူမ လက်ကိုတော့ ရုန်းမထွက်ပဲ ထားလိုက်သည်။
"အပိုတွေ... တွေ့နေရတာပဲကို။ ဖုန်းလည်း အမြဲပြောနေရတာကို။ "
"ဖုန်းထဲက အသံကြားရတာနဲ့... အပြင်မှာ နင့်ကို အခုလို အနီးကပ်လေး ထိုင်ကြည့်နေရတာနဲ့ ဘယ်တူပါ့မလဲ။"
လင်းခက ပြောရင်းဆိုရင်း ရတီ့ လက်ချောင်းသွယ်သွယ်လေးများကို သူ့ လက်ချောင်းများဖြင့် ယှက်နွယ်ကာ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
သူ့ မျက်ဝန်းများက ရတီ့ မျက်လုံးများထဲသို့ တည့်တည့် စိုက်ကြည့်လာသည်။ ခါတိုင်းလို ရွှတ်နောက်နောက်ပုံစံမျိုးမဟုတ်ပဲ အလွန် လေးနက်နေသည့် အကြည့်မျိုး ဖြစ်နေတာကြောင့် ရတီပင် အနည်းငယ် ကြောင်သွားရသည်။
"လင်းခ... နင် ဘာဖြစ်နေတာလဲ။ မျက်နှာကြီးကလည်း တစ်မျိုးကြီးပဲ။"
လင်းခ သက်ပြင်း တစ်ချက်ကို ခပ်ဖွဖွ ချလိုက်ပြီး...
"ရတီ..."
"ပြော။"
"နင် ငါ့ကို ဘယ်တော့မှ မထားခဲ့ရဘူးနော်။"
ရုတ်တရက် ထွက်ကျလာသော လင်းခ၏ စကားကြောင့် ရတီ မျက်လုံးလေး ပြူးသွားရသည်။
"ဟယ်... ဘာတွေ လာပြောနေတာလဲ။ ငါက ဘာကိစ္စ နင့်ကို ထားခဲ့ရမှာလဲ။ နေပူထဲ ထွက်လာလို့ နင့် ဦးနှောက် တစ်ခုခု ဖြစ်သွားပြီလား။"
ရတီ နှုတ်ခမ်းလေးမဲ့ကာ ပြောရင်း လင်းခ လက်ကို ပြန်ရိုက်ကာ ရယ်မောရင်း ပြောလိုက်သော်လည်း လင်းခကတော့ လုံးဝ ရယ်မနေပေ။
"ငါ တကယ် ပြောနေတာ ရတီ။ သန့်ဇင်လင်းနဲ့ မှူးပြည့်လိုမျိုး... အနေဝေးလို့ သွေးအေးသွားတာတွေ၊ ကြားလူ ဝင်လာလို့ ပြတ်သွားရတာတွေ... အဲ့လို အဖြစ်မျိုးတွေကို ငါ အရမ်း ကြောက်တယ်။ တကယ်လို့များ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နင်သာ ငါ့ကို ထားခဲ့မယ်ဆိုရင်... ငါ တကယ်... ရူးပြီး သေသွားလိမ့်မယ် ထင်တယ်။"
လင်းခ အသံက အနည်းငယ် တုန်ယင်နေပြီး သူ့ စကားလုံးတိုင်းမှာ သူ့ နှလုံးသားထဲက အကြောက်တရားတွေက အထင်းသား ပေါ်လွင်နေသည်။ သူ ဘယ်လောက်တောင် သူမအပေါ် ရူးသွပ်နေသလဲ ဆိုတာကို ရတီ အခုမှ ပိုပြီး ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။
ရတီ ရင်ထဲတွင် လှိုက်ကနဲ ဖြစ်သွားရကာ... ရှက်စိတ်တွေ ချစ်စိတ်တွေက တစ်ပြိုင်နက်တည်း ရောယှက် တက်လာရသည်။ သို့သော် အပြင်မှာတော့ ဟန်ကိုယ့်ဖို့ လုပ်ကာ လင်းခ နှာခေါင်းကို လှမ်းဆွဲလိမ်ပစ်လိုက်၏။
"အာ့... နာတယ် ရတီရဲ့။"
"နာအောင် လိမ်တာလေ... ပါးစပ်က မဟုတ်က ဟုတ်ကတွေ လျှောက်ပြောနေလို့။ ဘယ်က ကြားလူက ဝင်လာမှာလဲ။ နင် အချိုးမပြေလို့ ငါက ကန်ထုတ်မှသာ ပြတ်မှာ။ အဲ့လို မပြတ်ချင်ရင်... ငါ့အပေါ် အမြဲတမ်း ကောင်းကောင်းဆက်ဆံ ကြားလား။"
ရတီ မျက်မှောင်လေး ကုတ်ကာ ပြောလာလျှင်
လင်းခ နှုတ်ခမ်းထောင့်များက အလိုလို ကွေးတက်သွားပြီး သွားတန်းဖြူဖြူလေးများ ပေါ်လာသည်အထိ ပြုံးလိုက်မိသည်။ သူ ရတီ့ လက်ကလေးကို နှုတ်ခမ်းနားသို့ ဆွဲယူလိုက်ပြီး လက်ဖမိုးလေးပေါ်သို့ ခပ်ဖွဖွလေး နမ်းရှိုက်လိုက်သည်။
"စိတ်ချပါ မိန်းမရဲ့...။ နင့်ကို ငါ့အသက်ထက် ပိုချစ်တာ နင် အသိဆုံးပါ။ နင်မစွန့်ပစ်သရွေ့ ငါက နင့်အနားကနေ တစ်ဖဝါးမှ ခွာမှာ မဟုတ်ဘူး။"
လင်းခရဲ့ အနမ်းလေးနှင့် စကားသံလေးအောက်တွင်... ရတီ မျက်နှာလေး ရဲတွတ်သွားကာ ဘာစကားမှ ဆက်မပြောနိုင်တော့ဘဲ ခေါင်းလေးကိုသာ ငုံ့ထားလိုက်ရတော့သည်။
___________________
ဒီနေ့ အောင်စာရင်းထွက်မည့်နေ့ဖြစ်ကာ ရှင်ငြိမ်းတို့ တစ်အိမ်လုံး မအိပ်နိုင်ကြပဲဖြစ်နေကြ၏။
ဖေဖေက ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် လက်တော့ပ် ကို ဖွင့်ကာ အောင်စာရင်း ဝက်ဘ်ဆိုက်ဒ်ကို အကြိမ်ကြိမ် Refresh နှိပ်ရင်း စောင့်နေပြီး၊ မေမေကတော့ ဘုရားစင်ရှေ့တွင် ပုတီးစိပ်ကာ ဆုတောင်းနေလေသည်။ ရှင်ငြိမ်း ကိုယ်တိုင်လည်း ဆိုဖာပေါ်တွင် ဒူးလေးပိုက်ကာ ထိုင်ရင်း ရင်တွေခုန်နေမိသည်။
"ဝက်ဘ်ဆိုက်ဒ်က ဝင်လို့ရပြီဟေ့... ဖေဖေ ရှာလိုက်တော့မယ်နော် သမီး။ "
"ဟုတ် ... ဖေဖေ "
ဖေဖေက ခုံနံပါတ်တွေကြည့်ရင်း အောင်စာရင်းကြည့်နေလျှင် ရှင်ငြိမ်း မျက်လုံးလေးမှိတ်ထားလိုက်မိသည်။
"အောင်ပြီ သမီးရေ... သမီးလေး အောင်ပြီကွ ဂုဏ်ထူးတွေလည်း ပါတယ်... တစ်၊ နှစ်၊ သုံး၊ လေး... ဟာ ဂုဏ်ထူး (၄) ဘာသာတောင် ပါတယ်ကွ။"
ဖေဖေ့ရဲ့ ဝမ်းသာလုံးဆို့နေသော အော်သံကြီးက တိတ်ဆိတ်နေသော အိမ်ကလေးထဲတွင် ဟိန်းထွက်သွားကာ မေမေကလည်း ဘုရားစင်ရှေ့မှ ကမန်းကတန်း ထပြေးလာပြီး ရှင်ငြိမ်းကို ပြေးဖက်လေတော့သည်။
"ဝမ်းသာလိုက်တာ သမီးရယ်... မေမေ့ သမီးလေးက တကယ် တော်တာပဲ။"
ဖေဖေနဲ့ မေမေရဲ့ ပျော်ရွှင်ကြည်နူးနေသော မျက်နှာများကို ကြည့်ရင်း ရှင်ငြိမ်း ပြုံးလိုက်မိသော်လည်း သူမကတော့ နည်းနည်း မချင့်မရဲဖြစ်သွားရသည်။
သူမက အနည်းဆုံး ၅ဘာသာလောက်မှန်းထားတာဖြစ်၏။
အောင်စာရင်း ထွက်ပြီးသည်နှင့်မကြာလိုက် ရှင်ငြိမ်းတို့ တသ်အိမ်လုံးက ဖုန်းတွေ အကုန်လုံး တဂွမ်ဂွမ် မြည်လာလေတော့သည်။
မိုးတောင် မလင်းသေးခင် အချိန်လေးအတွင်းမှာပင် အမျိုးတွေဆီက ဆက်လာသော ဂုဏ်ပြုဖုန်းတွေ၊ အတန်းပိုင် ဆရာမနှင့် ကျူရှင်ဆရာ၊ ဆရာမများဆီမှ ဝမ်းသာအားရ ဆက်လာသော ဖုန်းတွေ၊ ပြီးတော့ ဖြူစင်၊ ချိုသဲဖြူတို့ အပါအဝင် သူငယ်ချင်းတွေဆီက ဖုန်းတွေကို တစ်လှည့်စီ ကိုင်ရင်း၊ ဖြေရင်းဖြင့်ပင် မိုးလင်းသွားခဲ့လေတော့သည်။
မနက်လင်းတော့ ကျောင်းက အတန်းပိုင် ဆရာမဆီမှ ဖုန်းထပ်ဝင်လာ၏။
"ရှင်ငြိမ်း... သမီး ဂုဏ်ပြုပါတယ်ကွယ်။ ဆရာမတို့ အခန်းကတော့ ဒီနှစ် ကျောင်းမှာ အောင်ချက် အကောင်းဆုံးပဲ သိလား။ ဆရာမတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်။"
ဆရာမ အသံက တကယ်ပင် ဝမ်းသာပီတိ ဖြစ်နေမှန်း သိသာလှသည်။ ရှင်ငြိမ်းတို့ အခန်းက စုစုပေါင်း (၁၇) ယောက်သာ ရှိသော်လည်း၊ ထို (၁၇) ယောက်ထဲတွင် (၁၀) ယောက်တိတိ အောင်မြင်ခဲ့ကြသည်။
မိန်းကလေး (၇) ယောက်မှာ (၅) ယောက် အောင်ပြီး။(၂) ယောက်ပဲ ကျကာ ယောက်ျားလေးတွေကတော့ (၁၀) ယောက်မှာ (၅) ယောက်သာ အောင်လေသည်။
ရာခိုင်နှုန်းအားဖြင့် တွက်လျှင် (၅၀) ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ခြင်း ဖြစ်ရာ အောင်ချက်ကောင်းတဲ့အထဲ ပါသည်ပြောရမည်။
ထို့အပြင် ဒီနှစ်စာမေးပွဲ မေးခွန်းက ခက်တာကြောင့် အကျများသည့်နှစ်လည်းဖြစ်၏။
ရှင်ငြိမ်းတို့အခန်းထဲက မအောင်တဲ့ သူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါသည်။
သို့သော်လည်း ဆယ်တန်း Fresher အခန်းတွေမှာတောင် အောင်တဲ့သူ ဘယ်လောက်မှ မရှိဘူးလို့ ဆရာမက ပြောပြလာတော့ သူတို့ အခန်းက ဒီလောက် အောင်တာပင် တော်သေးသည်ဟု ဖြေသိမ့်ရလေသည်။
"ဒါနဲ့... ခေါင်ကြီးက ဂုဏ်ထူး (၃) ဘာသာနဲ့ကို အောင်တာ ဆရာမတို့ တစ်ကျောင်းလုံးက ဆရာ ဆရာမတွေတောင် အံ့သြမဆုံး ဖြစ်နေကြတာ။
အဲ့ကလေးက ကြိုးစားရင် တော်တာကို ပေနေတာ။
ဒီနှစ်တော့ ထူးထူးချွန်ချွန်နဲ့ အောင်သွားရှာပြီ။ "
"ဟုတ်တယ် ဆရာမ ... သမီးလာ်း ဝမ်းသာနေတာ။ "
ရှင်ငြိမ်းတို့အခန်းက ဂုဏ်ထူးပါတဲ့သူကတော့ ၃ယောက်သာပါ၏။
ရှင်ငြိမ်းက လေးဘာသာပါပြီး ခေါင်ကြီးနဲ့မိုးပွင့်ဖြူက ၃ဘာသာစီပါကြလေသည်။
အပိုင်း (၂၂) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)