ဒီနေ့ကတော့ ဆယ်တန်း အောင်မြင်သွားကြသော ကျောင်းသား ကျောင်းသူများ ကျောင်းသို့ လာရောက်ကာ အောင်လက်မှတ်များ ထုတ်ယူရသည့် နေ့ဖြစ်၏။
ဆယ်တန်းကျောင်းသားများဆိုပေမယ့် ရှင်ငြိမ်းတို့ repeater ခန်းက အောင်တဲ့သူဆယ်ယောက်သာဖြစ်သည်။
Fresher တွေက နောက်နေ့မှ သက်သက်တဲ့။
ကျောင်းအုပ်ကြီး ရုံးခန်းကြီးထဲတွင် ရှင်ငြိမ်းတို့ ၁၀ယောက်လုံး စုထိုင်နေကြ၏။
ကျောင်းပိတ်သွားတာကြာပြီဖြစ်တာကြောင့် သူငာ်ချင်းတွေ မတွေ့ရတာလည်း ကြာပြီဖြစ်ကာ ရုံးခန်းထဲမို့ စကားမပြောကြပေမယ့် အကြည့်တွေနဲ့ စကားတွေဖလှယ်နေကာ အကုန်လုံး ပြုံးစေ့စေ့ဖြစ်နေကြ၏။
ကျောင်းအပြင်ကို ရောက်သွားကြတော့ ယောက်ျားလေးတွေဆို အရပ်ကြီးတွေ ပိုရှည်လာကြကာ လူကြီးတွေလိုပင်ဖြစ်နေလေသည်။
ခေါင်ကြီးဆို အရပ်တော်တော်ရှည်တဲ့ ကျောင်းအုပ်ကြီးထက်ပင် အရပ်က ပိုရှည်နေ၏။
"သမီးတို့ သားတို့ အားလုံးက ဒီကျောင်းရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့ကြတဲ့ အတွက် ဆရာကြီးက အရမ်းကို ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်လျှောက်မယ့် တက္ကသိုလ် ပညာရေးမှာလည်း ဒီထက်မက ထူးချွန်ကြပါစေလို့ ဆုတောင်းပေးပါတယ်။"
ကျောင်းအုပ်ကြီးက မျက်နှာပေါ်တွင် အပြုံးများ ဝေဆာလျက် ချီးမွမ်းစကား ဆိုကာ ရှင်ငြိမ်းတို့ တစ်ယောက်ချင်းစီကို ၁၀ တန်း အောင်မြင်ကြောင်း Certificate လေးများကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ပေးအပ်လေသည်။
"ကဲ... လာ ... သားတို့ သမီးတို့ ဆရာမနောက် လိုက်ခဲ့ကြ။"
ကျောင်းအုပ်ကြီး၏ စကားဆုံးသည်နှင့် အတန်းပိုင် ဆရာမက ရှင်ငြိမ်းတို့ကို ပြုံးကာ ခေါ်လေသည်။
"မင်းတို့ရဲ့ ညီလေး ညီမလေးတွေကို ကြိုးစားချင်စိတ် ရှိလာအောင် အတန်းတွေထဲ သွားပြီး ပြောပြရအောင်။"
ဆရာမ စကားကြောင့် ရှင်ငြိမ်းတို့ သူငယ်ချင်း တစ်သိုက် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်ကာ ပြုံးလိုက်မိကြသည်။ အရင်နှစ်တွေတုန်းက ကိုယ်တွေ ဆယ်တန်း ရောက်ခါစ အချိန်မှာ အခုလိုမျိုး အစ်ကို၊အစ်မတွေက လာပြီး အားပေး စကားပြောခဲ့တာကို ပြန်လည် မြင်ယောင်လာမိသည်။ အခုတော့ ထိုနေရာတွင် ကိုယ်တိုင် ရပ်ခွင့် ရခဲ့ပြီပဲလေ။
ရှင်ငြိမ်းတို့ တစ်ဖွဲ့လုံး ဆရာမ နောက်မှ လိုက်ကာ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သော ကျောင်းဆောင်လေးပေါ်သို့ လျှောက်လာခဲ့လိုက်ကြသည်။ ဆယ်တန်း အတန်းများကို တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် ဆရာမက ဂုဏ်ယူဝမ်းမြောက်စွာ မိတ်ဆက်ပေး၏။
"ဒီမှာ ကြည့်ထား... ဒီ အစ်ကိုတွေ၊ အစ်မတွေက မနှစ်က ဆယ်တန်းကို ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်သွားကြတာ။ မင်းတို့လည်း အစ်ကိုတွေ အစ်မတွေကို အတုယူပြီး အခုကတည်းက ကြိုးစားကြဖို့ ဆရာမက တိုက်တွန်းချင်တယ်။"
အတန်းထဲရှိ ကျောင်းသားများက ရှင်ငြိမ်းတို့ကို အားကျသည့် မျက်ဝန်းလေးများဖြင့် ငေးကြည့်နေကြ၏။
ထိုသို့နှင့် အခန်း တစ်ခန်းပြီး တစ်ခန်း ဝင်လာခဲ့ရာ... နောက်ဆုံးတွင်တော့ ရှင်ငြိမ်း ရင်ခုန်သံတွေက အလိုလိုနေရင်း ပိုမို မြန်ဆန်လာခဲ့ရသည်။ အကြောင်းမှာ သူမတို့ အခု ဝင်ရတော့မည့် အခန်းတွင် သန့်ဇင်လင်းရှိနေသောကြောင့်ပင်။
ဆရာမက ရှေ့ဆုံးမှ ဝင်သွားပြီး ရှင်ငြိမ်းတို့က နောက်မှ တန်းစီ လိုက်ဝင်သွားလျှင် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး အားလုံး၏ အကြည့်များက ရှေ့သို့ ရောက်လာကြလေသည်။
ဆရာမက စတင်ပြီး ချီးမွမ်းခန်း ဖွင့်နေချိန်တွင်... ရှင်ငြိမ်း မျက်လုံးများက အခန်း နောက်ဆုံးတန်းဆီသို့ အလိုလို ရောက်သွားရ၏။
ပြတင်းပေါက်နားရှိ ခုံတန်းလေးတွင် သူ ထိုင်နေကာ ထူးဆန်းတာက ခါတိုင်းလို သူ့သူငယ်ချင်းတွေနဲ့
စနောက်နေကြတာမဟုတ်ပဲ စာထိုင်လုပ်နေလေသည်။
ဆရာမ အရှေ့တွင် စကားပြောနေသည်ကိုပင် သူက ဂရုမစိုက်သလို ကြားပုံပင် မရဘဲ သူ့စာကိုသာ ကုန်းပြီး လုပ်နေ၏။
ဟိန်းမင်းသူကတော့ ရှင်ငြိမ်းကို မြင်သည်နှင့် စာကုန်းရေးနေတဲ့ သန့်ဇင်လင်းကို လက်ညှိုးထိုးပြကာ လှမ်းစလေသည်။
ဘေးနားက ဖြူစင်နှင့် ချိုသဲကလည်း ရှင်ငြိမ်းပခုံးလေးကိုတိုက်ပြီး ဆရာမ မကြားအောက် ခပ်တိုးတိုးလေးစ၏။
"ဟိုမှာ ... နင့်ရဲ့ အသန့်လေး။
စာတွေ တအားကြိုးစားနေတယ်။ "
ထိုအခါ ရှင်ငြိမ်းက သူ့ကို လှမ်းကြည့်နေမိရင်း နှုတ်ဆိတ်နေမိပေမယ့် အရှေ့ဆုံးအတန်းက ကောင်မလေးတွေက ရှင်ငြိမ်းကို လှမ်းကြည့်ကာ ...
"ဟုတ်တယ် အစ်မ ... အစ်မ သန့်ဇင်လင်းက ဒီနှစ် စာတအားကြိုးစားနေတယ်။ "
"အို ... ရှင်ငြိမ်းဟာ မဟုတ်ပါဘူး။ "
"ဟင် ..."
"ဟို ... ဟို "
"ဟား ဟား ဟား ဟား "
ရှင်ငြိမ်းစကားတွေ အထစ်ထစ် အ အအ ဖြစ်လာလျှင် အကုန်လုံး ခပ်ကြိတ်ကြိတ်နှင့် ဝိုင်းရယ်လာကြတော့သည်။
"ဒီ အစ်မကတော့ ရှင်ငြိမ်း တဲ့... ဓာတုဗေဒ၊ ရူပဗေဒ၊ အင်္ဂလိပ်နဲ့ သင်္ချာ ဂုဏ်ထူး လေးဘာသာနဲ့ အောင်သွားတာနော်။ "
"ဝါး "
ဆရာမက ရှင်ငြိမ်းကို လက်ညှိုးလေး ထိုးပြကာ မိတ်ဆက်ပေးလိုက်လျှင် အကုန်လုံးက ရှင်ငြိမ်းကို အားကျသလိုလေးကြည့်လာကြလေသည်။
ထိုအခါ သန့်ဇင်လင်းကလည်း ရုတ်တရက် မော့လာကာ သူ့အကြည့်စူးစူးတို့က ရှင်ငြိမ်းထံသို့ ကျရောက်လာလျှင် ရှင်ငြိမ်း ရင်ထဲ ဒိန်းကနဲ ဖြစ်သွားရ၏။
အချိန်အတော်ကြာမှ ပြန်လည် ဆုံတွေ့ရသော ထိုအကြည့်တွေအောက်တွင် ရှင်ငြိမ်း ဘာလုပ်ရမှန်း မသိဘဲ မျက်တောင်လေးများကိုသာ ပုတ်ခတ် ပုတ်ခတ် လုပ်နေမိသည်။
သူ့အကြည့်တွေကတော့ ဘာခံစားချက်မှမရှိသည့်အတိုင်း တည်ငြိမ်နေလေရဲ့။
ထိုသို့ မျက်လုံးချင်း ဆုံမိသည်က စက္ကန့်ပိုင်းမျှသာ။
သန့်ဇင်လင်း ရှင်ငြိမ်းကို တစ်ချက်သာ မော့ကြည့်ပြီးသူ့အကြည့်များကို ချက်ချင်း ပြန်ရုတ်သိမ်းသွားကာ စာအုပ်ပေါ်သို့သာ ပြန်လည် အာရုံစိုက်သွားလေတော့သည်။ ထို့နောက် ရှင်ငြိမ်းတို့ အခန်းထဲက ပြန်ထွက်လာခဲ့သည်အထိ သူ့အကြည့်များက ရှင်ငြိမ်းဆီသို့ လုံးဝ ရောက်မလာတော့ပေ။
ခေါင်းငုံ့ကာ စာတွေကိုသာ အသည်းအသန် ဆက်လုပ်နေ၏။
စာတွေ တအားကြိုးစားနေတာပဲ။
တော်သေးတာပေါ့။
"ဆရာမ သမီးတို့ ပြန်တော့မယ်နော်။ "
"အေးအေး ... ဟိုဘက်က ဆရာ၊ဆရာမတွေကိုလည်း ဝင်နှုတ်ဆက်သွားဦး။ "
"ဟုတ်ကဲ့။ "
ရှင်ငြိမ်းတို့ ၁၀ယောက်လုံး အတန်းပိုင်ဆရာမကို နှုတ်ဆက်ပြီး တခြားဆရာမတွေကိုလည်း
ဝင်နှုတ်ဆက်ကာ ပြန်လာခဲ့ကြတော့သည်။
"ဟဲ့ ရှင်ငြိမ်း ... နင့်အသန့်လေးက နင့်ကို အားကျလို့နေမှာ။ စာတွေ တအားကြိုးစားနေတယ်။ "
"အဟွန်း ... မဟုတ်ပါဘူး။
သူလည်း ၁၀တန်းရောက်လို့ ကြိုးစားတာပေါ့။ "
ဘာ ရှင်ငြိမ်းကို အားကျလို့လဲ။
ဟိုကဖြင့် ရှင်ငြိမ်းကို သိတောင်သိရဲ့လားမသိ။
သိခဲ့ရင်တောင် အခုဆို မေ့နေလောက်ရောပေါ့။
ရှင်ငြိမ်းကို အဖက်လုပ်ပြီးတောင် မကြည့်လိုက်ဘူး။
အို ... အခုဆို ရှင်ငြိမ်းတို့လည်း တွေ့မှ မတွေ့နိုင်ကြတော့တာ။
ဟုတ်တယ် ... အတတ်နိုင်ဆုံး မြန်မြန် မုအွန်(move on)ရမယ်။
___________________
တက္ကသိုလ်တွေ လျှောက်ကြတော့ ရှင်ငြိမ်းတို့အခန်းက စာမေးပွဲအောက်သည့်မိန်းကလေး၅ယောက် အတူစုပြီး ဖောင်ဖြည့်ကြလေသည်။
ရှင်ငြိမ်းက စီးပွားရေးတက္ကသိုလ်လျှောက်ကာ မိုးပွင့်ဖြူကလည်း ရှင်ငြိမ်းနှင့်အတူ လိုက်လျှောက်၏။
ဖြူစင်နှင့် ချိုသဲဖြူကလည်း ရှင်ငြိမ်းတို့နှင့်အတူ တက်ချင်ပေမယ့် အမှတ်မမှီတာကြောင့် တခြားတက္ကသိုလ်သာ လျှောက်ကြရလေသည်။
ထို့ကြောင့် ရှင်ငြိမ်းနှင့် မိုးပွင့်ဖြူက သက်သက်၊ဖြူစင်နှင့် ချိုသဲက သက်သက်ဖြစ်သွားကာ နောက်ထပ် ဝါဝါခိုင်ကတော့ သူတို့အိမ်က သိပ်အဆင်မပြေတာကြောင့် အလုပ်လုပ်ရင်း အဝေးသင်သာ လျှောက်၏။
စာမေးပွဲမအောင်တဲ့ ကျန်တဲ့ ၂ယောက်ကတော့ ကျောင်းဆက်မတက်တော့ပဲ အပြင်သင်တန်းတွေပဲ တက်တော့မယ်တဲ့။
ထို့ကြောင့် ၁၀တန်းပြီးတာနှင့် ကျောင်းက သူငယ်ချင်းတွေ တဖြည်းဖြည်း ကွဲကုန်ကြ၏။
ဖုန်းနဲ့အဆက်အသွယ်ရှိသေးတာပင် တော်သေးသည် ပြောရမည်။
ယောက်ျားလေးတွေနဲ့ကတော့ သိပ်လည်း အဆက်အသွယ်မရှိတာကြောင့် အောက်တဲ့သူတွေက ဘယ်မေဂျာတွေလျှောက်ပြီး ကျတဲ့သူတွေက ဘာတွေဆက်လုပ်မယ် မသိရတော့ပါ။
အပိုင်း (၂၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)