" ဝေး... ကျွတ်ပြီကွ။ "
"ဝိုး... နောက်ဆုံးတော့ လွတ်လပ်မှု အပြည့်ရပြီကွ။ "
၁၀တန်းတွေကလွဲပြီး ကျန်တဲ့ အတန်းတွေအားလုံး စာမေးပွဲနောက်ဆုံးရက်ဖြစ်ကာ ကျောင်းသားအားလုံးရဲ့ အော်ဟစ်သံများဆူညံနေသလို
တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်သည့်အနေနှင့် ရေတွေပက်ကြ၊နှုတ်ခမ်းနီတွေသုတ်ကြ လုပ်နေကြ၏။
" ဟျောင့်တွေ... အိမ်မပြန်ဘူးနော် တစ်ခုခု သွားကိတ်ကြမယ်ကွာ။ ဂိမ်းဆိုင် အရင်သွားမလား ဒါမှမဟုတ် ဟိုဘက်လမ်းက ဘီယာဆိုင် သွားမလား။"
သန့်ဇင်လင်း ဘုန်းမင်းခန့်ရဲ့ပခုံးကို ဖက်ကာ တက်ကြွစွာ မေးလိုက်လျှင် အကုန်လုံး ခေါင်းညိတ်ထောက်ခံကြလေသည်။
"သွားမယ် ... ဘီယာဆိုင်မဟုတ်ဘူး။
KTV သွားရအောင်။ "
ဘုန်းမင်းခန့်က ပြောလိုက်လျှင် အကုန်လုံးမျက်လုံးများ အရောက်လက်သွားကြကာ ဘုန်းမင်းခန့်ကို ပြေးဖက်ကြတော့သည်။
"သားကြီး ... မင်းအကောင်းဆုံးပဲ။ "
အသက်မပြည့်ကြသေးပေမယ့် သူတို့အဖွဲ့ကတော့ KTV ကို အလွယ်လေးဝင်လို့ရလေသည်။
ကျောင်းထဲက ထွက်သည်နှင့် ကျောင်းစိမ်းအင်္ကျီနှင့် ပုဆိုးကို ကွင်းသိုင်း၍ ချွတ်လိုက်ကြရာ
အမိုက်စားoutfits နှင့် ဖြစ်သွားကြ၏။
စာမေးပွဲနောက်ဆုံးရက်မို့ အစကတည်းက ကြိုပြင်လာကြခြင်းပင်။
ကျောင်းဝတ်စုံနှင့်တုန်းက ကလေးပုံစံလေးတွေ ဖြစ်နေပေမယ့် အပြင်ဝတ်နှင့်ကျ အရွယ်ရောက်နေတဲ့ ကောင်ဆိုးလေးတွေနှင့်တူနေ၏။
နှုတ်ခမ်းမှာလည်း စီးကရက်ကိုယ်စီနှင့် မြောက်ကြွမြောက်ကြွနှင့်ပင်။
သူတို့ စာမေးပွဲပြီးသွားပေမယ့် ၁၀တန်းတွေကတော့ မတ်လမှာ ဖြေရမည်ဖြစ်ကာ မနားနိုင်ပဲ စာတွေနဲ့ လုံးပမ်းနေကြရ၏။
ဘယ်လောက်ပဲ စာမကြိုးစားတဲ့သူပဲဖြစ်ဖြစ် ၁၀တန်းစာမေးပွဲကိုတော့ ဘယ်သူမှ စာမလုပ်ပဲ မနေရဲကြပေ။
ကျောင်းတွင် ကိုးတန်းနှင့် အငယ်တန်းများ အားလုံး စာမေးပွဲပြီး ကျောင်းပိတ်သွားကြပြီ ဖြစ်ရာ ကျောင်းဝင်းကြီးက သိသိသာသာ ခြောက်ကပ်သွားကာ ဆယ်တန်းတွေကိုလည်း ကိုယ်ပိုင်စာလုပ်ချိန်ပေးကာ ကျောင်းပိတ်ပေးလိုက်၏။
ရှင်ငြိမ်းကတော့ ဖေဖေက အိမ်မှာ ဆရာမတွေခေါ်ပေးတာကြောင့် စာမေးပွဲမဖြေခင် အိမ်မှာ ဆရာမတွေနှင့် ကြပ်ကြပ်မတ်မတ် စာလုပ်ရ၏။
ချိုသဲတို့ကလည်း ပြောထားသည့်အတိုင်း ရှင်ငြိမ်းတို့အိမ်မှာ စာလာလုပ်ကြလေသည်။
" ဒီမေးခွန်းဟောင်းတွေက ခဏခဏ မေးတတ်တယ်။ သေချာလေး မှတ်ထားနော်။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြမယ်။ မနက်ဖြန်မှ chemistry ပုံသေနည်းတွေ ထပ်နွှေးကြတာပေါ့။"
"ဟုတ်ကဲ့ပါ တီချယ်"
"ဟယ် ... ဆရာမ ပြန်တော့မလို့လား။ "
ရှင်ငြိမ်းအမေက မုန့်ဗန်းလေးကိုင်ကာ စာကြည့်ခန်းထဲသို့ ဝင်လာ၏။
"ဟုတ်ကဲ့အစ်မ ... ကျွန်မ ကိစ္စလေးတစ်ခုရှိလို့
မနက်ဖြန်မှ အချိန်ပိုအစားသင်ပေးပါမယ်နော်။ "
"အို ... ရပါတယ် ကျွန်မက မုန့်ကျွေးချင်လို့ပါ။
မုန့်စားသွားပါဦး ဆရာမ။ "
"ရပါပြီ အစ်မ ... ကျွန်မ အရေးကြီးသွားစရာလေးရှိလို့ သွားလိုက်ပါဦးမယ်နော်။ "
"ဟုတ်ကဲ့ ဟုတ်ကဲ့။ "
ဆရာမပြန်သွားလျှင် ရှင်ငြိမ်းမေမေက ရှင်ငြိမ်းတို့လှည့်ကာ မုန့်ဗန်းချပေး၏။
"ကဲ ရော့ ... အဲ့တာဆို သမီးတို့ပဲ စားကြတော့။
စာလုပ်ရတာအဆင်ပြေကြရဲ့လား။
နားမလည်ရင် ဆရာမကို မေးကြနော်။"
"ဟုတ်ကဲ့ပါ အန်တီ။ "
"ဟုတ် မေမေ "
ရှင်ငြိမ်းမိဘတွေက စာလုပ်ဖို့ အပြည့်အဝ ပံ့ပိုးပေး၏။
စာမေးပွဲ ဖြေကြတော့လည်း ရှင်ငြိမ်းကို ဖေဖေရော မေမေပါ လာစောင့်ပေးလေသည်။
ရှင်ငြိမ်းအတွက်တော့ စာမေးပွဲက ချောချောမွေ့မွေ့ပြီးသွားခဲ့၏။
ဒါပေမယ့် ရင်ကတော့ ခုန်ရတာပါပဲ။
_________________
ကျောင်းတွေ အားလုံး ပိတ်သွားပြီဖြစ်သလို ဆယ်တန်းကျောင်းသားများလည်း စာမေးပွဲကြီး ဖြေဆိုပြီးစီးသွားကြပြီ ဖြစ်ရာ လူငယ်တွေအတွက်တော့ လွတ်လပ်ခြင်း အရသာကို အပြည့်အဝ ခံစားရသည့် အချိန်အခါပင် ဖြစ်သည်။
စာမေးပွဲပြီးသွားသည်နှင့် ရှင်ငြိမ်းကတော့ English speaking သင်တန်းနှင့် ကွန်ပျူတာသင်တန်းဆက်တက်သည်။
အရင်နှစ်တွေကလည်း တက်ပြီးပြီဖြစ်ရာ level လည်း မြင့်နေပြီဖြစ်၏။
"ဒေါက်..."
ဘိလိယက်ခုံပေါ်မှ ဘောလုံးနှစ်လုံး အရှိန်ပြင်းပြင်း ထိခတ်သွားသံနှင့်အတူ ကျင်းထဲသို့ ပြုတ်ကျသွားသော အနီရောင် ဘောလုံးလေး။
"ဟျောင့် ... မင်းလက်ရည်တွေက ပိုပိုတက်လာတာပဲကွ။ "
ဘေးတွင် ရပ်ကြည့်နေသော ဟိန်းမင်းသူက ပြောလာလျှင် သန့်ဇင်လင်း ဘိလိယက်ထိုးတံ ကို ကြမ်းပြင်ပေါ်သို့ အသာထောက်လိုက်ရင်း နှုတ်ခမ်းထောင့် တစ်ဖက်ကို ကွေးကာ ခပ်ဟဟ ရယ်လိုက်သည်။
အနက်ရောင် T-shirt အပွကြီးနှင့် ဂျင်းဘောင်းဘီတိုကို ခပ်မိုက်မိုက် တွဲဖက် ဝတ်ဆင်ထားပြီး ဆံပင်များကလည်း အနည်းငယ် ရှည်ကာ မျက်စိရှေ့သို့ ဝဲကျနေ၏။ ဘယ်ဘက် လက်ချောင်းများကြားတွင်တော့ မီးခိုးငွေ့များ တလူလူ လွင့်နေသော ဆေးလိပ်တစ်လိပ်က နေရာယူထားသည်။
ကျောင်း စပိတ်ကတည်းက သူ အပြင်မှာပဲ အချိန်ဖြုန်းနေတာဖြစ်သည်။
အိမ်မှာ နေရင်လည်း အဖေနဲ့ မတည့်တာကြောင့် မိုးလင်းက မိုးချုပ် အပြင်မှာသာ အများဆုံးနေဖြစ်၏။
အဲ့တာလည်း မလွတ်ပါဘူး။
အိပ်ချိန်လေးတောင် ဖြောင့်ဖြောင့်မအိပ်ရပဲ ဘိုးတော်က ဩဝါဒ လာလာခြွေနေသေး၏။
မင်းအကိုဆိုရင် စတဲ့ စစရှိသမျှ အကြောင်းအရာတွေနှင့် သူ့ကိုနှိမ်တော့သည်။
သူကလည်း အဲ့လိုတွေပြောလေ ပိုပြီးအရွဲ့တိုက်လေဖြစ်ကာ သူ့အဖေနဲ့သူက ဒီတစ်သက် အဆင်ပြေဖွယ်ရာမရှိ။
_____________
"သန့်ဇင်လင်း..."
လှေကားထစ်များဆီသို့ ဦးတည်နေသော သန့်ဇင်လင်း ခြေလှမ်းများ ရုတ်တရက် တန့်ရပ်သွားရ၏။
သူ့အဖေ ဦးဇေယျာလင်း သူ့ကို လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
သန့်ဇင်လင်း ခေါင်းကို အနည်းငယ် စောင်းကာ သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်ပြီး အဖေ့ဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
"မင်းရန်ဖြစ်လာပြန်ပြီမလား။ "
ဦးဇေယျာလင်း သူ့သားပုံစံ မကျေနပ်သည့်ဟန်ဖြင့် စုန်ဆန် ကြည့်ကာ မေးလိုက်၏။
မိဘကို ဒုက္ခပေးရမှ စားဝင်အိပ်ပျော်တဲ့အကောင်။
"ဟုတ်တယ်။ "
မျက်နှာပေါ်က ဒဏ်ရာတွေက အတိုင်းသားဆိုတော့
ငြင်းလို့လည်းမရ။
"မင်း ... မင်းက အိမ်ကို ဟိုတယ်လို သဘောထားနေတာလား။ မနက် မိုးလင်းတာနဲ့ အပြင်ထွက် အပေါင်းအသင်းတွေနဲ့ လေလွင့် ဂိမ်းဆိုင်မှာ အချိန်ဖြုန်း ရန်ဖြစ်... မင်း အသက်က ဘယ်လောက်ရှိသေးလို့ ဒီလောက်တောင် ဆိုးသွမ်းနေရတာလဲ။"
ဦးဇေယျာလင်း ဒေါသတကြီးဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူ့ မျက်နှာက ဒေါသကြောင့် နီရဲနေပြီး အသံများကလည်း ဧည့်ခန်းတစ်ခုလုံး ဟိန်းထွက်သွား၏။ သို့သော် သန့်ဇင်လင်းကတော့ မျက်တောင်တစ်ချက် မခတ်ဘဲ သူ့အဖေကို အေးစက်စက် အကြည့်များဖြင့်သာ တန်ပြန် စိုက်ကြည့်နေလိုက်သည်။
"အဟက် ... ပြောချင်တာ ဒါပဲလား။
အပေါ်တက်တော့မယ်။ "
"တောက် ... မင်း မင်းကတော့
မိဘတွေသာမရှိတော့ရင် ခွေးလုံးလုံးဖြစ်မယ့်ကောင်။
"..."
"နောက်နှစ်ဆို မင်း ဆယ်တန်း ရောက်တော့မှာ။ တခြား ကလေးတွေလို ကြိုတင်ပြီး စာလုပ်ထားရမယ်ဆိုတဲ့ အသိစိတ်လေးတောင် မရှိဘူးလား။ မင်းပုံစံက လမ်းဘေးက ကောင်တွေနဲ့ ဘာကွာလဲ။"
လမ်းဘေးက ကောင် ဆိုသည့် စကားကြောင့် သန့်ဇင်လင်း မေးရိုးများ တင်းကနဲ ဖြစ်သွားရပြီး လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သို့သော် သူ့ နှုတ်ခမ်းထောင့် တစ်ဖက်က မသိမသာ ကွေးတက်သွားကာ လှောင်ပြုံးတစ်ခုက မျက်နှာပေါ်တွင် အထင်းသား ပေါ်လာခဲ့၏။
"ဟက်... ဟုတ်တာပေါ့။ ကျွန်တော်က လမ်းဘေးက ကောင်ပါ။ ဖေဖေ့လို နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ သားဆိုပြီး ဟန်ဆောင် ပန်ဆောင်နဲ့ လူကြီးလူကောင်း လုပ်မနေချင်ဘူး။ ပြီးတော့ ဆယ်တန်းဆိုတာ နောက်နှစ်မှလေ... ကျွန်တော်က စာအုပ်တွေကြားထဲမှာပဲ အသက်ရှူနေတဲ့ စက်ရုပ်မှ မဟုတ်တာ။"
"မင်း... မင်းကို ငါ အလိုလိုက်ထားတာ အရမ်းလွန်နေပြီ ထင်တယ်။ အခုတော့ မင်းက ဘာမှ သုံးစားမရတဲ့ ကောင် ဖြစ်နေပြီ။"
ဦးဇေယျာလင်း ဒေါသကို မထိန်းနိုင်တော့ဘဲ လက်ကို ရွယ်လိုက်လျှင် သန့်ဇင်လင်းက မရှောင်သည့်အပြင် သူ့အဖေ မျက်နှာကို ခပ်ရင့်ရင့်သာ စိုက်ကြည့်နေလိုက်သည်။
"ရိုက်လေ... ဖေဖေ။ ရိုက်လိုက်ပါ။ ဖေဖေ အမြဲတမ်း ပြဿနာတွေကို ဖြေရှင်းနေကျ နည်းလမ်းပဲဟာ။ "
သန့်ဇင်လင်းအသံက အက်ရှကာ နာကျင်မှုနှင့် ဒေါသတို့က အပြည့်အဝ ရောယှက်နေသည်။
ဦးဇေယျာလင်း ရွယ်ထားသော လက်က လေထဲတွင် တန့်ရပ်သွားကာ လက်ကို အောက်သို့ ပြန်ချလိုက်ပြီး သက်ပြင်းရှည်ကြီးကိုသာ မှုတ်ထုတ်လိုက်တော့သည်။
"မင်းကို ပြောဆိုရတာ ငါလည်း မောနေပြီ။ မင်း သဘောပဲ ... မင်း ဖြစ်ချင်တာသာ လုပ်တော့။ ငါ့ မျက်စိရှေ့က ထွက်သွားစမ်း။"
ဦးဇေယျာလင်း လက်ကာပြရင်း ဧည့်ခန်းထဲမှ လှည့်ထွက်သွားလေသည်။ သန့်ဇင်လင်းကတော့ ထိုနေရာတွင် ခဏမျှ ရပ်နေပြီး သူ့အဖေ ကျောပြင်ကို တစ်ချက် ကြည့်ကာ လှေကားပေါ်သို့ ခပ်သွက်သွက် ပြေးတက်သွားတော့သည်။
အမေကလည်း မိုးကုတ်ဘက်က သူ့အမျိုးတွေဆီ အလည်သွားတာကြောင့် အိမ်မှာ သူတို့သားအဖကို ထိန်းမယ့်၊ဆွဲမယ့်သူ မရှိဖြစ်နေသည်။
အဖေ့ချစ်သား အကိုကလည်း ကုမ္ပဏီမှာသာ အနေများကာ အိမ်တောင်မှတ်မိ သေးရဲ့လားမသိ။
"ဒုန်း "
အခန်းတံခါးကို အရှိန်ပြင်းပြင်းဖြင့် ပိတ်ချလိုက်သံက အခန်းကျယ်ကြီးထဲတွင် ပဲ့တင်ထပ်သွားသည်။
သန့်ဇင်လင်း တံခါးကို ကျောမှီချလိုက်ပြီး မျက်လုံးများကို တင်းတင်း မှိတ်ထားလိုက်သည်။
ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲမှ ဆေးလိပ်ဘူးနှင့် မီးခြစ်ကို ထုတ်ယူလိုက်၏။
"ဟူး ..."
ပါးစပ်ထဲမှ ဆေးလိပ်ငွေ့များကို အဝေးသို့ မှုတ်ထုတ်လိုက်သော်လည်း လေပူတွေကြောင့် မီးခိုးငွေ့တွေက သူ့ မျက်နှာပေါ်သို့သာ ပြန်လည် ဝေ့ဝဲလာလေသည်။
'လမ်းဘေးက ကောင်...'
ဖေဖေ ပြောခဲ့သည့် စကားလုံးက သူ့ နားထဲတွင် ပဲ့တင်ထပ်နေဆဲ။ သူ တကယ်ပဲ လမ်းဘေးက ကောင်လို ဖြစ်နေပြီလား။ သူ ဘာတွေ လုပ်နေတာလဲ။ ဘာအတွက် အသက်ရှင်နေတာလဲ။
အပိုင်း (၂၁) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)