ရှင်ငြိမ်း အင်္ဂလိပ်စာကျက်ရင်း ကျောင်းဆောင်ပေါ်သို့ တက်လာကာ အခန်းရှေ့အရောက် သူမ ခြေလှမ်းများက အလိုလို တန့်ရပ်သွားရသည်။
အခန်းထဲတောင် မဝင်ရသေး ဆေးလိပ်နံ့တွေက မွန်ထူနေ၏။
ရှင်ငြိမ်း စာအုပ်ကို နှာခေါင်းမှာ အုပ်ကာ အခန်းထဲ လှမ်းကြည့်လိုက်လျှင် ရင်တွေ ဒိန်းခနဲ ခုန်သွားရသည်။
ရှင်ငြိမ်းခုံဘေးက ဖြူစင့်နေရာတွင် သန့်ဇင်လင်းက ထိုင်ကာ ဆေးလိပ်သောက်နေလေသည်။
အမြဲတမ်း ယောက်ျားလေးအတန်းဘက်မှာပဲ သွားထိုင်နေကျကို ဒီနေ့မှ ဘယ်လိုဖြစ်လို့ မိန်းကလေးအတန်းဘက်ရောက်လာသည်မသိ။
ရှင်ငြိမ်း အခန်းဝတွင် ရပ်နေမိကာ ပြန်လှည့်ရအောင်လည်း လွယ်အိတ်က တော်တော်လေးနေပြီဖြစ်၏။
အို ... ကိုယ့်နေရာကိုယ်ဝင်ထိုင်တာပဲ။
ဘာလို့ ကြောက်နေရမှာလဲ ... ဟုတ်တယ်။
ရှင်ငြိမ်း ကိုယ့်အတွေးနှင့်ကိုယ် သက်ပြင်းတစ်ချက် ချကာ အခန်းထဲဝင်သွားလိုက်သည်။
ရှင်ငြိမ်းနေရာရောက်သည်နှင့် လွယ်အိတ်ချလိုက်လျှင် သန့်ဇင်လင်းက တစ်ချက်သာမော့ကြည့်ကာ ဖယ်လည်းမပေးပဲ ဆက်ထိုင်နေ၏။
သူက မဖယ်ပဲ ရှင်ငြိမ်းက သူ့ဘေူမှာ ဘယ်လိုဝင်ထိုင်ရမလဲ။
ခဏ ရပ်စောင့်နေလိုက်ပေမယ့် သူက မသိချင်ယောင် ဆောင်နေတာကြောင့် ရှင်ငြိမ်း မနေနိုင်တော့ပဲ နှုတ်ခမ်းကို ဖိကိုက်ကာ စကားစပြောလိုက်ရသည်။
"ဟို... ဖယ်ပေးဦး။"
ဒါပထမဆုံးပဲ။
ရှင်ငြိမ်း သူ့ကို စကားပြောဖူးတာ ပထမဆုံးပဲ။
ရှင်ငြိမ်းအသံကြောင့် သန့်ဇင်လင်း သူမအား ထပ်ပြီး ကြည့်လာကာ ပခုံးတစ်ချက်တွန့်လိုက်ပြီး ...
"ခင်ဗျား နေရာမို့လား။"
"ဟင် ..."
ရှင်ငြိမ်း ဘာဆက်ပြောရမယ်မှန်းမသိတော့တာကြောင့် သူမ ခုံတွင် ကျုံ့ကျုံ့လေး ဝင်ထိုင်လိုက်ရ၏။
သို့သော်... ရှင်ငြိမ်း ဝင်ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သန့်ဇင်လင်းရဲ့ လက်တစ်ဖက်က ရှင်ငြိမ်း ထိုင်ခုံ နောက်ကျောပေါ်သို့ ရောက်ရှိလာကာ
ရှင်ငြိမ်းကို ဖက်လိုက်သလိုပုံစံမျိုး ဖြစ်သွားလေသည်။
"ဟင်..."
ရှင်ငြိမ်း မျက်လုံးများ ပြူးကျယ်သွားပြီး ကြက်သီးများ ဖျန်းခနဲ ဖြစ်သွားရသည်။
ရှင်ငြိမ်း တစ်ကိုယ်လုံး တင်းခနဲဖြစ်သွားရကာ ကျောကိုလည်း ကျောမှီမှာ တင်ထားတဲ့ သူ့လက်နှင့်မထိအောင် မတ်ထားလိုက်၏။
သူကတော့ ဘာမှမဖြစ်သလို ဆေးလိပ်ဆက်သောက်နေပေမယ့် ရှင်ငြိမ်းမှာတော့ ဘေးချင်းကပ်ထိုင်နေသလိုဖြစ်နေကာ သူ့ဆီမှ ထွက်ပေါ်နေသော ခပ်ပြင်းပြင်း ယောက်ျားလေး ရေမွှေးနံ့နှင့် ဆေးလိပ်နံ့ ရောယှက်နေသော ကိုယ်သင်းနံ့တို့ကြောင့် ရှင်ငြိမ်းနှလုံးသားလေးက အပြင်သို့ ပေါက်ထွက်တော့မတတ် ခုန်လှုပ်နေတော့သည်။
သွေးကြောလေးတွေက တဆတ်ဆတ်တုန်ယင်နေသယောင် မျက်နှာတစ်ခုလုံး ရဲရဲနီလာကာ နားရွက်ဖျားလေးများပင် ပူထူလာ၏။
ဘာလို့ သူများနားမှာ လာထိုင်နေတာလဲ။
ရှင်ငြိမ်းမှာ ရင်ခုန်တာထက် အနေရကြပ်လာကာ စာထဲလည်း စိတ်မရောက်နိုင်တော့ပဲ ဇောချွေးတွေပင်ပြန်လာရသည်။
ဒီနေ့မှ ရှင်ငြိမ်းတို့ အခန်းထဲမှ မိန်းကလေးတွေကလည်း ဘယ်သူမှ မရောက်သေးပဲ တစ်ခန်းလုံးမှာ မိန်းကလေးဆိုလို့ ရှင်ငြိမ်းတစ်ယောက်တည်းသာဖြစ်နေ၏။
ဘာလုပ်ရမလဲ။
ထထွက်သွားလိုပ်ရနလား။
တစ်ယောက်ယောက်အမြန်ရောက်လာပါစေ။
အကြည့်က စာအုပ်ဆီရောက်နေပေမယ့် လူကတော့ ရောက်ယက်ခတ်နေရတော့သည်။
__________________
ရှင်ငြိမ်း မနေ့ညက စာလုပ်တာ တအားညဉ့်နက်သွားတာကြောင့် ခေါင်းထဲ ညဉ်းစီစီဖြစ်ကာ
နေလို့ မကောင်းဖြစ်နေတာကြောင့် ဆရာမ စာသင်တာကို မနည်းနားစိုက်ထောင်နေရ၏။
"တောင် တောင် တောင် "
"ကဲ ... ဆင်းသွားပြီဆိုတော့ ကျန်တဲ့အပုဒ်တွေ အိမ်စာလုပ်ခဲ့ကြတော့နော် "
"အာ ..."
ကျောင်းသာူတွေရဲ့ ညဉ်းညူသံတွေတန်းစီပြီး ထွက်လာတော့၏။
"အာမနေကြနဲ့ ... စစ်မှာနော်။
မင်္ဂလာပါ။ "
"မင်္ဂလာပါ ဆရာမ ... ကျေးဇူးတင်ပါတယ်ဆရာမ။ "
"ဟုတ်ပြီ ... အိမ်စာလုပ်ခဲ့ကြနော် "
"ဟုတ် ..."
ဆရာမထွက်သွားသည်နှင့် ဖြူစင်နှင့် ချိုသဲဖြူက ကန်တင်းမှာ နေရာဦးရန် ရှေ့မှ ကြိုသွားနှင့်ကြပြီး ရှင်ငြိမ်းကတော့ စာအုပ်တွေ သိမ်းရင်း ကျန်နေခဲ့၏။
သူတို့ကတော့ သူတို့စာအုပ်တွေကို ဒီအတိုင်း စာရေးခုံမှာပဲ ထားထားခဲ့ကြသည်။
ရှင်ငြိမ်းကကျ ပစ္စည်းတွေ ပျောက်မှာစိုးတာထက်
သိမ်းတာက ငယ်ငယ်ကတည်းက အကျင့်ဖြစ်နေပြီမို့
မသိမ်းပဲ ဘယ်မှ မသွားတတ်ပေ။
စာအုပ်တွေထည့်ပြီးတော့ ခဲတံဘူးလေးအား လွယ်အိတ်ထဲထည့်လိုက်လျှင် လွယ်အိတ်ထဲမဝင်ပဲ အောက်ကို ပြုတ်ကျသွားတာကြောင့် ရှင်ငြိမ်း ကုန်းကောက်ရန် ပြင်လိုက်စဉ်... သူမရှေ့သို့ ခြေအစုံ တစ်စုံ ရောက်ရှိလာပြီး လက်တစ်ဖက်က ခဲတံဘူးလေးကို အရင်ဦးအောင် ကောက်လိုက်လေသည်။
ရှင်ငြိမ်း မော့ကြည့်လိုက်လျှင် သူမကို ပြုံးပြနေသော ခေါင်ကြီး။
"ရော့ "
"ကျေးဇူးပဲ။"
"ဘာဖြစ်လို့လဲ ... နေမကောင်းဘူးလား။ "
"ဟင် "
"ဆရာစာသင်နေကတည်းက နင့်မျက်နှာမကောင်းလို့လေ။ ဆေးခန်း သွားမလား... ငါ ဆရာမကို ခွင့်တိုင်ပေးမယ်လေ။"
"ဟင် ... ရပါတယ်။ တကယ် ဘာမှမဖြစ်ပါဘူး။ ညက စာလုပ်တာ နည်းနည်း နောက်ကျသွားလို့ အိပ်ရေးမဝတာ ဖြစ်မယ်။"
"သေချာလို့လား။ "
"အွန်း ... "
"ဟင်း ..."
ခေါင်ကြီး သက်ပြင်းတစ်ချက် တိုးတိုးလေး ချလိုက်ပြီး ...
"ရော့..."
သူ့အင်္ကျီအိတ်ကပ်ထဲမှ ပန်းရောင်စက္ကူလေးဖြင့် ထုပ်ထားသော စတော်ဘယ်ရီ သကြားလုံးလေးတွေ ထုတ်ပေးလာ၏။
" သကြားလုံး စားလိုက်။ အချိုဓာတ် ဝင်သွားရင် လူက နည်းနည်း လန်းသွားလိမ့်မယ်။ "
"ဟင် ...ဟို ... အွန်း ကျေးဇူးပဲ။ "
အခန်းထဲလူတွေ ထပ်စမှာ စိုးပေမယ့် ငြင်းရင်လည်း မကောင်းတာကြောင့် ဘယ်သူမှမမြင်ခင် ခပ်မြန်မြန်လှမ်းယူထားလိုက်သည်။
______________
"လင်းခရော။ "
သန့်ဇင်လင်းတို့အဖွဲ့ ကန်တင်းထဲ ဝင်လာလျှင်
အရင်ရောက်နှင့်နေတဲ့ သက်ပိုင်ကျော်က မေးငေါ့ကာ လှမ်းမေးလိုက်၏။
"စော်ဆီသွားတယ်လေ။ "
အာနိုးက သက်ပိုင်ကျော်တို့ မှာထားတဲ့ ခေါက်ဆွဲကြော်ကို တစ်လုပ်စားရင်း ဖြေလိုက်သည်။
"ဪ ... ဟိုနေ့က ရန်ဖြစ်ထားတာဆို။ "
"အခုပြန်တည့်သွားပြီလေ။
စောက်ရူးလို သွားတောင်းပန်ထားတာ။
အဲ့တာကြောင့် အခု မခွာနိုင်ပဲ ကပ်နေတာ။
မွှန်ကို မွှန်လွန်းတယ်။ "
ဘုန်းမင်းခန့်ကာ မဲ့ကာ ရွဲ့ကာဝင်ပြောလျှင် အကုန်လုံးဝိုင်းရယ်ကြတော့သည်။
"ဟားဟား ဟား ... မင်းက ချစ်မှ မချစ်ဖူးတာ။
ဘယ်နားလည်ပါ့မလဲကွ "
"ဟျောင့် ... ချစ်လည်း စော်ကိုတော့ အဲ့လောက်ကြီး လိုက်ကပ်မနေဘူးကွ။ "
"အေးပါ ... ပြောထားပါ။
မင်းအလှည့်ကျမှ ဘယ်လိုတန်းတန်းစွဲ ဖြစ်နေမလဲ ကြည့်ပေးဦးမယ်။ "
"မိန်းမတစ်ယောက်ကို တန်းတန်းစွဲတယ်ဆိုတာ
ဘုန်းမင်းခန့်တို့ ရာဇဝင်မှာ ရှိလာမှမဟုတ်ဘူး။ "
"ထွီ ... လေကျယ်ကောင်။ "
သန့်ဇင်လင်း နှာခေါင်းရှုံ့ကာ ခပ်ဟဟရယ်ရင်း
ပြောလိုက်၏။
_______________
"မမက သန့်ဇင်လင်းကို ကြိုက်နေတာဆို "
"ဟင် ဘယ်လိုဖြစ်လို့ သိသွားပြန်တာလဲ။ "
ဒီနေ့လည်း မှူးပြည့်ပြည့်ပိုင်တို့အဖွဲ့ ရှင်ငြိမ်းတို့ အခန်းထဲ ရောက်လာကြကာ သင်္ချာတွက်ကြည့်နေတဲ့ ရှင်ငြိမ်းကို ကြည့်လာကာ မေးလိုက်တဲ့ စကားကြောင့် ရှင်ငြိမ်းလက်ထဲက ခဲတံလေးပင် လွတ်ကျသွားရသည်။
"ဟိုနေ့ကလေ ... ဟိန်းမင်းသူ မမတို့ အခန်းရှေ့မှာ အော်လိုက်တာ။
မမ သန့်ဇင်လင်းကို ကြိုက်နေတာ အကုန်လုံးသိနေပြီ။"
"ဟင် ..."
"အစ်မမို့ သူ့ကိုကြိုက်တယ်။ "
မှူးပြည့်နဲ့အတူပါလာတဲ့ ကောင်မလေးတစ်ယောက်က ဝင်ပြောလိုက်ခြင်းပင်။
"ဟဲ့ ... သန့်ဇင်လင်းက ဘာဖြစ်နေလို့လဲ။ "
"အမယ် ... သူ့exကြီးထိတော့ မကြိုက်ဘူး။ "
မှူးပြည့်က ဝင်ပြောလျှင် သူမသူငယ်ချင်းတွေက ဝိုင်းစကြလေသည်။
"အဲ့လိုမဟုတ်ပါဘူးဟာ။
နင်တို့က သူ့ကို တအားပြောနေလို့ပါ။ "
"အမယ်လေး ငါတို့ဘာမှ မပြောရသေးပါဘူးဟယ်။ "
"အေးလေ။ "
"ဟဲ့ နင်တို့နော် ... လျှောက်မပြောကြနဲ့။
ငါပြောချင်တာက သန့်ဇင်လင်းက နင်တို့ထင်သလောက် မဆိုးပါဘူး။
သမီးပြောပြမယ် မမ "
ရှင်ငြိမ်းဘက်လှည့်ကာ စကားစလာပြန်၏။
"အဲ့ကောင်ကလေ ချစ်ပြီဆို တအားချစ်တာ။
သမီးနဲ့တွဲတုန်းကဆိုလည်း သမီးကို အရမ်းဂရုစိုက်တယ်။ "
"..."
"အိမ်စာတွေဘာတွေရေးစရာရှိရင်လည်း သူပဲရေးပေးတာ။
လက်ရေးလည်း တအားလှတယ်။
သူက စာမကြိုးစားလို့သာ ဉာဏ်တအားကောင်းတာ။ "
"ဟုတ်လား။ "
"ဟုတ် ... လက်သည်းနီဆို အမြဲဆိုးပေးတာ။ "
"အဲ့လောက်ကောင်းတာ ... ဘာလို့ ဖြတ်လိုက်ရတာလဲဟင်။ "
"အဟွန်း ... သမီးမှားတာပါ။
သမီးနဲ့ သူနဲ့က ၈တန်းနှစ်ဆုံး ခါနီးလောက်မှာ တွဲတာလေ။
ကျောင်းပိတ်သွားတော့ သမီးက အိမ်သိပ်မပိုင်တော့ သူနဲ့ သမီးလည်း သိပ်မတွေ့ဖြစ်ကြတော့ဘူး။
အဲ့မှာ သမီးတို့ အိမ်ဘေးကို ပြောင်းလာတဲ့ ကိုကြီးနဲ့တွေ့ပြီး သမီး ကိုကြီးကို ချစ်မိသွားတာ။ "
"ဟင် ..."
"အဲ့မှာ သမီးနဲ့ ကိုကြီးနဲ့ အပြင်မှာ တွေ့နေကြတုန်း သန့်ဇင်လင်းက သမီးတို့ကို မြင်သွားပြီး သူက စိတ်တိုပြီး ကိုကြီးကို လာထိုးတာ။
အဲ့တာနဲ့ သမီးက ကိုကြီးကို ပိုချစ်နေမိတာ ကိုယ့်ကိုယ်ကို သိနေတော့ သူ့ကို ဖြတ်ပစ်လိုက်တာ။ "
"ဟယ် ..."
ရှင်ငြိမ်းသူငယ်ချင်းတွေရဲ့ အာမေဋိတ်သံတွေထွက်လာ၏။
ရှင်ငြိမ်းကတော့ ဘာအသံမှပင် မထွက်နိုင်ဆော့ပဲ တွေးကြည့်ရုံဖြင့် ထိုကောင်လေးကို သနားလာမိသည်။
ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ။
" သူ့သူငယ်ချင်းတွေပြောတာတော့ သမီးနဲ့ပြတ်တော့ သူငိုပါငိုတာတဲ့။"
"ဟယ် ... သနားပါတယ်။ "
ချိုသဲဖြူက ဝင်ပြောရင်း ရှင်ငြိမ်းကိုလည်း
ကြည့်လာလေသည်။
"အခုလည်း သူ့ပုံစံက မှူးပြည့်ကို မပြတ်နိုင်သေးတဲ့ပုံပဲနော်။ "
ဖြူစင်က ပြောလျှင် ရှင်ငြိမ်းလည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
မနာလိုဖြစ်မိလားဆိုတော့ မဖြစ်မိပါဘူး။
"အွန်း ... အဲ့တာတော့ သမီးလည်းမသိဘူး။
အခုတော့ သူနဲ့သမီး စကားမပြောကြဘူး။ "
"ပြန်တွဲလိုက်ကြပါလားဟင်။ "
ရှင်ငြိမ်း ခပ်တိုးတိုးလေးဆိုလိုက်လျှင် မှူးပြည့်က ခေါင်းလေးစောင်းကာ ...
"အာ ... မမကလည်း သမီးမှာ ကိုကြီးရှိတယ်လေ။ "
"..."
ရှင်ငြိမ်းအချစ်က ပိုင်ဆိုင်ခြင်းမဟုတ်တာကြောင့်
သူသာ မှူးပြည့်ကို မမေ့နိုင်သေးဘူးဆို မှူးပြည့်နဲ့
သူ့ကို ပြန်တွဲစေချင်ပါသည်။
ဘယ်သူ့နဲ့ပဲဖြစ်ဖြစ် သူ့ကို အပြည့်အဝပျော်စေချင်ပါသည်။
အပိုင်း (၁၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)