Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၁၁)

သူတို့အဖွဲ့ ဘိလိယက်ခုံကနေ ထွက်လာကြချိန်တွင်တော့ ညနေ ၃ နာရီ ထိုးခါနီးပင်ဖြစ်သွား၏။

"တောက်စ်... ငါ နိုင်တော့မလို့ဟာကို။ မင်းက အလစ်အငိုက် ဝင်ချသွားတာ။"

ဟိန်းမင်းသူ ဆိုင်ရှေ့သို့ ရောက်သည်နှင့် ဆံပင်များကို ဖွရင်း မကျေမနပ်ဖြင့် အော်ပြောနေလေသည်။ သူရှုံးတာကြောင့် အားလုံးအတွက် အအေးဖိုးနှင့် ဘိလိယက်ခုံဖိုး ရှင်းခဲ့ရသောကြောင့်ပင်။

"မင်းညံ့လို့ ရှုံးတာလေကွာ... ဘာတွေ ချီးလာပေါက်နေတာလဲ။"

ဘုန်းမင်းခန့် ဟိန်းမင်းသူ ပခုံးကို ခပ်ကြမ်းကြမ်း လှမ်းပုတ်ရင်း ပြောလိုက်၏။

"ကဲ... အခု ဘယ်သွားကြမလဲ။ ကျောင်းဆင်းဖို့လည်း သိပ်မလိုတော့ဘူး။ "

လင်းခ နာရီကို တစ်ချက်ကြည့်ရင်း မေးလိုက်၏။

"ဗိုက်ဆာတယ်ကွာ... ဟိုဘက်လမ်းထိပ်က အကင်ဆိုင် သွားရအောင်။ ငါ အသားကင် စားချင်တယ်။"

အာနိုးစကားကြောင့် အားလုံး နှုတ်ခမ်းမဲ့ကာ ကြည့်လာကြပေမယ့် သူတို့လည်း ဗိုက်ဆာနေပြီဖြစ်တာကြောင့် လက်ခံလိုက်ကြကာ အကင်ဆိုင်ဘက်သို့ ကူးခဲ့လိုက်ကြပြန်၏။

"အန်တီ... ကြက်အူချောင်းကင်၊ အသားကင်နဲ့... ဟိုဟာ အပ်မှိုကင်တွေ မြန်မြန်လေး ချပေးပါ။"

အာနိုး ဝင်ထိုင်သည်နှင့် အငမ်းမရ မှာလေတော့သည်။

"ဟေ့ကောင်... ဖြည်းဖြည်းစားစမ်းပါ။ မင်း တစ်ယောက်တည်း အကုန် ကုန်တော့မယ်။"

ဟိန်းမင်းသူ အာနိုး လက်ထဲမှ အသားကင် တစ်ချောင်းကို အတင်း လုယူလိုက်၏။

"ဟျောင့်... ပြန်ပေး အဲ့ဒါ ငါ အရင် ယူထားတာ။"

အာနိုး ပြန်လုရန်လုပ်လျှင် ဟိန်းမင်းသူ အသားကင်ကို အပေါ်သို့ မြှောက်ကိုင်ထားပြီး ခုံမှ ထကာ ထွက်ပြေးလေသည်။

"မိအောင် လိုက်လုလေ ... ဟားဟား။"

ထိုအခါ အာနိုး ခုံမှ ထကာ ဟိန်းမင်းသူ နောက်သို့ အတင်း ပြေးလိုက်ရတော့သည်။

"ဟေ့ကောင် သန့်ဇင်လင်း... ဖမ်း... ဖမ်းထား။"

ဟိန်းမင်းသူ အာနိုးကို ရှောင်ပြေးရင်း သန့်ဇင်လင်း အနောက်သို့ ဝင်ပုန်းလိုက်လျှင် အာနိုး အရှိန်မထိန်းနိုင်ဘဲ သန့်ဇင်လင်း ထိုင်ခုံကို ဝင်တိုက်မိမလို ဖြစ်သွားကာ သန့်ဇင်လင်း ရယ်မောရင်း ခြေထောက်ဖြင့် အာနိုး ဒူးကို လှမ်းပိတ်ကာ တားလိုက်ရသည်။

"တော်ကြတော့ကွာ... မင်းတို့ကလည်း ကလေးကျနေတာပဲ။ လာ... ထိုင်ကြတော့။ ဒါငါ ရှင်းမယ်။"

အကင်စားပြီးတာနှင့် ကျောင်းဆင်းချိန်အမှီကျောင်းကို ပြန်ပြေးကြရတော့သည်။

ကျန်တဲ့သူတွေက ကိစ္စမရှိပေမယ့် ဟိုစော်ကြောက်ကောင် လင်းခက သူ့စော်ကို အိမ်ပြန်လိုက်ပို့ရမှာကြောင့် သူတောင်းစားက မပြန်မချင်း တညှောင့်ညှောင့်လုပ်နေ၏။

______________

"ဝင်ကြစမ်း အထဲကို။ မင်းတို့ကောင်တွေ အရမ်း အတင့်ရဲနေတယ်ပေါ့လေ။"

စည်းကမ်းထိန်းသိမ်းရေးဆရာကြီးက နောက်ကနေ တုတ်ကြီးကိုင်ကာ အော်လျှင် သူတို့ငါးယောက်လုံး ရုံးခန်းထဲ ဝင်လိုက်ကြရတော့သည် ။

အကြောင်းအရင်းကတော့ မနေ့က ကျောင်းပြေးတဲ့အတွက် ဒီနေ့ ရုံးခန်းရောက်ရခြင်းပင်။

ဒါပေမယ့် ဒါက သူတို့အတွက်မဆန်းပါဘူး။

တစ်ပတ်မှာ အနည်းဆုံး ၃ကြိမ်လောက်တော့ ရုံးခန်းရောက်နေတာကြောင့် ကျောင်းအုပ်ကြီးပင် သူတို့အဖွဲ့ကို မှတ်မိနေပြီဖြစ်၏။

"မမြင်ဖူးတဲ့ မျက်နှာလေးတွေပါလား..."

ကျောင်းအုပ်ကြီးရဲ့ ခနဲ့တဲ့တဲ့စကားကြောင့် သူတို့ငါးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြ၏။

"ကျောင်းဖွင့်တာတောင် နှစ်မကျိုးသေးဘူး။

မင်းတို့အဖွဲ့ ငါ့ရုံးခန်းထဲကို ခဏခဏ ရောက်တယ်။

စည်ခနဲဆို ပြေးကြည့်စရာမလိုဘူး မင်းတို့အဖွဲ့ပဲ။

မင်းတို့ကောင်တွေ ဒီကျောင်းကို ဘာမှတ်နေကြတာလဲ။"

ကျောင်းအုပ်ကြီး အသံက တဖြည်းဖြည်း ကျယ်လာပြီး စားပွဲကို လက်ဝါးဖြင့် ဆောင့်ချလိုက်လျှင် ငါးယောက်လုံး တွန့်ခနဲဖြစ်သွားကြ၏။

"မင်းတို့ မိဘတွေက မင်းတို့ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လို့ ကျောင်းထားတာ။ မင်းတို့က လူမိုက်ဂိုဏ်း ထောင်ဖို့ လာကြတာလား။

နောက်တစ်ခါ ကျောင်းမတက်ချင်ရင် ကျောင်းကို မလာခဲ့ကြနဲ့။

ငါ မင်းတို့ အားလုံးရဲ့ မိဘတွေကို ကျောင်းခေါ်လိုက်ရမလား။"

'မိဘတွေကို ကျောင်းခေါ်မယ်' ဆိုသော စကား ကြားလိုက်ရချိန်တွင် သန့်ဇင်လင်း မျက်နှာက ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားကာ လက်သီးများ တင်းခနဲ ဆုပ်လိုက်၏။

မေးရိုးများ ထင်းထွက်လာသည်အထိ သွားကို တင်းတင်း ကြိတ်လိုက်ပြီး နှုတ်ခမ်းထောင့်ကို ကွေးကာ မဲ့ပြုံး တစ်ချက် ပြုံးလိုက်သည်။

"ခေါ်ချင်လည်း ခေါ်လိုက်လေ။ လာမယ့်သူ ရှိရင်ပေါ့။"

"မင်း... မင်း ဘာပြောလိုက်တယ်။"

ကျောင်းအုပ်ကြီး ဒေါသတကြီးဖြင့် မတ်တတ်ထရပ်လိုက်လျှင် လင်းခ သန့်ဇင်လင်း ရှေ့မှ ကာလိုက်ပြီး...

"ဆရာကြီး... ကျွန်တော်တို့ မှားတာပါ။ နောက်တစ်ခါ အဲ့ဒီလို မဖြစ်စေရပါဘူး။ မိဘတွေကိုတော့ မခေါ်ပါနဲ့။ ဆရာကြီး ပေးတဲ့ ပြစ်ဒဏ်ကို ကျွန်တော်တို့ အားလုံး ခံယူပါ့မယ်။"

လင်းခ အခြေအနေကို အမြန် ထိန်းချုပ်ကာ ဝင်တောင်းပန်လိုက်လေသည်။

သူသိသည်။ သန့်ဇင်လင်း အတွက် မိဘဆိုသော စကားလုံးက ဘယ်လောက်တောင် အထိမခံနိုင်တဲ့ ဒဏ်ရာတစ်ခု ဖြစ်နေသလဲ ဆိုတာကို။

ကျောင်းအုပ်ကြီး လင်းခကို တစ်ချက် ကြည့်လိုက်ပြီးသက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကာ ...

"ကောင်းပြီ ... မင်းတို့ အပြစ်ကို မင်းတို့ သိရင်လည်း ပြီးတာပဲ။ အဲ့တော့ မင်းတို့ကို အပြစ်ပေးရမယ်။

ဒီနေ့ တစ်နေကုန် အတန်းထဲ မဝင်ရဘူး။ ကျောင်းကွင်းပြင်က မြက်ခင်းတွေကို သွားရှင်းကြ။ ဆရာဦးအောင်... သူတို့ကို စောင့်ကြည့်ထား။"

"ဟုတ်ကဲ့ပါ ဆရာကြီး။ ကဲ... ထွက်ကြစမ်း။"

ရုံးခန်းအပြင်ဘက်သို့ ရောက်သည်နှင့် ဟိန်းမင်းသူ သက်ပြင်းကြီး ချကာ ...

"သေတော့မလို့... သန့်ဇင်လင်း မင်းကလည်းကွာ အုပ်ကြီးကို ပြန်ခံပြောရလား။"

အာနိုးပြောလိုက်ပေမယ့် သန့်ဇင်လင်း ဘာမှပြန်မဖြေပဲ ကွင်းပြင်ဆီကိုသာ ခပ်သွက်သွက် လျှောက်သွားလိုက်တော့သည်။

___________________

ရှင်ငြိမ်း ဒီနေ့ အိမ်ကို ထမင်းစားရင်း ရေချိုးပြန်ကာ ကျောင်းပြန်လာရာ ကျောင်းခန်းပေါ်သို့ လှေကားအတိုင်းတက်လာခဲ့လိုက်လျှင် လှေကားထိပ်အရောက် သန့်ဇင်လင်းတို့အဖွဲ့နှင့် တည့်တည့်ကြီးဆုံလိုက်ရတာကြောင့် ရှင်ငြိမ်း ခြေလှမ်းတို့ ရပ်တန့်သွားရ၏။

သူတို့ကလည်း အောက်ကို မဆင်းပဲ ထိုနေရာမှာပဲ ရပ်နေကြရာ ရှင်ငြိမ်း ပြန်ပဲဆင်းရမလား၊ဒီအတိုင်းပဲ ကျော်သွားရမလားဖြစ်နေစဉ် လှေကားအောက်ဘက်မှ ကလေးမလေး သုံးလေးယောက်ခန့် တတွတ်တွတ် တီးတိုးပြောဆို ရယ်မောရင်း ရောက်လာကြလေသည်။ ကြည့်ရတာ ခုနစ်တန်း၊ ရှစ်တန်း အရွယ်လောက်သာ ရှိမည့် ကောင်မလေးတွေပင်။

"နင် သွားပေးလေ... သွားပါဆို..."

ကောင်မလေး တစ်ယောက်က ရှေ့ဆုံးမှ ဆံပင်ဂုတ်ဝဲလေးနှင့် ကောင်မလေးကို သန့်ဇင်လင်းတို့ အဖွဲ့ဘက်သို့ တွန်းပို့နေကြကာ ထိုကောင်မလေး လက်ထဲတွင်တော့ အအေးဘူး တစ်ဘူးနှင့် ချောကလက်ထုပ် တစ်ထုပ်ကို ကိုင်ထား၏။

တမင်ကြည့်တာ မဟုတ်ပေမယ့် ဒီအတိုင်း မြင်နေရတာကြောင့် ရှင်ငြိမ်း ဆက်ကြည့်နေမိလျှင် ထိုကောင်မလေးက သန့်ဇင်လင်း ရှေ့တည့်တည့်သို့ တိုးကပ်သွားလေသည်။

"ဟို... ဟိုလေ... ကိုသန့်ဇင်လင်း။"

ကောင်မလေးက ခေါ်လိုက်လျှင် ဖုန်းကို ငုံ့ကြည့်နေသော သန့်ဇင်လင်း ထိုကောင်မလေးအား တစ်ချက်သာ ဝေ့ကြည့်လိုက်ကာ မျက်ခုံးတန်းများက ကြောက်စရာကောင်းလောက်အောင် ကုပ်ဝင်သွားပြီး မျက်နှာကြီးက ချက်ချင်း တည်တင်းသွားလေသည်

"ဘာလဲ။"

"ဟို... ညီမ... အစ်ကို့ကို သဘောကျလို့ပါ။ အဲ့ဒါ... ဒီဟာလေး ပေးချင်လို့..."

ကောင်မလေးက စကားကို အထစ်ထစ်အငေါ့ငေါ့ ပြောရင်း သူမ လက်ထဲမှ အအေးဘူးနှင့် ချောကလက်ကို ရှေ့သို့ ကမ်းပေးလိုက်သည်။

ထိုအခါ သန့်ဇင်လင်း မျက်နှာက ပိုပြီး တည်တင်းသွားကာ ...

"မလိုဘူး။"

"ဒါ... ဒါပေမယ့်..."

"ကျစ် ဖယ်စမ်းပါ... ရှုပ်ရှုပ်ယှက်ယှက်။"

စိတ်ရှုပ်စွာဖြင့် ခပ်ဆတ်ဆတ်အော်ထုတ်လိုက်လျှင် လန့်ဖျပ်သွားသော ကောင်မလေး သုံးယောက်မှာ ဘာစကားမှ ဆက်မပြောရဲတော့ဘဲ မျက်နှာငယ်လေးများဖြင့် အမြန် လှည့်ထွက်သွားကြတော့သည်။

လှေကားမှာ ရပ်ကြည့်နေမိတဲ့ ရှင်ငြိမ်းလည်း

ထိုမြင်ကွင်းကြောင့် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရကာ

ထွက်သွားတဲ့ ကောင်မလေးကိုလည်း သနားမိသွား၏။

သူမ သွားပြီးစကားပြောရင်လည်း အခုလိုပဲ ငြင်းလွှတ်ခံရမှာပဲမလား။

အတွေးနှင့်အတူ ရှင်ငြိမ်းနှလုံးသားလေးက ဆစ်ခနဲ နာကျင်သွားရသည်။

ရှင်ငြိမ်း လှည့်ထွက်ရန် ခြေတစ်လှမ်း အပြင်

သန့်ဇင်လင်းအကြည့်တို့က ရှင်ငြိမ်းထံသို့ ရောက်ရှိလာ၏။

အကြည့်ချင်းဆုံသွားရာ ရှင်ငြိမ်း တစ်ကိုယ်လုံးရှိန်းခနဲ။

ထိုအခါ သန့်ဇင်လင်း မျက်နှာက ချက်ချင်းဆိုသလို ပိုပြီးတည်တင်းသွားကာ ရှင်ငြိမ်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ေန၏။

နောက်ဆုံးမှာတော့ ရှင်ငြိမ်း သူ့အကြည့်တို့က ဆက်ပြီးရင်မဆိုင်နိုင်တော့ပဲ လှေကားပေါ်သို့ အပြေးအလွှား တက်ခဲ့လိုက်တော့သည်။

အပိုင်း (၁၂) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၀) နောက်အခန်း - အပိုင်း (၁၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ