Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၁၀)

နေ့လည် အားကစားချိန်ဖြစ်တာကြောင့် ရှင်ငြိမ်း အိမ်စာတွေလုပ်ပြီး ဝရံတာဘက် ခဏထွက်လာလိုက်လျှင် သန့်ဇင်လင်းတို့အဖွဲ့က အခုမှကစားပြီးပြန်လာပုံရကာ ချွေးသံတရွှဲရွှဲဖြင့် အောက်က ရေပိုက်ခေါင်းတွင် မျက်နှာတွေသစ်ပြီး ခေါင်းတွေပါ လျှော်နေကြ၏။

"ဟဲ့ ... နင်တို့တွေ အခုမှ နေပူထဲက ပြန်လာတာကို အပူရှပ်မယ်နော်။ "

"ဟုတ်ကဲ့ ... ဆရာမ "

ဖြတ်သွားတဲ့ဆရာမကို သူတို့ကိုကြည့်ပြီး လှမ်းအော်လျှင် သူတို့ကလည်း ခေါင်းညိတ်ကာ ပြန်ဖြေကြလေသည်။

သန့်ဇင်လင်း မျက်နှာပေါ်မှ ရေစက်များကို လက်တစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း သပ်ချလိုက်ရင်း ဘေးမှ တစ်ခုခု ပြောလိုက်သော ဟိန်းမင်းသူကို ကြည့်ကာ ခပ်ဟဟလေး ရယ်မောလိုက်၏။

ထိုအပြုံး... ထိုအပြုံးလေးကို မြင်လိုက်ရချိန်တွင် ရှင်ငြိမ်း ရင်ဘတ်ထဲမှ နှလုံးသားလေးက အရှိန်အဟုန်ပြင်းစွာ ခုန်ပေါက်သွားရကာ ထိုမြင်ကွင်းလေးကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။

သို့သော်... ရှင်ငြိမ်းရဲ့ ထိုကြည်နူးမှုလေးက စက္ကန့်ပိုင်းမျှပင် မခံလိုက်ပေ။

"ဟေ့ကောင်... မင်း စောစောက ငါ့ကို ဘောလုံး မပေးပဲ တစ်ယောက်တည်း သွားပစ်လို့ ငါတို့ ရှုံးတာ။ လာခဲ့စမ်း။"

ဘုန်းမင်းခန့်က ရုတ်တရက် အော်ပြောရင်း

သန့်ဇင်လင်း ကျောပြင်ပေါ်သို့ ခုန်တက်ခွလိုက်လျှင် သန့်ဇင်လင်းလည်း မထင်မှတ်ထားတာကြောင့် ရှေ့သို့ ယိုင်သွားပြီးမှ ပြန်မတ်လိုက်ရ၏။

"ဟျောင့်... ဆင်းစမ်းကွာ။

မောပါတယ်ဆို *ီးလိုပဲ။ "

" မင်းကို အရင် အပြတ်တွယ်ပြီးမှ ဆင်းမယ်။"

ဘုန်းမင်းခန့် မဆင်းပဲ သန့်ဇင်လင်း လည်ပင်းကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ကာ နောက်လက်တစ်ဖက်ကို လက်သီးဆုပ်ပြီး သန့်ဇင်လင်းရဲ့ ပခုံးနှင့် ကျောပြင်များကို အသံမည်အောင် ထုရိုက်နေလေတော့သည်။

ဘေးမှ ဟိန်းမင်းသူကလည်း ဝင်မဆွဲသည့်အပြင် လက်ခုပ်တီးကာ အားပေးအားမြှောက် လုပ်နေလေသည်။

"အ... နာတယ်ကွ ... တော်တော့"

ဒါက သူတို့သူငယ်ချင်းတွေ အချင်းချင်း စနောက်နေကြတယ်ဆိုတာ သိနေပေမယ့် သန့်ဇင်လင်းကပဲ ခံနေရတာကြောင့် ရှင်ငြိမ်း ကြည့်နေရင်း ‌စိတ်တွေတိုလာမိ၏။

'ဘာလို့ အဲ့လောက် အားကြီးနဲ့ ရိုက်နေရတာလဲ...

ရှင်ငြိမ်း မျက်မှောင်လေးများ အလိုလို ကုပ်သွားပြီး၊ နှုတ်ခမ်းကို သွားဖြင့် ဖိကိုက်ထားလိုက်မိသည်။

သက်သက်အနိုင်ကျင့်နေတာ။

အမြင်ကိုကပ်တယ်။

________________

ဧည့်ခန်းထောင့်ရှိ စာကြည့်စားပွဲတွင် ရှင်ငြိမ်း တစ်ယောက်တည်း ထိုင်ကာ စာအုပ်ကြီး ဖွင့်ထားသော်လည်း စိတ်က စာထဲမှာရောက်မနေပဲ အတွေးတွေက ရောက်ယက်ခတ်နေ၏။

"သမီးလေး ဒီနေ့ ကြည့်ရတာ မျက်နှာလည်း သိပ်မကောင်းဘူး။ ကျောင်းမှာ စာတွေ အရမ်း ခက်နေလို့လား။ ပင်ပန်းနေပြီလား သမီး။"

မေမေ့အသံကြားမှ ရှင်ငြိမ်းအတွေးတို့ ရပ်တန့်သွားကာ မေမေ့ကို မော့ကြည့်၍ ပြုံးပြပြီး ခေါင်းရမ်းလိုက်၏။

"အမေ့ သမီးက အမြဲတမ်း စကားနည်းပြီး အေးလွန်းတော့... ဘာတွေများ ရင်ထဲမှာ အခက်အခဲ ရှိနေလဲဆိုတာ အမေတို့က စိတ်ပူရတယ် ကွယ်။"

ဒေါ်ခင်ငြိမ်းက ပြောပြောဆိုဆိုနှင့် ရှင်ငြိမ်း ပခုံးလေးကို အသာအယာ ဆုပ်နယ်ပေးလေသည်။

ထိုအချိန် ဧည့်ခန်း ဆိုဖာပေါ်တွင် သတင်းစာ ဖတ်နေသော ရှင်ငြိမ်းဖေဖေ ဦးကျော်စွာကပါ ရှင်ငြိမ်းတို့ သားအမိရှိရာသို့ လှမ်းကြည့်ရင်း ဝင်ပြောလေသည်။

"သမီး... စာဆိုတာ ကြိုးစားရမှာ မှန်ပေမယ့် ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ရမယ်နော်။

အဖေတို့က သမီးကို ထူးထူးချွန်ချွန်ကြီး ဖြစ်မှ သဘောကျမှာ မဟုတ်ဘူး။ သမီးလေး စိတ်ချမ်းချမ်းသာသာနဲ့ ကျန်းကျန်းမာမာ ရှိနေဖို့က အဖေတို့အတွက် အရေးအကြီးဆုံးပဲ။ စိတ်ဖိစီးမှုတွေ အရမ်း မများစေနဲ့ သိလား။"

"ဟုတ်ကဲ့ပါ ဖေဖေ ... သမီး ဘာမှ မဖြစ်ပါဘူး ။

ဒီနေ့ ကျောင်းမှာ ဆရာမတွေက အိမ်စာတွေ နည်းနည်း များများ ပေးလိုက်လို့ စာလုပ်ရတာ နည်းနည်း ညောင်းသွားလို့ပါ။"

"အေးပါကွယ်... ဒါဆိုလည်း ညစာ စားကြရအောင်။ ဒီနေ့ အမေ သမီးကြိုက်တဲ့ ပုစွန်ခြောက်ထိုးလေးနဲ့ ဟင်းချို ချက်ထားတယ်။ လာ... အဖေကြီးရော ထတော့ ထမင်းစားကြမယ်။"

ဒေါ်ခင်ငြိမ်းက ပြုံးရွှင်စွာ ပြောရင်း မီးဖိုချောင်ဘက်သို့ ထသွားလျှင် ဦးကျော်စွာကလည်း ဆိုဖာပေါ်မှ ထကာ ရှင်ငြိမ်း ခေါင်းလေးကို အသာ တစ်ချက် ပွတ်သပ်သွားလေသည်။

ရှင်ငြိမ်းမိဘတွေက တကယ်ကို မိဘကောင်းပီသပါသည်။

မိဘတိုင်းက သားသမီးတိုင်းကို ချစ်ပေမယ့် တချို့မိဘတွေက ချစ်ပုံချစ်နည်းတွေ မှားနေတတ်ကြတယ်တဲ့။

တခြားသူတွေရဲ့ မိဘတွေကို ရှင်ငြိမ်းမသိပေမယ့် ရှင်ငြိမ်းမိဘတွေကတော့ ရှင်ငြိမ်းအတွက် အပြည့်စုံဆုံးပါ။

အရမ်းကြီး အလိုလိုက်နေတာလည်းမဟုတ်သလို မွန်းကြပ်လောက်အောင်ထိ ဖိအားပေးတာမျိုးလည်းမလုပ်ပေ။

ဆုံးမစရာရှိတာ ဆုံးမပြီး လမ်းမှန်ကို ပို့ပေးတတ်သလို သူတို့ချစ်တာကိုလည်း မြက်အောင် ပြတတ်ကြ၏။

ရှင်ငြိမ်းကတော့ ဘယ်လိုအချစ်မျိုးပဲဖြစ်ဖြစ် မြင်အောက် ပြတတ်ဖို့က အရေးကြီးဆုံးပဲလို့ ထင်ပါသည်။

_____________

"ဟဲ့... ဟိုမှာ သန့်ဇင်လင်းတို့ အဖွဲ့ လာနေတယ်။"

ရှင်ငြိမ်းတို့ ကျောင်းဝင်းထဲ အမှိုက်လိုက်ကောက်ကြတုန်း ဖြူစင့်အသံနှင့်အတူ တစ်ဖက်က လာတဲ့ သန့်ဇင်လင်းကို မြင်လျှင် ရှင်ငြိမ်း အသက်ရှူနှုန်းများ အလိုလို မြန်လာရ၏။

မသိမသာ ရှောင်သွားလို့လည်း မရတော့တာကြောင့် ခေါင်းကို အနည်းငယ် ငုံ့ကာ ဆက်လျှောက်လာခဲ့လိုက်သည်။

တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ရှင်ငြိမ်း ရင်ခုန်သံတွေကလည်း ပိုလို့ ကျယ်လာခဲ့၏။

ထိုအခိုက်အတန့်လေးတွင် ရှင်ငြိမ်း မနေနိုင်စွာဖြင့် မျက်လွှာ အသာ ပင့်ကာ သန့်ဇင်လင်း မျက်နှာဆီသို့ ခိုးကြည့်လိုက်မိလျှင် အကြည့်ချင်းဆုံသွားမိသည့်အခိုက် စူးရှနေတဲ့ အကြည့်နှင့်တူ တည်တင်းနေတဲ့ မျက်နှာကြီးကို မြင်လိုက်ရတာကြောင့် ရှင်ငြိမ်း ကြက်သီးများပင် ဖြန်းခနဲ ထသွားရကာ ချက်ချင်းပဲ ခေါင်းပြန်ငုံ့လိုက်မိ၏။

ဘာလို့လဲ ... ဒါက ဒီနေ့မှ မဟုတ်ပါ။

ရှင်ငြိမ်း သဘောထားမိပါသည်။

အခုတလော သန့်ဇင်လင်းက ရှင်ငြိမ်းကိုမြင်လျှင် အမြဲတမ်း မျက်မှောင်ကြီးကြုတ်သွားကာ မျက်နှာကြီးက တည်တင်းသွား၏။

ရှင်ငြိမ်းလည်း သူ့ကို ဘာမှ မလုပ်ထားမိပါ။

ဟင် ... မဟုတ်မှ

ဟိုတစ်နေ့က ဟိန်းမင်းသူ ပြောလိုက်တာကြောင့်များလား။

သူမက သူ့ကိုကြိုက်နေမှန်းသိသွားတာကြောင့် အခုလို ဖြစ်သွားရတာလား။

အဖြေရှာလို့ရသွားတော့လည်း ရင်ထဲက ဆစ်ခနဲ နာလာရပြန်သည်။

ရှင်ငြိမ်းကို အဲ့လောက်တောင် အမြင်ကတ်သွားရတာလား။

______________

ကိုးတန်း (C) အခန်းထဲတွင် မြန်မာဆရာမက အရှေ့မှာ စာသင်နေပြီး ရှေ့ဆုံးတန်းမှ ကျောင်းသားတချို့သာ စာကူးရေးနေကြ၏။

နောက်ဆုံးအတန်းက သန့်ဇင်လင်းတို့အဖွဲ့ကတော့

တစ်ယောက်တစ်ပေါက်လုပ်ချင်တာ လုပ်နေကြလေသည်။

ဘုန်းမင်းခန့်က မြန်မာဖတ်စာအုပ်ကို ထောင်ကာ မျက်နှာကို ကွယ်ထားပြီး ခေါင်းငိုက်စိုက်ကျကာ အိပ်ပျော်နေပြီး လင်းခက ခဲတံကို လက်ကြားတွင် လှည့်ကစားရင်း ဖုန်းခိုးထုတ်ကာ ရတီ့နဲ့ စာလှမ်းပို့နေ၏။

အာနိုးကတော့ ရိုးရာမပျက် မုန့်ခိုးစားနေလေရဲ့။

ထိုအချိန် ဟိန်းမင်းသူ ဘုန်းမင်းခန့် ခြေသလုံးကို စားပွဲအောက်မှနေ ခပ်ပြင်းပြင်း တစ်ချက် လှမ်းကန်လိုက်လေသည်။

"အ့..."

ဘုန်းမင်းခန့် လန့်နိုးသွားပြီး အသံထွက်သွားမလို ဖြစ်သွားလျှင် ဟိန်းမင်းသူ နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေဖို့ အမြန် လုပ်ပြလိုက်ရသည်။ ထို့နောက် ဟိန်းမင်းသူ လင်းခနှင့် သန့်ဇင်လင်းဘက်သို့ လှည့်ကာ အနောက်ဘက်သို့ ထိုးပြပြီး မျက်ခုံးပင့်ပြလိုက်၏။

'လစ်ရအောင်'

လင်းခ နာရီကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ အာနိုးကိုလည်း လက်လှမ်းတို့လိုက်သည်။

အကုန်လုံး နှစ်ခါပင်မစည်းရုံးလိုက်ရ။

ချက်ချင်းပဲ လွယ်အိတ်ကောက်လွယ်ကာ ထွက်ဖို့ပြင်ကြတော့သည်။

"ကဲ... ဒီကဗျာက အပုဒ်လိုက်ကျက်နော်။

စကားပြေကို ကိုယ့်ဟာကိုယ် ပြန်တတ်အောင်လုပ်ထား ဟုတ်ပြီလား။ အခု ဒီ၁မှတ်တန် မေးခွန်းတွေ လိုက်ကူးကြ။ "

ဆရာမက ပြောပြီး သင်ပုန်းဘက်သို့ စာလှည့်ရေးလျှင် သူတို့ငါးယောက်လုံး အချက်ပေးလိုက်သည့်မလား ဖွဖွလေး ထကာ အနောက်ဘက် တံခါးပေါက်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးကြတော့သည်။

"ဟူး... လွတ်ပြီကွ။"

ကျောင်းနောက်ဖေး အိမ်သာအဟောင်းတွေနားက ချုံပုတ်များကြားသို့ ရောက်သည်နှင့် ဟိန်းမင်းသူ အကြောဆန့်ရင်း ရယ်လိုက်သည်။ ထိုနေရာသည် သူတို့အဖွဲ့ရဲ့ ပုံမှန် ကျောင်းပြေးနေကျ ဂိတ်ပေါက် ပင် ဖြစ်၏။

"ဟေ့ကောင် ဟိန်းမင်းသူ မင်း အရင် တက်ကြည့်။ ဟိုဘက်မှာ စည်းကမ်းထိန်း ဆရာတွေ ရှိမရှိ ကြည့်ဦး။"

လင်းခက ပြောလျှင် ဟိန်းမင်းသူ ခေါင်းညိတ်လိုက်ပြီး တံတိုင်းဆီသို့ ပြေးသွားကာ အလွယ်တကူပင် ခုန်တက်လိုက်ပြီး တစ်ဖက်သို့ ကျော်ကြည့်လိုက်၏။

"ရှင်းတယ်... မြန်မြန်လာခဲ့ကြ။"

ဟိန်းမင်းသူ ပြောပြောဆိုဆိုနှင့် တစ်ဖက်သို့ ခုန်ချသွားလေသည်။

ထိုအုတ်တံတိုင်းက ကျန်တဲ့သူတွေအတွက် အေးဆေးဖြစ်နေပေမယ့် အာနိုးကတော့ လူကောင်ထွားပြီး ဝတာကြောင့် ခုန်တက်ရန် အရှိန်ယူနေရ၏။

"ဟျောင့် လင်းခ ငါ့ကို ဖ-င်ကနေ နည်းနည်းလောက် တွန်းတင်ပေးစမ်းပါ။"

အာနိုး တံတိုင်းကို တွယ်ကပ်ထားရင်း အောက်က လင်းခကို လှမ်းပြောလိုက်၏။

"မင်းကလည်းကွာ... အချိန်ပြည့်မြိုနေတာကိုး။

ငါ့လခွီး လေးလိုက်တာ။ "

လင်းခ ရယ်ရင်း အာနိုးတင်ပါးကို အောက်မှနေ၍ ပင့်တင်ပေးလိုက်လျှင် "ဝုန်း" ခနဲ အသံနှင့်အတူ

အာနိုး တစ်ဖက်သို့ ဖရိုဖရဲ ပြုတ်ကျသွားတော့သည်။

"ဟား ဟား ဟား ဟား "

"ဝက်ပြုတ်ကျတာ မြေပြိုတော့မှာပဲကွာ။ "

အကုန်လုံးဝိုင်းရယ်လိုက်ကြပြီး ကျောင်းထဲမှာ ရှိနေသေးတဲ့ သန့်ဇင်လင်းတို့သုံးယောက်လည်း

အုတ်တံတိုင်းပေါ် ခုန်တက်သွားလိုက်တော့၏။

ကျောင်းအပြင်ကိုရောက်သည်နှင့် သူတို့ရဲ့ဦးတည်ရာက ကိုစိုင်းရဲ့ ဘိလိယက်ခုံသို့ပင်။

ကိုစိုင်း ဘိလယက်ခုံက အပြင်လူထက် သူတို့လို ကျောင်းပြေးလာကြတဲ့ ကျောင်းသားတွေ အများစုလာကြ၏။

ဆိုင်ထဲတွင် ဆေးလိပ်ငွေ့များ သီချင်းသံများဖြင့် ဆူညံနေကာ ကျောင်းပေါင်းစုံက ကျောင်းသားတော်တော်များများက သူ့အဖွဲ့ကိုယ့်အဖွဲ့နှင့် လွင့်နေကြသည်။

"ကိုစိုင်း... ဒီဘက်ထောင့်က ခုံလွတ်တယ်မလား။ အအေး ငါးဘူးချပေး။"

ဟိန်းမင်းသူ အသံကျယ်ကြီးဖြင့် အော်မှာရင်း တုတ်တံများ ရွေးနေကာ လင်းခက ခုံဘေးရှိ ခုံတန်းလျားတွင် ဝင်ထိုင်ကာ ရတီ့ဆီသို့ စာပို့ထားလိုက်၏။

အပိုင်း (၁၁) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၉) နောက်အခန်း - အပိုင်း (၁၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ