Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၉)

"အစ်မတို့... ဘာလုပ်နေကြလဲ။"

အသံနှင့်အတူ ရှင်ငြိမ်းတို့ ဘေးခန်း ကိုးတန်း (A) ခန်းမှ ကောင်မလေး သုံးလေးယောက် အခန်းထဲသို့ ဝင်လာကြ၏။

"ဪ... မှူးပြည့်တို့ပါလား။ လာလေ... ဘာလာလုပ်ကြတာလဲ။"

ဖြူစင် လှမ်းနှုတ်ဆက်လိုက်လျှင် မှူးပြည့်ပြည့်ပိုင်တို့ အဖွဲ့က ရှင်ငြိမ်းနားရှိ လွတ်နေသော ခုံများတွင် ဝင်ထိုင်လိုက်ကြလေသည်။

"သမီးတို့ အခန်းမှာ ဆရာမ မလာလို့ ပျင်းနေတာနဲ့ အစ်မတို့ဆီ အလည်လာတာ။ အစ်မတို့လည်း ဆရာမ မရှိဘူးမလား။"

"အွန်း... ခုနကမှ အင်္ဂလိပ်ဆရာမ ထွက်သွားတာလေ။"

ချိုသဲဖြူက ဝင်ပြောလိုက်၏။

အတန်းမတူပေမယ့် အရင်ကတည်းက ဒီကျောင်းမှာပဲ တက်ကြသူတွေမို့ တစ်ယောက်နှင့်တစ်ယောက်သိနေကြသည်။

ရှင်ငြိမ်းကတော့ ဘာမှ ဝင်မပြောဘဲ မှူးပြည့်ပြည့်ပိုင်ကိုသာ ခိုးကြည့်နေမိသည်။ ဒါ... ဒါ သန့်ဇင်လင်း အရင်က ချစ်ခဲ့တဲ့ ကောင်မလေးပေါ့။

သန့်ဇင်လင်း ချစ်ခဲ့တာလည်း မပြောနဲ့ ...သူမက တကယ်ကို ချစ်စရာကောင်းပါသည်။

အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်းလေးနှင့် စကားပြောလိုက်တိုင်း သွားတက်လေး တစ်ချောင်းက ချစ်စဖွယ် ပေါ်လာတတ်သေး၏။

သွက်သွက်လက်လက်ကလေးနှင့် စကားပြောပုံလေးကအစ မိန်းကလေးချင်းပင် သဘောကျချင်စရာလေးပင်။

ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ကြည့်မိတော့... ရှင်ငြိမ်းက စကားနည်းပြီး မပွင့်တပွင့်နှင့် တကယ့်ကို အားမရချင်စရာပုံစံမျိုးပင်။

သူက ဒီလို သွက်လက်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးမျိုးကိုမှ သဘောကျတာများလားလို့ တွေးမိတော့ ရှင်ငြိမ်း ရင်ထဲတွင် မသိမသာ ဆစ်ခနဲ နာကျင်သွားရသည်။

"အစ်မတို့ အခန်းက စာလုပ်တဲ့သူတွေ များတော့ အေးဆေးပဲနော်။ သမီးတို့ အခန်းကတော့ နားကို ငြီးနေတာပဲ။"

"အမယ်လေး ... ထင်လို့ပါဟယ်။

ငါတို့အခန်းက ကောင်တွေလည်း ‌မျောက်လောင်းတွေပါပဲ။ "

"အဟွန်း ... သမီးကတော့ အစ်မတို့အခန်းလို လူနည်းနည်းလေး နေချင်တာ။ "

"ဒါနဲ့... မှူးပြည့် နင်နဲ့ သန့်ဇင်လင်း တွဲလိုက်သေးတယ်ဆို "

ချိုသဲဖြူက စပ်စုတတ်သည့် သူမ အကျင့်အတိုင်း မှူးပြည့်ပြည့်ပိုင် ပခုံးလေးကို တွန်းကာ မေးလိုက်၏။

"အာ... အစ်မကလည်း။ ဘယ်သူပြောတာလဲ...

သူနဲ့ ပြတ်သွားတာဖြင့် နည်းနည်းတောင်ကြာပါပြီ။

အခုကတော့ ဒီအတိုင်း သူငယ်ချင်းတွေလိုပဲ အေးအေးဆေးဆေး ဖြစ်သွားပြီ။"

"ဪ ... ဟုတ်လား။

ဘာလို့ပြတ်သွားကြတာလဲ။ "

"အွန်း ... အဲ့တာတော့ secret (လျှို့ဝှက်ချက်)

အဟွန်း "

"ဟယ် ... သိချင်ပါတယ်ဆို။ "

"အဟွန်း ... အဟောင်းတွေ ပြန်မတူးဆွချင်တော့ဘူး။ "

"ဒါပေမယ့် သန့်ဇင်လင်းက သူ့ကို တော်တော် ချစ်ခဲ့တာသိလား။ ဒီကောင်မကသာ အရင်ဖြတ်သွားလို့ သူ အခုတလော ပိုပြီး ရန်တွေ ဖြစ် ဆေးလိပ်တွေ သောက်နေတာလေ။ "

မှူးပြည့်ပြည့်ပိုင်နှင့် အတူ ပါလာတဲ့ ကောင်မလေးက ဝင်ပြောလိုက်၏။

"ဟာ... မဟုတ်ပါဘူးဟာ။ သူက အရင်ကတည်းက အဲ့လိုပါပဲ။ ကဲပါ... သူ့အကြောင်းတွေ မပြောပါနဲ့တော့။ ငါလည်း အခု အသစ်ရနေပြီ။ "

"ဟယ် ... စွံချက်နော်။"

ချိုသဲဖြူ သူမ ရည်းစားအသစ်ရနေတာ ဟိန်းမင်းသူ ပြောပြလို့ သိပြီးသားပေမယ့် မသိသလိုနှင့် ပြောလိုက်၏။

"ဘယ်သူလဲ။

၉တန်းကပဲလား။"

တစ်ချိန်လုံးငြိမ်နေတဲ့ မိုးပွင့်ဖြူက ဝင်မေးလေသည်။

"မဟုတ်ဘူး။

သမီးကိုကြီးက ကျောင်းပြီးသွားပြီ။

သမီးတို့ အိမ်နားကလေ။ "

"ဟယ် ... အဲ့ဒါဆို အသက်အများကြီးကွာမှာပေါ့။ "

"အွန်း ... ကိုကြီးက သမီးထက် ၇နှစ်ကြီးတယ်။ "

"ဝါး ... မိုက်လား။ "

"အရမ်းမိုက်တယ်။

သမီးကိုလည်း အရမ်းချစ်တယ်။ "

"မမေးနဲ့ အစ်မ။

ဒီကောင်မက သူ့‌ကိုကြီးအကြောင်း ဆို တစ်နေကုန်ထိုင်ပြောမယ့်ဟာမ။ "

"ဟဲ့ ... ငါ နင်တို့မေးမှပဲ ဖြေတာပါ။ "

"အမယ်လေး ... ငါ့ကိုကြီးကလေ ဆိုပြီး လာလာကြွားတာတွေကရော။ "

"အံမယ် ... နင့်မှာတောင် အဲ့လိုကြွားစရာရှိလို့လား။ "

"ငါတို့က အဲ့လို အိုကြီးအိုမတွေ မကြိုက်ဘူး။ "

"ဟဲ့ ... ငါ့ကိုကြီးက ဘယ်မှာ အိုနေသေးလို့လဲ။ "

"အိုတော့မှာလေ။ "

"ဇင်ဇင်ဇော် နင်နော် သူများကိုကြီးကို။ "

"ဟားဟား ... ငိုတော့မှာ ငိုတော့မှာ။ "

သူတို့အချင်းချင်း စနောက်နေကြပြီး ရှင်ငြိမ်းတို့ကတော့ ကြည့်ပြီးသာ ပြုံးနေမိတော့သည်။

"အစ်မတို့ဆီမှာ ဖတ်စရာ ဝတ္ထုစာအုပ်တွေ ဘာတွေ ပါလား။ သမီးကို တစ်အုပ်လောက် ငှားပါလား။"

မှူးပြည့်နှင့်ပါလာတဲ့ နောက်ထပ် ကောင်မလေးတစ်ယောက်က ပြောလျှင် ဖြူစင်က သူ့လွယ်အိတ်ထဲမှ သျှင်မ စာအုပ်ကလေး ထုတ်ပေးလိုက်၏။

"ကျေးဇူးပဲ အစ်မ။

သမီးပြီးရင် လာပေးမယ်နော်။ "

"အွန်း ... ပြဲတော့ မပြဲစေနဲ့။

မုန့်ဖိုးလေးစုပြီး ဝယ်ထားရတာ။ "

"စိတ်ချ အစ်မ "

"အေးအေး "

__________________

မုန့်စားဆင်းချိန်ဖြစ်တာကြောင့် ရှင်ငြိမ်းနှင့် ချိုသဲ မုန့်ဝယ်ပြီး ပြန်လာကြတုန်း အခန်းထဲဝင်ခါနီး

ဟိန်းမင်းသူက ရှင်ငြိမ်းတို့အခန်းထဲမှ ထွက်လာကာ

ရှင်ငြိမ်းကို မြင်လျှင် ...

"ဟျောင့် သန့်ဇင်လင်း... ဒီမှာ မင်းကို ကြိုက်တဲ့ အစ်မ မရှင်ငြိမ်းက မင်းကိုကြိုက်လို့တဲ့"

"ဟင်..."

ရုတ်တရတ် ထွက်ပေါ်လာသော ဟိန်းမင်းသူရဲ့ အသံအကျယ်ကြီးကြောင့် ရှင်ငြိမ်း လန့်ဖျပ်သွားရကာ ဟိန်းမင်းသူ ကြည့်နေတဲ့ ဘက်သို့ လှမ်းကြည့်လိုက်လျှင် ရှင်ငြိမ်းတို့ အခန်းဘေးက လှေကားတွင်

သန့်ဇင်လင်းက စာအုပ်ထိုင်ဖတ်နေ၏။

ရှင်ငြိမ်း ခုနက မမြင်မိ။

မျက်နှာတစ်ခုလုံး ပူထူသွားပြီး၊ ပါးပြင်နှစ်ဖက်သာမက နားရွက်ဖျားလေးများအထိ ရဲတွတ်သွားတော့သည်။

ရှက်လွန်းလို့ အငွေ့ပျံချင်စိတ်ပင် ပေါက်သွားရ၏။

ကျောင်းဆင်းချိန် ဖြစ်တာကြောင့် ဝရံတာမှာ ကျောင်းသားတွေအများကြီးရှိနေကြကာ ဟိန်းမင်းသူအသံကြောင့် အကုန်လုံးက ရှင်ငြိမ်းကို ဝိုင်းကြည့်လာ‌ကြတော့သည်။

ရှင်ငြိမ်း မျက်ရည်များပင် ဝဲတက်လာကာ ဆက်မကြည့်ရဲတော့ပဲ အခန်းထဲ ပြေးဝင်ပုန်းလိုက်ရတော့သည်။

ဟိန်းမင်းသူကတော့ သူမကိုကြည့်ကာ တဟားဟားရယ်ပြီး ကျန်ခဲ့တော့၏။

အခန်းထဲ ရောက်သည်နှင့် ရှင်ငြိမ်း မျက်နှာကို စားပွဲပေါ်သို့ မှောက်ချထားလိုက်၏။

ကြားများသွားပြီလား။

အဲ့လောက် အကျယ်ကြီးပဲကို ... ဘယ်လိုလုပ် မကြားပဲ နေမှာလဲ။ရှက်ဖို့ကောင်းလိုက်တာ။

ဒါပေမယ့် ရှင်ငြိမ်း အထင်နဲ့ တခြားစီပင်။

ရှင်ငြိမ်းကသာ ပျာယာခတ်နေပေမယ့် သူကတော့

မကြားတာလား၊မကြားချင်ယောင်ပဲ ဆောင်နေသလားမသိ။

အဖက်ပင်မလုပ်။

______________

ကျောင်းကန်တင်းနားရှိ သစ်ပင်အောက် ခုံတန်းလေးတွင် ရတီ တစ်ယောက်တည်း ထိုင်ကာ လင်းခကို စောင့်နေလေသည်။ လင်းခတို့အဖွဲ့က ရုံးခန်းမှာ ဆရာမ ခိုင်းသည့် စာရွက်စာတမ်းများ သွားသယ်ပေးနေတာကြောင့် ရတီ မုန့်စားဆင်းချိန်ကို ကြိုထွက်ကာ စောင့်နေခြင်းပင်။

ထိုစဉ် သူမအနားသို့ လူတစ်ယောက် ဝင်ထိုင်လိုက်ကာ ရတီ လှည့်ကြည့်လိုက်လျှင် ၁၀တန်း fresher တစ်ယောက်ဖြစ်နေ၏။

သူ့နောက်မှာလည်း တခြား ကျောင်းသား သုံးလေးယောက်က မလှမ်းမကမ်းတွင် ရပ်ကာ ပြုံးစိစိဖြင့် ကြည့်နေကြလေသည်။

"ညီမလေး... တစ်ယောက်တည်းလား။ အစ်ကိုတို့ ဒီမှာ ထိုင်လို့ ရတယ်မလား။"

"ရပါတယ်... ထိုင်လေ။"

ရတီက ခပ်တိုတိုသာ ပြန်ဖြေပြီး နေရာမှ ထရန် ပြင်လိုက်၏။ သို့သော် သူမ မတ်တပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဟိုတစ်ယောက်ကလည်း နေရာမှ

ထရပ်လိုက်ပြီး ရတီ့ ရှေ့မှ ပိတ်ရပ်လိုက်လေသည်။

"ဘယ်သွားမလို့လဲ ... အစ်ကိုတို့က ညီမလေးနဲ့ စကားပြောချင်လို့ပါ။ အစ်ကို့နာမည် မြင့်မြတ်ပိုင်

... ညီမလေး နာမည်တော့ အစ်ကိုသိတယ်။

ရတီ ဟုတ်တယ်မလား။"

ပြောပြောဆိုဆိုနှင့် ရတီ့ ပခုံးကို လှမ်းကိုင်ရန် ပြင်လျှင် ...

"ဘာလုပ်တာလဲ... ဖယ်စမ်း။"

ရတီ အော်ပစ်လိုက်ရင်း သူ့လက်ကိုလည်း ပုတ်ထုတ်ပစ်လိုက်၏။

"ဟေ့ကောင်... သူတောင်းစား

ဘယ်ကို လာထိချင်နေတာလဲ။ "

ရုတ်တရတ် ဒေါသသံကြီးတစ်ခုက ထွက်ပေါ်လာရာ

ရတီကော မြင့်မြတ်ပိုင်ပါ အသံလာရာသို့ လှည့်ကြည့်လိုက်ကြလျှင် ဒေါသထွက်နေသော မျက်ဝန်းများနှင့်အတူ သူမတို့အနားသို့ လင်းခ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာနေ၏။

သူ့ အနောက်မှာတော့ သန့်ဇင်လင်း၊ ဟိန်းမင်းသူနှင့် ဘုန်းမင်းခန့်တို့ကလည်း မျက်နှာထား တင်းတင်းမာမာတွေနှင့် ပါလာကြလေသည်။

"ခွပ်..."

"အား..."

ဘာစကားမှ မပြောတော့ဘဲ လင်းခ ထိုကောင့်အား လက်သီးဖြင့် အရှိန်ပြင်းပြင်း ထိုးချပစ်လိုက်ကာ အနောက်ဘက်ရှိ အအေးပုံးပေါ်သို့ ဖရိုဖရဲ လဲကျသွားတော့သည်။

"လင်း... လင်းခ..."

ရတီ ကြောက်လန့်တကြားဖြင့် လင်းခလက်‌မောင်းကို လှမ်းဆွဲလိုက်လျှင် လင်းခ သူမအား သူ့အနောက်သို့ပို့လိုက်ပြီး လဲကျနေသော ဟိုကောင့် အင်္ကျီကော်လာကို လက်နှစ်ဖက်ဖြင့် ဆွဲမော့ပစ်လိုက်ကာ ...

"မင်း ဘယ်ကကောင်လဲ။ ငါ့ကောင်မလေးကို လာထိရအောင် မင်းမှာ အသက်ဘယ်နှချောင်း ရှိလို့လဲ ခွေးကောင်...။"

လင်းခ အံကြိတ်ကာ ပြောရင်း နောက်တစ်ကြိမ် လက်သီးဖြင့် ထပ်မံ ထိုးချလိုက်ပြန်သည်။ ထိုအခါမှ ဇေယျာ့ အဖွဲ့မှ တခြားကောင် သုံးယောက်က သတိဝင်လာပြီး...

"ဟေ့ကောင်... မင်းက ဘာမို့လို့ ငါတို့ကောင်ကို လာထိုးတာလဲ လွှတ်စမ်း။"

ပြောလည်းပြော လင်းခကို ဝိုင်းအုံပြီး ဝင်လုံးကြကာ အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အအေးဆိုင်ရှေ့မှ ခုံများ စားပွဲများ ပြိုလဲကျကုန်တော့၏။

"မင်းတို့ကောင်တွေ သေချင်လို့ ငါတို့လူကို ဝိုင်းတာလား။"

ဟိန်းမင်းသူ အော်ဆဲရင်း ဝင်လာတဲ့ ကောင်တစ်ကောင်ရဲ့ ရင်ဘတ်ကို ခြေထောက်ဖြင့် အရှိန်ပြင်းပြင်း ဆောင့်ကန်ချလိုက်၏။ ဘုန်းမင်းခန့်ကလည်း နောက်တစ်ယောက်ကို ခေါင်းနှင့် ဆောင့်ကာ ဝင်ထိုးလေတော့သည်။

လဲကျသွားသော ကောင်တစ်ကောင်က ဒေါသတကြီးဖြင့် ဆိုင်ရှေ့ရှိ သစ်သားခုံအကျိုး တစ်ခုကို ဆွဲယူကာ လင်းခ ခေါင်းကို အနောက်မှနေ၍ ရိုက်ချရန်

ပြင်လျှင် သန့်ဇင်လင်း ထိုကောင်ရဲ့ လက်ကောက်ဝတ်ကို ဆတ်ခနဲ ဖမ်းဆုပ်ကာ လိမ်ချိုးလိုက်ပြီး ဒူးခေါင်းဖြင့် ဗိုက်တည့်တည့်သို့ အားကုန် ဆောင့်ကန်ချပစ်လိုက်၏။

"အွတ်..."

ဗိုက်ကို နှိပ်ရင်း အောက်သို့ လဲကျသွားတော့သည်။

"အနောက်ကနေ ခိုးတိုက်တာက ယောကျ်ား မပီသဘူး။ စေ-ာက်ခြောက်တွေရဲ့။ "

သူတို့ရန်ပွဲက တဖြည်းဖြည်း ပြင်းထန်လာရာ အကုန်လုံး အလန့်တကြား အော်ဟစ်ကာ ဘေးသို့ ရှောင်ထွက်ကုန်ကြတော့သည်။

လင်းခ ရတီ့ကို ထိဖို့လုပ်တဲ့ကောင်အား မြေကြီးပေါ်တွင် ခွဖိထားကာ လက်သီးဖြင့် မနားတမ်း ထိုးကြိတ်နေလေသည်။ သူ့ ခေါင်းထဲတွင် ဘာမှ မသိတော့ဘဲ

လူသတ်ချင်စိတ်တွေပါ ပေါက်နေ၏။

"လင်းခ... တော်ပါတော့... သေသွားလိမ့်မယ်။

လင်းခ... ငါ့ကို ကြည့်ပါဦး။ တော်ပါတော့။"

ရတီ ငိုယိုကာ လင်းခ လက်မောင်းကို နောက်ကနေ အတင်း ဆွဲထားတော့မှ လင်းခ ရပ်သွားကာ အောက်ကကောင်ရဲ့ ကော်လံကို ဆုပ်ကိုင်လိုက်ပြီး...

" နောက်တစ်ခါ ငါ့ကောင်မလေးအနား တွေ့ရင် မင်းအသေပဲ ကြားလား။ "

"ပီ... ပီ... ပီ... ပီ..."

ထိုအချိန် ကျောင်းစည်းကမ်းထိန်း ဆရာကြီး၏ ပီပီသံ အကျယ်ကြီးနှင့်အတူ ဆရာ ဆရာမ အချို့ ပြေးလာကြလေသည်။

"ဟေ့... ဘယ်ကောင်တွေ ရန်ဖြစ်နေတာလဲ။ အကုန်ရပ်လိုက်စမ်း။"

လင်းခ တစ်ချက်လှမ်းကြည့်လိုက်ပြီး ရတီ့ အနားသို့ သွားကာ ...

"ရတီ... ဘာဖြစ်သွားသေးလဲ။

နင့်ကို အဲ့ကောင် တစ်ခုခု လုပ်လိုက်သေးလား။ "

"ငါ... ငါ ဘာမှ မဖြစ်ဘူး... နင့် နှုတ်ခမ်းမှာ သွေးတွေ ထွက်နေပြီ။"

ရတီ ငိုရှိုက်ရင်း လင်းခ နှုတ်ခမ်းထောင့်မှ သွေးစလေးကို လက်မလေးဖြင့် အသာအယာ သုတ်ပေးလိုက်လျှင် လင်းခ သူမ လက်ကလေးကို ဖမ်းဆုပ်လိုက်ပြီး ပြုံးပြလိုက်ကာ...

"ငါ ဘာမှ မဖြစ်ဘူး။ ဆောရီးပဲ အရမ်း လန့်သွားလား။"

ပြောလည်းပြော လူရှေ့သူရှေ့လည်း ဂရုမစိုက်နိုင်တော့ပဲ ရတီ့ကို သူ့ရင်ခွင်ထဲသို့ ထည့်ဖက်လိုက်၏။

"ကဲ... မင်းတို့ အဖွဲ့။ ရုံးခန်းကို အခု ချက်ချင်း လိုက်ခဲ့ကြစမ်း။"

ဆရာကြီး စကားကြောင့် သူတို့ လေးယောက်စလုံး ရုံးခန်းဘက်သို့ လိုက်သွားရတော့သည်။

အခုမှ ပြန်လာတယ်။

ပြန်သွားရပြန်ဦးမယ်။

ဟိုလေးကောင်ကတော့ ‌သူတို့ လက်ချက်ကြောင့်

ထပင်မထနိုင်တော့ပေ။

လက်ယဉ်နေတဲ့ သူတို့ကိုမှ လာစမ်းချင်နေတာကို။

အပိုင်း (၁၀) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၈) နောက်အခန်း - အပိုင်း (၁၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ