Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၁၃)

ထမင်းစားဆင်းချိန်ဖြစ်တာကြောင့် ယောက်ျားလေးတွေက ကန်တင်းမှာ သွားဝယ်စားကြပြီး ဝါဝါခိုင်နဲ့ နှင်းနုထွေးကလည်း အိမ်ပြန်စားကာ အခန်းထဲတွင် လူရှင်းနေလေသည်။

ကျန်တဲ့ ရှင်ငြိမ်းတို့ မိန်းကလေး ငါးယောက်သာ ထမင်းဘူးကိုယ်စီ ဖွင့်ကာ ဝိုင်းဖွဲ့စားနေကြ၏။

"မမဖြူစင်..."

ရုတ်တရက် အခန်းဝမှ ခေါ်သံလေးတစ်ခု ကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်ကြလျှင် ဖြူစင့်ညီမ ဖြစ်နေကာ သူမ အနောက်တွင် အခြား ကောင်မလေး တစ်ယောက်လည်း ပါလာသေးသည်။

"ဟဲ့ ဖြူလေး... လာလေ။ ထမင်းစားပြီးပြီလား။"

ဖြူစင်က လှမ်းမေးလိုက်သည်။

"စားပြီးပြီ မမ။ သမီးတို့ အလည်လာတာ။ "

"ဟင် ... ထူးထူးဆန်းဆန်း "

"ဟဲဟဲ ... ဟဲ့ လာလေ "

ဖြူစင့် ညီမလေးက သူမနောက်မှ ကောင်မလေးကို လက်ဆွဲကာ ရှေ့သို့ ခေါ်လာလျှင် ရှင်ငြိမ်း ထိုကောင်မလေးကို မြင်လိုက်သည်နှင့် ထမင်းနယ်နေသော လက်တို့ ရပ်တန့်သွားရ၏။ ဆံပင်ဂုတ်ဝဲလေးနှင့်... မျက်နှာဝိုင်းဝိုင်းလေး။ ဒါ ဟိုတစ်နေ့က လှေကားထိပ်မှာ သန့်ဇင်လင်းကို ချောကလက် သွားပေးပြီး အငြင်းခံလိုက်ရသော ကောင်မလေးပင်။

"ညီမလေး... လာ ထိုင်လေ။"

ချိုသဲဖြူက ဘေးမှ ခုံလွတ်ကို ပုတ်ပြလိုက်လျှင် ထိုကောင်မလေးက ခပ်ပြုံးပြုံးလေး လုပ်ကာ ဝင်ထိုင်လိုက်၏။

"ဟဲ့ ... နင်တို့မှန်မှန်ပြော ငါ့ဆီလာလည်တာမဟုတ်ဘူးမလား။ "

ဖြူစင့်က မျက်လုံးလေးမှေးကျဉ်းကာ သူ့ညီမကို ကြည့်ပြီးမေးလျှင် သူ့ညီမက သွားလေးစိကာ ရယ်ပြရင်း ...

"ဟီးဟီး ... မမကို လိမ်လို့မရဘူးပဲ။ "

"အမယ်... နင်က ငါ့ညီမပါ ... ဘာလာလုပ်တာလဲပြော။ "

"ဒီမှာ ... ဆုဝေလေ။

သူ့ကြိုက်နေတဲ့ အကိုကြီးကို လာချောင်းတာ။ "

"ဟယ် ... ဘယ်သူလဲ။

ငါတို့အခန်းထဲကလား။ "

"မဟုတ်ဘူး။

ကိုးတန်းက ကိုသန့်ဇင်လင်းလေ ... သိလား။ "

ဖြူလေး စကားကြောင့် ဖြူစင် မျက်လုံးပြူးသွားပြီး ရှင်ငြိမ်းကို ဆတ်ခနဲ လှမ်းကြည့်လိုက်သည်။

ချိုသဲဖြူဆိုလျှင် ပါးစပ်ကြီး အဟောင်းသား ဖြစ်သွား၏။

ရှင်ငြိမ်းကတော့ ရင်ထဲဆစ်ခနဲ ဖြစ်သွားရကာ ဘာမှ ဝင်မပြောဘဲ မျက်လွှာကိုသာ ချထားလိုက်မိသည်။

သူမသိပြီးသားပဲဟာ။

ကောင်လေးလုဘက်အဖြစ်လည်း သဘောမထားမိပါ။

သန့်ဇင်လင်းသာ ထိုကောင်မလေးကို သဘောကျသွားမယ်ဆိုလျှင်လည်း ရှင်ငြိမ်း ကျေနပ်မိမှာပါပဲ။

"ဟယ်... တိုက်ဆိုင်လိုက်တာ။"

ချိုသဲဖြူက တခစ်ခစ် ရယ်ရင်း ရှင်ငြိမ်းဘက်သို့ မျက်စပစ်ပြလိုက်သည်။

"ချိုသဲ... နင်နော် ဘာမှလျှောက်မပြောနဲ့။"

ရှင်ငြိမ်း အလန့်တကြား တားလိုက်သော်လည်း မမီတော့ပေ။

"ဘာလို့ မပြောရမှာလဲ...ညီမလေး ... ညီမလေး သဘောကျနေတဲ့ အဲ့ဒီ သန့်ဇင်လင်းကိုလေ... ရှင်ငြိမ်းကလည်း ကြိုက်နေတာ သိလား။"

"အို..."

ဆုဝေ မျက်လုံးဝိုင်းလေးများ ပြူးကျယ်သွားကာ ရှင်ငြိမ်း မျက်နှာလေးကို အံ့သြတကြီး မော့ကြည့်လာ လေသည်။ ရှင်ငြိမ်း မျက်နှာတစ်ခုလုံး ပူထူသွားပြီး နားရွက်ဖျားလေးများအထိ ရဲတွတ်သွားတော့ကာ ရှက်လွန်းလို့ ခေါင်းပင် မဖော်ရဲတော့။

"တ... တကယ်လား အစ်မ။ အစ်မက ကိုသန့်ဇင်လင်းကို ကြိုက်နေတာလားဟင်။"

ဆုဝေက မယုံနိုင်သလို လေသံလေးဖြင့် မေးလာလျှင် ရှင်ငြိမ်း ဘာပြန်ပြောရမှန်းမသိဘဲ နှုတ်ခမ်းကိုသာ ကိုက်ထားမိရာ ဖြူစင်က ဝင်ပြောလိုက်၏။

"ဟုတ်တယ် ... ရှင်ငြိမ်းလည်း သန့်ဇင်လည်းရောဂါကျွမ်းနေပြီပဲ။ "

"ဟဲ့ ..."

"အစ်မက ကိုသန့်ဇင်လင်းကို ဖွင့်ပြောပြီးပြီလားဟင်။ "

ဆုဝေက မေးလျှင် ရှင်ငြိမ်း ခေါင်းလေး ခပ်ဖွဖွယမ်းပြလိုက်သည်။

"ဟင့်အင်း "

"ဒီကောင်မ‌က စစ်မရောက်ခင်မြှားကုန်နေတာလေ။

ဘယ်တော့မှ ဖွင့်ပြောမှာမဟုတ်ဘူး။ "

မိုးပွင့်ဖြူက ထမင်းပလုပ်ပလောင်းစားနေရင်း ဝင်ပြောလာ၏။

"ဆုဝေကတော့ ဖွင့်ပြောပြီးသွားပြီ။ "

"ဟယ် ... ဟုတ်လား။

သွက်ချက် အခြေအနေဘယ်လိုလဲ။ "

"အငြင်းခံလိုက်ရတယ်လေ။ "

ဖြူစင့်ညီမက ဝင်ဖြေလိုက်ကာ အကုန်လုံး ပါးစပ်ကလေးတွေ ခပ်ဟဟဖြစ်ကုန်ကြ၏။

ရှင်ငြိမ်းကတော့ ဟိုတစ်နေ့ကတည်းက မြင်ပြီးသားမို့

သနားနေမိသည်။

ဆုဝေက ရှင်ငြိမ်းကို သေချာ စိုက်ကြည့်နေပြီးနောက်ရုတ်တရက် မျက်ရည်တွေ ကျလာကာ ...

"အစ်မ... အစ်မလည်း သူ့ကို ကြိုက်တာဆိုတော့ သမီး ခံစားချက်ကို နားလည်တယ်မလားဟင်။ "

ငိုရှိုက်ရင်း ပြောနေသော ဆုဝေကို ကြည့်ပြီး ရှင်ငြိမ်း စိတ်မကောင်းဖြစ်သွားရကာ သန့်ဇင်လင်းရဲ့ မျက်နှာကို ပြန်မြင်ယောင်လာမိတော့ သူမ ရင်ထဲမှာလည်း မွန်းကြပ်လာရ၏။ ရှင်ငြိမ်း ခုံမှထကာ ဆုဝေဘေးတွင် ဝင်ထိုင်လိုက်ပြီး ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

"မငိုပါနဲ့ ... အစ်မ နားလည်ပါတယ်။ အဲ့နေ့က အစ်မလည်း မြင်လိုက်တယ်။"

"ဟင်... အစ်မ မြင်လိုက်တယ် ဟုတ်လား။"

ဆုဝေက မျက်ရည်စက်လက်ဖြင့် မော့ကြည့်လာ၏။

"အင်း... အစ်မ လှေကားပေါ်ကနေ အကုန်မြင်လိုက်တယ်။ အစ်မလည်း ညီမလေး နေရာမှာဆို ဘယ်လောက် ရှက်ပြီး ဝမ်းနည်းသွားရမလဲဆိုတာ တွေးမိပြီး စိတ်မကောင်းဖြစ်နေတာ။"

"ဒါပေမယ့် သမီး သူ့ကို move on လို့မရဘူး။"

ဆုဝေက နှာခေါင်းလေး ရှုံ့ကာ ငိုသံပါကြီးဖြင့် ပြောပြန်သည်။

"ကိုသန့်ဇင်လင်းပြုံးလိုက်ရင် သမီးတအားသဘောကျတယ်။ "

ထိုစကားကြောင့် ရှင်ငြိမ်း ပြုံးမိသွားကာ ရင်ထဲ အလိုလို သိမ့်ခနဲ ဖြစ်သွားရသည်။ ဟုတ်ပါတယ် .... ထိုအပြုံးလေးကို သူမ ကိုယ်တိုင်လည်း ဘယ်လောက်တောင် မြတ်နိုးရသလဲ။ ရှင်ငြိမ်း ဆုဝေ မျက်ရည်များကို လက်မလေးဖြင့် သုတ်ပေးလိုက်ပြီး ...

"အစ်မ သိပါတယ်။

မငိုနဲ့တော့နော်။ "

"ဟုတ် ... အစ်မလည်း သူ့ကို မချစ်ပဲ နေလို့မရဘူးမလားဟင်။"

ဆုဝေ အမေးကြောင့် ရှင်ငြိမ်း ဆွံ့အသွားရသည်။ သူမ ဘာပြန်ဖြေရမလဲ။ နှလုံးသားက ခံစားနေရတဲ့ အချစ်တစ်ခုကို ရပ်တန့်ပစ်လိုက်ဖို့ ဆိုတာ ခလုတ်ပိတ်လိုက်သလို အလွယ်တကူ လုပ်လို့ရတဲ့ အရာမှ မဟုတ်တာ။

ရှင်ငြိမ်း သက်ပြင်းကိုသာ ခပ်ဖွဖွ ချလိုက်ပြီး...

"အစ်မကတော့... ဒီအတိုင်း တိတ်တိတ်လေးပဲ သဘောကျတယ်။ ဖွင့်ပြောဖို့ ဆိုတာတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။"

ဆုဝေ ရှင်ငြိမ်းလက်လေးကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ...

" အွန်း ...

အစ်မသာ ကိုသန့်ဇင်လင်းရဲ့ ကောင်မလေး ဖြစ်လာရင် သမီး ကျေနပ်တယ်သိလား။ အစ်မလည်း သူ့ကို လက်မလျော့လိုက်နဲ့နော်။ သမီး အစ်မကို အားပေးတယ်။"

ဆုဝေရဲ့ စကားလေးကြောင့် ရှင်ငြိမ်း ရယ်ချင်သွားသလို ရင်ထဲမှာလည်း နွေးထွေးသွားရသည်။

အငြင်းခံရပြီး နာကျင်နေတဲ့ ကောင်မလေးက သူမကို ပြန်ပြီး အားပေးနေသေးသည်။

"အမယ်လေး ... တော်တော် အဆင်ပြေနေကြတာ။

ငါတို့ပါ ဖယ်ပေးရမလား မသိဘူး။"

ချိုသဲဖြူက ဝင်နောက်လိုက်တာကြောင့် အားလုံး ဝိုင်းရယ်လိုက်ကြ၏။

အပိုင်း (၁၄) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၂) နောက်အခန်း - အပိုင်း (၁၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ