Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၅)

ကျောင်း အနောက်ဘက်ရှိ စာကြည့်တိုက်အဟောင်းဆောင်ဘေးက သစ်ပင်ရိပ်အောက်တွင် သန့်ဇင်လင်းတို့ ကိုးတန်းအဖွဲ့ စုံညီစွာ ရောက်နေကြသည်။

နံပါတ်ငါး အချိန်က Chemistry (ဓာတု) အချိန်ဖြစ်ပြီး ဆရာမက စာမေးမယ် ပြောထားတာကြောင့် သူတို့တစ်ဖွဲ့လုံး အတန်းပြေးကာ ဒီနေရာမှာ လာအောင်းနေကြခြင်းပင်။

သူတို့ ပုံစံတွေက ကျောင်းသားနဲ့တောင် သိပ်မတူတော့။ အဖြူအစိမ်း ဝတ်ထားကြပေမယ့် အဖြူက ဖုန်တွေနဲ့ ချွေးတွေရောပြီး အညိုရောင် ပြောက်းချင်နေပြီဖြစ်၏။

အင်္ကျီကြယ်သီးတွေကလည်း စေ့အာင် မတတ်ထားပဲ လူမိုက်လိုလို ဘာလိုလိုနဲ့ လုပ်ထားသေးသည်။

နောက်ပြီး လက်ညှိုးကြားမှာလည်း မီးခိုးငွေ့တလူလူနဲ့ စီးကရက်ကိုယ်စီနှင့်။

တေယ်တော်ကို ရုပ်ပေါက်လွန်းလှကာ ... တစ်ယောက်ယောက်သာမြက်လျှင် ဘယ်လိုကျောင်းသားတွေလဲဆိုပြီး နှာခေါင်းရှုံ့ကြမှာ အမှန်ပင်။

"ဟေ့ကောင် လင်းခ... မင်း မီးခြစ်ရော။"

ဘုန်းမင်းခန့် သူ့အိတ်ကပ်ထဲက စီးကရက် နောက်တစ်လိပ်ကို ထုတ်ကာ ပါးစပ်မှာ ကိုက်ရင်း လှမ်းမေးလိုက်သည်။

"ရော့..."

လင်းခ သူ့ဘောင်းဘီအိတ်ကပ်ထဲက မီးခြစ်ကို ထုတ်ပြီး လှမ်းပစ်ပေးလိုက်ရာ ဘုန်းမင်းခန့်က ဖမ်းယူလိုက်ပြီး စီးကရက်ကို မီးညှိလိုက်သည်။

"ဒီနေ့ ညနေ ကျောင်းဆင်းရင် ဘီယာသွားသောက်ရအောက် ... ငါ့အဖေဆီက မုန့်ဖိုးရထားတယ်။"

ဘုန်းမင်းခန့် စီးကရက်ကို ဖွာရင်း ပြောလိုက်လျှင် ကျန်တဲ့ကောင်တွေကလည်း သိပ်မသောက်ချင်ကြရှာဘူးထင်သည်။

တက်ကြွနေတဲ့ ကြက်ဖကြီးတွေလို မျက်နှာကြီးဖြီးပြီး ခေါင်းတဆတ်ဆတ်ညိတ်ကြလေသည်။

"ဘီယာငတ်နေတာနဲ့ ကွက်တိပဲ သားရီးရာ

ဒါနဲ့ မင်းစော်နဲ့ ချိန်းထားတာ မဟုတ်ဘူးလား။"

သန့်ဇင်လင်း ဆေးလိပ်ထိပ်က မီးခိုးပြာတွေကို လက်ချောင်းလေးနဲ့ ခပ်ဖွဖွ ခေါက်ချရင်း မေးလိုက်သည်။

"အာ... ငါ လမ်းခွဲလိုက်ပြီ။"

"ဟ ... ဘာလို့လဲကွ။ "

" နားငြီးလွန်းလို့ ... တတွတ်တွတ်နဲ့ အမြဲတမ်း ပူညံပူညံ လုပ်နေတာ... စိတ်ရှုပ်လာတာနဲ့ ဖြတ်လိုက်တော့တာ။ "

ဘုန်းမင်းခန့် ဘာမှမဖြစ်သလို ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်ယ

ရည်းစားနဲ့ ဖြတ်ဖို့ဆိုတာ သူ့အတွက်တော့ ထမင်းစားရေသောက်သလို လွယ်ကူတဲ့ ကိစ္စတစ်ခုသာ ဖြစ်နေ၏။

ထိုအချိန် ဆယ်တန်းfresher ကျောင်းသားအုပ်စု တစ်စု လျှောက်လာကြကာ သူတို့ကို မြင်တော့ ခြေလှမ်းတွေ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်ကာ ကြည့်လာကြလေသည်။

"ဟေ့ကောင်တွေ... မင်းတို့က အတန်းမတက်ဘဲ ဒီမှာ ဘာလာလုပ်နေကြတာလဲ။"

"မင်း စောက်ပူပါလား။ "

"ဘာကွ ... မင်းတို့ ဆေးလိပ်တွေ သောက်နေတာ ဆရာမနဲ့ သွားတိုင်လိုက်ရမလား။ "

"မင်း စောက်ကြောင်း "

"မင်း ... မင်းတို့တွေ့မယ်။ "

ရမလားဆိုပြီး ဆရာကြီးအထာဝင်ဖမ်းကြည့်ပေမယ့်

မရတာကြောင့် သူတို့ဟာသူတို့ ရှက်ရမ်းရမ်းပြီး ထွက်သွားတော့သည်။

ထိုအခါ အဲ့ကောင်တွေကြားအောင် သူတို့အဖွဲ့ကလည်း အနောက်ကနေ ဟားတိုက်ရယ်ပေးလိုက်၏။

ဇ ဖြင့် မရှိပဲ လာဖြဲချင်ကြသေးတာ။

သွေးမရှိတဲ့ စောက်ခြောက်တွေကများ။

_________________

"ဟေ့... ကောင်မလေး... ဘာတွေ တွေးပြီး ပြုံးနေတာလဲ။"

ဘေးခုံမှ ဖြူစင်က ရှင်ငြိမ်း လက်မောင်းကို ခပ်ဖွဖွလေး လာတို့ရင်း မထိတထိ လှမ်းစလျှင် ရှင်ငြိမ်း လန့်သွားပြီး မျက်လုံးလေး ပြူးကာ ဖြူစင်ဘက်ကို လှည့်ကြည့်လိုက်မိသည်။

"ဘာ... ဘာကို ပြုံးရမှာလဲ။ ငါ စာလုပ်နေတာပါ"

ရှင်ငြိမ်း ကပြာကယာ ငြင်းလိုက်ပေမယ့် နောက်ခုံမှာ ထိုင်နေတဲ့ ချိုသဲဖြူနဲ့ မိုးပွင့်ဖြူတို့ကလည်း ရှင်ငြိမ်းကို ပြုံးစိစိနှင့် ဝိုင်းကြည့်ကြလေသည်။

"အမယ်... စာလုပ်နေတာပါတဲ့။ စာအုပ်ကိုလည်း သေချာ ကြည့်ပါဦး အစ်မရယ်... ပြောင်းပြန်ကြီး ဖြစ်နေတာကို။"

မိုးပွင့်ဖြူက ရှင်ငြိမ်း ရှေ့ချထားသော စာအုပ်ကို မျက်စပစ်ပြရင်း ပြောလိုက်တော့မှ ရှင်ငြိမ်း ငုံ့ကြည့်လိုက်မိသည်။ တကယ်ပင် စာအုပ်က ပြောင်းပြန်ကြီး ဖြစ်နေသည်မို့ ရှင်ငြိမ်း မျက်နှာလေး ပူထူသွားပြီး စာအုပ်ကို အမြန်ပြန်တည့်လိုက်ရသည်။ ဟိုသုံးယောက်ကတော့ တဟားဟားနဲ့ အော်ရယ်နေကြတော့သည်။

"နင်တို့ကလည်းဟာ... တော်ပါတော့။ မစပါနဲ့တော့ဆို... သူများတွေ ကြားကုန်လိမ့်မယ်။"

ရှင်ငြိမ်း အသံတိုးတိုးလေးဖြင့် အံကြိတ်ကာ ပြောလိုက်၏။

ထိုစဉ် အခန်းပေါက်ဝဆီမှ ဆူဆူညံညံ အသံများနှင့်အတူ ကျောင်းသားတစ်စု ဝင်လာကြကာ ရှင်ငြိမ်း ရင်ဘတ်ထဲက အကောင်လေးက အလိုလို ဒုန်းစိုင်း ခုန်ပေါက်သွားရသည်။ မကြည့်ရဲပေမယ့်လည်း မျက်လုံးထောင့်စွန်းမှနေ၍ အလိုလို ရောက်သွားသော အကြည့်တွေက ရှေ့ဆုံးမှ လည်ပင်းကို လက်တစ်ဖက်ဖြင့် ပွတ်ကာ ဝင်လာသော သန့်ဇင်လင်းထံသို့ တည့်တည့်မတ်မတ်။

ခဏသာ ကြည့်ပြီး ခေါင်းကို အမြန်ပြန်ငုံ့ကာ စာအုပ်ထဲသို့သာ မျက်နှာအပ်ထားလိုက်သည်။ သို့သော် ဖြူစင်တို့ကတော့ ရှင်ငြိမ်းကို ပြုံးစေ့စေ့နှင့် ဝိုင်းကြည့်နေကြ၏။

"အဟမ်း... အဟမ်း... ရှင်ငြိမ်းရေ ရှင်ငြိမ်း "

ဖြူစင်က ပါးစပ်ကသာ ရှင်ငြိမ်းလို့ ခေါ်နေပေမယ့် မျက်လုံးကတော့ သန့်ဇင်လင်းဆီကိုသာ ရောက်နေတာကြောင့် ရှင်ငြိမ်းမှာ ပြာပြာသလဲ ဖြစ်သွားရပြီး ဖြူစင့် ပေါင်ကို အောက်မှနေ၍ ခပ်နာနာလေး လှမ်းလိမ်ဆွဲလိုက်ရသည်။

"အား... အမေ့။"

ဖြူစင် ယောင်ပြီး အော်လိုက်မိရာ အခန်းထဲက လူတချို့က သူမတို့ဘက်ကို လှည့်ကြည့်လာကြကာ ထိုအထဲတွင် သန့်ဇင်လင်း အကြည့်များလည်း ပါလာလေသည်။

ရှင်ငြိမ်း လန့်ဖြန့်သွားပြီး မျက်လွှာကို အောက်ချကာ စာအုပ်ကိုသာ စိုက်ကြည့်နေဟန် အမြန်ဖမ်းလိုက်ပြီး

ရင်တွေ တဒိတ်ဒိတ်ခုန်လာကာ လက်ဖဝါးလေးများထဲတွင်လည်း ချွေးစေးများပင် ပြန်လာ၏။

သန့်ဇင်လင်း အကြည့်ပြန်လွှဲသွားမှသာ ရှင်ငြိမ်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဘေးမှ သူငယ်ချင်းများကို မျက်စောင်းခပ်ရဲရဲလေး ထိုးလိုက်ကာ ...

"နင်တို့နော်... လွန်လာပြီ။ တကယ် သူ ကြားသွားရင် ဘယ်လိုလုပ်မလဲ..."

ရှင်ငြိမ်း မျက်ရည်ပင် ဝဲချင်လာသလို ဖြစ်လာရသည်။

"နင်ကလည်း ကြားသွားရင်လည်း ပိုတောင် ကောင်းသေးတယ်။ သူလည်း သိသွားတာပေါ့... ဟုတ်တယ်မလား ဖြူစင် "

ချိုသဲဖြူ ရှင်ငြိမ်း ပခုံးလေးကို ဖက်ကာ ချော့သလို စသလိုဖြင့် ဆက်ပြောနေသေးသည်။

" တော်တော့ဟာ... ရှင်ငြိမ်းလေး သနားပါတယ်။ ကဲပါ... ငါတို့ မစတော့ဘူးနော်။ "

"..."

ရှင်ငြိမ်း ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်သည်။

_________________

"ရှင်ငြိမ်း... လာပြီလား။"

အတန်းထဲ ရောက်သည်နှင့် ဖြူစင်က လက်ယပ်ခေါ်‌လေသည်။

"အွန်း"

ရှင်ငြိမ်း လွယ်အိတ်ချကာ နေရာတွင် ဝင်ထိုင်လိုက်စဉ် အခန်းပေါက်ဝမှ ရယ်သံခပ်ကျယ်ကျယ်နှင့်အတူ သန့်ဇင်လင်းတို့အဖွဲ့ ဝင်လာကြပြန်သည်။ သို့သော် သူတို့ပုံစံက ရန်ဖြစ်လာကြပုံရကာ တစ်ဖွဲ့လုံး ဒဏ်ရာတွေနှင့်ဖြစ်တာကြောင့် ရှင်ငြိမ်း ထိတ်ခနဲဖြစ်သွားရ၏။

"ဟဲ့... ဟိုမှာ ကြည့်ဦး ... ရန်ဖြစ်လာကြပြန်ပြီ ထင်တယ်"

ချိုသဲဖြူက ရှင်ငြိမ်းဘက်သို့ တိုးတိုးလေး ကပ်ပြောလိုက်လျှင် ရှင်ငြိမ်း သက်ပြင်းခပ်ဖွဖွလေး ချလိုက်မိ၏။

သန့်ဇင်လင်းတို့အဖွဲ့က ယောကျ်ားလေးအတန်းဘက်တွင် စုရုံးလိုက်ကြကာ ...

"ညက လိုကယ်ကွင်းမှာ ဘောလုံးကန်ရင်း ဟိုဘက်ကကောင်တွေက ငါ့ကို တမင် လာကန်တာကွ။ အဲ့ဒါနဲ့ သန့်ဇင်လင်းက ဝင်ဆွဲရင်း ပွဲက ပျက်သွားတာ"

ဘုန်းမင်းခန့် အံကြိတ်ရင်း မကျေမနပ်ပြောနေပြီး သန့်ဇင်လင်းကတော့ ဘာမှဝင်မပြောဘဲ ဘေးက ရေဘူးကို ယူကာ မော့သောက်လိုက်သည်။ ထို့နောက် သူ့လက်ဖမိုးက ဒဏ်ရာကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မျက်နှာလွှဲလိုက်၏။

"ဆရာမ လာပြီကွ..."

ရှေ့ဆုံးခုံမှ ကျောင်းသားတစ်ယောက် အသံကြောင့် သန့်ဇင်လင်းတို့အဖွဲ့ လူစုခွဲကာ သူတို့အတန်းဆီ ပြန်ပြေးကြရတော့သည်။

အပိုင်း (၆) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄) နောက်အခန်း - အပိုင်း (၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ