Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၆)

"ရတီ..."

လင်းခ ရတီ့ ရှေ့တည့်တည့်ရှိ ခုံလွတ်တွင် ဝင်ထိုင်လိုက်ပြီး သူမဘက်သို့ ကိုယ်ကို လှည့်ကာ ကျောမှီကို လက်တင်လိုက်၏။

"..."

ရတီက ဘာမှပြန်မထူး မမြင်ချင်ယောင်ဆောင်ကာ ပြတင်းပေါက်ဘက်သို့ မျက်နှာလွှဲပစ်လိုက်လေသည်။

"ဟင်း ..."

လင်းခ သက်ပြင်းခပ်ဖွဖွလေး ချလိုက်မိ၏။

သူမ စိတ်ကောက်နေပြီဆိုတာကို သူ သိလိုက်ပြီဖြစ်သည်။ မနေ့ညက ဘောလုံးကွင်းမှာ ပြဿနာတက်ပြီး ရန်ဖြစ်ခဲ့တာကြောင့် သူ ဖုန်းဆက်ဖို့ မေ့သွားခဲ့သည်ကိုး။

"ငါ့ကို စိတ်ဆိုးနေတာလား ..."

လင်းခ ပြောရင်းနှင့် စာေရးခုံပေါ်တွင် တင်ထားသော သူမ လက်ဖဝါးလေးကို လှမ်းကိုင်ရန် ပြင်လိုက်လျှင် ရတီက ဖြတ်ခနဲ လက်ကို နောက်ဆုတ်လိုက်ပြီး လင်းခကို စူးစူးရဲရဲလေး လှမ်းကြည့်လိုက်လေသည်။

"မထိနဲ့..."

"ဘာလို့လဲကွာ... ငါတောင်းပန်ပါတယ်... မနေ့ညက..."

"မနေ့ညက ဘာဖြစ်လဲ ... ရန်ဖြစ်နေတာမလား။

ဖုန်းဆက်တော့ရော ဘာလို့ မကိုင်တာလဲ။ နင့်သူငယ်ချင်းတွေကိုပဲ အမြဲတမ်း အရေးပေးနေတာ နင့်မှာ ရည်းစားရှိတယ်ဆိုတာရော သတိရသေးရဲ့လား။"

" တောင်းပန်ပါတယ်ကွာ... ဘုန်းမင်းခန့်ကို ဟိုကောင်တွေက အုပ်စုလိုက် ဝိုင်းရိုက်မလို့ လုပ်နေတာ... ငါက ဘယ်လိုလုပ် ရပ်ကြည့်နေလို့ ရမှာလဲ။ သူငယ်ချင်းတွေပဲဟာကို..."

"အမြဲတမ်း အဲ့လိုချည်းပဲ။ သူငယ်ချင်း သူငယ်ချင်းနဲ့... နင်တို့အဖွဲ့က ပြဿနာရှာဖို့လောက်ပဲ သိတာ။ ကိုယ့်ကိုယ်ကိုလည်း ကြည့်ဦး... ဒဏ်ရာတွေချည်းပဲ။ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

ငါ ဘယ်လောက် စိတ်ပူနေရလဲ နင် သိရဲ့လား။ "

ရတီက ပြောရင်းဆိုရင်း ရှိုက်သံပါ ထွက်လာတော့ လင်းခ ပြာယာခတ်သွားရသည်။ သူမ ငိုနေတာ မြင်တော့ ရင်ထဲ ဆစ်ခနဲ နာကျင်သွားရ၏။

ဘယ်လောက်ပဲ ဆိုးတယ်ပြောပြော သူမ ငိုမှာတော့ သေလောက်အောင်ကြောက်ပါသည်။

လင်းခ ဘာမှထပ်မပြောတော့ပဲ သူမ လက်တစ်ဖက်ကို အတင်းဆွဲယူကာ ဆုပ်ကိုင်ထားလိုက်၏။

ရတီက ရုန်းသော်လည်း သူ အတင်း ဆုပ်ကိုင်ထားပြီး သူမ လက်ဖမိုးလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။

"ငါ မှားသွားပါတယ်။ နင် စိတ်ပူရအောင် လုပ်မိတဲ့အတွက် ငါ တောင်းပန်ပါတယ် နော်... တိတ်တော့။

မငိုနဲ့တော့နော်။ နင်ငိုနေတာ ကြည့်ပြီး ငါ့ရင်ထဲမှာ ဘယ်လိုဖြစ်နေလဲ နင်မှ မသိတာ။"

ရတီက နှာခေါင်းလေးကို ရှုံ့ကာ ရှိုက်လိုက်ပြီး လင်းခကို မျက်စောင်းတစ်ချက် ထိုးပစ်လိုက်သည်။

ဘယ်သူကရော ငိုချင်နေလို့လဲ။

ဘယ်သူက ငိုအောင်လုပ်တာလဲ။

"ပေး... နင့်လက်။"

ရတီ မျက်ရည်တွေကို လက်ခုံနှင့် ပွတ်သုတ်ရင်း ခပ်ဆတ်ဆတ်လေး ပြောလိုက်လျှင် လင်းခ ဘာမှမမေးတော့ပဲ သူ့လက်ကို စာရေးခုံပေါ်သို့ တင်ပေးလိုက်သည်။

"..."

ရတီ လွယ်အိတ်ထဲမှ ပလာစတာကို ထုတ်ကာ ခွာလိုက်ပြီး လင်းခ လက်ဖမိုးပေါ်မှ ဒဏ်ရာပေါ်သို့ အသာအယာ ကပ်ပေးလိုက်လေသည်။

လူဆိုးကောင်ကို ရည်းစားတော်ထားရတော့လည်း

ပလာစတာကို အမြဲဆောင်ထားရ၏။

ပြောလိုက်ရင်တော့ နောက်မလုပ်တော့ပါဘူး ... မလုပ်တော့ပါဘူးနဲ့ ... နောက်ပြီးရင် ပထွေးတွေကိုပဲ ဂရုစိုက်တာ။

"အ ..."

သူမ လက်ချောင်းလေးတွေက ဒဏ်ရာကို ထိမိချိန်တွင် လင်းခ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရသော်လည်း ရင်ထဲတွင်တော့ ဖော်ပြမတတ်အောင် နွေးထွေးသွားရသည်။ သူမက ဒေါသထွက်နေရင်တောင် သူ့ကို ဂရုစိုက်ဖို့တော့ ဘယ်တော့မှ မမေ့တတ်ပေ။

"နောက်တစ်ခါ ရန်ထပ်ဖြစ်လာရင် နင်နဲ့ငါ တကယ်ပြတ်ပြီသာ မှတ်။"

"အင်းပါ... မဖြစ်တော့ပါဘူး ကတိပေးတယ်နော်။

စိတ်‌မကောက်နဲ့တော့နော်။ "

လင်းခ ပြုံးစိစိဖြင့် ပြောလိုက်ရာ ရတီ သူ့လက်မောင်းကို ခပ်နာနာလေး လှမ်းလိမ်ဆွဲပစ်လိုက်သည်။

"အား... နာတယ်ကွ။"

လင်းခ အော်လိုက်သော်လည်း သူ့မျက်နှာပေါ်တွင်တော့ ကျေနပ်နေသော အပြုံးတစ်ခုက အထင်းသား နေရာယူထားကာ ရတီလည်း မဲ့ရွဲ့ပြရင်း တစ်ချက် ပြုံးလိုက်မိသွားရသည်။

" ဟိုမှာ ဆရာမ လာတော့မှာ။ နင့်နေရာ နင် ပြန်သွားထိုင်တော့... ပြီးရင် စာအုပ်ထုတ်ထား။ ပြဿနာပဲ လိုက်မရှာနေနဲ့။"

ရတီ နာရီကိုလှမ်းကြည့်ကာ လင်းခကို မောင်းထုတ်လိုက်တော့သည်။ လင်းခကတော့ မထချင်ထချင်ဖြင့် မတ်တပ်ရပ်လိုက်ပြီး...

"ညနေ ကျောင်းဆင်းရင် အတူတူပြန်မယ်နော်။"

ခပ်တိုးတိုးလေး လှမ်းပြောပြီးမှ သူ့နေရာသူ အမြန်ပြန်ပြေးသွားတော့ရာ ရတီကတော့ ခေါင်းလေးခါကာ ပြုံးနေမိတော့သည်။

____________________

"အစ်မတို့ အစ်ကိုတို့ရေ... ခဏလောက် အာရုံစိုက်ပေးကြပါဦးရှင့်။"

အခန်းပေါက်ဝမှ ထွက်ပေါ်လာသော မိန်းကလေးတစ်ယောက်၏ အသံစူးစူးလေးကြောင့် ရှင်ငြိမ်းရော တစ်ခန်းလုံးပါ လှည့်ကြည့်လိုက်ကြသည်။ အခန်းပေါက်ဝတွင် ရပ်နေကြသည်က ကိုးတန်းမှ ကျောင်းသား ကျောင်းသူ တစ်အုပ်ဖြစ်ကာ

ထိုအုပ်စု၏ အနောက်ဘက် အစွန်ဆုံးတွင်တော့ နံရံကို ကျောမှီကာ လက်ပိုက်ရပ်နေသော သန့်ဇင်လင်းနှင့် လင်းခတို့ကို မြင်လိုက်ရလေသည်။

ရှင်ငြိမ်းရင်ဘတ်ထဲမှ အကောင်လေးက အသိပေးခြင်းမရှိဘဲ ရုတ်တရက် ခုန်ပေါက်လာပြန်သည်။

" မြန်မာစာ ဆရာမ ဒေါ်စန်းစန်းဝင်းက နယ်ဘက်ကို ကျောင်းပြောင်းတော့မှာမို့လို့ အဲ့တာ ဆရာမကို ကန်တော့ဖို့ အစ်ကိုတို့ အစ်မတို့ စေတနာရှိသလောက် ပါဝင်လှူဒါန်းပေးလို့ ရပါတယ်ရှင့်။"

ရှေ့ဆုံးမှ ကောင်မလေးက ရှင်းပြပြီးသည်နှင့် သူတို့အဖွဲ့က အတန်းထဲရှိ ခုံတန်းများကြားသို့ ဝင်ကာ အလှူငွေ လိုက်ကောက်ကြတော့သည်။

"ရှင်ငြိမ်း... နင့်မှာ အကြွေပါလား။"

ဖြူစင်က သူမ လွယ်အိတ်ကို ဖွင့်ကြည့်ရင်း လှမ်းမေးလျှင် ...

"ငါ့ဆီမှာ ငါးရာတန်လေးတွေ ရှိတယ် ဖြူစင်... ရော့။"

ချိုသဲဖြူက ဝင်ပေးလေသည်။

ရှင်ငြိမ်းကတော့ ဘာမှမပြောဘဲ လွယ်အိတ်ထဲမှ ပိုက်ဆံကို နှိုက်ယူလိုက်ပြီး အလှူခံစာအုပ် ကိုင်ထားသော ကိုးတန်းကောင်မလေး တစ်ယောက်က ရှင်ငြိမ်းတို့ ခုံရှေ့သို့ ရောက်လာလျှင် ငါးထောင်တန် တစ်ရွက်ကို လှမ်းပေးလိုက်သည်။

"အစ်မတို့... စေတနာရှိသလောက် ထည့်လို့ရပါတယ်နော်။"

"ပြန်အမ်းရဦးမလား အမ"

"ရပြီ"

ရှင်ငြိမ်း အသံတိုးတိုးလေးဖြင့် ပြန်ဖြေလိုက်ပြီး

လပတ် စာမေးပွဲ ဖြေဖို့ သိပ်မလိုတော့တာကြောင့် စာအုပ်ပေါ်သို့သာ အာရုံပြန်ပို့ထားလိုက်တော့သည်။

________________

"ဟေး... စာတွေ အရမ်းလုပ်နေကြတာလား။"

အသံနှင့်အတူ ဟိန်းမင်းသူ အခန်းထဲရောက်လာကာ

ဖြူစင့် ခုံရှေ့ ဝင်ရပ်လေသည်။

"ဖြူစင်... ဘာတွေလုပ်နေတာလဲ။ "

"ဟဲ့ ... စာလုပ်နေတာ နင်မြင်ရဲ့သားနဲ့ ဘာတွေလာမေးနေတာလဲ... သွား လာမရှုပ်နဲ့... "

ဖြူစင် ဟိန်းမင်းသူအား မျက်စောင်းထိုးရင်း ပြန်ဖြေလိုက်သည်။

ရုပ်ကိုက စပ်ဖြီးဖြီးနဲ့ အမြင်ကိုကပ်တယ်။

ထိုအချိန် ချိုသဲဖြူနဲ့ မိုးပွင့်ဖြူက ဟိန်းမင်းသူကို လှမ်းကြည့်ကာ တစ်ယောက်နဲ့ တစ်ယောက် မျက်စပစ်လိုက်ကြပြီး ...

"ဟဲ့... ဟိန်းမင်းသူ။ နင် ရောက်လာတုန်းလေး ငါတို့ နင့်ကို မေးစရာတစ်ခု ရှိလို့။ "

ချိုသဲဖြူက လှမ်းပြောလိုက်၏။

ထိုအခါ ဟိန်းမင်းသူက သူမတို့ဘက် လှည့်ကြည့်လာကာ ...

"မေးလေ... ဘာသိချင်လို့လဲ။ "

"ဟို ... တခြားတော့ မဟုတ်ပါဘူး။ သန့်ဇင်လင်းအကြောင်း သိချင်လို့။"

မိုးပွင့်ဖြူက ဝင်ပြောလိုက်ရာ ရှင်ငြိမ်း စာရေးနေသော လက်ချောင်းလေးများ ရုတ်တရက် ရပ်တန့်သွားရသည်။

"ဟင် ...သန့်ဇင်လင်း... မေးလေ အဲ့ကောင်အကြောင်

ဘာသိချင်တာလဲ။"

"သန့်ဇင်လင်းမှာ... ရည်းစား ရှိလားလို့။"

ထိုစကားတွင် ရှင်ငြိမ်း တစ်ကိုယ်လုံး တောင့်တင်းသွားရကာ ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေမိသည်။

"အခုတော့မရှိပါဘူး။ "

"ဟင် ... အခုတော့မရှိဘူး။

ဘာကြီးလဲ နင့်အဖြေကြီးကလည်း။ "

"ဪ ... အရင်ကတော့ ရှိတယ်လို့။

အခုတော့ ပြတ်သွားပြီ။ "

"ဟင် ... ဟုတ်လား။

ဘာလို့လဲ။ "

"ဘယ်သူနဲ့လဲ။ "

မိုးပွင့်ဖြူရော ချိုသဲဖြူပါ ပြိုင်တူ မေးလိုက်ကြလျှင် ...

"ဖြေးဖြေးမေးကြပါ ... ဘာလို့ ပြတ်သွားတာလဲတော့မသိဘူး။

သူ့ရည်းစားက ကျွန်တော်တို့အခန်းထဲကပဲလေ

မှူးပြည့်ပြည့်ပိုင်။ "

"ဪ ... ဟို သွားတက်လေးနဲ့ တစ်ယောက် "

"အွန်း ... သူက အခု ဘဲအသစ်တောင် ရနေပြီ။ "

"ဟယ် ... ဟုတ်လား။ "

"အွန်း ... ဘာသိချင်သေးလဲ။

ဒါနဲ့ ဘာလို့မေးတာလဲ။

မဟုတ်မှ သန့်ဇင်လင်းကို အစ်မတို့ထဲက တစ်ယောက်ယောက် ကြိုက်နေတာမလား။ "

ဟိန်းမင်းသူက မိုးပွင့်ဖြူနှင့် ချိုသဲဖြူအား တစ်လှည့်စီ လက်ညှိုးထိုးကာ မေးလျှင် ခေါင်းကို ပြိုင်တူ ခါလိုက်ကြကာ ...

"အာ ... ငါတို့မဟုတ်ပါဘူး။ "

"အဲ့ဒါဆို ဘယ်သူလဲ။ "

"နောက်မှ ပြောပြမယ်။ "

"ကျွန်တော့်ဖြူစင်လေးတော့ မဟုတ်ပါဘူးနော်။ "

"အမယ်လေး မဟုတ်ပါဘူးဟယ်။ "

ဟိန်းမင်းသူက စိုးရိမ်တကြီးမေးလျှင် ချိုသဲဖြူတို့နှစ်ယောက်က နှုတ်ခမ်းမဲ့ကာ ဖြေလိုက်ကြပြီး ဖြူစင်ကတော့ သူ့ကို မျက်စောင်းလှမ်းထိုးလေသည်။

"ဖြူစင် မဟုတ်ရင်ပြီးတာပဲ။

သွားတော့မယ်နော် ဖြူစင် "

သူ့ကို အရေးမလုပ်ပေမယ့် အမိအရ နှုတ်ဆက်သွားသေး၏။

ဟိန်းမင်းသူ ထွက်သွားသည်နှင့် ချိုသဲဖြူနှင့် မိုးပွင့်ဖြူတို့က ရှင်ငြိမ်း ခုံဘေးသို့ ချက်ချင်း ရောက်လာကြကာ ...

"ကဲ... မမရှင်ငြိမ်း ... ကြားတယ်မလား ခုနက။

အခုရည်းစားမရှိဘူးတဲ့။ "

"နင်တို့ကလည်းဟာ... ငါက ဘာလုပ်ရမှာလဲ။ မစပါနဲ့တော့ဆို... "

"အေးပါ ... လုပ်နေ လုပ်နေ။

‌တော်ကြာ လက်နှေးလို့ ခွက်ဆေးနေရမယ်နော်။ "

"ဘယ်လိုပဲနေနေ ... ငါကတော့ ဖွင့်မပြောချင်ပါဘူး။

တကယ်လို့ ဖွင့်ပြောပြီးမှ အငြင်းသာခံလိုက်ရရင် ငါတော့ ရှက်လို့သေမှာပဲ။ "

"အေးပါ "

အပိုင်း (၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅) နောက်အခန်း - အပိုင်း (၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ