Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၄)

အားလပ်ချိန်ဖြစ်တာကြောင့် ဖြူစင်နဲ့မိုးပွင့်ဖြူက အခန်းထဲမှာ မုန့်စားရင်းစကားပြောနေကြပြီး ကျန်တဲ့လေးယောက်က မုန့်သွားဝယ်ကြ၏။

ရှင်ငြိမ်းကတော့ physic မေးခွန်းဟောင်းတွေ တွက်ကြည့်နေရင်း ဘောပင်က မှင်စိမ့်ကာ ပေပွကုန်တာကြောင့် တစ်ရှူးဖြင့် သုတ်နေရသည်။

ခုံတွေကို တစ်ရှူးနဲ့ သေချာသုတ်ပြီးတော့ လက်တွေက တော်တော်ပေပွနေပြီဖြစ်တာကြောင့် လက်သွားဆေးရတော့မည်ဖြစ်၏။

"ဖြူစင်... ငါ အောက်ဆင်းပြီး လက်သွားဆေးလိုက်ဦးမယ်။ မှင်တွေ ပေသွားလို့"

"အေး အေး... မြန်မြန်ပြန်လာခဲ့နော်။ နောက်ချိန်က အင်္ဂလိပ်စာ ဆရာမ"

"အွန်း "

ရှင်ငြိမ်း ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

လှေကားအတိုင်း ဆင်းလာပြီး လက်ဆေးကန်နား ရောက်ခါနီးတွင် အနံ့တစ်မျိုးကြောင့် ရှင်ငြိမ်း ခြေလှမ်းများ ရပ်တန့်သွားရသည်။ ဆေးလိပ်နံ့... ရှင်ငြိမ်း မျက်မှောင်လေး ကုတ်သွားရ၏။

ကျောင်းထဲမှာ ဆေးလိပ်သောက်တဲ့သူတွေ ရှိနေတာလား။

ရှင်ငြိမ်း ဆက်သွားရမလား၊း ပြန်လှည့်ရမလား လုပ်နေစဉ်မှာပင် အုတ်တံတိုင်း ထောင့်ချိုးအကွယ်မှ စကားပြောသံ ခပ်တိုးတိုးကို ကြားလိုက်ရလေသည်။

"ဟေ့ကောင်...ပေးဦးကွ... ငါ ဖွာဦးမယ်"

အသံကြားလိုက်တာနှင့် ရှင်ငြိမ်း ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။ သူမ ရင်းနှီးနေသည့် အသံ။

ရှင်ငြိမ်း ခြေသံကို အတတ်နိုင်ဆုံး တိတ်အောင်လျှောက်ရင်း အကွယ်မှနေ၍ ခေါင်းလေး အသာပြူကြည့်လိုက်လျှင် ထင်တဲ့အတိုင်းပင်။

လက်ဆေးကန်နှင့် မလှမ်းမကမ်း အုတ်တံတိုင်းကို ကျောမှီကာ ရပ်နေသူမှာ ဟိုကောင်လေးတို့အဖွဲ့ ဖြစ်နေသည်။

ထိုစဉ် စီးကရက်ကို ရှိုက်ဖွာနေသော ဟိုကောင်လေးက ဒီဘက်အလှည့် ရှင်ငြိမ်းနှင့် တည့်တည့်ကြီး ဆုံသွားတော့သည်။

ရှင်ငြိမ်း မျက်လုံးဝိုင်းဝိုင်းလေးများ ပြူးကျယ်သွားရကာ တစ်ကိုယ်လုံး တောင့်တင်းသွားရ၏။

သွားပြီ...

ပြန်လှည့်ပြေးရန် ပြင်လိုက်သော်လည်း ခြေထောက်တွေက မြေကြီးနှင့် ကပ်နေသလို လှုပ်မရဖြစ်နေတော့သည်။

ဘာလို့လဲ ... အမြန် အမြန်သွား‌လေ။

ကိုယ့်ကိုယ်ကို အားမရစွာ စိတ်ထဲမှ ပြောနေမိရင်း လူကလည်း ငိုချင်နေပြီဖြစ်၏။

ဘာလို့ဆို ဟိုကောင်လေး ရှင်ငြိမ်း ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လာနေကာ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ရှင်ငြိမ်း ရင်ထဲက အကောင်လေးမှာ အပြင်သို့ ခုန်ထွက်တော့မတတ် တဒိုင်းဒိုင်း မြည်လာရသည်။ ဘာလို့ ... ဘာလို့ လာနေတာလဲ။

"ဘာကြည့်နေတာလဲ ... ဆရာမနဲ့ တိုင်မလို့လား။ "

ထွက်ပေါ်လာသော သူ့အသံကြောင့် ရှင်ငြိမ်း ဆတ်ခနဲ တုန်သွားရကာ ခေါင်းကို တသွင်သွင်ခါရမ်းလိုက်မိသည်။

"ဟင့်အင်း... လက်... လက်လာဆေးတာ"

ရှင်ငြိမ်း အထစ်ထစ်အငေါ့ငေါ့နှင့် ဖြေလိုက်ရင်း လက်ဆေးကန်ဆီသို့ မရဲတရဲ လျှောက်သွားလျှင် သန့်ဇင်လင်း ရေဘုံဘိုင်မှ ထွက်နေသော ရေကို လက်ဖြင့်ခံကာ ပါးစပ်ကို ပလုတ်ကျင်းလိုက်ပြီး

ဖယ်ပေးလိုက်၏။

"ဆေးလေ"

သူက ဘေးသို့ အနည်းငယ် ရွှေ့ပေးလိုက်သော်လည်း ထွက်မသွားဘဲ သူမကို လက်ပိုက်ကာ ရပ်ကြည့်နေတာ‌ေကြာင့် ရေမဆေးခင်ကတည်းက ရှင်ငြိမ်း လက်လေးတွေက တဆက်ဆက် တုန်နေပြီဖြစ်သည်။

ကပျာကယာပင် ရေဘုံဘိုင် အောက်သို့ လက်ကို ထိုးထည့်ကာ မှင်တွေကို ပွတ်ဆေးလိုက်လျှင် ရေစက်အချို့က သူမ၏ ကျောင်းအင်္ကျီ အဖြူပေါ်သို့ စင်သွားလေသည်။

"ဖြည်းဖြည်း လုပ်ပါ... ဘယ်သူက လိုက်ဖမ်းနေလို့လဲ"

သူ့ဆီမှ ရယ်ကျဲကျဲ အသံလေး ထွက်လာတာကြောင့် ရှင်ငြိမ်း မကြည့်ရဲဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်မိသည်။

"ဆရာမနဲ့ မတိုင်မှာ သေချာလား။ "

"မ... မတိုင်ပါဘူး။"

ရှင်ငြိမ်း နှုတ်ခမ်းကို ဖိကိုက်ရင်း အမြန်ဖြေလိုက်ပြီး ရေပိတ်ကာ အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။

"အိုကေလေ "

သန့်ဇင်လင်း ကျေနပ်သွားသလို ပြုံးလိုက်ပြီး ခေါင်းတစ်ချက် ဆတ်ပြကာ ဟိုကောင်တွေဘက်သို့ ထွက်သွားပြီး ရှင်ငြိမ်းကတော့ သူထွက်သွားသည်နှင့် အမြန်ပြေးထွက်လာခဲ့လိုက်တော့သည်။

____________

"ဟိုလေ... ဖြူစင်..."

"အွန်း "

"ငါမေးစရာလေးရှိလို့ "

"အေး ... မေးလေ။ "

ရှင်ငြိမ်း အစပျိုးလိုက်ပြီဖြစ်ပေမယ့် တကယ့်တကယ်ကျပြန်တော့လည်း ဘယ်က စမေးရမှန်းမသိတော့ပါ။

"ရှင်ငြိမ်း ... ဟဲ့ ရှင်ငြိမ်း "

"ဟင် ... ဟင် "

"မေးလေ ... ဘာမေးမလို့လဲလို့ "

"ဟင် ... အင်း ဟိုဟာ ဟိုလေ... ၉တန်းက ကောင်လေးတွေလေ... ဘာလို့ ငါတို့အခန်းက ယောင်္ကျားလေးတွေနဲ့ အဲ့လောက် ရင်းနှီးနေကြတာလဲဟင်။ အတန်းလည်း မတူဘူးလေ။ ပြီးတော့ နေ့တိုင်းလိုလို လာနေကြတာနော်..."

ရှင်ငြိမ်း မသိမသာလေး အစပျိုးကာ မေးလိုက်၏။ ကိုယ့်အသံ ကိုယ်တောင် ပြန်ထိန်းနေရပြီး မျက်လုံးတွေက ဟိုကြည့်ဒီကြည့်နဲ့ ဂနာမငြိမ်ဖြစ်နေမိသည်။

ရှင်ငြိမ်း အမေးကို ချိုသဲဖြူက ဝင်ဖြေလေသည်။

"ဪ... အဲ့ဒါလား ... သူတို့က အပြင်မှာလည်း အတူတူ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူတွေလေ။ဆိုး‌ဖျောဆိုးဖကျ‌တှေ‌ပေါ့။"

"ဟို သူတို့နာမည်တွေသိလားဟင်။ "

"အွန်း ... သိတယ်လေ။

နင်သိချင်လို့လား။ "

"အင်း ... ဟို ..."

"လာ ... ငါပြမယ် "

ချိုသဲဖြူက ပြောပြောဆိုဆိုပင် ‌ရှင်ငြိမ်းကို လက်ဆွဲက အခန်းထဲကနေထွက်ပြီး အခန်းရှေ့မှ ဝရံတာဆီခေါ်သွားလေသည်။

"ဟိုမှာကြည့် ..."

ရှင်ငြိမ်း ကြောင်အနေမိတုန်း ချိုသဲဖြူက လက်ညှိုးထိုးပြတာကြောင့် လှမ်းကြည့်လိုက်လျှင် ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေတဲ့ ဟိုကောင်လေးတို့အဖွဲ့အား တွေ့လိုက်ရ၏။

နေပူကျဲကြီးထဲမှာ မပူဘူးလားလည်းမသိ။

ရှင်ငြိမ်းတို့ အခန်းထဲ ယောင်္ကျားလေးတွေလည်း ထိုဘောလုံးကွင်းထဲမှာ ရှိလေသည်။

"အဲ့မှာ ဘယ်သူ့နာမည်သိချင်တာလဲ။ "

"ဟင် ..."

"အဟွန်း ... ဘယ်တစ်ယောက်လဲ ဘုန်းမင်းခန့်လား။ "

"ဟင် ..."

သူတို့အဖွဲ့ထဲတွင် ဘုန်းမင်းခန့်က စော်အကြည်ဆုံးမို့

ချိုသဲဖြူ ပြုံးစစနှင့် မေးလိုက်၏။

"နင်ကလည်း တဟင်ဟင်နဲ့ ဘာဖြစ်နေတာလဲ။

ကဲ ဒီမှာကြည့် ငါပြောပြမယ် ... ဟိုမှာ ဘောလုံးအင်္ကျီနဲ့တစ်ယောက်က ဟိန်းမင်းသူ၊ ပုဆိုးခါး‌တောင်းကျိုက်ထားတဲ့သူက လင်းခ သူ့မှာတော့ ရည်းစားရှိတယ် သူတို့အခန်းထဲကပဲ ရတီတဲ့။ "

"ဪ ..."

ရှင်ငြိမ်းနှင့် မဆိုင်တာမို့ ခေါင်းသာညိတ်ပြလိုက်၏။

ဟိုကောင်လေးမှာရော ရည်းစားရှိနေမလား။

အနည်းငယ် စိုးထိတ်မှုလေးနှင့်အတူ ရင်တွေပါ အခုန်မြန်လာရကာ ချိုသဲဖြူ အမြန် သူ့အကြောင်း ပြောဖို့ မျှော်နေမိလေသည်။

"ဟိုမှာ ဝဝနဲ့တစ်ယောက်ကတော့ အာနိုး အဲ့ကောင်ကတော့ အစားကလွဲရင် ဘာမှမသိဘူး... ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရင်တောင် သူကတော့ အစားရှိတဲ့ဘက်ကို ရွေးမှာ၊

ဟိုးဂိုးစောင့်နေတဲ့ ပဲများများနဲ့ကောင်ကတော့

ဘုန်းမင်းခန့်တဲ့ သူကတော့ငပွေး ... စော်ကြည်သလို သူမတွဲဖူးတဲ့ ကောင်မလေးလည်း မရှိသလောက်ရှားပဲ ... ကျောင်းမှာရော အပြင်မှာပါ မှိုလိုပေါက်နေတာပဲ။ "

"..."

" နောက်ထပ် ဘယ်သူကျန်သေးလဲ။

ဪ ... သန့်ဇင်လင်း သူကကျ သူများတွေကို

တအားစတာ ... သူလည်း ဘုန်းမင်းခန့်လောက် စော်မကြည်ပေမယ့် သူ့ကို ကြိုက်တဲ့ကောင်မလေးတွေကလည်း ဆိုဒ်စုံပဲ။

ဒါပေမယ့် သူကတော့ ဘုန်းမင်းခန့်လို တွဲတဲ့သတင်းတွေတော့ မကြားမိဘူး။

ခိုးပြီးတွဲနေလို့လားတော့မသိဘူး။ "

"အွန်း ..."

သန့်ဇင်လင်း ... ရှင်ငြိမ်း စိတ်ထဲကနေ ရေရွတ်လိုက်မိသလို နှုတ်ခမ်းထောင့်စွန်းလေးကလည်း တွန့်ကွေးကာ ပြုံးလိုက်မိ၏။

"ကဲ ပြောပါဦး တို့ရှင်ငြိမ်းက ဘယ်သူ့ကိုစိတ်ဝင်စားပြီး ဘယ်သူ့အကြောင်းသိချင်လို့လဲ။

ဒီက မမက အကုန်ပြောပြမယ်။ "

ထိုအချိန် အခန်းထဲမှာ ကျန်ခဲ့ တခြားမိန်းကလေးတွေကလည်း ထွက်လာကာ သူမတိူ့အနားရောက်လာပြီး ...

"ဟဲ့ ... ဘာတွေ ပြောနေကြတာလဲ။

ငါတို့ကိုလည်း ပြောပြဦး။ "

"အဟွန်း ... ဒီမှာလေ ရှင်ငြိမ်း ဟိုဘက်အခန်းက

ငဆိုးအဖွဲ့ထဲက တစ်ယောက်ယောက်ကို crush နေတယ်။ "

"ဟယ် ... တကယ်လား ဘယ်သူလဲ ဘယ်သူလဲ။ "

"အို ... မဟုတ် မဟုတ်ပါဘူး။

ငါက ဒီအတိုင်း မေးကြည့်တာပါ။ "

"ဟဲဟဲ ... လိမ်လည်း မလိမ်တတ်ပဲ မလိမ်ပါနဲ့ ကောင်မလေးရယ်။

ဟဲ့ ... ပါးတွေတောင် ရဲတွတ်နေပြီ။

ကောင်မလေးတစ်ယောင်တော့ ရှက်နေပြီ ရှက်နေပြီ။ "

"နင်တို့နော် ... မဟုတ်ပါဘူးဆို။ "

အကုန်လုံးက ဝိုင်းစနေကြလျှင် ရှင်ငြိမ်းမှာ ငိုချင်စိတ်ပင် ပေါက်လာရသည်။

ဘာလို့ လျှာရှည်ပြီး သွားမေးမိရတာလဲ မသိပါဘူး။

"ဘုန်းမင်းခန့်လား ... "

ဖြူစင်က ပြောလျှင် အကုန်လုံးက ရှင်ငြိမ်းမျက်နှာကို ဝိုင်းကြည့်လာကြလေသည်။

"သန့်ဇင်လင်းလား။ "

ချိုသဲဖြူက ပြောလိုက်ခြင်းပင်။

"ဟဲ့ ... မျက်နှာကြီး ပိုရဲလာပြီ။

သန့်ဇင်လင်း ဟုတ်တယ်ထင်တယ်။

ရှင်ငြိမ်း... နင် သန့်ဇင်လင်းကို စိတ်ဝင်စားနေတာလား။"

"ဟင် ... မဟုတ် မဟုတ်ပါဘူးဆို "

"ဟဲ့ ... ဘာမှမဖြစ်ပါဘူးဟယ်။ ငါတို့က သူငယ်ချင်းအချင်းချင်းတွေပဲ... အဲ့တာကြောင့် အဲ့ကောင်တွေ အခန်းထဲလာရင် အိန္ဒြေရှင်မလေး ပြာယာခတ်သွားတာကို "

ချိုသဲဖြူက ရယ်ကျဲကျဲနဲ့ ဖော်ကောင်လုပ်တော့သည်။

"ဟုတ်တယ်... ဟုတ်တယ်... ငါလည်း သတိထားမိတယ်။ ဟိုတစ်နေ့က ဆရာမ ဒေါ်လှလှဝင်း အချိန်တုန်းက သန့်ဇင်လင်းတို့ အောက်ဆင်းသွားတော့ နင် ငေးကြည့်ပြီး ကျန်ခဲ့တာ ငါ မြင်လိုက်တယ်နော်။"

ဖြူစင်ကပါ ထပ်ပြီး ထောက်ခံလိုက်တော့ ရှင်ငြိမ်းမှာ ရှက်လွန်းလို့ ဘယ်မှာ ဝင်ပုန်းရမှန်းမသိ ဖြစ်သွားရသည်။ ပါးပြင်နှစ်ဖက်ကတော့ ပူထူနေပြီဖြစ်၏။

"နင်တို့ကလည်းဟာ... တကယ် မဟုတ်ပါဘူးဆို..."

ရှင်ငြိမ်း အသံလေး တုန်ယင်နေပြီး ရှက်လွန်းလို့ ငိုမဲ့မဲ့ မျက်နှာလေး ဖြစ်လာတော့သည်။

"ကြည့်... ကြည့်... မျက်နှာကြီးလည်း နီရဲနေပြီ။

ရှက်နေတာ အရမ်းသိသာတယ်ဟေ့။ ငါတို့ရဲ့ စာဂျပိုးလေးတော့ လူဆိုးကောင်ရဲ့ ကျော့ကွင်းထဲ ကျသွားပြီထင်ပါရဲ့။"

ဖြူစင်က ရှင်ငြိမ်းရဲ့ ပခုံးလေးကို လာဖက်ကာ အသံရှည်ကြီးဆွဲပြီး စနောက်တော့သည်။

"စိတ်ချပါ ... ငါတို့ရအောင် အောင်သွယ်ပေးမယ်။ "

"အို ... အဲ့လို အဲ့လိုမလုပ်ပါနဲ့။

ရှက်စရာကြီး။ "

ဘယ်လောက်ပဲ သဘောကျတယ်ပြောပြော ကိုယ်က မိန်းကလေးပဲမလား။

"အမယ်လေး ... ၈တန်းနဲ့ ၇တန်းက ကောင်မလေးတွေဆိုရင် သူ့အခန်းထဲထိ လာပြီး ရည်းစားစကား ပြောတာနော်။ "

"ဟုတ်လား ... ငါတော့ အဲ့လိုကြီး မလုပ်ချင်ပါဘူး။

ရှက်တယ်။ "

"နေဦး ... အဲ့ကောင် အခု တွဲနေတဲ့ ရည်းစားရှိလား ငါ ဟိန်းမင်းသူကို မေးပေးမယ် ... ဟိန်းမင်းသူက

ဖြူစင့်ကို ကြိုက်နေတာလေ။ "

"ဟင် ... ဟုတ်လား။ "

"ဟဲ့ ... ဘာကိစ္စ ငါ့နာမည်က ပါလာရပြန်တာလဲ။

လျှောက်လျှောက်မပြောနဲ့ ငါ့မှာ ငါ့ကိုကြီးရှိတယ်။ "

"ဟား ဟား ... နင်ကလည်း မောင်လေးလည်း သနားစရာလေးပါဟယ်။ "

"သနားရင် နင်တွဲလိုက်လေ။ "

"သူက ငါ့ကိုကြိုက်တာမှ မဟုတ်ပဲ နင့်ကိုကြိုက်တာလေ။ "

"တော်တော့ဟာ ... အဲ့ကောင်နဲ့ မစနဲ့ မကြိုက်ဘူး။ "

ဖြူစင်က နှုတ်ခမ်းလေးစူကာ အခန်းထဲ ပြန်ဝင်သွားတော့ ရှင်ငြိမ်းတို့ အကုန်လုံး ရယ်ပြီး ကျန်ခဲ့တော့သည်။

တော်သေးတာပေါ့ ... ဖြူစင်ဘက်လှည့်သွားလို့။

မဟုတ်ရင် ရှင်ငြိမ်း အနေခက်ရ

ဦးမည်။

အပိုင်း (၅) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃) နောက်အခန်း - အပိုင်း (၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ