💛သီဟသက်လင်း + ဖြူရှင်းသန့်💛
ရှင်းသန့် ရုံးက ပြန်လာတော့ ခါတိုင်းလိုပင် လူကြီးအိမ်လေးကို လှမ်းကြည့်လိုက်သည်။
ဒါပေမယ့် အိမ်က အရင်အတိုင်းမဟုတ်ပဲ မနက်တုန်းကလည်း
လူရိပ်တွေ့လိုက်ရပြီး အခုလည်း ပြတင်းပေါက်တံခါးကြီးက ပွင့်နေတာကြောင့် ရှင်းသန့် ကားထဲမှ လှမ်းကြည့်နေရင်း ရင်ခုန်သံတွေ မြန်လာရသည်။
ဖေဖေက ကားကို ရှင်းသန့်တို့ ခြံထဲမှာ ရပ်လိုက်လျှင်
ရှင်းသန့်ကားပေါ်မှ အမြန်ဆင်းကာ တစ်ဖက်ခြံသို့ သွားမည်အလုပ်
ရှင်းသန့်တို့အိမ်ထဲကနေ ထွက်လာတဲ့ လူကြောင့် ရှင်းသန့်မှာ
ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"ဟင် ..."
ရှင်းသန့်နေရာမှာတင်ရပ်ကာ ရှင်းသန့်သိပ်ကို လွမ်းဆွတ်နေရတဲ့
ထိုလူကြီးအား စိုက်ကြည့်နေမိကာ သူကလည်း ရှင်းသန့်ကို ထိုနေရာကနေ လှမ်းကြည့်နေလေသည်။
ရှင်းသန့် ရင်တွေ အခုန်မြန်လာသလို မျက်ရည်တွေလည်းအလိုလိုနေရင်း စီးကျလာတော့သည်။
ဒါက အိပ်မက်လည်းမဟုတ်သလို ပုံရိပ်ယောင်လည်းမဟုတ်ဘူး။
"မောင်သီဟ ပြန်ရောက်နေတာလား။ "
တိတ်ဆိတ်မှုကို ရှင်းသန့်ဖေဖေက ဖြိုခွင်းလိုက်လေသည်။
"ဟုတ်ကဲ့ဗျ "
"ဘယ်တုန်းက ပြန်ရောက်တာလဲ။"
"မနေ့ကမှ ပြန်ရောက်တာပါဗျ။
အဲ့တာ အန်တီ့ကို လာနှုတ်ဆက်ရင်း လက်ဆောင်လေးတွေ
လာပေးတာပါဗျ။ "
"ဪ ... အေးအေး။
အပြီးပြန်လာတော့တာမလား။ "
"မဟုတ်ပါဘူးခင်ဗျ။
အလုပ်ကိစ္စရှိလို့ ခဏပြန်လာတာပါ။ "
"ဟင် ..."
"ဟေ ... ဘာလို့လဲကွ။
မြန်မာပြည်မှာ အခြေမချတော့ဘူးလား။ "
"အဲ့လိုလည်းမဟုတ်ပါဘူး။
ဟိုမှာလည်း အလုပ်ကိစ္စလေးတွေ ရှိသေးလို့ပါဗျ "
"ဪ ... အေးပါကွယ်။
ချက်ချင်းကြီးတော့ မပြန်သေးဘူးမလား။
အားရင် အိမ်လာခဲ့ဦးပေါ့ကွာ။ "
"ဟုတ်ကဲ့ပါဗျ။"
"အေးအေး။
အန်ကယ် အဝတ်အစားသွားလဲဦးမယ်ကွယ်။
ပူအိုက်လာလို့ "
"ဟုတ်ကဲ့။ "
ရှင်းသန့်ဖေဖေက အိမ်ထဲသို့ ဝင်သွားလျှင် သူတို့နှစ်ယောက်တည်း
ကျန်ခဲ့ပြန်သည်။
ရှင်းသန့်က သူ့အား အခုထိမျက်ရည်တွေနှင့်စိုက်ကြည့်နေတုန်းကပင်။
သူမ မျက်ရည်တွေမြင်ရတော့ သူ့ရင်ထဲ ဆစ်ခနဲ နာကျင်သွားရကာ
မျက်ရည်တွေကို ပြေးသုတ်ပေးလိုက်ချင်ပေမယ့် မဆိုင်သူတွေဆိုတာ သတိပြန်ဪသည့်အခါ မကြည့်ရက်စွာ မျက်နှာသာ လွှဲလိုက်သည်။
ယိုင်နဲ့ချင်နေတဲ့ ခြေလှမ်းတွေကို ဟန်မပျက်သတိထား၍
သူမနံဘေးမှ ဖြတ်သန်းလိုက်လျှင် သူရင်းနှီးမြတ်နိုးခဲ့ရတဲ့
ကိုယ်သင်းနံ့လေးအား ရလိုက်သည်။
ထိုအခါ အလိုက်မသိတဲ့ နှလုံးသားမှ ရင်ခုန်သံတွေက
စည်းချက်မညီစွာ ထွက်ပေါ်လာပြန်သည်။
_____________
ရှင်းသန့် သူနဲ့တွေ့ရင် စကားတွေအများကြီးပြောမယ်လို့ အားခဲထားခဲ့ပေမယ့် တကယ်တွေ့လိုက်ရချိန်မှာတော့ ရင်ထဲ စို့နင့်နေကာ ပြောစရာစကားတွေပင် ပျောက်ဆုံးကုန်တော့သည်။
သူကတော့ ရှင်းသန့်ကို မျက်နှာချင်းမဆိုင်ချင်လောက်အောင်ထိ မုန်းတီနေတာထင်ပါရဲ့။
အကြည့်ချင်းဆုံတာတောင် သူက မျက်နှာလွှဲသွားလေသည်။
ရှင်းသန့် အိမ်ထဲမဝင်သေးပဲ ထိုနေရာမှာတင် အကြာကြီးရပ်ကာ ငိုနေမိတာ ဘယ်လောက်ကြာသွားသည်မသိ ... အိမ်ထဲမှ မေမေလှမ်းခေါ်တဲ့ အသံကြားမှ မျက်ရည်တွေကို လက်ခုံနဲ့ ပွတ်သုပ်ကာ အိမ်ထဲဝင်ခဲ့လိုက်သည်။
တစ်ဖက်ခြံရဲ့ ပြတင်းပေါက်အပေါ်ထပ် လိုက်ကာကြားမှ လူတစ်ယောက်ကလည်း သူမခြံထဲဝင်သွားမှ သေးသေးလေးလှပ်ထားတဲ့ လိုက်ကာစလေးအား ပြန်စေ့ပိတ်ကာ သက်ပြင်းချလိုက်လေသည်။
"ဟင်း ... ဘာလို့ အဲ့လောက်တောင် ငိုနေရတာလဲ။"
ဒီလိုငိုဖို့ သူလက်လွှတ်ပေးခဲ့တာမှ မဟုတ်ပဲ။
သူ့ကိုကြည့်နေတဲ့ သူမအကြည့်တွေ သူအဖြေရှာမရဖြစ်နေလေသည်။
_____________
"မေမေ ... ဒီမုန့်တွေက မေမေဝယ်လာတာလား။
ရှင်းသန့် တစ်ခါမှ မစားဖူးပါဘူး။"
မုန့်စင်ပေါ်က မုန့်အသစ်တွေကို ကိုင်ကြည့်ကာ ရှငါးသန့် မေမေ့အား လှမ်းမေးလိုက်သည်။
ရှင်းသန့်က အခုထိ မုန့်မက်တုန်းဆိုတော့ မေမေ ဈေးသွားတိုင်း ရှင်းသန့်အတွက် မုန့်က မပါမဖြစ်ပေ။
"ဝယ်ထားတာမဟုတ်ပါဘူး။
ဟိုနေ့က သားသီဟ ပေးသွားတာ။
ငါတို့ဖို့လို့ ပြောသွားပေမယ့် ငါတို့က ဘယ်တုန်းက
အဲ့လိုပေါက်တတ်ကရမုန့်တွေ စားဖူးလို့လဲအေ။
ပါးစပ်ထဲပေါက်တတ်ကရ အကုန်သွတ်တာ ညဉ်းပဲရှိတာ ညဉ်းဖို့ပဲပေါ့။ညဉ်းဒီလောက်ထိ လုပ်ခဲ့တာတောင် သူ့မှာ မေတ္တာမပျက်ရှာဘူးဟယ်။ဒီကလေးကလည်း သနားစရာပါအေ။
တွယ်တာစရာဆွေမျိုးမရှိတော့တဲ့ကလေးက မိန်းမယူပြန်တော့လည်း မယားဆိုးနဲ့ ညားရှာတယ် ... ဟင်း "
"မေမေကလည်း အခုပြောနေတာ မေမေ့သမီးအရင်းပါနော်။ "
"အေး သမီးအရင်းမို့ ဒီလိုသမီးမွေးခဲ့မိတဲ့ ငါ့ကိုယ်ငါ အံ့ဩနေရတာလေ။"
"ဟင်း ... မေမေကလည်း ဘာမှန်းကိုမသိဘူး။ "
ရှင်းသန့် ပွစိပွစိပြောကာ မုန့်ထုတ်တွေပိုက်လျှက် ခြံထဲထွက်ခဲ့လိုက်တော့သည်။
ဟိုလူကြီးပြန်မရောက်ခင်က ရှင်းသန့်အပေါ် ရာသီဥတု ပြန်သာယာနေတဲ့ မေမေက သူပြန်ရောက်လာတော့ ပြန်အုံ့မှိုင်းသွားတော့သည်။
ဒီကရော မခံစားရတာ ကျနေတာပဲ။
အဲ့လိုပြောပြန်ရင်လည်း အဲ့လိုဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ'ဆိုပြီး စကားတတ်လွန်းတဲ့ မေမေက ပြန်ချေပ ဦးမှာပါ။
ရှင်းသန့် မုန့်တွေစားနေရင်း စာဖတ်သလိုလိုနဲ့ တစ်ဖက်ခြံသို့
လှမ်းချောင်းလိုက်လျှင် ခြံထဲက ပန်းပင်တွေကို ရေလောင်းနေတဲ့ လူကြီးအား လှမ်းမြင်လိုက်ရတာကြောင့် ရင်တွေခုန်သွားရသည်။
ခင်ဗျားမရှိတုန်းက အဲ့ပန်းပင်တွေကို ရှင်းသန့် ပြုစုခဲ့လို့ အဲ့လိုမျိုး လှနေတာလို့ သွားပြောချင်လိုက်တာ။
သူပြန်ရောက်တာနှင့် သူ့အသည်းစွဲ ဇော်ဝင်းထွဋ် သီချင်းသံတွေလည်း ပြန်ကြားလာရပြန်သည်။
🎶အရည်တွေပျော်ကုန်ပြီ ...
ဦးနှောက်အပိုင်းအစတွေ ... နှလုံးသားနေရာတွေ 🎶
ထိုသီချင်းသံတွေ ကြားရပြီး သူရှိနေတယ်ဆိုတဲ့စိတ်နှင့်တင်
ရှင်းသန့် ရင်ထဲ စိုပြေလန်းဆန်းကာ ရင်တွေခုန်တာလည်း
မရပ်တော့ပေ။
တစ်ဆက်တည်းမှာပင် သူဖေဖေ့ကို ပြောသွားတဲ့ "အလုပ်ကိစ္စရှိလို့ ခဏပဲပြန်လာတာပါ" ဆိုတဲ့ စကားကို ပြန်ကြားယောင်မိတော့
ရင်ထဲနွမ်းလျကာ အောင့်မျက်သွားရသည်။
_____________
"ဟဲ့ ... တကယ်ကြီး ပြန်ရောက်နေတာလား။
ဘယ်မှာလဲ ... ဘယ်မှာလဲ။ "
လူကြီးပြန်ရောက်နေပြီဆိုတဲ့အကြောင်းအား ညက ခင်ဇာတို့ကို
ပြောလိုက်မိတာ မနက်ရောက်တော့ မိုးလင်းလင်းချင်း သုံးယောက်သား ရှင်းသန့်တို့အိမ်ကို ရောက်လာကြတော့သည်။
"ဟဲ့ ... ဘယ်လိုဖြစ်နေတာလဲ။
သူ့အိမ်မှာပေါ့ဟ "
ရှင်းသန့်ပြောလိုက်လျှင် သုံးယောင်လုံး တစ်ဖက်ခြံကို
ကျီးကန်းတောင်းမှောက် လိုက်ကြည့်တော့သည်။
"ဟဲ့ ... နင်နဲ့ အခြေအနေရောဘယ်လိုလဲ။
နင်လည်း နောင်တတွေရပြီး။သူ့ကို ချစ်နေမိပြီဆိုတာ မပြောဘူးလား။"
"ဟင့်အင်း ... သူက အလုပ်ကိစ္စနဲ့ ခဏပဲ ပြန်လာတာတဲ့။
ဟိုကို ပြန်သွားမှာတဲ့။ "
"ဟင် ... အဲ့ဒါဆို နင်တို့က ဘယ်လိုဖြစ်ကြမှာလဲ။ "
"စကားရော ပြောပြီးကြပြီလား။ "
"ဟင့်အင်း ... သူက ငါ့ကို မျက်နှာချင်းတောင် အဆိုင်မခံဘူးဟ။ "
"ဟယ် ... အဲ့တာဆို နင့်လူကြီးက နင့်ကို ပြန်ချေနေတာပေါ့။ "
"သူငါ့ကို စိတ်နာနေလို့ နေမှာပေါ့ဟာ။ "
"အဲ့ဒီတော့ နင်ဘယ်လိုလုပ်မှာလဲ။
သူ့ကို ချစ်နေတာတွေ ဖွင့်မပြောတော့ဘူးလား။"
"ငါပြောလည်း သူက ငါ့ကို မုန်းနေတာ။
ဘာထူးမှာမို့လို့လဲ။ "
"နင်ကလည်း မသေချာ မရေရာနဲ့ စစ်မရောက်ခင်
မြှားကုန်မနေစမ်းပါနဲ့ဟယ်။
သူရော နင့်ကို ချစ်နေသေးတာ မဖြစ်နိုင်ဘူးလား။
အခုအချိန်ထိ သူနောက်အိမ်ထောင်မပြုသေးတာပဲ ကြည့်လေ။"
ခင်ဇာ့ စကားကြောင့် ရှင်းသန့် မျက်လုံးတွေ တောက်ပလာလျှင်
အသွင် ဝင်ပြောလာတဲ့ စကားကြောင့် ရှင်းသန့် ပြန်ပြီး ငိုင်ကျသွားတော့သည်။
"ဟိုမှာ ထားခဲ့တာရော မဖြစ်နိုင်ဘူးလား။
မကြားဘူးလား။ဟိုကို ပြန်မှာတဲ့ပါဆို "
အသွင့်စကားကြောင့် မျက်နှာလေးငယ်သွားရှာတဲ့ ရှင်းသန့်အားကြည့်ကာ ခင်ဇာက အသွင့်ကို အော်လေသည်။
"အသွင် နင်အဖြတ်မ မလုပ်နဲ့။"
"ဘာလုပ်လို့လဲ။
ငါက ဖြစ်နိုင်ချေရှိတာကို ပြောပြတာပါ။
သန်သန်မာမာ ရုပ်ရှိရေလျှံ အရွယ်ကောင်းနဲ့ ဘဲကြီးတစ်ယောက်က
နောက်အိမ်ထောင်မပြုဘူးဆိုတာဖြစ်နိုင်လို့လား။"
"အေး ... အဲ့လိုအတွေးကိုလေ နင်နဲ့ နင့်ဦးနဲ့ ကွဲမှတွေးသိလား။ "
" "ဘာ ...ခင်ခင်ဇာ နင်လွန်မလာနဲ့နော်။"
ခင်ခင်ဇာက အမြင်ကတ်ကတ်နှင့် ပြောလိုက်လျှင် အသွင် မျက်မှောင်ကြီးကြုတ်ကာ တော်တော်စိတ်ဆိုးသွားတော့သည်။
"အဲ့တာဆို နင်လည်း သူများကို ပေါက်ကရတွေ မပြောနဲ့လေ။"
"ကဲ ကဲ ... နင်တို့ကလည်း တော်ကြပါတော့ဟယ်။
ဟိုမှာ ရှင်းသန့်ကိုလည်း အားနာကြဉီး။"
မေခိုင်က ငိုင်နေတဲ့ ရှင်းသန့်အား မေးငေါ့ပြကာ
ဝင်ဖြန်ဖြေပေးတော့မှ နှစ်ယောက်သား မျက်စောင်းတခဲခဲနှင့်
ငြိမ်သွားကြတော့သည်။
အပိုင်း (၂၈) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)