💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"သမီးရေ အောက်မှာ သမသူငယ်ချင်းရောက်နေတယ်။ "
"ဟုတ် လာပြီ မေမေ "
ရှင်းသန့် ခေါင်းရေသုတ်ရင်း အောက်ထပ်သို့ဆင်းလာလျှင်
ဧည့်ခန်းမှာ အသွင်နဲ့ သူ့ကောင်လေးရောက်နေကြတာဖြစ်၏။
"အသွင် ... ပျောက်ချက်သားကောင်းနေတယ်နော်။ "
"ပျောက်ချက်သားကောင်းဆို ကြိတ်စီစဉ်နေတာလေးရှိလို့လေ ...
ဟဲ ဟဲ "
အသွင်းက သွားကြီးဖြီးကာပြောလျှင် ရှင်းသန့် နှာခေါင်းရှုံ့ပြလိုက်သည်။
"ရော့ "
ရှင်းသန့်လက်ထဲရောက်လာတဲ့ ရွှေရောင်ဖိတ်စာလေးကြောင့်
ရှင်းသန့် မျက်လုံးအစုံပြူးသွားရသည်။
"အသွင် ... နင်လား "
"အေးပေါ့ဟ "
"ဟယ် ... လျှိုထားတယ် ကြည့်စမ်း "
"ဟဲဟဲ ... နင်တို့ကို စပရိုက်လုပ်ချင်လို့ပါဟာ။ "
"အပျိုကြီး လုပ်မယ့်ဟာမကြီးက ... အခုကျ ဖြီးနေတာပဲ။ "
"အဲ့တာက အချစ်နဲ့ မတွေ့သေးလို့လေ... နော် ဦး "
"အွန်း "
"..."
ရှင်းသန့်အရှေ့မှာ လာရိုပြနေတဲ့ အတွဲ ရှင်းသန့် အမြင်ကတ်ကတ်နှင့် မျက်စောင်းထိုးပစ်လိုက်သည်။
အသွင် လက်ထပ်တော့မယ်ဆိုတာလည်း ရှင်းသန့်မှာ မယုံနိုင်ဖြစ်နေရသည်။
ဘာလို့ဆို ရှင်းသန့်တို့အဖွဲ့ထဲမှာဆို အသွင်က အဘွားကြီးအိုလို ပစိပစပ်သိပ်များတာကြောင့် သူနဲ့တွဲတဲ့ ရည်းစားတွေကလည်း
သူ့ဒဏ်မခံနိုင်လို့ ခဏ ခဏ ပြတ်တာဖြစ်သည်။
အခု ဦးဆိုတဲ့ လူနဲ့ကျမှ ဘာသံမှ မကြားရတော့တာပင်။
အသွင်က သူ့အကျင့်ပြင်လိုက်တာတော့ မဖြစ်နိုင်။
ဟိုလူကပဲ သူ့ဒဏ်ခံတာနေမှာပေါ့။
အသွင်ရဲ့ ရည်းစားသက်တမ်းအကြာဆုံး ၃လ ကျော်သွားတာဖြစ်၏။အခုတော့ လက်ပါ လက်ထပ်တော့မယ်တဲ့။
ယူမယ် တကဲကဲ လုပ်နေတဲ့ ခင်ခင်ဇာကကျ
နှစ်အကြာကြီးတွဲခဲ့တဲ့ သူ့ရဲ့မောင်နှင့် ဟိုတလောကပဲ ပြတ်သွားလေသည်။
အဲ့ဒီတုန်းကလည်း အသွင်က "အဲ့တာ နင် ရှင်းသန့်တို့ လင်မယားကွဲအောင် ဖန်ပေးလို့ ဝဋ်လည်တာ" ဆိုပြီး သွားပြောလို့ နှစ်ယောက်သားရန်ထဖြစ်ကြကာ ၁လလောက်ထိ မခေါ်ကြပေ။
"ဟဲ့ ... ငါ့မင်္ဂလာဆောင်မှာ နင်တို့က အဓိကပဲနော်။ "
"အေးပါ။"
"အဲ့ဒါဆို ငါတို့ပြန်ဦးမယ်ဟာ။
နင့်အိမ်အရင်လာလိုက်တာ ။
ခင်ဇာနဲ့ မေခိုင်တို့ဆီ သွားရဦးမယ်။ "
"အေးအေး "
"ပြန်လိုက်ပါဦးမယ်နော် ... အန်တီ "
"အေးအေး ... သမီးလေး။ "
အသွင်တို့ပြန်သွားတော့ အသွင်ထားခဲ့တဲ့ ဖိတ်စာလေးအား
ကိုင်ကြည့်ကာ ရှင်သန့် ငိုင်သွားမိပြန်သည်။
ရှင်းသန့်တို့ လက်ထပ်တုန်းက ဖိတ်စာတွေရတော့ သူက
ရှင်းသန့်ကို ဝမ်းပမ်းတသာလာပြပေမယ့် ရှင်းသန့်ကတော့ အကုန်လုံးကို သူ့အရှေ့မှာတင် လွှင့်ပစ်ခဲ့သည်။
အဲ့ဒီတုန်းကလည်း သူအပြုံးမပျက်ခဲ့ပါဘူး။
အရင်ကအကြောင်းတွေ ပြန်တွေးမိလေ ရှင်းသန့် ကိုယ့်ကိုယ်ကို
ပိုမုန်းလာမိလေပင်။
____________
"ဟယ်လို "
"ဆရာ ကျွန်တော်ပါ။ "
"အင်း ... ပြော "
ဩဇာညောင်းလှသော သီဟသက်လင်းစကားအဆုံးတွင် တစ်ဖက်မှ
ကပျာကယာနှင့် အထစ်ထစ်အငေါ့ငေါ့ အသံထွက်လာလေသည်။
"ဆရာ ... ဆရာပြန်လာမှဖြစ်မယ်။ "
"ဘာ "
အရင်းမရှိ အဖျားမရှိနဲ့ တစ်ဖက်စကားကြောင့် သီဟသက်လင်း
မျက်ခုံးတွေက သိသိသာသာ တွန့်ကျိုးသွားလေသည်။
"ဟို ... ဟို မန်နေဂျာ ဇော်ကြီးက စာရင်းလိမ်သွားလို့ပါဆရာ။"
"ဘာကွ "
ဟိန်းထွက်လာတဲ့ သီဟသက်လင်းရဲ့ အော်သံကြီးကြောင့်
တစ်ဖက်မှ မိုးသူရ လန့်သွားလေသည်။
"ဘယ်လောက် ပါသွားလဲ။ "
"ရာကြီးပိုင်း ပါသွားတယ် ဆရာ။ "
"တောက် ... အဲ့လောက်ပါသွားရအောင် မင်းက ဘာလုပ်နေလို့လဲ။ "
"ဟို ... ကျွန်တော်လည်း သတိလွတ်သွားတာပါဆရာ။ "
"တောက် ... ေ*ာက်သုံးကိုမကျဘူး။
အဲ့သူတောင်းစားကို ရအောင်ရှာ "
"ဟုတ်ကဲ့ပါဆရာ ... ဆရာရော ပြန်မလာဘူးလား။ "
"ဒီက အလုပ်တွေ လက်စဖြတ်ပြီးရင် လာမယ်။ "
"ဟုတ်ကဲ့ ... ဟုတ်ကဲ့ဆရာ။ "
တစ်ဖက်က ဖုန်းချသွားလျှင် သီဟလက်သီးကြီးဆုပ်ကာ
အံကြီးကြိတ်လိုက်သည်။
ဇော်ကြီးဆိုတာက သူ့ပွဲရုံ စထောင်ကတည်းက အလုပ်သမား။
အဲ့လိုလူက အခုလို လုပ်သွားတော့ သူပိုပြီး ဒေါသဖြစ်သွားရသည်။
နိုင်ငံခြားမှာရော လုပ်ငန်းတွေ တိုးချဲ့ထားတဲ့ သူ့အတွက် မြန်မာငွေ
သိန်းရာ၊ထောင်လောက်ဆိုတာ ဘာမျှ မပြောပလောက်ပေမယ့် ယုံကြည်မှုကို အလွဲသုံးစားလုပ်တာမျိုးကိုတော့ သူလုံးဝမကျေနပ်ပေ။
ဒါမှမဟုတ် ဒါက အကြောင်းပြချက်တစ်ခုသက်သက်ပဲ
ဖြစ်နေမလား။
_____________
"မေမေ ... ရှင်းသန့်တို့ သွားပြီနော်။ "
ရုံးသွားခါနီး ရှင်းသန့်က လှမ်းနှုတ်ဆက်လျှင် မေမေက
ဟင်းချက်နေရင်းကနေ လှမ်းအော်လေသည်။
"အေးအေး ... ကားကောင်းကောင်းမောင်းသွားကြနော်။
လမ်းပိတ်နေလည်း သိပ်မတိုးနဲ့နော် ယောင်္ကျား အန္တရာယ်များမယ်။ "
"အေးပါကွာ။ "
ဒါက ရှင်းသန့်နဲ့ဖေဖေ ရုံးသွားခါနီးတိုင်း မေမေမှာတတ်တာတွေပင်။
မေမေ့ရဲ့ မှားတမ်းတွေ ပြီးပြီဆိုမှ ရှင်းသန့်တို့ကားလေးက
ခြံထဲမှ ထွက်လာခဲ့သည်။
ခြံပြင်သို့ရောက်လျှင် ရှင်းသန့် လုပ်နေကျအလုပ်ဖြစ်တဲ့ တစ်ဖက်ခြံသို့ လှမ်းကြည့်လိုက်လျှင် ဖြတ်ခနဲ မြင်လိုက်ရတဲ့ လူရိပ်ကြောင့်
ရှင်းသန့် ရင်တွေ လှိုက်ခုန်သွားရသည်။
ရှင်းသန့် ရင်ဘတ်လေးအားဖိဆုပ်ကိုင်ကာ အနောက်သို့ ကျန်ခဲ့ပြီဖြစ်တဲ့ ခြံထဲသို့ လည်ပြန် ပြန်ကြည့်လိုက်တော့ ဘယ်သူမျှ မရှိတော့ပေ။
ရှင်းသန့် ပုံရိပ်ယောင်တွေ မြင်နေမိပြန်ပြီပဲ။
ဒါပေမယ့် ကဆုန် ယပေါက်နေတဲ့ ရှင်းသန့်ရင်တွေကတော့ အခုန်မရပ်တော့ပေ။
"ဘာလို့လဲ သမီး။ "
ကားမောင်းနေတဲ့ ဖေဖေက ရှင်းသန့်အားကြည့်ကာ လှမ်းမေးလျှင်
ရှင်းသန့် ခေါင်းလေးခါပြလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ဖေဖေ "
_____________
"ငါ*ိုးမသားတွေ ... *ီးလိုပဲ "
"ဟားဟား ... မင်းကလည်းကွာ။
ငါတို့က မင်းအပုန်းကောင်းနေလို့ ခေါ်ထုတ်ပေးတာပါကွာ။ "
"*ီး ... အလုပ်ပျက်တယ်ကွ။
မနက်ဖြန်ပြန်တော့မယ်။ "
"ဟာ ... အဲ့လိုတော့ မလုပ်ပါနဲ့ကွာ။
ရောက်တုန်းရောက်ခိုက်လေး နေပါဦးကွ။
ဒါနဲ့ မင်းမိန်းမနဲ့ရော တွေ့ပြီးပြီလား။ "
"ငါ့မိန်းမ မဟုတ်တော့ပါဘူးဆိုကွာ။ "
"အေးပါကွာ။
မင်းရဲ့ ဇနီးဟောင်းလေးနဲ့ တွေ့ပြီးပြီလား။ "
"မျက်နှာချင်းဆိုင်ကြီးတော့ မတွေ့ရသေးပါဘူး။
မနက်ကတော့ အိမ်ထဲကနေ အမှတ်မထင် လှမ်းမြင်လိုက်တယ်။ "
"ဘာအမှတ်မထင်လဲ။
ချောင်းရင်ချောင်းတယ်ပေါ့ကွာ။"
ခန့်သူအပြောကလည်း မှန်နေတာကြောင့် သီဟမငြင်းပဲ ငြိမ်နေလိုက်သည်။ တကယ်လည်း သူရောက်ရောက်ချင်း အထုတ်တွေ
မချရသေးခင် သူမတို့ ခြံဘက်ကို လှမ်းကြည့်မိတာပင်။
ဒါပေမယ့် အဲ့အချိန်က သူမကို မတွေ့ရပဲ ညနေမှ ဒန်းပေါ်မှာထိုင်ကာ
စာဖတ်နေတဲ့ ကောင်မလေးအား လှမ်းမြင်လိုက်ရချိန် သူ့မှာ ရင်တွေခုန်လွန်းလို့ ရူးပြီလို့တောင် ထင်ရသည်။
တကယ်ပိုလှလာတာပဲ။
ထဘီတွေဘာတွေနဲ့ လူကြီးပေါက်စလေးတောင် ဖြစ်နေပြီ။
"အယ် အယ် ... ဘာတွေ ပြုံးနေတာလဲ။ "
သူမအကြောင်း တွေးနေမိပြီး ကိုယ့်ကိုယ်ကိုတောင် သတိမထားမိပဲ ပြုံးနေမိတာ ခန့်သူက လှမ်းစတော့မှ သီဟ မျက်နှာကြီးပြန်တည်လိုက်သည်။
"မင်းတို့ လိမ်ခေါ်တာတော့ တကယ်တင်းတယ်နော်။"
သူကတော့ ဒေါသတွေထွက်ကာ အမြန်ပြန်လာခဲ့ပေမယ့်
ဒီရောက်တော့ ခန့်သူတို့က သူပြန်လာအောင် ပေါင်းကြံထားကြတာပါတဲ့။
သူဟောက်လိုက်လျှင် သီဟသူငယ်ချင်း ခန့်သူမျက်နှာကြီးက စပ်ဖြီးဖြီးဖြစ်နေပေမယ့်
မိုးသူရနဲ့ ဇော်ကြီးမှာတော့ မျက်နှာငယ်လေးတွေနှင့် ဖြစ်နေကြသည်။
သူတို့လည်း သီဟသက်လင်းကို ပြန်လာစေချင်လို့ ခန့်သူခိုင်းတဲ့အတိုင်းသာ လိုက်လုပ်ရပေမယ့် သူတို့ဆရာကိုတော့ ကြောက်ကြလေသည်။
"ဟဲ ဟဲ ... စိတ်မဆိုးပါနဲ့ သားကြီးရာ။
မင်းလည်း အခု တွေ့ချင်မြင်ချင်နေတာလေး
မြင်လိုက်ရတယ်မလား။"
ခန့်သူက စပ်ဖြဲဖြဲနှင့်ပြောလျှင် သီဟဘာမှပြန်မပြောပဲ ကားသော့ကောက်ကိုင်ကာ ဇော်ကြီးနဲ့ မိုးသူရကို ကြိမ်းပြီးထွက်သွားလေသည်။
"ဟိုနှစ်ကောင် လစာတစ်ဝက်စီဖြတ်မယ်။ "
"ဟာ ... ဆရာ အဲ့လိုမလုပ်ပါနဲ့ဗျာ။
ကျွန်တော်တို့က ကိုခန့်သူပြောတာ လိုက်လုပ်မိတာပါ "
အပိုင်း (၂၇) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)