Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၂၅ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"Hey, သီဟ "

"ဟိုင်း "

သီဟ သူ့ကိုလှမ်းနှုတ်ဆက်တဲ့ တစ်ဖက်ခြံမှ ဂျော်နီအား ပြန်နှုတ်ဆက်လိုက်လျှင် ဂျော်နီ့ညီမ ကန်ဒီက မျက်စလှမ်းပစ်ပြလေသည်။

သီဟ မသိချင်ယောင်ဆောင်ကာ အိမ်ထဲပြန်ဝင်လာတော့

ကန်ဒီက ခြေဆောင့်လျှက် ကျန်ခဲ့လေ၏။

သူအခုဆို ဒီမှာလည်း လုပ်ငန်းအသစ်တွေတိုးချဲ့ထားပြီဖြစ်ကာ

မြန်မာပြည်မှ ထွက်ခွာခဲ့တာလည်း သုံးနှစ်ကျော်သွားပြီဖြစ်သည်။

မြန်မာပြည်ကို မပြန်ဘူးလားဆို ပြန်ဖို့ကြောက်နေသေးလို့ပါ။

____________

🎶"အရည်တွေပျော်ကုန်ပြီ ဦးနှောက်အပိုင်းအစတွေ ...

နှလုံးသားဒဏ်ရာတွေ 🎶

"ဟင် ..."

‌ရင်းနှီးလွန်းနေတဲ့ သီချင်းသံလေးကြောင့် ရှင်းသန့် အိမ်ထဲမှ

ပြေးထွက်လာကာ တစ်ဖက်ခြံဘက်‌သွားဖို့ပြင်လိုက်လျှင်

ခြံရှေ့ကနေ ဖြတ်မောင်းသွားတဲ့ ထီသည်ကြီးကြောင့် ရှင်းသန့်

ထိုင်ချလိုက်မိသည်။

သီချင်းသံနဲ့အတူ အတွေးထဲ ဝင်ရောက်လာတဲ့ မှတ်ဉာဏ်တွေ ...

"ဟာ ... မဲရှုပ်ညစ်လေး

နိုးတော့တာလား။ဒီနေ့ကျောင်းပိတ်တယ်လေ

ဆက်မအိပ်ဘူးလား။ "

"ဘယ်လိုလုပ် အိပ်လို့ရမလဲ။

ခင်ဗျားအသံဆိုးတွေနဲ့ နှိပ်စက်နေတာကို။

မအိပ်နိုင်အောင် တမင်အနုနည်းနဲ့ နှိပ်စက်နေတာမလား။ "

"ဟာ ... မဟုတ်တာကွာ။

ကိုယ်လည်း ဖွင့်နေကျဆိုတော့ မေ့သွားတာ။

ဆောရီးနော် အခုပိတ်လိုက်ပြီ ... သွားပြန်အိပ်ချည်တော့ သွားသွား "

"ဘာ ... ခင်ဗျား ရွဲ့နေတာလား။

အခုချိန်မှ ဘယ်လိုလုပ်အိပ်လို့ရတော့မှာလဲ။ "

"ဟုတ်သားပဲ။

ဆောရီးပါကွာ။

ကိုယ်နောက်နေ့ မဖွင့်တော့ဘူးနော်။ "

"အင်း ... အဟင့် ဟင့် ဟင့် "

ရှင်းသန့် မျက်နှာကို လက်နှစ်ဖက်နှင့်အုပ်ကာ

ခြံရှေ့မှာတင် ထိုင်ငိုမိပြန်သည်။

ရှင်းသန့် နောင်တ ရပါပြီ။

ရှင်းသန့်ကို ဆိုးခွင့်ပြုပါဦး ... မဟုတ်ဘူး

မဆိုးတော့ဘူးမို့ ပြန်လာပေးပါ။

ဒီတစ်ခါ လူကြီးက ရှင်းသန့်ကို တဖန် ပြန်ဆိုးလှည့်ပါဦး။

ရာသီတွေသာ အလီလီပြောင်းသွားပြီး သူပြန်လာမယ်လို့

မျှော်နေခဲ့ပေမယ့် အခုအချိန်အထိ ‌ပြန်မလာခဲ့ပေ။

ရှင်းသန့်ကို တော်တော်ကြီး စိတ်နာသွားတယ်ထင်ပါရဲ့။

အခုဆို ရှင်းသန့်တောင် ကျောင်းပြီးလို့ ဖေဖေလုပ်တဲ့ရုံးမှာပဲ

အလုပ်ဝင်နေပြီဖြစ်၏။

အရင်လို သူမကြိုက်တဲ့ အတိုအပြတ်တွေလည်းမဝတ်တော့ပဲ

သူသဘောကျမယ့်ပုံစံလေးအတိုင်းလည်း အလိုလို ပြောင်းနေမိပါပြီ။

အချိန်တွေကြာလာတော့ မေမေကလည်း သားသမီးနဲ့မိဘဆိုတော့ ရှင်းသန့်ကို အရင်လိုပဲ ပြန်ဆက်ဆံလာလေသည်။

သူကဆော့ ပြန်မလာပါဘူး။

သူမရှိပေမယ့် သူ့အိမ်လေးကတော့ သန့်ရှင်းနေပါသည်။

ရှင်းသန့်သူ့ကိုလွမ်းတိုင်း အဲ့ဘက်အိမ်ကိုကူးတာလည်း

ချောင်းပေါက်မတတ်ပင်။

အခုလည်း ငိုလို့ဝလျှင် ထိုခြံဘက်သို့ ကူးလာကာ

သစ်ရွက်ခြောက်တွေအား လှဲရင်း ပန်းပင်တွေပါ ရေလောင်းလိုက်သည်။

အခုဆို သူ့ပန်းပင်တွေတောင် ဝေဝေဆာဆာဖြစ်နေပါပြီ။

အကုန်လုံးပြီးသွားလျှင် သူစီးကရက်ထိုင်သောက်နေကျ

ပန်းခြံ‌ေဘးက ဒန်းပေါ်မှာထိုင်ကာ သူဖွင့်နေကျ

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ "အရည်တွေပျော်ကုန်ပြီ"သီချင်းအား

နားကြပ်လေးတပ်ကာ နားထောင်လိုက်သည်။

🎶အရည်တွေ ပျော်ကုန်ပြီ ...

ဦးနှောက်အပိုင်းအစတွေ နှလုံးသားဒဏ်ရာတွေ

ရိုးသားချင်တာတွေ ... ရည်ရွယ်တာတွေနဲ့

အဆုံးထိ အသည်းမှာ စွဲမြဲ ပေးဆပ်ချင်တယ်ကိုယ့်ရဲ့

အသက်ဆက်ထား 🎶

အလွတ်ရနေပြီဖြစ်တဲ့ သီချင်းလေးအား လိုက်ညဉ်းရင်း

ဘယ်ဘက်ပါးပြင်ပေါ်သို့ စီးကျလာတဲ့ မျက်ရည်စတွေကိုလည်း

မသုတ်ဖြစ်တော့။

သူ့အရိပ်အယောင်တွေက ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ်လာပြန်တော့

မျက်ရည်တွေက တာကျိုးသလို စီးကျလာတော့သည်။

ပန်းပင်ရေလောင်းနေတဲ့ ဦးသီဟသက်လင်း

ရှင်းသန့်ကို အမြဲစနောက်ကာ ပြုံးနေတတ်တဲ့ ဦးသီဟသက်လင်း။

စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်နေတတ်တဲ့

ဦးသီဟသက်လင်း။

ရှင်းသန့်စားချင်တာတွေ အကုန်ချက်ကျွေးတဲ့ ဦးသီဟသက်လင်း။

ထို့နောက် ဝမ်းပမ်းတနည်းငိုရှိုက်ကာ ရှင်းသန့်ကို တောင်းပန်နေတဲ့

ဦးသီဟသက်လင်း။

"အင်း ... အင့် အဟင့် "

"ရှင်းသန့်ရေ ... သမီး။

ဟော ... ဒီမှာ လာငိုနေပြန်ပြီလား သမီးရယ်။

လာ ... ထမင်းစားကြစို့။ "

"ဟို ... မေမေတို့ အရင် စားနှင့်လိုက်ပါ ...အင့်

သမီး ဒီမှာ ခဏနေလိုက်ဦးမယ်။ "

"ဟင်း ... အွန်းပါ။

မြန်မြန်တော့ လာခဲ့နော်။

အစာလွန်နေမယ် ... မေမေသမီးကြိုက်တတ်တဲ့

ဆူးပုတ်နဲ့ကြက်ဥကြော်ထားတယ်။ "

"ဟုတ်ကဲ့ "

မေမေထွက်သွားလျှင် ရှင်းသန့် ထိုနေရာမှာ ပြန်ထိုင်လိုက်သည်။

ရှင်းသန့်ကြိုက်တဲ့ ဆူးပုတ်နဲ့ကြက်ဥကြော်တဲ့။

ခင်ဗျားရှင်းသန့်ကို ချက်ကျွေးနေကြလေ။

ပြောရဦးမယ် သိလား ... မေမေ့လက်ရာပဲ တစ်သက်လုံးစားလာတဲ့ရှင်းသန့်က ခင်ဗျားလက်ရာတွေ အကြာကြီးစားပြီးတော့ မေမေ့ဟင်းချက်စွမ်းရည်က လျှော့သွားသလိုပဲ။

ခင်ဗျားချက်ကျွေးတဲ့ ဟင်းတွေလောက်မမြိန်ပါဘူး။

အဲ့ဒီအချိန်တုန်းက ခင်ဗျားထမင်းကျွေးရင် လွှင့်ပစ်ခဲ့မိတာတွေကို

နောင်တရတယ်။

သီဟသက်လင်းရယ် ခင်ဗျားကို အရမ်းလွမ်းတာပဲ။

_____________

"သီဟ ... မင်းမြန်မာပြည် ပြန်မလာတော့ဘူးလား။ "

သီဟသက်လင်း ဖုန်းထဲက သူငယ်ချင်းဖြစ်သူရဲ့ အမေးကြောင့်

သူခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။

"ပြန်လာမှာပေါ့။ "

"ဘယ်တော့လဲ။ "

"တစ်နေ့နေ့ပေါ့ကွာ။ "

"မင်းတစ်နေ့နေ့က အခုထိ မရောက်သေးဘူးလား။"

"အဟင်း ... ဒီမှာ ငါ့လုပ်ငန်းတွေက အရှိန်ရတုန်းမို့ပါကွာ။ ""

"အလကား ... မိန်းမကို လာပုန်းနေတာများ။

ပြန်လာပါတော့ကွ။ ဘာလဲ မဟုတ်မှ နိုင်ငံခြားသူချောချောလေး

တွေ့နေပြီလား။ "

"မဟုတ်ပါဘူးကွာ။"

"ဟား ဟား ... မသိပါဘူး ငါက မင်းနိုင်ငံခြားသူလေးနဲ့ရနေလို့များ

ပြန်မလာတော့တာလားလို့။ "

"မဟုတ်ပါဘူးကွာ။

ဒါနဲ့ ... သူရော အဆင်ပြေရဲ့လား။"

"ဘယ်သူလဲ။"

ဘယ်သူ့ကိုမေးလဲဆိုတာသိပေမယ့် တမင်ညစ်ပြီးပြန်မေးလိုက်သည်။

ထိုအခါ အထစ်ထစ်အငေါ့ငေါ့နဲ့ သီဟသက်လင်းက ဖြေလာ၏။

"ဟို ... သူလေ ရှင်းသန့် "

"ဪ ... သိချင်လို့လား။"

"..."

"သိချင်ရင် ကိုယ့်ဟာကိုယ်လာကြည့်ငါ့ကောင်

မင်းမိန်းမက အခုထိ ကလေးလေးအတိုင်းပဲနော်။

ပိုပြီးလည်းလှလာတယ်ကွ။ "

"အရင်ကတည်းက လှတာပါ။ "

"အေးပါကွာ။

သိပါတယ်။ မပြောလိုက်ချင်ဘူးနော်။

မိန်းမကိုလွမ်းရင်လည်း ပြန်လာခဲ့တော့ ‌ေဟ့ကောင်"

"ငါပြန်လာလည်း ဘာထူးမှာမို့လို့လဲကွာ။ "

"သူလည်း အခုထိ တစ်ကိုယ်တည်းပဲ။ "

"ဟင် ... အခုထိလား။ "

"အင်း "

"ဟို ... ရည်းစားရော မရှိဘူးလား။ "

"နိုး ... မင်းထွက်သွားပြီးကတည်းက မင်းမိန်းမသတင်းနားစွင့်နေတာ ဘာမှမကြားဘူး။

အင်း ... နောက်တော့ အာမ မခံနိုင်ဘူးပေါ့ကွာ။"

"မင်းကလည်း ပါးစပ်ပုတ်ကြီးနဲ့ လျှောက်ပြောပြန်ပြီ။ "

"ဟား ဟား ... ငါဘာမှမပြောရသေးပါဘူးကွာ။

ဖြစ်နေလိုက်တာကွာ။ "

"တော်ပြီကွာ။

ငါမအားဘူး ... ဖုန်းချလိုက်တော့မယ်။ "

"ဟား ... ရှက်ရမ်းရမ်းသွားပြီ။ "

"ဟူး ..."

သီဟဖုန်းချကာ သူမ အကြောင်းကြားတာနဲ့ လှုပ်ခုန်‌နေတဲ့

ရင်ဘတ်ကြီးအားဖိချလိုက်သည်။

ညိုတတအသားအရေက အနီရောင်သို့ပင်ပြောင်းလာတော့၏။

ခန့်‌သူပြောတာ ကလေးမက အခုချိန်ထိ နောက်အိမ်ထောက်လည်းမပြု ရည်းစားမထားသေးဘူးဆိုတော့ သူ့ကြောင့်များလားလို့

တွေးမိပြီးမှ ခေါင်းကို ခါယမ်းလိုက်သည်။

အန်တီတို့က ခွင့်မပြုလို့လားမှ မသိပဲ။

"ဟူး ... မသိတော့ဘူးကွဲ့။ "

အနည်းငယ်ရှည်နေတဲ့ ပွ‌ယောင်းယောင်းဆံပင်တွေကို ထိုးဖွကာ

ရေချိုးခန်းထဲဝင်ပြီး ရေပမ်းအား ဖွင့်ချကာ ရေချိုးရင်း

အတွေတွေက တစ်နေရာတည်းသို့ ...

အပိုင်း (၂၆) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၄ ) နောက်အခန်း - အပိုင်း (၂၆ ) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ