Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၇၃)ဇာတ်သိမ်းပိုင်း

လုံးခင်းဆေးရုံကြီး၏ မွေးခန်းရှေ့တွင် လူတစ်ယောက် ဂနာမငြိမ်ဖြစ်နေသည်။ ထိုသူမှာ အခြားသူမဟုတ် ဆွတ်ရိန်နော်ပင် ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက် ထိုင်ခုံတွင် ထိုင်လိုက် ပြန်ထလိုက်နှင့် မျောက်မီးခဲထိုင်မိသလို ဖြစ်နေ၏။

"အား ... အမေရေ ... နာတယ် ... အကိုရေ ... ကယ်ပါဦး။"

သားဖွားခန်းထဲမှ ထွက်ပေါ်လာသော မှုံနံ့သာရဲ့ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရတိုင်း ဆွတ်ရိန်နော် ခြေဖျားလက်ဖျားများ အေးစက်သွားရသည်။

သူ့ရင်ကို အပ်နှင့်ထိုးသလို နာကျင်လာရပြီး တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားချင်စိတ်ကို မနည်းထိန်းထားရ၏။

"သား ... ဆွတ်ရိန်နော် ငြိမ်ငြိမ်နေစမ်းပါ။

နင် လျှောက်နေတာ ငါ မျက်စိနောက်လာပြီ။"

ခုံတန်းလျားပေါ်တွင် ထိုင်နေသော ဒေါ်ဘောက်နူးက လှမ်းဟန့်လိုက်သည်။ သူမကိုယ်တိုင်လည်း ချောချောခြူခြူမွေးဖို့ ဆုတောင်းနေ၏။

"အမေကလည်းဗျာ ... မှုံ အော်နေတာ မကြားဘူးလား။

သူ ဘယ်လောက်နာနေမလဲ ... ကျွန်တော် ရင်ကွဲတော့မယ်။"

"ကြားပါတယ်ဟဲ့ ... မိန်းမတိုင်း ကလေးမွေးရင် နာတာချည်းပဲ။

နင့်တုန်းကလည်း ငါ ဒီလိုပဲ အော်ခဲ့ရတာ အဲ့ဒါကြောင့် မိဘမေတ္တာကို နားလည်တော့။"

ဒေါ်ဘောက်နူးက ပြောနေသော်လည်း မျက်လုံးများက သားဖွားခန်းတံခါးဝဆီသို့သာ ရောက်နေလေသည်။

သူမ ပါးစပ်မှလည်း "မြေးလေးရော အမေရော ဘေးကင်းပါစေ"

ဟု တိုးတိုးလေး ရေရွတ်နေမိ၏။

"အား ... "

မှုံနံ့သာ့ အော်သံက မချိမဆန့်နှင့် ပိုကျယ်လာလျှင် ဆွတ်ရိန်နော် တံခါးလက်ကိုင်ကို ပြေးဆွဲလိုက်သည်။

"နေပါဦး ယောက်ဖရာ ... ဆရာဝန်တွေ ရှိပါတယ်။

စိတ်အေးအေးထားစမ်းပါ။"

မျိုးမင်းထက်က ဆွတ်ရိန်နော်ကို အတင်းဝင်ဆွဲထားရသည်။

ဆွတ်ဆိုင်းပန်ကလည်း မောင်ဖြစ်သူ၏ ကျောကို ပွတ်ပေးရင်း နှစ်သိမ့်ပေး၏။

ဆွတ်ဆိုင်းပန်ကလည်း ကိုယ်ဝန်နှင့်ဖြစ်နေလေပြီ။

"မွေးတော့မှာပါ ... ရေမြွှာပေါက်ပြီးပြီပဲဟာ။ "

ဆွတ်ဆိုင်းပန်ကပြောနေပေမယ့် ဆွတ်ရိန်နော် နားထဲတွင် ထိုစကားတွေလည်း ဝင်မလာခဲ့။

သူ့နားထဲတွင် မှုံ‌ေလးရဲ့ အော်သံတွေသာ ပဲ့တင်ထပ်နေ၏။

ထိုအချိန်တွင် အော်သံတွေ တိတ်သွားလျှင် ဆွတ်ရိန်နော် အသက်ရှူပင် ရပ်တန့်သွားမတတ်ဖြစ်သွားရသည်။

ဘာဖြစ်သွားတာလဲ ... ဘာလို့ အသံတိတ်သွားတာလဲ။

"အူဝဲ ... အူဝဲ ... အူဝဲ ... "

ရုတ်တရက် ထွက်ပေါ်လာသော ကလေးငိုသံ စူးစူးလေးက ဆေးရုံ

ထဲတွင် လွှမ်းခြုံသွားတော့သည်။

ထိုအသံသည် ဆွတ်ရိန်နော်အတွက်တော့ ကမ္ဘာပေါ်တွင် အသာယာဆုံးသော တေးသွားတစ်ပုဒ်အလား။

"ဟော ... မွေးပြီ ... မွေးပြီဟေ့။"

ဆွတ်ရိန်နော် ဝမ်းသာလွန်း၍ မျက်ရည်များ ဒလဟော စီးကျလာကာ ဒူးများ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်မိသည်။

ခဏအကြာတွင် သူနာပြုဆရာမလေးတစ်ယောက် ပြုံးရွှင်ကာ

ထွက်လာသည်။

"ဂုဏ်ယူပါတယ်ရှင် ... သမီးမိန်းကလေး မွေးပါတယ်။

ပေါင်ချိန်က ၇ ပေါင်နဲ့ ၈ အောင်စပါ။

အမေရော ကလေးပါ ကျန်းမာပါတယ်။"

"သမီးလေး ... သမီးလေးတဲ့လား။

ဟေး ... ငါ အဖေဖြစ်ပြီကွ။"

ဆွတ်ရိန်နော်က မျိုးမင်းထက်ကို ဖက်ပြီး ကလေးတစ်ယောက်လို ခုန်ပေါက်နေကာ တခြားသူတွေလည်း သူ့ကိုကြည့်ပြီး ပြုံးနေကြတော့သည်။

________________

ဆွတ်ရိန်နော် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကုတင်ပေါ်တွင် မောပန်းနွမ်းနယ်စွာ လှဲနေသော မှုံနံ့သာကို တွေ့လိုက်ရသည်။

သူမ မျက်နှာလေးက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဆံပင်များက ချွေးစများဖြင့် ကပ်နေကာ ဘယ်လောက်ပင်ပန်းထားတယ်ဆိုတာ အထင်းသားပေါ်လွင်နေ၏။

ဆွတ်ရိန်နော်သည် ဘေးနားရှိ ကလေးပုခက်လေးကိုပင် မကြည့်အားဘဲ မှုံ့အနားသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

"မှုံလေး ... "

ဆွတ်ရိန်နော် သူမလက်ကလေးကို ယူကာ သူ့ပါးပြင်နှင့် ကပ်ထားလိုက်ပြီး ငိုရှိုက်တော့သည်။

"အကို ... ဘာလို့ ငိုနေတာလဲ ...သမီးလေးကို မကြည့်ဘူးလား။"

"မကြည့်သေးဘူး ... မင်းကို အရင်ကြည့်ချင်တယ်။

ပင်ပန်းသွားပြီနော် ကိုယ့်ကြောင့် ... ကိုယ့်ကြောင့် မင်း နာကျင်ရပြီ။"

"မနာပါဘူး အကိုရယ် ...သမီးလေး အသံကြားလိုက်ရတာနဲ့ အမောတွေ ပြေသွားပါပြီ။"

ဆွတ်ရိန်နော် သူမနဖူးလေးကို ကြာရှည်စွာ နမ်းရှိုက်လိုက်၏။

"ကျေးဇူးတင်ပါတယ် မိန်းမရယ် ... ကိုယ့်ဘဝကို ပြည့်စုံအောင် ဖန်တီးပေးလို့ ကျေးဇူးတင်ပါတယ်။"

ထိုအချိန်တွင် ဦးဆွတ်ဆိုင်းအောင်၊ ဒေါ်ဘောက်နူးနှင့် အခြားသူများ ဝင်လာကြသည်။ ဒေါ်ဘောက်နူးက ကလေးခုတင်လေးနားသို့ အရင်ဆုံး ရောက်သွား၏။

"အမယ်လေး ... ချစ်စရာလေး။

နှာတံလေးက ငါ့သားနဲ့ တူလိုက်တာ။

မျက်လုံးလေးတွေကတော့ သူ့အမေလို ဝိုင်းနေတာပဲ။"

ဒေါ်ဘောက်နူးက အနှီးထုတ်လေးထဲတွင် ထုပ်ထားသော နီတာရဲကလေးငယ်လေးကို ကြည့်ရင်း မျက်ရည်များ ဝဲလာတော့သည်။

"ကဲ ... ကိုဆိုင်းအောင် ကြည့်ပါဦး။

ရှင် လိုချင်နေတဲ့ မြေးမလေး ရပြီ။"

ဦးဆွတ်ဆိုင်း‌ေအာင်ကလည်း ပြုံးဖြီးဖြီးဖြင့် ကလေးကို ငုံ့ကြည့်လေသည်။

"နာမည် ဘယ်လိုပေးမလဲ သား။"

ထိုအခါမှ ဆွတ်ရိန်နော်က မှုံ့ဘေးနားမှ ထလာပြီး သမီးလေးကို ပထမဆုံးအကြိမ် ပွေ့ချီလိုက်သည်။

သူ့လက်ထဲတွင် သေးသေးလေးဖြစ်နေကာ ချီနေရင်း သူ့မှာ အသည်းတွေယားနေတော့၏။

"မှုံလေး သမီးလေးနာမည်ကို ဘယ်လိုပေးချင်လဲ။ "

"ဟင် ... အကို့သဘောလေ။

မှုံက အဲ့လိုတွေ မစဉ်းစားတတ်ပါဘူး။ "

"အဲ့တာဆို ကိုယ်ပေးလိုက်မယ်နော်။ "

"ဟုတ် "

"အွန်း ... သမီးလေးနာမည်ကို ... ဆွတ်ဆိုင်းအိန် ဆိုရင်ရော

ဘယ်လိုလဲ။ "

"ဆွတ်ဆိုင်းအိန် ... လှလိုက်တဲ့ နာမည်လေး။"

မှုံနံ့သာက ကုတင်ပေါ်မှနေ၍ လှမ်းပြုံးပြသည်။

ဒေါ်ဘောက်နူးကလည်း ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူ‌ေလသည်။

"လာပါဦး ... ဖွားဖွားကြီး ချီပါရစေဦး။

အဖေရော အမေရော အချောတွေက မွေးတာဆိုတော့

ငါ့မြေးမလေးက အလှဆုံးလေး ဖြစ်လာမှာ။"

ဒေါ်ဘောက်နူးက ဆွတ်ရိန်နော့်လက်ထဲမှ ကလေးကို လွှဲပြောင်းယူလိုက်ပြီး ပါးလေးကို နမ်းရှိုက်လိုက်သည်။

အခန်းငယ်လေးထဲတွင် ကလေးငိုသံ တိုးတိုးလေးနှင့်အတူ မိသားစု၏ ရယ်မောသံများ ကြည်နူးသံများက လွှမ်းခြုံသွားတော့သည်။

ဆွတ်ရိန်နော်ကတော့ မှုံ့လက်ကလေးကို ပြန်လည် ဆုပ်ကိုင်ထားရင်း သူတို့နှစ်ယောက် ဖန်တီးခဲ့သော ချစ်ခြင်းမေတ္တာ၏ သက်သေအသစ်စက်စက်လေးကို ကြည့်ကာ ဘဝတွင် မရဖူးသော ပီတိမျိုးကို ခံစားနေရလေတော့သည်။

ပြီးပါပြီရှင် ...

(Extra လေး လာဦးမယ်နော် )

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၇၂) နောက်အခန်း - အပိုင်း (၇၄) Extra 1 »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ