မင်္ဂလာဆောင်ပြီး တစ်ပတ်လောက်အကြာတွင် ဆွတ်ရိန်နော်၏ စိတ်ထဲ၌ မနေတတ်မထိုင်တတ် ဖြစ်လာရသည်။
မနက်မိုးလင်းလျှင် မှုံက အိမ်အလုပ်တွေလုပ်၊ ဈေးရောင်းထွက်ရန် ပြင်ဆင်နေချိန်တွင် သူကတော့ ဘာအလုပ်မှမရှိဘဲ အိမ်ရှေ့တွင် ထိုင်နေရသည်မှာ သူ့အတွက်တော့ ရှက်စရာတစ်ခုလို ခံစားနေရ၏။
"မှုံလေး ကိုယ်အလုပ်လုပ်တော့မယ် "
ဆွတ်ရိန်နော်က ခြံထဲတွင် အဝတ်လှန်းနေသော မှုံ့အနားသို့ သွားကာ ပြောလိုက်သည်။
"ဘာအလုပ်လဲ။ "
မှုံက သူ့ကို ကြည့်ပင်မကြည့်ဘဲ အဝတ်များကို ခါထုတ်ကာ တန်းပေါ်သို့ တင်ရင်း ပြန်မေးလေ၏။
" မျိုးမင်းထက်နဲ့ ကျောက်ရှာ လိုက်သွားမလို့။"
သူ့စကားကြောင့် မှုံ့လက်ထဲက အင်္ကျီက မြေကြီးပေါ်သို့ ဘုတ်ခနဲ ကျသွားကာ ဆွတ်ရိန်နော့်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"အကို ဘာပြောလိုက်တယ် ... ကျောက်ရှာမယ်။ "
"ဟုတ်တယ် ... ကိုယ်လည်း အိမ်မှာ ဘာမှမလုပ်ပဲ မိန်းမလုပ်စာပဲ ထိုင်မစားချင်တော့ဘူး။ ကျောက်ကွက်ကောင်းတွေ ရနေတယ်တဲ့။ မျိုးမင်းထက်နဲ့ လိုက်သွားချင်တယ်။"
"မသွားရဘူး"
မှုံ့အသံက ပြတ်သားလွန်းလှသည်။ သူမ မျက်ဝန်းထဲတွင် ဒေါသထက် စိုးရိမ်စိတ်တွေက ပိုလွှမ်းမိုးနေ၏။
"အဲ့ဒီနေရာက သေမင်းနဲ့ ကစားနေရတဲ့နေရာဆိုတာ ရှင်မသိဘူးလား။ မြေစာပုံပြိုလို့ လူတွေ သေနေကြတာ မြင်နေကြားနေရတာကို အကိုက ဘာလဲ ... ကျွန်မကို မုဆိုးမဖြစ်စေချင်တာလား။"
"မှုံရာ ... ကိုယ့်ကို ယုံကြည်စမ်းပါ။ ကိုယ်က အဲ့လောက် မညံ့မဟုတ်ပါဘူး။ ကိုယ် ပိုက်ဆံရှာချင်တာက မင်းအတွက်ပဲ။ မင်းကို အိမ်ကြီးအိမ်ကောင်းနဲ့ ထားချင်တယ်။ အမေ့ရှေ့မှာလည်း မျက်နှာပန်းလှစေချင်တယ်။"
"မှုံ အကို့အမေ့ရှေ့မှာ မျက်နှာပန်းလှဖို့ မလိုဘူး။ "
မှုံက မျက်ရည်ဝဲလျက် ပြောပြီး အိမ်ထဲသို့ ပြေးဝင်သွားလေသည်။ ဆွတ်ရိန်နော် သက်ပြင်းချလိုက်သော်လည်း သူ့ဆုံးဖြတ်ချက်ကတော့ မပြောင်းလဲခဲ့ပေ။
________________
နောက်တစ်နေ့မှာတော့ မှုံ့ကို ဈေးလိုက်ပို့ပေးပြီး သူလည်း ကျောက်ရှာသွားရန်အတွက်ပြင်တော့သည်။
အရင်ဆုံး နေပူပြင်ထဲမှာ ကျောက်သွားရှာရမှာဖြစ်တာကြောင့် အင်္ကျီလက်တိုေပါ်တွင် လက်ရှည်အပါးကိုထပ်ဝတ်လိုက်ပြီး ဘောင်းဘီကတော့ ဘောလုံးဘောင်းဘီအတိုကိုသာဝတ်ကာ လျှာထိုးဦးထုပ်အနက်ကိုဆောင်းလိုက်၏။
ပြီးလျှင် ပွိုင့်ဖိနပ်( ဘွတ်ဖိနပ်လိုမျိုးကို သူက အကြမ်းစီးဖြစ်သည်။
ဖိနပ်က ခြေတံရှည်ဖိနပ်ပုံစံမျုးအရှည်ဖြစ်တာကြောင့် ကျောက်တွေ သွန်ချချိန်တွင် ကျောက်မှန်လျှင် နည်းနည်းအထိအခိုက်လျော့နိုင်သည်)
စီးပြီး စိန်တူ( ကျောက်ရှာရာတွင် ကျောက်သားဟုတ်မဟုတ် ကျောက်ရိုင်းတုံးများကို ခေါက်ကြည့်သည့်အရာဖြစ်ပြီး အနီးစပ်ဆုံးပြောရလျှင် သံရိုကိတူသဖွယ်၊ဒါပေမယ့် သူက သေးပြီး တူလိုမျိုးသစ်သားရိုးတံတပ်သုံးရကာ ရိုးတံရှည်သည်။)
ကို ကောက်ကိုင်ကာ အိမ်ရှေ့မှာ မျိုးမင်းထက်ကို ထွက်စောင့်နေလိုက်၏။
သူ့မှာက ဆိုင်ကယ်မရှိတာကြောသ့် မျိုးမင်းထက် ဆိုင်ကယ်နှင့်ပဲ ကပ်လိုက်ရမည်ဖြစ်ကာ မျိုးမင်းထက်အိမ်သို့ သူသွားပြန်လျှင်လည်း အစ်မဖြစ်သူ ဆိုင်းပန်နှင့်တွေ့ပြီး အမေ့ဆီသို့ သတင်းရောက်သွားမှာ စိုးတာကြောင့် အိမ်ကိုသာ လာခေါ်ခိုင်းထားလိုက်၏။
မျိုးမင်းထက် ရောက်သည်နှင့် နှစ်ယောက်သား ကျင်းထဲသို့ ထွက်ခဲ့လိုက်ကြသည်။
"ယောက်ဖ ဒီအကြောင်း မင်းအမေသိရင်တော့ မလွယ်ဘူးနော်။ "
"သိလည်း မတတ်နိုင်ဘူး ... မိန်းမလုပ်စာပဲ ထိုင်စားစရာလား။ "
"မင်းမိန်းမကရော ခွင့်ပြုတယ်လား။ "
"ဟင့်အင်း ... သူဈေးရောင်းသွားတုန်း ခိုးထွက်လာတာ။ "
"အေးပါ ... ဟိုက စိတ်ဆိုးမှ ညစာငတ်နေမယ်နော်။ "
"...အဟွန်း"
အခုလည်း ငတ်နေတာပဲဆိုတာကိုတော့ မပြောဖြစ်တော့။
_______________
မှုံဈေးက ပြန်လာလျှင် အကိုက အိမ်မှာ မရှိတော့ပေ။
ခါတိုင်း မှုံဈေးကပြန်လာလျှင် လာကြိုနေကျ အကိုက အိမ်မှာမရှိတာက ဘယ်သွားလိုက်လဲဆိုတာက မေးစရာပင်မလို။
မှုံနံ့သာ တစ်နေ့လုံး ရင်တမမဖြင့် ထမင်းချက်နေစဉ် ... အိမ်ရှေ့သို့ ဒေါ်ဘောက်နူးက ဒေါသတကြီးနှင့် ရောက်လာ၏။
"မှုံနံ့သာ နင် အပြင်ထွက်ခဲ့စမ်း "
ဒေါ်ဘောက်နူး၏ အသံက တစ်ရွာလုံးကြားလောက်အောင် ကျယ်လောင်နေကာ မှုံ အိမ်ထဲမှ ထွက်လာသည်နှင့် ဒေါ်ဘောက်နူးက မှုံ့အနားသို့ ရောက်လာပြီး ...
"နင် ... ငါ့သားကို နွားများမှတ်နေသလား ဟမ် ...
ငါ ပိုမွေးသလိုမွေးထားတဲ့သားလေးကို နင်က ကျောက်ထွက်ရှာခိုင်းတယ်ပေါ့"
"မှုံ သွားရှာခိုင်းတာမဟုတ်ပါဘူး ... အကို သူ့ဟာနဲ့သူ ..."
"ပါးစပ်ပိတ်စမ်း ... နင်က ငါ့သားကို ကျွန်လို ခိုင်းစားချင်တာမလား ... ငါ့သားကို သေတွင်းထဲ ပို့လိုက်တာပေါ့။
ငါ့သားက အိမ်မှာဆိုရင် ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေရတာ ... အခုတော့ နင့်ကြောင့် သူက မြေစာပုံကြားမှာ ကျောက်လိုက်ရှာနေရပြီ။"
ဒေါ်ဘောက်နူးက ငိုမလို ရယ်မလို မျက်နှာဖြင့် မှုံ့ကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်နေသည်။
"ငါ့သားက နင့်ကြောင့် အနေဆင်းရဲ၊အစားဆင်းရဲ ဖြစ်နေရှာတာ။
အခုကျတော့ နင်က သူ့ကို ပိုက်ဆံရှာခိုင်းတယ်ပေါ့လေ။
ငါ့သား တစ်ခုခုဖြစ်ရင် နင့်ကို ငါ အရှင်မထားဘူး။"
"မှုံလည်း အကို့ကို တားပါတယ် ... အကိုထွက်သွားတာ မှုံကိုမသိလိုက်တာပါ။ "
"တားတယ် ဟုတ်လား ...နင်က သရုပ်ဆောင်ကောင်းတာပဲ။
နင် တကယ်တားရင် သူ သွားပါ့မလား။
နင်က ပိုက်ဆံမက်လို့ ငါ့သားလို သူဌေးသားကို အမိဖမ်းတာလေ။
အခု ငါတို့ဆီက ဘာမှမရတော့ အခု ငါ့သားလို ကျွဲလို နွားလို ရုန်းခိုင်းတော့တာမလား။
ကြည့်စမ်း ... နင့်လို မိန်းမမျိုးကိုမှ ငါ့သားက အသက်နဲ့လဲပြီး ချစ်နေရတာ။"
ပတ်ဝန်းကျင်မှ လူအချို့ကလည်း ဝိုင်းကြည့်နေကြကာ မှုံ ဘာမှ ပြန်မပြောဘဲ ခေါင်းကိုသာ ငုံ့ထားမိသည်။
ဒေါ်ဘောက်နူး၏ စကားလုံးတိုင်းက သူမ ရင်ဘတ်ကို ဓားနဲ့မွှန်းနေသလိုပင်။
"ငါ့သား တစ်ခုခု ထိခိုက်လာလို့ကတော့ နင့်ကို ဒီရွာမှာ နေလို့မရအောင် ငါလုပ်ပစ်မယ်။"
ဒေါ်ဘောက်နူးက ရန်တွေ့ပြီး ကော့တော့ ကော့တော့နှင့် ပြန်ထွက်သွားတော့သည်။ မှုံနံ့သာကတော့ ရှက်တာကြောင့် အိမ်ထဲပြေးဝင်ခဲ့လိုက်၏။
" မှုံ့ကို ဒီလို အခြေအနေမျိုးထဲ ပစ်ထားခဲ့ရတဲ့အကို့ကို မုန်းလိုက်တာ ... တကယ် မုန်းလိုက်တာ။"
_________________
ညနေစောင်းတွင်တော့ ဆွတ်ရိန်နော်တစ်ယောက် အိမ်သို့ ပြန်ရောက်လာခဲ့သည်။ တစ်ကိုယ်လုံး ဖုန်မှုန့်များ ပေကျံနေသော်လည်း သူ့မျက်နှာကတော့ ပြုံးဖြီးနေ၏။
"မိန်းမရေ... ကိုယ် ပြန်လာပြီ။"
အိမ်ထဲသို့ ဝင်ဝင်ချင်း မှုံနံ့သာက သူ့ကို ကျောခိုင်းပြီး ထမင်းအိုးငှဲ့နေကာ သူ့အသံကြားသော်လည်း လှည့်မကြည့်။
"မှုံ... စိတ်ဆိုးနေတုန်းလား။ "
ဆွတ်ရိန်နော်က အနောက်မှနေ၍ မှုံ့ပုခုံးလေးကို လှမ်းဖက်လိုက်လျှင် မှုံက ရုန်းထွက်ပြီး မျက်နှာချင်းဆိုင်လိုက်ရာ... သူမမျက်ဝန်းတွေက နီရဲနေပြီး မျက်ရည်စတွေ ဝဲနေသည်ကို မြင်လိုက်ရသည်။
အကို... အကို့ကို မှုံ ဘယ်လောက်စိုးရိမ်နေလဲ အကိုသိလား။
အကို့အမေကလည်း မှုံ့ကို သတ်မတတ် လာပြောသွားတယ်။
အကိုသာ တစ်ခုခုဖြစ်ရင် မှုံ ဘယ်လိုလုပ်ရမလဲ။"
မှုံနံ့သာက ဆွတ်ရိန်နော့်ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် အားမပါဘဲ ထုရိုက်ရင်း ရှိုက်ငိုတော့သည်။
ထိုအခါ ဆွတ်ရိန်နော်က ထိုလက်ကလေးနှစ်ဖက်ကို ဖမ်းဆုပ်လိုက်ပြီး မှုံ့ကို ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဆွဲသွင်းလိုက်၏။
"တောင်းပန်ပါတယ် မှုံရယ်... ကိုယ် မှားသွားတယ်။
နောက်ဆို မင်းကို အသိမပေးဘဲ ဘယ်မှမသွားတော့ဘူး။
ကိုယ့်ကို ကြည့်ပါအုံး... ကိုယ် ဘာမှမဖြစ်ဘဲ ပြန်လာပြီလေ။"
သူ့ခန္ဓာကိုယ်မှ ဖုန်တွေက မှုံ့ဝတ်စုံလေးပေါ် ပေကုန်သော်လည်း မှုံကတော့ ဂရုမစိုက်အားဘဲ သူ့ရင်ခွင်ထဲမှာသာ မျက်နှာအပ်ထားမိသည်။ ဆွတ်ရိန်နော်က မှုံ့မေးဖျားလေးကို အသာအယာ မော့လိုက်ပြီး မျက်ရည်စတွေကို သူ့လက်မဖြင့် သုတ်ပေးလိုက်၏။
"ကဲ... ကိုယ့်မိန်းမလေး မငိုနဲ့တော့။ ကိုယ် ရေချိုးလိုက်ဦးမယ်။
ပြီးရင် မင်းချက်ထားတဲ့ ထမင်းကို ကိုယ် ကိုယ်တိုင် ခွံ့ကျွေးမယ်နော်။"
မှုံက မျက်စောင်းလေးတစ်ချက် ထိုးလိုက်သော်လည်း စိတ်ဆိုးပြေသွားဟန်ဖြင့်...
"မြန်မြန်သွားချိုး... ချွေးနံ့တွေ နံနေတာပဲ။ ရေနွေးအိုး တည်ပေးထားတယ်။"
_____________________
ညစာ စားသောက်ပြီးသောအခါ အေးစိမ့်သော ညဉ့်အမှောင်က
တစ်အိမ်လုံးကိုလွှမ်းခြုံထားပြီး အိပ်ခန်းထဲတွင်တော့ မီးအိမ်လေး၏ အလင်းရောင်က ဝါကျင့်ကျင့်လေး လင်းနေ၏။
ဆွတ်ရိန်နော်က ကုတင်ပေါ်တွင် ထိုင်ကာ မှုံနံ့သာကို စောင့်နေပြီး ခဏအကြာတွင် မှုံက ဆံပင်တွေကို ဖြန့်ချပြီး အိပ်ရာထဲ ဝင်လာလေသည်။
သူမက အရင်ညတွေလို စည်းမခြားဘဲ ဆွတ်ရိန်နော့်ဘေးနားတွင် တိတ်ဆိတ်စွာ လှဲလျောင်းလိုက်၏။
"မှုံ... အိပ်ပြီလား။"
ဆွတ်ရိန်နော်က တစောင်းလှည့်ကာ မှုံ့ခါးလေးကို အသာအယာ ဖက်လိုက်သည်။
ဒီတစ်ခါတော့ မှုံက ရုန်းမထွက်ဘဲ ငြိမ်နေ၏။
"မအိပ်သေးဘူး။"
"ဒီနေ့... အမေ အိမ်လာပြီး ပြောသွားတဲ့အကြောင်း ကိုယ်သိပြီးပြီ။
အမေ လာပြောသွားတာတွေအတွက် ကိုယ် တောင်းပန်ပါတယ်။"
မှုံက ဆွတ်ရိန်နော့်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာ၏။
မှောင်ရိပ်ပြပြကြားတွင် ဆွတ်ရိန်နော့် မျက်ဝန်းတွေက အရောင်တောက်နေသည်။
"မှုံ စိတ်ဆိုးတာက အကို့အမေကြောင့် မဟုတ်ဘူး။
အန္တရာယ်များတာကို မှုံတားရဲ့သားနဲ့ အကို ကျောက်ရှာသွာလို့ စိတ်ဆိုးတာ။ "
မှုံ့စကားကြောင့် ဆွတ်ရိန်နော် ရင်ထဲ နွေးထွေးသွားရကာ သူ မှုံ့နဖူးလေးကို မြတ်မြတ်နိုးနိုး နမ်းရှိုက်လိုက်သည်။
"ကိုယ် သိပါပြီ... မင်းက ကိုယ့်ကို အဲ့လောက်တောင် ချစ်တာပဲလား။"
"မသိဘူး... သွား... လူလည်ကြီး "
မှုံက ရှက်ကိုးရှက်ကန်းဖြင့် သူ့ရင်ခွင်ထဲ တိုးဝင်လိုက်လျှင် ဆွတ်ရိန်နော်က သူမကိုယ်လုံးလေးကို ပိုပြီး တင်းကျပ်စွာ ဖက်ထားလိုက်ရင်း နားနားသို့ ကပ်ကာ တိုးတိုးလေး ဆိုလိုက်လေသည်။
"မှုံ... ကိုယ် ညစာ ငတ်နေတာ ကြာပြီနော်။ ဒီညတော့... ကိုယ့်ကို ခွင့်လွှတ်ပေးလို့ မရဘူးလား။"
မှုံက ဘာမှပြန်မပြောဘဲ ဆွတ်ရိန်နော့်ရင်ဘတ်ကို လက်သည်းလေးဖြင့် အသာအယာ ကုတ်လိုက်လေသည်။
ထိုတိတ်ဆိတ်မှုက 'ခွင့်ပြုသည်' ဆိုသော အဓိပ္ပါယ်မှန်း ဆွတ်ရိန်နော် သိလိုက်၏။
သူ မှုံ့နှုတ်ခမ်းလေးတွေကို အရင်ညတွေလို မဟုတ်ဘဲ နူးညံ့သိမ်မွေ့စွာ စတင်နမ်းရှိုက်လိုက်ကာ ထိုအနမ်းထဲမှာ ကြမ်းတမ်းမှုတွေ မပါတော့ဘဲ မြတ်နိုးမှုနှင့် ဂရုစိုက်မှုတွေသာ အပြည့်အဝ ပါဝင်နေသည်။ မှုံကလည်း သူ့လည်ပင်းကို ပြန်လည် ဖက်တွယ်လာရင်း အနမ်းတွေကို တုံ့ပြန်လာ၏။
အပိုင်း (၆၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)