ဆွတ်ရိန်နော် နိုးလာတော့ ဘေးနားတွင် မှုံ ရှိမနေတော့။ မီးဖိုချောင်ဘက်မှ ချက်ပြုတ်သံများ ကြားနေရကာ သူ အိပ်ရာမှထ၊ မျက်နှာသစ်ပြီး မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။
"မိန်းမ ... ဘာဟင်းချက်နေတာလဲ ... အနံ့က မွှေးနေတာပဲ။"
ဆွတ်ရိန်နော်က မှုံ့ခါးလေးကို အနောက်မှ သိုင်းဖက်လိုက်ပြီး
ပါးလေးကို လှမ်းနမ်းဖို့ ကြိုးစားလိုက်လျှင် မှုံ ချက်ချင်းပင် ကိုယ်ကို ရုန်းလိုက်ပြီး ဟင်းမွှေသည့် ယောက်မကို ကိုင်ကာ မျက်နှာလွှဲလိုက်သည်။
"ဖယ် ... ဟင်းအိုးမှောက်လိမ့်မယ် ... ရှုပ်ရှုပ်ရှက်ရှက် မလုပ်နဲ့။"
"ဟာ ... ကိုယ့်မိန်းမ ကိုယ်ဖက်တာပဲကွာ ...ဘာဖြစ်လဲ။"
" မကြိုက်ဘူး။ အဲ့ဒါကြောင့် ဝေးဝေးနေ။"
မှုံ့အသံက အေးစက်မာကျောနေကာ ဆွတ်ရိန်နော် မျက်နှာငယ်သွားသော်လည်း လက်မလျှော့။
"မှုံကလည်းကွာ ... စိတ်ဆိုးပြေပါတော့။ ကိုယ် ဒီလောက် တောင်းပန်နေတာကို။ ညကလည်း အထိမခံဘူး။
ကိုယ်တကယ်တောင်းပန်ပါတယ်ဗျာ။ "
ဆွတ်ရိန်နော်က မှုံ့ပခုံးကို ဖက်ကာ မျက်နှာချိုသွေးလျှင်
မှုံက ရုန်းကန်ပြီး အိမ်ရှေ့ထွက်သွားတော့ကာ ဆွတ်ရိန်နော်ကတော့ ပြုံးစစဖြင့် ကျန်ရစ်ခဲ့လေသည်။
သူမ ဘယ်လောက်ပဲ မာမာ၊ ဘယ်လောက်ပဲ ငြင်းငြင်း သူမ မျက်ဝန်းထဲက အချစ်ရိပ်တွေကို သူမြင်နေရသည်။
" မင်းရဲ့ အသည်းမာမှုတွေကို ကိုယ်က အချစ်တွေနဲ့ အရည်ဖျော်ပစ်လိုက်မှာပါ ... "
ဆွတ်ရိန်နော် တစ်ယောက်တည်း ရေရွတ်ရင်း ထမင်းအုပ်ဆောင်းကို ဖွင့်လိုက်တော့ သူအကြိုက်ဆုံးဟင်းတွေဖြစ်သည့်
ကြက်သားကချင်ချက်၊ ကန်စင်းနှင့်ပိန်းဥဟင်းရည်၊ပန်းဥငရုပ်သီးထောင်းတွေကို တွေ့လိုက်ရသဖြင့် ကျေနပ်စွာ ပြုံးလိုက်မိတော့သည်။
ဘယ်လောက်စိတ်ဆိုးဆိုး သူ့ကိုတော့ ဂရုစိုက်သေးတာပဲ။
"မိန်းမ ထမင်းအတူတူစားမယ်လေ။ "
"မစားသေးဘူး ...ကိုယ့်ဟာကိုယ်စား။ "
"ဟာ ... လူလေးနှစ်ယောက်ရှိတာကိုကွာ ... လာပါ ကိုယ်ခွံ့ကျွေးရမလား။ ကိုယ်တစ်ယောက်တည်းမစားချင်လို့ပါနော်။ "
အိမ်ရှေ့က အပင်တွေနားရောက်သွားသည့် သူမလက်ကလေးအား ဆွဲကာ ပြန်ခေါ်ခဲ့လိုက်ပြီး ထမင်းစားပွဲအပုလေးမှာ ထိုင်ခိုင်းကာ ထမင်းတစ်ပန်းကန်ခူးလိုက်၏။
မှုံကတော့ ဘာမျှမပြောပဲ ထိုင်နေကာ သူလုပ်နေတာတွေကြည့်နေမိတုန်း ...
"အာ "
မှုံ့ပါးစပ်နားသို့ ထမင်းလုပ်ကြီးရောက်လာတာကြောင့် မှုံ့မျက်နှာအား အနောက်သို့ရို့လိုက်ကာ ...
"ဘာလုပ်တာလဲ။ "
"ထမင်းခွံ့တာလေ ... အာ။ "
"မစားပါဘူး ... ကိုယ့်ဟာကိုယ် စားမယ်။ "
"ဘာလို့လဲ ... ရွံလို့လား။ "
"ဟုတ်တယ်။ "
"ဟာ ... ကိုယ်လက်သေချာဆေးထားပါတယ်ကွ။ "
မှုံက ရွဲ့ပြောလိုက်ပေမယ့် သူက တကယ်ထင်သွားတာကြောင့် ထမင်းခူးနေရင်း သူမမြင်အောင် ပြုံးလိုက်မိ၏။
မှုံထမင်းခူးလာတော့ ဟင်းသုံးမျိုးလုံး မှုံ့ပန်းကန်ထဲ တစ်ဇွန်းစီ
ခပ်ထည့်ပေးလာပြီး မှုံချက်ထားတဲ့ ဟင်းတွေနှင့် ခေါင်းမဖော်တမ်းစားနေတော့ မှုံပြုံးလိုက်မိပြန်သည်။
အကိုက မှုံချက်တဲ့ဟင်းတွေဆို သိပ်ကြိုက်တာ။
အခုလို သူအကြိုက်ဆုံးဟင်းအစပ်အဟက်တည့်ရင်တော့ အခုလို အမြဲ ခေါင်းမဖော်တမ်းစားတော့သည်။
အဲ့တာကြောင့်လည်း မှုံက အကို့အကြိုက် ဟင်းတွေရွေးချက်ပေးထားတာဖြစ်၏။
"ငါ့မိန်းမလက်ရာကတော့ ရှယ်ပဲကွာ။ "
ပြောပြီး ထမင်နောက်ထပ် တစ်ပန်းကန်ထပ်ထည့်ကာ ကန်စင်း ပိန်းဥ ဟင်းရည်ကို ရွှဲရွှဲစမ်း၊ပန်းဥငရုပ်သီးထောင်ကို မြှုပ်ကာ ကြက်သားကချင်ချက်ကလေးနှင့် ထမင်းတွေတစ်လုပ်ပြီး တစ်လုပ်သွပ်ကာ မြိန်ရေယှက်ရေ စားလိုက်တာ ထမင်းဘယ်နှပန်းကန်ကုန်သွားမှန်းပင်မသိ။
ဒါတောင် ထပ်စားချင်သေးတာ၊ဗိုက်က လက်မခံတော့လို့ပင်။
______________
"မှုံလေး ဈေးရောင်းသွားဖို့ပြင်နေတာလား။ "
"အင်း "
"ကိုယ်လိုက်ပို့မယ်နော်။ "
"သုံးဘီးနဲ့သွားမှာ။ "
"အင်းလေ ... သုံးဘီးနားအထိ ပြောတာ။
ဈေးအထိ လိုက်ပို့ချင်လည်း ကိုယ့်မှာ ဆိုင်ကယ်မရှိဘူး။
လာ သွားမယ်။ "
ဈေးခြင်းကြီးနှစ်ခုအား မကာ ဆွတ်ရိန်နော်က ပြောလျှင် မှုံနံ့သာက သူ့လက်ထဲက ခြင်းတွေအား ပြန်ဆွဲယူကာ ...
"ရပြီ ... ကိုယ့်ဟာကိုယ်သွားမယ်။ "
"ဟာ ... ဘာလို့လဲကွာ။
ချစ်သူဘဝကလည်း ပတ်ဝန်းကျင်ကို ဂရုစိုက်နေရလို့။
အခု ကိုယ်တို့က လင်မယားဖြစ်နေပြီ ဘယ်သူ့မှ ဂရုစိုက်စရာမလိုပါဘူးကွ... လာ သွားမယ်။ "
ပြောပြောဆိုဆိုနှင့် ဆွတ်ရိန်နော်က ဈေးခြင်းနှစ်ခုအား ဆွဲကာ အရှေ့ကထွက်သွားလျှင် မှုံဘာမျှမပြောနိုင်တော့ပဲ လိုက်သွားရတော့သည်။
______________
ဆွတ်ရိန်နော် ခြံထဲရှိ ပေါင်းမြက်များကို ရှင်းလင်းနေပြီး သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေကာ မျက်နှာတွင် ဖုန်များ ပေကျံနေ၏။
မှုံနံ့သာ အိမ်ပေါ်မှ ဆင်းလာတော့ ဆွတ်ရိန်နော်က သူမအား လှမ်းကြည့်ကာ ...
"မိန်းမ ... ရေနွေးကြမ်းလေး ဘာလေး မတိုက်ချင်ဘူးလား။
ယောကျ်ားက ပင်ပန်းနေပြီ။"
ဆွတ်ရိန်နော်က ပေါက်ပြားကို ထောက်ရင်း လှမ်းအော်လိုက်လျှင်
မှုံ ကြားချင်ယောင်ဆောင်ပြီး အိမ်နောက်ဖေးသို့ ထွက်လာခဲ့လိုက်သည်။ ထိုအခါ ဆွတ်ရိန်နော်က ပေါက်ပြားကို ချပြီး မှုံ့နောက်သို့ လိုက်လာကာ ...
"မှုံ ... ကိုယ် ပြောနေတယ်လေ။ မကြားဘူးလားကွာ။ "
"ကြားတယ် ... မလုပ်ပေးချင်လို့ မလုပ်ပေးတာ။
ရေသောက်ချင်ရင် ကိုယ့်ဘာသာ ခပ်သောက်လေ။ ခြေပါ လက်ပါတာပဲ။"
"မိန်းမကလည်းကွာ ... ရက်စက်လိုက်တာ။ သူများမိန်းမတွေဆို ယောကျ်ားအလုပ်က ပြန်လာရင် ဖိတ်ဖိတ်တုန်အောင် ပြုစုကြတာ။ မင်းကျမှပဲ မျက်နှာကြီးက သုန်မှုန်နေတာပဲ။"
"အဲ့ဒါဆိုလည်း ပြုစုမယ့် မိန်းမဆီ သွားလေ။ ဘာလို့ ဒီမှာ လာနေနေလဲ။ "
မှုံ့စကားကြောင့် ဆွတ်ရိန်နော် မျက်နှာထား တည်သွားကာ မှုံ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"မှုံ ... အဲ့လို စကားမျိုး မပြောပါနဲ့ကွာ ကိုယ် ရွေးချယ်ခဲ့တာ မင်းလေ။ ကိုယ် အရာအားလုံးကို စွန့်လွှတ်ပြီး မင်းဆီ လာခဲ့တာ။"
"ဘယ်သူက လာပါလို့ ပြောလဲ။ အကို့ကို မှုံ တောင်းဆိုခဲ့လို့လား။ ရှအကို့ဘာသာ အနိုင်ကျင့်၊ စော်ကားပြီးမှ ယူလိုက်ရတာလေ။ အဲ့ဒါကို ကျေးဇူးတင်ရမှာလား။"
မှုံ့မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာကာ ရင်ထဲမှ ဒဏ်ရာက ပြန်လည် နာကျင်လာပြန်သည်။
" ... "
ဆွတ်ရိန်နော်က မှုံ့လက်ကို လွှတ်လိုက်ပြီး သက်ပြင်းချလိုက်ကာ ...
"ကိုယ် သိပါတယ် ... ကိုယ် မှားခဲ့တယ်ဆိုတာ။ အဲ့ဒီအပြစ်အတွက် ကိုယ် တစ်သက်လုံး ပေးဆပ်ပါ့မယ်။ မင်း စိတ်ကျေနပ်တဲ့အထိ နှိပ်စက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အချစ်ကိုတော့ မစော်ကားပါနဲ့။ ပြီးတော့ တခြားမိန်းမဆီ သွားဖို့လည်း လာမပြောပါနဲ့။"
သူ့မျက်လုံးများက တောင်းပန်တိုးလျှိုးနေလျှင် မှုံ နှလုံးသားတစ်နေရာတွင် လှုပ်ခတ်သွားသော်လည်း အပေါ်ယံမာနက ဖုံးကွယ်ထားလိုက်သည်။
"..."
မှုံ လျှစ်လျူရှာကာ ခေါင်းခါရင်း အိမ်ပေါ်သို့ ပြန်တက်ခဲ့လိုက်၏။
မနေ့က ရွာထဲမှာ ဂျာမိုင်တို့နှင့် တွေ့ခဲ့လေသည်။
_____________
ကုတင်တစ်လုံးတည်းပေါ်တွင် နှစ်ယောက်သား ကျောချင်းကပ် အိပ်နေကြပြီး ကြားထဲတွင် ခေါင်းအုံးရှည်တစ်ခု ခြားထားလေသည်။
မှုံနံ့သာ စောင်ကို ခေါင်းမြီးခြုံပြီး အိပ်ချင်ယောင်ဆောင်နေသော်လည်း အိပ်မပျော်။
"မှုံလေး ... "
ဆွတ်ရိန်နော် ဘက်မှ တိုးတိုးလေး ခေါ်သံကြားသော်လည်း မှုံ ပြန်မထူးဖြစ်။
"အိပ်ပြီလား။"
တိတ်ဆိတ်နေဆဲပင်။
ဆွတ်ရိန်နော် သက်ပြင်းချလိုက်ပြီး ဘေးသို့ လှည့်လာကာ
ကြားထဲက ခေါင်းအုံးရှည်ကို ကျော်ပြီး မှုံ့ခါးလေးကို စောင်ပေါ်မှနေ၍ လှမ်းဖက်လိုက်၏။
"အို ... ဘာလုပ်တာလဲ ... ဖယ်။"
မှုံ ဆတ်ခနဲ လှုပ်ရှားပြီး သူ့လက်ကို ဖယ်ချလိုက်သည်။
"မဖယ်ပါရစေနဲ့ကွာ ... ခဏလေးပဲ ဖက်ထားပါရစေ။ ကိုယ် လွမ်းလို့ပါ။"
"လွမ်းစရာလား ... နေ့တိုင်း အတူနေနေတာကို။ ဖယ်စမ်းပါ ... အိုက်တယ်။"
"မအိုက်ပါဘူး ... ဆောင်းတွင်းကြီးကို။
မင်းက ကိုယ့်ကို အထိခံဖို့ ဒီလောက်တောင် ရွံနေတာလား။"
"ဟုတ်တယ် ... ရွံတယ်။ အဲ့ဒါကြောင့် ဝေးဝေးနေ။"
"ဒါပေမယ့် မင်း ဗိုက်ထဲမှာ ကိုယ့်ရင်သွေးလေး ရှိနေရင်ရော ... "
"ဟင် ... "
မှုံ လန့်ဖျပ်ပြီး လှည့်ကြည့်မိလျှင် ဆွတ်ရိန်နော်က မှောင်ရိပ်ထဲတွင် ပြုံးစစ မျက်နှာဖြင့် ကြည့်နေ၏။
"ဘာတွေ လာပြောနေတာလဲ။"
"မပြောနိုင်ဘူးလေ ဟိုတစ်ခေါက်တုန်းက ... အဟမ်း ... ကိုယ်တို့ နည်းနည်း ကြမ်းခဲ့ကြတော့ ကလေးရနိုင်တာပဲမလား။"
"လူယုတ်မာ ... အဲ့ဒါကို ပြန်မပြောနဲ့။"
မှုံက သူ့ရင်ဘတ်ကို လက်သီးဖြင့် ထုလိုက်ရာ ဆွတ်ရိန်နော်က
မှုံ့လက်ကလေးကို ဖမ်းဆုပ်ကာ နမ်းလိုက်လေသည်။
"စတာပါကွာ ... စိတ်မဆိုးပါနဲ့တော့။ ဒီလောက် စိတ်ဆိုးနေရင် အိုစာသွားမယ်နော်။"
"အိုပါစေ ... ဂရုမစိုက်ဘူး။"
"ကိုယ်က ဂရုစိုက်တယ် ... ကိုယ့်မိန်းမက လှမှ ကြိုက်တာ။"
ဆွတ်ရိန်နော်က မှုံ့လက်ကို မလွှတ်ဘဲ သူ့ပါးနှင့် အပ်ထားလိုက်ရင်း ...
"စိတ်ဆိုးပြေပါတော့ မှုံရယ် ကိုယ်တို့ အချိန်တွေကို ရန်ဖြစ်ရင်းနဲ့
မကုန်ဆုံးစေချင်ဘူး။ မင်းကို ပျော်အောင်ထားချင်တယ်။ အရင်လို
ကိုယ့်ကို ပြန်ချစ်ပေးပါလား။ "
သူ့လေသံက ပျော့ပြောင်းပြီး အသနားခံနေကာ မှုံ သူ့ကို အမှောင်ထဲတွင် စိုက်ကြည့်နေမိသည်။
"အိပ်တော့ ... စကားများလိုက်တာ။"
မှုံ လက်ကို အသာပြန်ရုန်းလိုက်သော်လည်း ဒီတစ်ခါတော့ အရင်လို ကြမ်းတမ်းစွာ ရုန်းကန်ခြင်း မဟုတ်တော့။ ကျောပြန်လှည့်လိုက်သော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး ပေါ်လာသည်ကိုတော့ ဆွတ်ရိန်နော် မမြင်လိုက်ပေ။
အပိုင်း (၆၂) ဆက်ရန် ...
Author -Anna Lynn
🚨(ကြက်သားကချင်ချက်= (မသိတဲ့သူများအတွက် ရှင်းပြပေးခြင်းဖြစ်ပါတယ်။ မဖတ်ချင် ကျော်သွားလို့ရပါတယ်ရှင့်)ကြက်သားကချင်ချက်ဆိုတာက
ကြက်သားကို ဓားနှင့် နုတ်နုတ်စင်းတာဖြစ်ဖြစ်၊ကြိတ်စက်နှင့်ထည့်ကြိတ်တာဖြစ်ဖြစ် နုတ်နုတ်လေးတွေလုပ်ပြီး ဖက်ဖယ်ရွက်၊ပင်စိမ်း၊ငရုပ်သီးစိမ်း၊မဲ့လင်ခြောက်ဖက်များနှင့် ချဉ်ငံစပ် ရောချက်ထားခြင်းဖြစ်သည်။
ဖက်ဖယ်ရွက်ဆိုတာက ပင်စိမ်းလို ဟင်းခတ်အမွှေးအကြိုင်ရွက်မျိုးဖြစ်ပြီး ကချင်ပြည်နယ်မှာ အရမ်းပေါပြီး အောက်ပိုင်းတွေဘက်တော့
မမြင်ဖူးပါဘူးနော်(ရှိလားတော့မသိပါ။ )
ကချင်ပြည်နယ်မှာတော့ ဖက်ဖယ်ရွက်ကို ငါးကင်ထဲမှာလည်း အစာသွပ်အဖြစ်သုံးကြပါတယ်။
တချို့ကျ အနံ့က တအားမွှေးလို့ ဆိုပြီး မကြိုက်ကြပါဘူး။
ပင်စိမ်းထက် သူက အနံ့ပိုပြင်းပါတယ်။
မဲ့လင်ခြောက်ဖက်ကတော့ အချဉ်ပါ၊မန်ကျည်းသီးလိုမျိုး ချဉ်ရည်တွေထဲလည်း ထည့်သုံးလို့ရတာမျိုးပေါ့။
မဲ့လင်သီးကို ပါးပါးလေးတွေလှီူပြီး အခြောက်လှမ်းထားခြင်းဖြစ်ကာ မန်ကျည်းသီးတွေထက် ပိုချဉ်ပါတယ်၊သူက အချဉ်အရသာသီးသန့် တော်တော်ချဉ်ပြီး မန်ကျည်းသီးမှည့်လိုမျိုး ရေစိမ်ပြီး၊ ထန်းလျက်နှင့် ဖျော်ရည်လည်း ဖျော်သောက်လို့ရပါသေးတယ်။
ကြက်သားကချင်ကတော့ ခုနက ပြောသလို နုတ်နုတ်စဉ်းထားတာတဲ့ ကြက်သား (နုတ်နုတ်မစဥ်းလည်းရပါတယ်၊ဒါေပမယ့် နုတ်နုတ်စဉ်းတာက အရသာပိုဝင်)ကို ဖက်ဖယ်ရွက်ထည့်၊ပင်စိမ်းထည့်၊ ငရုတ်သီးစိမ်းတွေထောင်းထည့်၊မဲ့လင်ခြောက်ကို ရေစိမ်ပြီး ကတ်ကြေးနှင့် သေးသေးလေးတွေကိုက်ကာ ဆား၊အချိုမှုန့်နှင့် ရောချက်ရုံပါပဲ၊သူက ဆီမထည့်ရပါ၊ တချို့ကျ စေးစေးလေး ဖြစ်အောင် ဆန်မှုန့်နည်းနည်းထည့်ပါတယ်( ကျွန်မတို့ကတော့ မကြိုက်လို့မထည့်ပါ )
သူ့အရသာက ချဉ်ငံစပ်လေးနှင့် ဆီမပါတော့ လုံးဝမအီပဲ စားလို့ အရမ်းကောင်းပါတယ်။
(ကြက်သားမှမဟုတ်ပါ အမဲသား၊ဝက်သား၊ငါးတွေကိုလည်း အဲ့နည်းအတိုင်း ကချင်ချက် ချက်လို့ရပါတယ်။
မစားဖူးရင်ချက်စားကြည့်ပါ။)ဒီမှာတော့ ငှက်ပျောဖက်ကလေးတွေနဲ့ထုပ်ပြီးရောင်းပါတယ်၊ငှက်ပျောဖက်နံ့မွှေးမွှေးလေးနှင့်ဆိုတော့ အရမ်းကောင်းပါပဲ။ )
နောက်တစ်မျိုးက ကန်စင်းနှင့် ပိန်းဥ ဟင်းရည်
အဲ့တာကတော့ ကန်စင်းရွက်ကို ပိန်းဥနှင့်ရောပြီး ဟင်းချိုကျိုထားတာပါ။(ကျွန်မလည်း ကချင်ပြည်နယ်ရောက်မှ စားဖူးပါတယ်
ဒါပေမယ့် မကြိုက်ပါ 😁)
ကန်စင်းကလည်း ခုနက ဖက်ဖယ်လိုပဲ အနံ့တအားပြင်းပါတယ် တချို့ကတော့ ကြမ်းပိုးနံ့လို့တောင် ပြောကြတယ်၊ သူက ဖက်ဖယ်ထက်ပိုပြင်းတယ် အနံ့က ... အဲ့အရွက်ကို ပိန်းဥဟင်းချိုမှာ ထည့်အုပ်တာပါ။ ပိန်းဥ ဟင်းချိုဆိုတော့ သိတဲ့အတိုင်း ချွဲချွဲလေးပေါ့၊
ကြိုက်တဲ့သူတွေကတော့ အရမ်းကောင်းပါတယ်တဲ့(ကျွန်မအမေတော့ သိပ်ကြိုက်ပေါ့)
နောက်တစ်ခုက ပန်းဥငရုပ်သီးထောင်း ဒါတော့ သိကြမယ်ထင်ပါတယ်။ ကွမ်းယာထဲမှာ ထည့်စားတဲ့ ပန်းဥကို ငရုပ်သီးနဲ့ရောထောင်းတာပါ။ သူကလည်း အနံ့ပြင်းတော့ မကြိုက်တဲ့သူမကြိုက်ကြပါဘူး။ (ကျွန်မလည်း အရင်ကတော့မကြိုက်ဘူး အခုတော့ နည်းနည်းကြိုက်လာပြီ။ )
အဲ့ ပန်းဥငရုပ်သီးထောင်းထဲကို ဆတ်သားခြောက်ဖုတ်လေးထည့်ထောင်းရင်လည်း အရမ်းကောင်းပါတယ်။ )
အိမ်မှာ တစ်ခါလောက်လုပ်စားကြည့်ပေါ့ 🤭🚨
အခန်းမှတ်ချက်များ (0)