"အဲ့တာ ဘယ်သွားမလို့လဲ။ "
အိမ်ထဲမှထွက်ရန်ခြေလှမ်းပြင်လိုက်တာနှင့်
အိမ်ထဲမှ လှမ်းမေးတဲ့ အမေဖြစ်သူ ဒေါ်ဘောက်နူးအသံကြားပေမယ့် ဆွတ်ရိန်နော်က ဘာမျှပြန်မဖြေပဲ ခြံပြင်ကို ဆက်လျှောက်သွားလေသည်။
"ဟဲ့ ငါမေးနေတယ်လေ။ "
ဒေါ်ဘောက်နူးက အသံကို ပိုမြှင့် ကာ မေးပြန်သည်။
"ရွာထဲသွားမလို့ "
လှည့်မကြည့်ပဲ ပြီးစလွယ်ဖြေလိုက်၏။
ထိုအခါ ဒေါ်ဘောက်နူးက မျက်နှာကြီးရှုံ့မဲ့သွားကာ ...
"ဟိုဟာမလေး အိမ်ပဲမလား ... မသွားရဘူး။ "
"ကျစ် ... ကျွန်တော်အပြတ်ပြောပြီးသားလေ။ "
ဆွတ်ရိန်နော်သည် နှုတ်ခမ်းသပ် လိုက်ကာ ပြောလိုက်သည်။ သူ့မျက်နှာတွင်လည်း တင်းမာမှု အပြည့်။
"အေး ... မင်းငါ့စကားနားမထောင် မင်းအဖေကိုပြောပြီး မန္တလေးက မင်းဦးလေးဆီ ပြန်ပို့ပစ်မှာနော် "
"လုပ်လိုက်လေ ... ကျွန်တော်ကလည်း တစ်ခါတည်း မိန်းမပါ ခိုးသွားမှာ။"
"ဟယ် ... ကြည့်စမ်းကြည့်စမ်း။
ဒါ မအေကို ပြောရမယ့်စကားလား။
နင်ဘယ်မှမသွားနဲ့ ပြန်လာခဲ့စမ်း ဟဲ့ ဟဲ့ "
ဒေါ်ဘောက်နူးသည် ဒေါသအရှိန်ကြောင့် ကိုယ်လုံးတုန်ယင် လျက် အော်ဟစ်နေသော်လည်း ဆွတ်ရိန်နော်ကတော့ သူမ၏ အော်သံများကို လုံးဝ ဂရုမစိုက် တော့ဘဲ ခြံပြင်သို့ ခပ်လှမ်းလှမ်း ရောက်သွားပြီဖြစ်၏။ ဒေါ်ဘောက်နူးမှာတော့ ကျန်ရစ်ကာ လက်သီးဆုပ်လျက်
မကျေမနပ်ဖြစ်နေရသည်။
___________________
ပတ်ဝန်းကျင် သည် နေဝင်ချိန်၏ ရွှေအိုရောင် အလင်း ဖြင့် ဖုံးလွှမ်းနေပြီး ကန်လေတဖြူးဖြူးနှင့် ညနေစောင်းအချိန်တွင် ချောင်းဘေးမှာ စိုင်းမင်းနောင်တို့အဖွဲ့က ဝိုင်းကျနေကြ၏။
"ဟေ့ကောင် ငစိုင်း"
အရက်ခွက်ကိုမော့ရင်း ကျော်လွင်ဦးက စကားစတော့ စိုင်းမင်းနောင်က ခေါင်းမမော့ဘဲ မေးငေါ့ ပြသည်။ စိုင်းမင်းနောင်သည် မျက်လုံးများ ကျိန်းစပ် လျက် ရှိပြီး တော်တော်ကောင်နေပြီဖြစ်၏။
"ပြော ..."
"မင်း ... ဟိုဟာသိပြီးပြီလား။ "
"ဘာလဲကွ ... ပြောမယ်ဆို လူနားလည်အောင် လူလိုပြောလေ။ "
စိုင်းမင်းနောင်က ခပ်ဆတ်ဆတ်နှင့်အော်တော့ ကျော်လွင်ဦးက နှာခေါင်းကြီးရှုံ့သွားကာ ...
"အေးပါကွာ... မင်းကလည်း စော်ငြင်းခံရတိုင်း လူလာမဲနေတယ်။"
"ဒီကိစ္စ မှုံနဲ့ဘာမှမဆိုင်ဘူး ဟေ့ကောင်... မှုံ့ကိုဆွဲမထည့်နေ။"
"အေး... အဲ့မှာ မင်းက မှုံလုပ်နေ ... ဟိုက ကိုဆွတ်နဲ့ ညားတော့မယ်။"
"ဘာကွ ... မင်းဘာစကားပြောတာလဲ အထိုးခံချင်တာလား။ "
စိုင်းမင်းနောင်သည် ချက်ချင်းပဲ ထလာကာ၊ ကျော်လွင်ဦး၏ အင်္ကျီကော်လံစအား ဆောင့်ဆွဲ လိုက်ပြီး လက်သီးဖြင့် ရွယ်လျှင် ဘေးကလူတွေက အလန့်တကြား ဝိုင်းတားရတော့သည်။ သူ၏ မျက်လုံးများကလည်း မီးဝင်းဝင်းတောက် နေ၏။
"ဟာ ... ဟေ့ကောင် ဟေ့ကောင် မင်းကလည်း အချင်းချင်းကို ဘာဖြစ်နေတာလဲကွာ။ "
"ဒီကောင်က ခွေးစကားလာပြောနေတာကို။ "
စိုင်းမင်းနောင်က အသက်ရှူသံပြင်းပြင်းဖြင့် ပြောကာ သူ့လေသံတွင် မကျေနပ်မှုတို့က အထင်းသားပေါ်လွင်နေ၏။
"ဟ ... ငါတကယ်ပြောနေတာကွ မင်းပဲမသိတာ။ "
"ဟေ့ကောင် မင်းစောက်ပေါက်ပိတ်ထားလိုက်တော့မယ်။
ငါထိုးမိလိမ့်မယ်။ "
"ထိုးချင်လည်းထိုးကွာ ... ငါက မင်းသိအောင်တော့ပြောပြရမှာပဲ။ "
ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါ်င်းလာကြတဲ့ တစ်ရွာတည်းနေ ငယ်ပေါင်းကြီးဖော်တွေဖြစ်တာကြောင့် ဘာလုပ်လုပ် သိအောင်တော့ ပြောပြရမည်။
"ဟေ့ကောင် ... မင်း မင်း ..."
စိုင်းမင်းနောင်က ပြန်ထလာကာ လက်သီးတပြင်ပြင် လုပ်လာလျှင် ဘေးကလူတွေက ထပ်ပြီး အားကုန် ဆွဲရပြန်၏။ အရက်ကလည်းဝင်ထားတော့ ဒေါသက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကာ တရှူးရှူးတရှဲရှဲဖြစ်နေ၏။
"ဟာ ... ဟေ့ကောင် ဘာဖြစ်နေတာလဲကွာ။
မင်းကလည်း ဘော်ဒါချင်းကို ဘာလို့အဲ့လောက်ဖြစ်နေတာလဲ။
ဒီကောင်ပြောတာလည်း သေချာနားထောင်ကြည့်ပါဦးကွ။ "
"ဘာမှနားထောင်စရာ စောက်ကြောင်းကိုမရှိဘူး။ "
"ဟေ့ကောင် ငစိုင်း မင်းကလည်းကွာ။
ဟျောင့် ကျော်လွင်ဦး မင်းပြောတာတကယ် သေချာလို့လား။ "
"သေချာသလောက်ပဲ။ "
"ဟာ ... မင်းကလည်း မသေချာရင်မပြောနဲ့လေကွာ။
မှုံနံ့သာနဲ့ပတ်သတ်ရင် ဒီကောင့်အကြောင်းလည်း သိရဲ့သားနဲ့။ "
"ငါလည်း သိပ်မသေချာရင်မပြောပါဘူးကွာ။
အခုက ငါ့မျက်စိနဲ့တပ်အပ်မမြင်တာကလွဲရင် ..."
"ဟျောင့် ... မမြင်ရင်လည်း မပြောနဲ့ပေါ့ကွ။ "
"ဟာ ဟေ့ကောင် ငစိုင်း မင်းကလည်း အသာနေစမ်းပါဦးကွာ။
ကျော်လင်းဦး မင်းက မင်းမမြင်ပဲ ဘယ်လိုသိတာလဲ။ "
"ငါ့အမေပြောတာကွ... ငါ့အမေက မှုံနံ့သာနဲ့ လုံးခင်းဈေးမှာ ဈေးသွားရောင်းတာလေ။ "
"အေးလေ အဲ့တာဘာဖြစ်လဲ။ "
"အဲ့တာကွာ ... ကိုဆွတ်က ဈေးထဲထိလည်း မှုံနံ့သာဆီ ခဏခဏလိုက်တာတဲ့။
နောက်ပြီး မှုံနံ့သာဈေးရောင်းပြန်လာရင်လည်း လာကြိုသေးတယ်တဲ့။ သူတို့ပုံစံက တကယ့်ရည်းစားတွေအတိုင်းပဲတဲ့ကွာ။
ဪ နောက်ပြီး ကိုဆွတ်ကလည်း အမြဲတမ်းလိုလို မှုံနံ့သာ့အိမ်မှာချည်းပဲတဲ့။
ငါက ဒီကောင် ခံစားရမှာစိုးလို့ အသိပေးတာပါကွာ။ "
ကျော်လင်းဦး၏ စကားအဆုံးတွင် စိုင်းမင်းနောင်သည် ဘာမျှပြန်မပြောတော့ပဲ မျက်နှာတစ်ပြင်လုံး မည်းမှောင် သွားကာ၊ အံကိုတင်းတင်းကြိတ် လိုက်ပြီး လက်သီးကိုကျစ်နေအောင် ဆုပ် လိုက်၏။ သူ့ ရင်ထဲတွင်လည်း မနာလိုစိတ် နှင့် အမျက်ဒေါသ တို့သည် မီးလျှံများကဲ့သို့ တောက်လောင်လာေတာ့သည်။
"ကိုဆွတ်က အတင်းလိုက်ကပ်နေတာရောမဖြစ်နိုင်ဘူးလား။"
ဒေါင်လွမ်းက ဝင်မေးတော့ ကျော်လင်းဦးက ပခုံးတွန့်ပြကာ ...
"အဲ့တာတော့ ငါလည်းသေချာမသိဘူးကွာ။
ငါ့အမေကတော့ ရည်းစားတွေဖြစ်နေတာ သေချာတယ်ပဲပြောနေတာ။ "
"သေချာလည်း အန်တီဘောက်က မှုံလေးနဲ့ သဘောတူမှာမဟုတ်ဘူး။ ဘယ်လိုပဲနေနေ မှုံ့ကိုငါပဲရစေရမယ်။ "
စိုင်းမင်းနောင်ရဲ့ မကျေမချမ်းကြုံးဝါးသံကြီးအဆုံးတွင် ဘေးကကောင်တွေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်ကြ၏။
_________________
"အကို "
မှုံနံ့သာသည် နူးညံ့သော အသံ ဖြင့် ခေါ်လိုက်လျှင် ဆွတ်ရိန်နော်က ခပ်ပြုံးပြုံးနှင့် ပြန်ထူးလေသည်။
"ဗျ "
ကြည်လင်နေသော အကို့ထူးသံလေးကြောင့် မှုံပြုံးလိုက်၏။
"နောက်၃ရက်နေရင် အင်းတော်ကြီးပွဲ(အင်းတော်ကြီးဘုရားပွဲ)
စတော့မှာလေ။ "
"အင်း ... အဲ့တာဘာဖြစ်လို့လဲ။ "
"မှုံသွားမလို့ "
"ဟင် "
"မှုံလည်း ကိုယ့်ဟာကိုယ်ဆို မသွားနိုင်ပါဘူး ... ဟိုတလောက
ကျောက်အောင်သွားတဲ့ အန်တီမာလွင်တို့က မှုံတို့ဈေးသည်တွေကို လိုက်ပို့ပေးမှာတဲ့ ... မှုံတအားသွားချင်နေတဲ့ နေရာလေး ရောက်ဖူးတော့မယ် ... အဟင်း "
မှုံနံ့သာသည် ပျော်ရွှင်လွန်း၍ ရယ်မောလိုက်ပြီး၊ မျက်နှာတွင်လည်း တောက်ပသော အပြုံး တို့ဖြင့် ပြည့်နှက်နေရှာသည်။
"အဲ့တာကြောင့် မှုံလေးက ပျော်နေတာပေါ့ "
သူမလေးက မျက်လုံးများအရောင်လက်ကာ သွားချင်နေတယ်ဆိုတော့ မခွဲနိုင်လို့ မသွားပါနဲ့လို့ တားမယ့်စကားများတောင် ပျောက်ရှသွားရ၏။
အပျော်တွေက လျှင်မြန်စွာကူးစက်လာကာ သူ့ရင်ထဲမှာလည်း ကြည်နူးမှုလှိုင်းလုံးကြီးတွေ ကြွလာတော့သည်။
"ဟုတ် ... အင်းတော်ကြီးဘုရားပွဲကို သုံးကြိမ်ပြည့်အောင်ရောက်ဖူးရင် ဆုတောင်းပြည့်တယ်တဲ့ ... ဒါပေမယ့် သွားတဲ့နှစ်တိုင်း ဆုတစ်ခုတည်းကိုပဲ တောင်းရမှာ"
"အဲ့တော့ မှုံလေးက ဘာဆုတောင်းမှာလဲ။
အင်း ... လိုအပ်ချက်တွေက အများကြီးပဲဆိုတော့ ဘာဆုတောင်းရမှန်းတောင် ကောင်းကောင်းမသိသေးဘူး။
သူမလေးက ဒီအတိုင်းပြောလိုက်ပေမယ့် သူ့ရင်ထဲမှာတော့ ဆစ်ခနဲ ဆူးနစ်အောင့်မျက်သွားရ၏။
"ပြောလို့သာပြောတာပါ ... ဒီနှစ်သာ သူများလိုက်ပို့လို့ရောက်မှာ။
နောက်နှစ်တွေက ရောက်ဖို့ မသေချာပါဘူး။ ဒါပေမယ့် ဘုရားကခေါ်ရင်တော့ ရောက်မှာပေါ့ ... အင်းတော်ကြီးဘုရားက တန်ခိုးကြီးတယ်လေ သွားဖို့ ဘယ်လောက်စီစဉ်ထားထား ဘုရားက မခေါ်ရင်
မရောက်ဘူးလေ ... အင်း ဘုရားကခေါ်ချင်တဲ့သူကျတော့လည်း ဘာအစီအစဉ်မှမရှိပဲ ဆိုင်းမဆင့် ဘုံမဆင့်နဲ့ရောက်သွားကြတာပဲ။
အင်းတော်ကြီးဘုရားကို ၃ခေါက်ပြည့်အောင်ရောက်ဖို့ကလည်း လွယ်တာမဟုတ်ဘူး အကိုရဲ့...
ပိုက်ဆံတွေရှိနေလည်း ဖူးခွင့်မရှိရင် ရောက်တာမဟုတ်ဘူးလေ။ "
"ဟုတ်ပါပြီဗျာ ... ကိုယ်ကလည်း မှုံလေးလိုအပ်တာတွေ
တစ်ခုချင်းဖြည့်ဆည်းပေးပါ့မယ်လို့ ကတိပေးတယ်နော်။ ".
ဆွတ်ရိန်နော်သည် သူမ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး တည်ကြည်စွာ ကတိပေးလိုက်သည်။
"ဟုတ် ... အပြန်ကျရင် အကို့အတွက် လက်ဆောင်ဝယ်ခဲ့မယ်နော်။
အဲ့အချိန်ဆို ပွဲဈေးဆိုတော့ ဈေးတွေလည်း ချိုတယ်တဲ့။ "
"အွန်း ... ဘယ်နှရက်တဲ့လဲ။ "
"၃ရက်လို့ပြောတာပဲ။"
"ကိုယ်တော့ လွမ်းနေရတော့မှာပဲကွာ။ "
"၃ရက်ပါပဲ အကိုရဲ့။ "
"တစ်စက္ကန့်လေးတောင်မတွေ့ရရင် မနေနိုင်ဘူး။ "
"ပိုပြန်ပြီ အကိုကတော့။ "
မှုံ ရှက်သွေးဖြာ သွားကာ မျက်နှာလွှဲလိုက်သည်။
"လိုတောင်လိုနေတာပါကွာ။
အဲ့ဒီက ပြန်လာရင် လက်ထပ်ကြမလား။ "
"အို ... အကိုနော် ဘာဆိုင်လို့လဲ။ "
"မဆိုင်ဘူးလား ... ကိုယ်ကတော့ မင်းနဲ့ဆိုင်ချင်နေပြီ။ "
အကိုက သူ့ရဲ့မျက်ဝန်းစူးရှရှတွေနှင့် မှုံ့မျက်နှာအားစိုက်ကြည့်ကာပြောတော့ မှုံ့ရင်တွေအခုန်လွန်ကာ ဖိန်းတိန်းရှိန်းတိန်းဖြစ်လာပြီး မျက်နှာလေးမှာလည်း ပူနွေးလာတော့သည်။
"တော်ပါတော့ဆို ... အကိုကလည်း "
"အဲ့တာဆို ကိုယ်တို့ ဘယ်တော့လောက် လက်ထပ်ကြမလဲ။ "
ဆွတ်ရိန်နော်သည် အလျှော့မပေး ဘဲ ထပ်မေးပြန်သည်။
"မှုံတို့က ငယ်သေးတယ်လေ အကိုရဲ့။ "
"မငယ်တော့ပါဘူးကွာ။
ကိုယ်တို့ထက်ငယ်တဲ့သူတွေတောင် ယူကုန်ကြပြီကို "
"တော်ပြီအကိုရယ် မှုံအခုအချိန်မှာ အဲ့တာတွေ မစဉ်းစားချင်သေးဘူး။ "
"ကိုယ့်ကို လက်ထပ်မှာတော့ သေချာပါတယ်နော်။ "
"ဟင် ..."
ဆွတ်ရိန်နော်၏ စိုးရိမ်စိတ် အရိပ်အယောင်များပါဝင်နေသည့်စကားတွင် မှုံ တိတ်ဆိတ်သွားကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။
"ဟာ ဟေ့ အဲ့တာ ဘာစဉ်းစားနေတာလဲ။
စဉ်းစာစရာလိုလို့လားကွ ... မင်းနော် ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့
ကိုယ်ကမင်းကို လုံးဝလွှတ်ပေးမှာမဟုတ်ဘူး။ "
"..."
"ဟိတ် ... ကြားလားလို့ ဘာလို့တိတ်နေတာလဲ။
ကိုယ်အဲ့ပုံစံကြီးမကြိုက်ဘူးနော်။
မင်းကိုယ့်ကိုထားခဲ့လို့မရဘူး ... ကြားလား။ "
"အင်းပါ "
မှုံ့အတွေးတို့ အစွန်းရောက်စွာနှင့် ခပ်လေးလေးပြန်ဖြေလိုက်၏။
အပိုင်း (၃၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)