Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၃၇)

"သား ဘယ်က ပြန်လာတာလဲ။ "

ဆွတ်ရိန်နော် အိမ်ထဲဝင်ဝင်ချင်း အထူးတဆန်း ဆီးမေးလာတဲ့

အမေကြောင့် ဆံပင်တွေကို ထိုးဖွရင်း စုပ်တစ်ချက်သပ်ကာ ဖြေလိုက်၏။

"ရွာထဲကပေါ့ဗျာ "

မှုံနှင့် အဆင်မပြေဖြစ်လာတာကြောင့် လူကဘူနေကာ စိတ်လည်းမကြည်ပဲ ဘာမှပြောချင်စိတ်လည်းရှိမနေပါ။

"ကော့နန်ပြောတာ မင်းအခုတလော သူတို့အိမ်ဘေးက ကောင်မလေးဆီကို လာ လာနေတယ်ဆို "

"ဟမ် ... ဟုတ်တယ်လေ"

အတိအကျလာပြောထားတဲ့သူရှိနေမှတော့ သူလည်း ပါးစောင်မှာ လျှာကိုထိုးကပ်ထားရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်လေ လုပ်မနေနဲ့။

အဲ့ကောင်မလေးက ဆွေမျိုးအသိုင်းအဝိုင်းတွေလည်းမရှိတော့တဲ့

တစ်ကောင်ကြွက်မလား။

အဲ့လိုကောင်မလေး တစ်ယောက်တည်းရှိတဲ့အိမ်ကိုသွားတာ

သင့်တော်လား မသင့်တော်လားစဉ်စားလေ။

တကတည်း ဟိုကောင်မလေးကလည်း သင့်တော်၏ မသင့်တော်၏

မတွေးမိဘူးလား မသိဘူး ... တွေ့ကရာယောက်ျားအိမ်ထဲခေါ်သွင်းနေတာလားမသိပါဘူး။ "

ဒေါ်ဘောက်နူးသည် မဲ့ကာရွဲ့ကာ အသံရှည်ဆွဲ၍ ပြော‌ေနကာ သူမ၏ အသံတွင် အထင်အမြင်သေးမှု၊ စက်ဆုပ်ရွံရှာမှုနှင့် ကဲ့ရဲ့မှုတို့ ပြည့်နှက်နေ၏။

ထိုစကားများကြောင့် ဆွတ်ရိန်နော်၏ မျက်နှာကြီးက မဲပုတ်သွားကာ ဒေါသအရှိန်မြင့်တက်လာတော့သည်။

"အမေ ကျွန်တော့်ကောင်မလေးကို ဘာမှပြောစရာမလိုဘူး။

ဘယ်ယောက်ျားကိုမှ အိမ်ထဲခေါ်သွင်းနေတာလည်းမသိဘူး။

သူနဲ့ကျွန်တော်က အခုချစ်သူတွေဖြစ်နေကြပြီ ... ကိုယ့်ကောင်မလေးအိမ်ကိုယ်သွားတာ။

နောက်တစ်ခါ သူ့ကို့ ချိုးချိုးနှိမ်နှိမ်တွေမပြောနဲ့ ကျွန်တော်မကြိုက်ဘူး။ "

ဆွတ်ရိန်နော်၏ အသံတို့ကမာ-ထ-န်နေကာ ရရင်ဘတ်တို့မှာ

နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။

"အမယ်လေးလေး ...မယားစိတ်မွှန်ပြီး မအေကို ပြန်ရန်တွေ့နေလိုက်တာ ... မင်းနဲ့ အဲ့ကလေးမနဲ့က တကယ်ချစ်သူတွေဖြစ်နေကြပြီပေါ့လေ ဟုတ်လား။ "

"ဟုတ်တယ် "

ဆွတ်ရိန်နော်က ခပ်တိုတို ခပ်ပြတ်ပြတ် ပြန်ဖြေသည်။

"အေး ... ငါလုံးဝသဘောမတူဘူးနော်။ "

ဒေါ်ဘောက်နူးက လက်ညှိုးထိုးက ခပ်မာမာပြောတော့ ဆွတ်ရိန်နော်ကလည်း သူ့ဆုံးဖြတ်ချက်ကို မလျော့စတမ်း ထပ်မံအတည်ပြုလိုက်သည်။

"အမေ သဘောမတူလည်း ကျွန်တော်ကတော့ သူ့ကိုပဲယူမှာ။ "

"ဆွတ်ရိန်နော် ... မင်း အဲ့ကလေးမအကြောင်း ဘယ်လောက်သိလဲ ဟမ် ... သူက မင်းကို တကယ်ချစ်တာမဟုတ်ဘူး ...သူဌေးသားမှန်းသိလို့ကပ်နေတာသိ‌ရဲ့လား။ "

သူတို့မျိုးရိုး ဘယ်လိုရှိလဲ မင်းမသိဘူးလား ဟမ် "

"သိတယ် ... အကုန်သိတယ်။

အဲ့တာ သူနဲ့ဘာဆိုင်လို့လဲ။

သူက အမေထင်နေသလို မဟုတ်ဘူး ။ "

"အမယ်လေး ... မင်းက မိန်းမတွေအကြောင်း ဘယ်လောက်သိလို့လဲ။ ဟိုက မင်းကို နဖားကြိုးထိုးချင်နေတာ သိရဲ့လား။ "

"ကျစ် ... အမေလွန်လာပြီနော်။ "

"ဘာ ... အဲ့တော့ မင်းက ဘာလုပ်ချင်တာလဲ။

မစိတ်မွှန်ပြီး မအေကိုဘာလုပ်ချင်သေးတာလဲ ပြောစမ်းပါဦး။ "

"ကျစ် ..."

"အဲ့ကလေးမအမေ ဘာရောဂါနဲ့သေသွားလဲ မင်းသိလား။

မတော် ရင် အဲ့ကလေးမဆီမှာတောင် ကူးရင်ကူးနေမှာ ...

ငါကတော့ ငါ့သားလေးကို လူညွန့်အတုံးမခံနိုင်ဘူး။"

"အမေတို့က အဲ့တာပဲ သူများကို မဟုတ်တာတွေနဲ့ လျှောက်သမုတ်နေကြတာ။ "

"ဟဲ့ ... ဘာမှသမုတ်တာမဟုတ်ဘူး။

ပုတ်လို့ပေါ် ဟုတ်လို့ ကျော်တာပဲ။ "

"တော်ပြီ ... အမေနဲ့ ဘာမှမပြောချင်တော့ဘူး။

အမေသိအောင်တော့ ပြောလိုက်မယ် ကျွန်တော် မှုံလေးကို တကယ်ချစ်တာ ... သူ့ကိုပဲယူမှာ။ "

ပြောချင်တာပြောကာ အိမ်ပေါ်ထပ်သွားလျှင်

ဒေါ်‌ေဘာက်နူးကတော့အောက်မှာ စွေ့စွေ့ခုန်ကျန်ခဲ့တော့၏။

"ဟဲ့ ... ဆွတ်ရိန်နော် ပြန်လာစမ်း ပြန်ဆင်းလာစမ်း ငါသဘောမတူဘူးလို့ပြောနေတယ်လေ။ "

"ဟာ ... ဆူညံနေတာပဲကွာ ဘာတွေဖြစ်နေတာလဲကွ။ "

အခုမှ အပြင်က ပြန်လာတဲ့ ဦးဆွတ်ဆိုင်းအောင်က မျက်နှာကြီးမဲ့ကာ ပြောတော့ ဒေါ်ဘောက်နူးက သူ့ယောက်ျားအား ဆီးကာတိုင်လေသည်။

"ဘာဖြစ်ရမလဲ ... ရှင့်သားပေါ့ ရည်းစားထားနေတယ်တဲ့။ "

"ဟာ ... မင်းကလည်းကွာ ဘာများလဲလို့။

သူ့အရွယ်နဲ့သူ ရည်းစားထားတာ ဘာဖြစ်လဲကွာ ။ "

"ဪ ... ကျွန်မကလည်း သင့်တော်တဲ့သူနဲ့ဆို ပြောမလား။

အခုက ဘယ်လိုမှ မသင့်တော်တဲ့သူနဲ့ဖြစ်နေလို့ပေါ့။ "

"ဘယ်သူမို့လို့လဲကွာ "

"ဘယ်သူကမလဲ ... ကျွန်မတို့ရွာက သူများမယားငယ်လုပ်ပြီး

AIDS နဲ့‌ဆုံးသွားတဲ့ မိန်းမရဲ့ သမီးနဲ့တဲ့လေ။ "

"ဟေ "

"မဖြစ်ပါဘူး ... ကော့နန်ပြောသလို သင့်တော်တဲ့ မိန်းကလေးရှာပြီး စီစဉ်ဦးမှပါ။ "

"မင်းစီစဉ်လည်း မင်းသားက လက်ခံမှာတဲ့လား။ "

"အို ... မိဘက ကောင်းစေချင်လို့လုပ်ပေးတာ။ "

"အမေ့ဟာအမေ ဘယ်သူနဲ့စီစဉ် စီစဉ် ကျွန်တော်က မှုံလေးကိုပဲယူမှာ။ "

အိမ်ပေါ်ထပ်ကနေ လှမ်းအော်တဲ့ ဆွတ်ရိန်နော် စကားကြောင့်

ဒေါ်ဘောက်နူးရဲ့ မျက်နှာကြီးက အကျည်းတန်သွားတော့သည်။

"နင့်ပါးစပ်ပိတ်ထား။ "

_________________

"မှုံလေး "

တံခါးဝမှနေ၍ ပြုံးစစမျက်နှာပေးနှင့် ဝင်လာတဲ့ အကို့ကိုတွေ့တော့ မှုံ ပြန်ပြုံးပြရန် ပြင်လိုက်သော်လည်း နှာခေါင်းဝသို့ တိုးဝင်လာသော ရနံ့တစ်ခုကြောင့် မျက်ခုံးတို့ တွန့်ကျိုးသွားရ၏။

"အကို အရက်တွေသောက်လာပြန်ပြီမလား။ "

"ဟင် ... မသောက်ပါဘူး မှုံလေးရဲ့။ "

ဆွတ်ရိန်နော်က ကပျာကယာနှင့် လက်ခါကာ အကြောက်အကန်ငြင်းလိုက်၏။

သို့သော် မှုံက သူ့မျက်လုံးများကို စူးစိုက်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်ထားလိုက်ကာ ...

"အကို မှုံ့ကို လာမလိမ်နဲ့။ "

"မလိမ်ပါဘူး မှုံလေးရဲ့ ... ကိုယ်တကယ်ပြောတာပါ။ "

"ကျစ် ... ကိုယ်ဆွတ်ရိန်နော် မှုံလိမ်တာကို မုန်းတယ်နော်။ "

"မှုံလေးကလည်း ..."

မျိုးမင်းထက်အိမ်သွားရင်း နမ့်စပိန်း(နမ့်စပိန်းအရက်)အစစ်တွေ့တာနဲ့ တစ်ခွက်ဝင်ကစ်လာမိတာပါ။

အနံ့မထွက်အောင် ပီကေတွေ‌ သုံးခုတောင် ဝါးလာတာကို ဒီကောင်မလေးက ဘယ်လိူသိသွားပြန်သည်မသိ။

အခုတော့ သူ့ကိုကြည့်နေတာ စားမတတ် ဝါးမတတ်နှင့်ပင်။

သနားကမားရုပ်ကလေးလုပ်ပြနေတာတောင် အကြည့်စူးစူးတွေက လျော့မသွားပါ။

သူမလျှော့တော့ ကိုယ်က လျှော့ရတော့မှာပေါ့။

"ပြန်ရမှာလား။ "

ဆွတ်ရိန်နော်က မျက်နှာငယ်လေးနှင့် သူမအား မရဲတရဲလေးမျက်လုံးလှန်ကြည့်ကာပြောတော့ မှုံက တည်တင်းနေတဲ့ မျက်နှာလေးအား လုံးဝမချပဲ ...

"ပြန် ..." ဟု တစ်ခွန်းတည်းပြောလေသည်။

"တကယ်ကြီး ပြန်ရမှာလား။ "

ခပ်မဲ့မဲ့မျက်နှာလေးနဲ့ အတွန့်တက်ကြည့်ပြန်တော့လည်း ခပ်စူးစူးအကြည့်တစ်ချက်သာရလိုက်၏။

တော်တော် အသည်းမာတဲ့ကောင်မလေး။

"ကိုယ်တို့ ဒီနေ့ တစ်ခါမှ မတွေ့ရသေးဘူးလေ။ "

"အဲ့တာကို ဘယ်သူကအလေးမထားပဲ လုပ်လာတာလဲ။ "

"အလေးမထားတာ မဟုတ်ပါဘူးကွာ။

နမ့် နမ့်စပိန်းလေးတွေ့လို့ တကယ်တစ်ခွက်တည်းပါ။ "

"ဘာမှမပြောနဲ့ ... ပြန်တော့။ "

"မှုံလေးကလည်း ဒီတစ်ခါလေး ခွင့်လွှတ်ပေးလို့မရဘူးလား။ "

"အကို ... မှုံနှစ်ခါ မပြောဘူးနော်။ "

"အင်းပါ အင်းပါ ... ပြန်မယ်ဟုတ်ပြီလား။

အမြဲတမ်း လူကိုမောင်းထုတ်နေတာပဲ။ "

မကျေမနပ်နှင့် ပွစိပွစိပြောရင်း နှုတ်ခမ်းဆူကာ အိမ်ထဲမှ ထွက်လာရတော့သည်။ အပြင်ရောက်တော့ လေထဲလက်သီးထိုးရင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိ၏။သူကလည်း မနေနိုင်မထိုင်နိုင် သွားသောက်မိတာကိုး...

"ဒီပါးစပ်ကြီးက ဒီပါးစပ်ကြီးက ..."

သူ့ပါးစပ်ကြီးသူရိုက်ကာ ဘယ်သူ့ကိုစိတ်တိုရမှန်းပင်မသိတော့ပါ။

အဲ့တာ ဟိုကောင် မျိုးမင်းထက်ကြောင့် သူငြင်းတာကို နမ့်စပိန်းအစစ်ရတုန်းသောက်ဆိုပြီး အတင်းတိုက်လွှတ်လိုက်တာ။

________________

"‌ဆရာမ "

အနောက်ဘက်မှ လှမ်းခေါ်လိုက်သံကြောင့် ဆွတ်ဆိုင်းပန် ခြေလှမ်းတို့တုန့်သွားကာ လှည့်ကြည့်လိုက်တော့ ‌မျိုးမင်းထက် ဖြစ်နေသည်။ ‌မျိုးမင်းထက်က ခေါ်သည်နှင့် ဆွတ်ဆိုင်းပန်ကလည်း အလိုက်တသိရပ်ပေးလိုက်၏။

မျိုးမင်းထက်က လက်ထဲတွင် ကိုင်ထားသည့် နှင်းဆီပန်းနီနီလေးအား ကမ်းပေးလိုက်လျှင် ဆွတ်ဆိုင်းပန်က ပြုံးလျက် လှမ်းယူပြီး သူမ၏ သပ်ရပ်သော ဆံထုံးလေးတွင် ချက်ချင်းပင် ထိုးလိုက်၏။

"ကျေးဇူးပဲနော်။ "

"ဟုတ် ... ဟို ဟို "

မျိုးမင်းထက်၏ ပုံစံက ဂဏှာမငြိမ်ဖြစ်နေကာမျက်လုံးတွေက ဟိုကြည့်ဒီကြည့်နှင့် တစ်ခုခုကို ပြောချင်နေပုံရသော်လည်း နှုတ်ဖျားက ထွက်မလာ။

ဆွတ်ဆိုင်းပန် ဆက်သွားဖို့လုပ်ရာမှ သူ့အမူအရာကြောင့် ရပ်စောင့်ပေးလိုက်သည်။

"ပြောစရာရှိလို့လား ..."

"ဟုတ် ... ဟို ... ဒါ ဒါလေး "

တုန်တုန်ယင်ယင်ဖြစ်နေတဲ့ လက်နှစ်ဖက်နှင့် စာအတ်ပန်းရောင်လေးအား ထိုးပေးတော့ ဆွတ်ဆိုင်းပန်က အထူးတဆန်းကြည့်ကာ ...

"ဟင် ... အဲ့တာက ဘာလဲ။ "

"ဟို ... ဟို အဲ့တာက ကျွန်တော့် ... ဆရာမပဲ ဖတ်ကြည့်လိုက်ပါဗျာ ... ကျွန်တော် ကျွန်တော် သွားတော့မယ်။ "

"ဟောတော် "

ဆွတ်ဆိုင်းပန် လက်ထဲမှ ခြင်းတောင်းထဲသို့ စာအိတ်လေးကို အမြန်ထည့်ကာ ကလေးတစ်ယောက်လို သုတ်ခြေတင် ပြေးထွက်သွားတဲ့ ကောင်လေး၏ ကျောပြင်ကိုကြည့်ရင်း ဆွတ်ဆိုင်းပန်မှာ ကြောင်အမ်းအမ်းနှင့် ကျန်ခဲ့ရ၏။ သို့သော် သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများက အလိုလို ကွေးညွတ်တက်သွားကာ ပါးပြင်ပေါ်တွင် သဲ့သဲ့မျှသော အပြုံးနုနုလေးတစ်ခု ဖြစ်ထွန်းလာခဲ့သည်။

အပိုင်း (၃၈) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၆) နောက်အခန်း - အပိုင်း (၃၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ