Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၃၉)

အေးမြကြည်လင်သော နံနက်ခင်းဖြစ်ပြီး နေရောင်ခြည်က သစ်ရွက်ကြားမှ ခပ်သဲ့သဲ့ ဖြာကျနေသည်။

ခရီးထွက်ရတော့မည့် စိတ်လှုပ်ရှားမှုနှင့်အတူ မှုံတစ်ယောက်

ညကတည်းက ပြင်ဆင်ထားသည့် အပြာရောင်ပါတိတ်ဝမ်းဆက်လေးကို ဝတ်ဆင်ထားပြီး ခရီးသွားရမည်ဖြစ်၍ ကျောလယ်လောက်ရှိတဲ ဆံပင်ကိုတော့ ခရီးသွားမှာဆိုတော့ ပွမနေအောင် ကျစ်ဆံမြီးသာကျစ်လိုက်၏။

ထို့နောက် ပါးပြင်ထက်တွင် သနပ်ခါးရည်ကျဲ ပါးကွက်လေး နှစ်ဖက် ကွက်ထားရာသူမ၏ ဖြူစင်နူးညံ့သော မျက်နှာလေးမှာ ပို၍ လှပလန်းဆန်းနေသည်။

သွားချင်တဲ့နေရာလေး ရောက်ဖူးတော့မှာဖြစ်တာကြောင့် ကြည်နူးနေမိသည်။

ပြင်ဆင်လို့ပြီးသွားလျှင် ညကတည်းက ပြင်ထားပြီးသားဖြစ်တဲ့ အဝတ်အစားနှင့် လိုအပ်တာတွေထည့်ထားသည့်ခရီးဆောင်အိတ်အား ပြန်စစ်လိုက်၏။

အကုန်စုံတာသေချာပြီဆိုမှ အိတ်ကို ဇစ်ပိတ်ကာ ချထားလိုက်သည်။

နာရီကိုလှမ်းကြည့်လိုက်တော့ ၇နာရီပဲရှိသေး၏။

မနက်၈နာရီသွားမှာလို့မှာထားကာ မှုံက ၇နာရီခွဲလောက်အရောက်သွားမှာဖြစ်ပြီး အခုက ၇နာရီပဲရှိသေးတာကြောင့် အိမ်တံခါး‌သော့ခတ်ပြီး အိမ်ရှေ့က တန်းလျားမှာ ခဏထိုင်နေလိုက်သည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်ပြီး သစ်ပင်အနည်းငယ်ရှိရာမှ လေညှင်းသဲ့သဲ့ တိုက်ခတ်နေသည်။

ထိုစဉ် ရုတ်တရက် အသံတစ်သံက သူမ၏ ငြိမ်သက်နေသော ကမ္ဘာလေးထဲကို ဝင်ရောက်လာသည်။

"ဟိတ် "

မှုံလန့်ပြီး မော့ကြည့်လိုက်တော့...

"ဟင် ... အကို "

ဆွတ်ရိန်နော်က သူမအနားရောက်လာကာ ပြုံးယောင်သန်းနေသော မျက်နှာနှင့်အတူ လက်ထဲမှ မုန့်ထုပ်များနှင့် အချဉ်ထုပ်များကို လှမ်းပေးလိုက်သည်။

"ရော့ "

ဆွတ်ရိန်နော် မျက်လုံးတို့က ချစ်မြတ်နိုးမှု အပြည့်နှင့် မှုံကို စိုက်ကြည့်နေလေသည်။

"ဘာတွေလဲ။ "

"လမ်းမှာစားဖို့ အချဉ်ထုပ်တွေနဲ့ မုန့်ထုပ်တွေ"

"ပိုက်ဆံကုန်အောင် ဘာလို့လျှောက်ဝယ်လာတာလဲ။

မှုံ့ဟာမှုံ ဝယ်ပြီးသားကို "

"လုပ်ပြန်ပြီ ... စားစေချင်လို့ပေါ့ကွ။

နောက်ပြီးတော့ ဒီမှာ "

ခါးကြာမှာထိုးထားတဲ့ ဖုန်းကိုထုတ်ကာ ပေးလျှင် မှုံ့မျက်လုံးလေးဝိုင်းသွားကာ သူ့အား နားမလည်စွာ လှမ်းကြည့်လေသည်။

"ဘာလဲ အကို "

"ဖုန်းပေးတာလေ ..."

"မှုံ့ကိုလား "

"အင်းပေါ့ကွ ...ယူသွား။ "

"ဟာ ... မယူချင်ပါဘူး အကိုကလည်း "

"အောဟော ... ဒီကောင်မလေးကတော့။

မျက်နှာမမြင်ရရင်တောင် အသံလေးတော့ ကိုယ့်ကိုကြားခွင့်ပေးပါဦး ... မယူချင်လည်းယူသွား ကိုယ်ဖုန်းဆက်မှာ။ "

"အကိုကလည်း "

"မလည်းနဲ့တော့ ... ဒီဖုန်းကလည်း ကိုယ်မန်းလေးမှာနေတာန်းက

ရတဲ့ပိုက်ဆံနဲ့ဝယ်ထားတဲ့ဖုန်း "

"အသစ်ကြီးလား "

"ဟင် ... မဟုတ် မဟုတ်ပါဘူး ... ကိုယ်မသုံးချင်တော့လို့ ပစ်ထားတဲ့ဖုန်း "

ပြောင်ပြောင်တင်းတင်းပဲ မုသားသုံးလိုက်၏။

တကယ်က မနေ့ကမှ လုံးခင်းက ဖုန်းဆိုင်သွားပြီး ဝယ်ထားတဲ့ ဖုန်းအသစ်လေးဖြစ်၏။

သူ့ကိုယ်ပိုင်ပိုက်ဆံနှင့်ဝယ်ထားတာဆိုတာတော့အမှန်ဖြစ်သည်။

မန်းလေးမှာတုန်းက သူ့ဦးလေးပေးထားတဲ့ ပိုက်ဆံတွေကို မသုံးဖြစ်ပဲစုထားကာ အခုမှ အကျိုးရှိရှိအသုံးချလိုက်သည်။

"ဟင် ... အသစ်ကြီးအတိုင်းပဲကို ဘာလို့မသုံးတော့တာလဲ

နှမြောစရာကြီး။ "

"မော်ဒယ်အောက်သွားလို့ "

"အကိုကလေ ဖြုန်းကိုဖြုန်းတယ်။"

"အဟင်း ... အဲ့တာကြောင့် ယူသွားနော်

မဟုတ်ရင် ကိုယ်မင်းကိုလွမ်းရလို့ သေသွားလိမ့်မယ် "

"ပိုပြန်ပြီ ... ‌မတော်တဆ ပျောက်သွားမှာကြောက်တာ မှုံက "

"ဘာမှမဖြစ်ပါဘူး။

အလျော်တော့ပေးရမယ် ပိုက်ဆံနဲ့တော့မဟုတ်ဘူး လူကိုသိမ်းမှာ။ "

"အကိုနော် ပေါက်ကရတွေ။ "

မှုံ့မျက်နှာသည် ရဲသွားကာ ရှက်ပြုံး ပြုံးလိုက်သည်။

"တကယ်ပြောတာ ... ဟိုမှာ အလှတွေမပြင်နဲ့နော်။ "

"အင်းပါ ... အပြန်လက်ဆောင်ယူခဲ့မယ်နော်။

ရှမ်းကောင်လေးတစ်ယောက်လောက် "

"ဘာကွ ... မင်းနော် လုပ်ရဲရင်လုပ်ကြည့်လိုက် ပါလာတဲ့ကောင်သတ်ပစ်ပြီး မင်းကိုတစ်ခါတည်းအပိုင်သိမ်းပစ်လိုက်မယ်။ "

ဆွတ်ရိန်နော့်မျက်နှာသည် ချက်ချင်း တင်းမာသွားကာ

မျက်နှာကြောများပင် တင်းသွားသည်ကို မြင်ရသောအခါ မှုံရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ...

"ဟီးဟီး ... စတာပါ အကိုကလည်း မျက်နှာကြီးကလည်း ဖြစ်သွားလိုက်တာ။"

"ကျန်တာနဲ့စ ... အဲ့တာနဲ့တော့မစနဲ့။ ဒီကောင်ကြီးက ခံနိုင်ရည်မရှိဘူး။ "

"အဲ့လောက်တောင် မှုံ့ကိုချစ်တာလား။"

"ဒါပေါ့ ..."

"အရမ်းမချစ်နဲ့ ... အများကြီးချစ်ရင် အများကြီး ပင်ပမ်းရတယ်။ "

"ချစ်မှာပဲ ... အချစ်က ပင်ပမ်းခြင်းမှမဟုတ်ပဲ။

ကိုယ်ကတော့ အဲ့လို ခံယူထားတာမဟုတ်ဘူး။

အများကြီးချစ်ရင် အများကြီးကြည်နူးရတယ်။

မှုံလေး မျင်နှာလေးကို မြင်နေရရင် မှုံအသံလေးကို ကြားနေရင်

ချစ်နေရရင်ကို ကြည်နူးနေမိတာ ပျော်နေမိတာ။ "

"..."

အကို့စကားတွေကြောင့် မှုံဘာမျှပင်ပြန်မပြောနိုင်တော့လောက်အောင် ဆွံအသွားမိကာ ကိုယ့်ကိုယ်ကိုယ် မသိလိုက်ခင်မှာပဲ မှုံအကို့အား ဖက်လိုက်၏။

မျက်ဝန်းထက်မှာ မျက်ရည်မကျအောင် ထိန်းထားနိုင်ပေမယ့် ရင်ထဲမှာတော့ ငိုနေမိတော့သည်။

ဆွတ်ရိန်နော်လည်း ရုတ်တရတ်လာဖက်တဲ့ သူမအပြုအမူကြောင့်

တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အံ့အားသင့်သွားကာ တစ်ဆက်တည်းပင် ရင်ခုန်သံတို့ကလည်း နှိုးစက်မြည်သလို

အလိုအ‌လျှောက်ပင်အဆက်မပြတ်တုန်ခါ မြည်ဟီးလာတော့သည်။

သူ့ခါးကိုကြပ်နေအောင်ဖက်ကာ သူ့ရင်ခွင်မှာမျက်နှာအပ်ထားတဲ့ သူ‌မဆံပင်လေးတွေအား လက်တစ်ဖက်နှင့် ခပ်ဖွဖွပွတ်ပေးကာ

ကျန်လက်တစ်ဖက်နှင့် သူမခါးလေးကို နွေးထွေးစွာ ပြန်လည် ဖက်တွယ်ထားလိုက်သည်။

"မှုံလေး ဘာဖြစ်လို့လဲကွ။ "

"ဟင့်အင်း "

"ဘာလဲ ကိုယ့်စကားတွေက ရင်ထဲထိသွားလို့လား။ "

သူမဝမ်းနည်းနေတာ‌သိ‌တာကြောင့် ပြေလိုပြေငြား ရယ်ကျဲကျဲနှင့်

စလိုက်တော့ သူ့ရင်ဘတ်ပေါ်သို့ လက်သီးဆုပ်ကလေးက ညင်သာစွာ ကျရောက်လာကာ သူ့ခါးကိုဖက်ထားတဲ့လက်ကို ဖြုတ်ချကာ ရင်ခွင်ထဲမှ ခေါင်းလေးက တိုးထွက်ဖို့လုပ်တာကြောင့် လွှတ်မပေးပဲ သူမခေါင်းလေးအား ရင်ခွင်ထဲပြန်ထည့်ထားလိုက်၏။

"ဖက်ထားပါဦးကွာ ... ၃ရက်ကြီးတောင်ခွဲရတော့မှာ။ "

"ဟင့်အင်း ... နောက်ကျနေလိမ့်မယ်။

လွှတ်ပေးဦး မှုံသွားတော့မယ်။ "

သူမလေးရဲ့ အသံတိုးတိုးလေးကြောင့် ရင်ခွင်ထဲမှ မျက်နှာလေးအားထုတ်ကာ သူမမျက်နှာလေးအား လက်ဝါးနှစ်ဖက်နှင့်အုပ်ကိုင်၍ ၃ရက်ခွဲရမယ့်မျက်နှာလေးအား အချိန်အတော်ကြာ

ကြည့်‌ နေလိုက်သည်။

သူမလေးကလည်း နားလည်စွာ မျက်တောင်လေးပုတ်ခပ်ပုတ်ခပ်နှင့်

ပြန်ကြည့်လာတော့ ချစ်စိတ်တွေပြည့်လျှံနေတဲ့ ရင်အစုံက ဝုန်းဒိုင်းကြဲလာကာ သမာဓိတွေကိုင်းညွှတ်လျှက် ဆေးမကူပဲ ရဲစွေးနေတဲ့ နှုတ်ခမ်းသားလေးဆီ ချဉ်းကပ်မိတော့သည်။

"အွန့် ... ပြွတ်စ် "

အကို့အကြည့်တွေကြောင့် မှုံရင်တုန်နေရင်းမှ မှုံ့မျက်နှာပေါ်

စိုက်ကျလာတဲ့ အကို့မျက်နှာနှင့်အတူ နွေးခနဲဖြစ်သွားတဲ့ နှုတ်ခမ်းအစုံကြောင့် မျက်လုံးတွေဝိုင်းစက်သွားတော့သည်။

"အွန်း ... ပြွတ်စ် ပြွတ်စ် "

သည်းကြီးမဲကြီး နမ်းရှိုက်နေတဲ့ အကို့အနမ်း‌တို့ကြောင့် ရင်တွေတုန်ရီလာကာ ခြေချောင်းလေးတွေက ကုတ်သွားကာ အိမ်အပြင်လူမြင်ကွင်းမှာဆိုတဲ့ အသိက ဝင်လာတော့ အကို့ကိုယ်လုံးကြီးအား တွန်းဖယ်ရတော့သည်။

သို့ပေမယ့် ‌ တောင့်တင်းခိုင်မာလှတဲ့ အကို့ကိုယ်လုံးကြီးက ကျောက်ရုပ်သဖွယ်ဖြစ်နေကာ မှုံ့အားသေးသေးလေးနှင့် ရွေ့တောင်မရွေ့ပဲ ဆက်လက်နမ်းရှိုက်နေတဲ့အကို့ကြောင့် အနမ်းတွေကြောင့် တုန်ရီလှိုက်ဖိုနေတဲ့ ရင်အစုံက ကြောက်ရွံ့ထိပ်လန့်စိတ်တွေ တိုးဝှေ့လာတော့သည်။

"အွန့် ... အ အကို သူ များ တွေ မြင် ...အွန်း ပြွတ်စ် "

အကိုရင်ဘတ်ကြီးအား ထုရိုက်တွန်းထုတ်ကာ ပြောနေပေမယ့်

အကို့နှုတ်ခမ်းနှင့် စေ့စေ့ပိတ်ခံထားရတာကြောင့် စကားသံတို့က ထွက်မလာပဲ လည်ချောင်းဝတင် တစ်နေလေ၏။

"ပြွတ်စ် ... ပြွတ်စ် "

နှုတ်ခမ်းသား တစ်လွှာချင်း တိုးဝှေ့နမ်းရှိုက်နေကာ မျက်နှာနှစ်ခုကြားတွင် ဝင်လေ ထွက်လေ ခပ်မျှင်းမျှင်းလေးနှင့်အတူ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် နမ်းရှိက်သံသဲ့သဲ့က အတိုင်းသားကြားနေရလေသည်။

"ပြွတ်စ် "

နောက်ဆုံး အဆုံးသတ်အနေနှင့် သူမနှုတ်ခမ်းလေးအား နမ်းရှိုက်လိုက်ပြီး ခပ်ဖွဖွအုပ်ကိုင်ထားတဲ့ လက်ကိုလွှတ်ကာ ဆွဲငင်နေချင်သေးတဲ့ နှုတ်ခမ်းလေးကိုလည်း မရမက ခွါလိုက်ရ၏။

အကို့နှုတ်ခမ်းမှ လွတ်ထွက်သွားသည်နှင့် မှုံ အသက်ပင်မရှူနိုင်သေးပဲ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်ကာဘယ်သူမှ မရှိတာ သေချာမှ သက်ပြင်းမောကြီးချကာ အသက်ကို ဝဝရှူလိုက်၏။

ထို့နောက် မှုံ့ထက်ခေါင်းတစ်လုံးစာပိုရှည်တဲ့ အကို့မျက်နှာကြီးအား မော့ကြည့်ကာ မျက်စောင်းထိုးလိုက်တော့ အကိုကမှုံ့အား စပ်ဖြဲဖြဲနှင့် မျက်ခုံးနစ်ချက်ပင့်ပြလိုက်သေး၏။

မှုံစိတ်ထဲထောင်းခနဲဖြစ်သွားကာ မကျေမနပ် ပြောချင်သေးပေမယ့် နောက်ကျမည်စိုးတာကြောင့် ခြံတံခါးပိတ်ကာ ခပ်သုတ်သုတ်ထွက်လာရတော့သည်။

ဒါတောင် အကိုက မှုံ့ခရီးဆောင်အိတ်ကို လှမ်းဆွဲကာ လိုက်ပို့ပေးဦးမည်ဆိုတာကြောင့် မှုံအံကြိတ်သံနှင့် မကျေမနပ်ဆိုခဲ့မှ နှာခေါင်းကြီးရှုံ့သွားကာ ကျန်ခဲ့တော့၏။

လမ်းရောက်မှ လေအေးတစ်ချက်ဝှေ့တိုက်သွားတဲ့ မှုံ့နှုတ်ခမ်းလေး ပူနွေးကျိန်းစပ်နေခြင်းအား သတိထားမိကာ လက်နှင့်ခပ်ဖွဖွတို့ကြည့်ရင်း ကြက်သီးလေးများထသွားကာ စိတ်ထဲမှလည်း စပ်ဖြဲဖြဲနှင့် အကို့မျက်နှာအား ပြန်မြင်ယောင်ကာ မေတ္တာပို့လိုက်သည်။

အပိုင်း (၃၉) ဆက်ရန် ...(ဇာတ်ရှိန်က တက်တော့မှာမို့ ဖတ်ရတာပျင်းလာရင်လည်း သည်းခံပြီးစောင့်ပေးကြပါဦးနော်)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၈) နောက်အခန်း - အပိုင်း (၄၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ