မှုံခြင်းထဲသို့ ကုန်စိမ်းတွေအကုန်ထည့်ကာ ခြံတံခါးဖွင့်ပြီး ထွက်ဖို့ပြင်လျှင် ဗြီးခနဲလီဗာညှစ်သံနှင့်အတူ ဆွတ်ရိန်နော်ရဲ့ ဆိုင်ကယ်က သူမအရှေ့သို့ ထိုးရပ်လာ၏။
"ဟင် ... အကို အစောကြီးပဲ ဘာလာလုပ်တာလဲ။
မှုံက ဈေးရောင်းသွားတော့မှာ"
ဆွတ်ရိန်နော်က ဆိုင်ကယ်ပေါ်မှ မဆင်းသေးဘဲ ပြုံးယောင်သန်းနေသော မျက်နှာဖြင့် ...
"အွန်း ...ကိုယ် ဈေးလိုက်ပို့ပေးမလို့လေ။ "
ဟု မာန်ပါပါ ပြောလိုက်၏။
"ဟမ် ... မလိုပါဘူးအကိုရဲ့။
ခါတိုင်းလိုက်နေကျ သုံးဘီးနဲ့ပဲ လိုက်မှာလေ။ "
"ကိုယ်လိုက်ပို့ချင်လို့လေကွာ။ "
"ဟာ ... အကိုကလည်း သူများတွေမြင်ကုန်လိမ့်မယ်။ "
"အစောကြီးရှိသေးတယ်လေကွာ။ "
"စောလည်း လူတွေရှိတာပဲကို ... မှုံ့ဟာမှုံ သွားနေကျအတိုင်းပဲ သွားပါမယ် အကိုရယ်။ "
မှုံက မရမကငြင်းတော့ အကို့ထံမှ မကျေမနပ်အသံထွက်လာ၏။
"ဟာ ... မမိုက်ပါဘူးကွာ။
ကိုယ်က လိုက်ပို့ချင်လွန်းလို့ အမှီလာရတာကို။ "
"ဒီအတိုင်းပဲသွားေနကျကို မှုံအဆင်ပြေပါတယ်အကိုရဲ့။ "
"ကိုယ်အဆင်မပြေဘူးလေ။ "
ထိုစကားကြောင့် မှုံ သက်ပြင်းချလိုက်မိသည်။ ဒီအကိုနဲ့တော့ ခက်ပါပြီ။
"ဟင်း ... အကိုမရစ်နဲ့တော့ ... မှုံသွားတော့မယ်။
သုံးဘီးမမှီပဲနေလိမ့်မယ်။ "
"မမှီရင် ကိုယ်လိုက်ပို့မှာပေါ့။ "
"ကျစ် ... အကို့ ..."
မှုံအော်လိုက်တော့မှ အကိုက နှာခေါင်းကြီးရှုံ့သွားကာ ...
"ဟုတ်ပါပြီ ... ဟုတ်ပါပြီကွာ ... သွား သွား။
သုံးဘီးနားထိတော့ လိုက်ပို့မယ်လေ။ "
"တော်ပါပြီဆို "
"အေးပါကွာ ... အဲ့တာဆိုလည်း အိမ်ပဲ ပြန်အိပ်တော့မယ် သွားပြီ။"
ပြောပြောဆိုဆိုနှင့် ဆူအောင့်အောင့် မျက်နှာထားဖြင့် ဆိုင်ကယ်လီဗာကြီးကို အတင်းဖြဲကာ ဗြုန်းခနဲ မောင်းထွက်သွားလေသည်။ မကျေမနပ်ဖြင့် ထွက်ခွာသွားသော အကို့၏ ကျောပြင်ကျယ်ကြီးနှင့် ကလေးဆန်လွန်းသော ထိုအပြုအမူကြောင့် မှုံ့နှုတ်ခမ်းပါးလေးများ ကွေးညွတ်သွားသည်အထိ တိတ်တိတ်လေး ပြုံးလိုက်မိ၏။
လူကသာ အကောင်ကြီးကြီး၊ စိတ်ကတော့ ကလေးလေးလိုပါလား။ သူက အကြီးလား၊ အငယ်လားပင် မသဲကွဲတော့ပါ။
_______________
မှုံ ဈေးရောင်းပြီး အိမ်ပြန်ရောက်လာတော့ အိမ်ရှေ့က ရေထည့်တဲ့စဉ့်အိုးတွေထဲမှာ ရေအပြည့်ဖြစ်နေ၏။
အကိုလာခပ်ပေးသွားပြန်ပါပြီ။
ဘယ်လိုတားတားလည်း မရ၊ သူ့သဘောနှင့်သူ လုပ်ချင်ရာလုပ်တတ်သော ထိုလူသားကို တားမရသည့်အဆုံး လက်လျော့လိုက်ရတော့သည်။
မှုံဈေးခြင်းတွေချကာ ခဏနားပြီး ရေချိုးကာ အဝတ်အစားလဲ၍ လိမ်းနေကျသနပ်ခါးပါးကွက်လေးနှစ်ဖက်ကိုလည်း လိမ်းထားလိုက်၏။
မှန်ထဲတွင် ပေါ်နေသော ပုံရိပ်သည် ရိုးရှင်းသော်လည်း မြင်သူငေးရလောက်သော စွဲမက်ဖွယ် သဘာဝအလှတရားဖြင့် ပြည့်စုံနေတော့သည်။
အကုန်ပြင်ဆင်ဖြီးလိမ်းလို့ ပြီးသွားမှ ထမင်းစားဖို့ အုပ်ဆောင်းဖွင့်ကြည့်လိုက်တော့ ဟင်းတွေက အများကြီးဖြစ်နေတာကြောင့် မှုံ
သက်ပြင်းချလိုက်မိသည်။
မှုံ အကို့ဆီက ဘာကိုမျှ မလိုချင်ပါ။
အရင်လို မြေးအဘွားနှစ်ယောက်တည်း စားနေကျ ထမင်းဝိုင်းလေးက ဟာသွားသည်ကို မြင်လိုက်ရတော့ ရင်ထဲ ဝမ်းနည်းမှုလေးများ တရိပ်ရိပ် တိုးလာပြန်သည်။
သို့သော် ဂျီးက ဘုရား၊ တရား ကိုင်းရှိုင်းသူဆိုတော့ ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်နေမှာတော့ သေချာပါသည်။ ထိုအသိစိတ်လေးတစ်ခုဖြင့်သာ မှုံ့ကိုယ်မှုံ ဖြေသိမ့်ရင်း ထမင်းလုပ်ကို မြိုချလိုက်ရ၏။
ထမင်းစားသောက်ပြီး မှုံ့အပင်တွေကို ရေလောင်းနေစဉ် ရုတ်တရတ် မှုံ့ပါးပြင်ထက်မှ နွေးခနဲ အထိအတွေ့လေးရောက်ရှိလာ၏။
"အမလေး"
မျှော်လင့်မထားသော အထိအတွေ့ကြောင့် မှုံ့ကိုယ်လေး ဆတ်ခနဲ တုန်တက်သွားကာ လက်ထဲမှ ရေပုံးပင် လွတ်ကျသွားတော့သည်။ မျက်လုံးလေး အဝိုင်းသားဖြင့် အလန့်တကြား မော့ကြည့်လိုက်တော့ သူမအနားတွင် ခပ်ပြုံပြုံးကြီး စိုက်ကြည့်နေသော အကို့အား တွေ့လိုက်ရ၏။
"အကို့ ..."
ရှက်စိတ်ကြောင့် မှုံ့မျက်နှာလေး ရဲတက်လာကာ ဘေးဘီဝဲယာကို လျှောက်ကြည့်ရင်း အသံမာမာဖြင့် အော်လိုက်တော့ အကိုက မုန်းစရာကောင်းလောက်အောင်ပင် တဟားဟားနှင့် အော်ရယ်လေသည်။
"မွှေးလိုက်တာကွာ ... သနပ်ခါးအနံ့ မွှေးကြည့်တာပါကွ
တမင်နမ်းချင်လို့ နမ်းတာမဟုတ်ဘူး။ "
လူလည်ကျသော အကို့စကားကြောင့် မှုံ့မျက်နှာမှာ ပို၍ပင် နီရဲပူနွေးလာသည်။
"အို ... အဲ့တာဆို ဟိုမှာ သနမ်ခါးတုံးကို သွားနမ်းပါလား။ "
"ဒီမှာ အဆင်သင့်ရှိနေတာပဲကို ... တကူးတကကြီးတော့ သွားနမ်းမနေတော့ပါဘူးကွာ။ "
"အကိုနော် ..."
"ဟားဟား ... စတာပါကွာ ... ကိုယ်အရမ်းနမ်းကြည့်ချင်ခဲ့တာ။
အမြဲတမ်း မင်းပါးပြင်လေးပေါ်မှာ ကိုယ့်နှုတ်ခမ်းလေးကပ်ပြီး စိတ်ကူးယဉ်ကြည့်ခဲ့ရတာ။ "
"အို... အကို ဘာ ဘာတွေပြောနေတာလဲ။ "
အကို့အပြောကြောင့် မှုံ့မျက်နှာတစ်ခုလုံး ရဲပလောင်းခတ်လာကာ ရင်ထဲတွင်လည်း ဗြောင်းဆန်နေတော့သည်။ နှလုံးသားတစ်နေရာတွင် လျှပ်စီးလက်သကဲ့သို့ ကျင်ခနဲ ခံစားလိုက်ရပြီး ရင်ခုန်သံများ မြန်ဆန်နေ၏။ လေပြည်ညင်းက သစ်ရွက်လေးတွေကို တိုးဝှေ့တိုက်ခတ်သွားသလိုမျိုး အကို့စကားလုံးတွေက မှုံ့စိတ်ကို လှုပ်ခတ်စေပါသည်။
ဆွတ်ရိန်နော်လည်း ရှက်သွေးဖြာနေသော သူမ မျက်နှာအမူအရာလေးအား ရွှန်းရွှန်းစားစားကြီး စိုက်ကြည့်နေမိပြီး သူမ မျက်တောင်ကော့ကော့လေးများ လှုပ်ခတ်နေပုံ၊ ပါးပြင်မို့မို့လေးများ နီရဲနေပုံတို့က သူ့ရင်ထဲတွင် လှိုင်းကြီးလေထန်သလို ဖြစ်စေတော့သည်။ ဘယ်လိုတောင် ပြုစားနိုင်လွန်းတဲ့ ကောင်မလေးလဲ။
"ထမင်းစားပြီးပြီလား"
သူက လေသံကို ပုံမှန်ပြန်ထိန်းရင်း မေးလိုက်၏။
"အွန်း ... နောက်တစ်ခါ ဟင်းတွေယူမလာနဲ့တော့နော် "
"ဘာလို့လဲကွ ... ကိုယ်က စားစေချင်လို့ ယူလာတာလေကွာ။ "
"မှုံ့အတွက် အဆင်မပြေဘူး ... မှုံ့အတွက် အကို့အိမ်ကနေ ဘာမှမယူခဲ့ပါနဲ့။ "
"မာနကြီးချက်ကလည်း လွန်ရောကွာ။"
"မာနကြီးတာမဟုတ်ပါဘူး ... ဒီအတိုင်းပဲ လူပြောမခံချင်လို့ပါ။ "
"ဟုတ်ပါပြီဗျာ။
ကိုယ်က မင်းနဲ့ထမင်းအတူတူစားမလို့လာတာကို စားတောင်ပြီးသွားပြီဆိုတော့ ..."
"ဟင် ဟုတ်လား ... မှုံလည်း ရေချိုးပြီးတာနဲ့ စားလိုက်တာ။
အကိုကလည်း ကြိုမှ မပြောထားတာ။
အကို အခုစားလိုက်လေ မှုံထမင်းခူးပေးမယ်။ "
"တော်ပါပြီ ... မှုံနောက်တစ်ထပ်စားမှပဲ အတူတူစားလိုက်မယ်။ "
"အကိုဗိုက်ဆာနေမှာပေါ့။ "
"မဆာပါဘူး။
အခု ဘာလုပ်စရာရှိလဲ ကိုယ်ဘာလုပ်ပေးရမလဲ။ "
"ဘာမှ လုပ်စရာမရှိပါဘူး။
ရေတွေလည်း မခပ်ထားပါနဲ့ဆို ... တော်ကြာ အကို့ဦးလေးတို့က
မှုံက ခိုင်းစားတယ်ဆိုပြီး ပြောနေဦးမယ်။ "
"မပြောတော့ပါဘူးကွ ... ပြောတော့လည်း ကိုယ့်ချစ်သူကိုယ် ခိုင်းစားတာ ဘာဖြစ်လဲလို့ ပြန်ပြောလိုက်ပေါ့ "
"အကိုနော် ..."
ပြောင်ချော်ချော်နှင့် အကို့အပြောကြောင့် မှုံမျက်စောင်းလေးထိုးပစ်လိုက်သည်။
"ကိုယ့်ကိုချစ်လား။ "
ရုတ်တရတ် တည်ကြည်သော လေသံဖြင့် မေးလာသော မေးခွန်းကြောင့် မှုံ မျက်လုံးလေး ဝိုင်းသွားရသည်။
"ဘာတွေလာမေးနေတာလဲ။ "
"ဒီအတိုင်းကြားချင်လို့မေးတာလေကွာ။ "
"ကလေးလည်း မဟုတ်ပဲနဲ့။ "
"ဟာ ... ကလေးမှ မေးရမှာလားကွ။
ဖြေကွာ ... မဖြေရင် ဖက်နမ်းမှာနော်။ "
အကိုက စိန်ခေါ်သလို မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလာလျှင် မှုံ့မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားပြီး ကာကွယ်ရန် လက်ကလေးကို ရွယ်လိုက်၏။
"အို ... အကိုနော် ဘယ်လိုဖြစ်နေတာလဲ။ "
"ချစ်နေတာလေ ... ဒီအသေးလေးကို အူယားပြီး ချစ်မဝဖြစ်နေတာ။ "
"အပိုတွေ "
"ဟေးဟေး ... ပိုသလား မပိုသလား လက်တွေ့ပြရမလားပြော။ "
မှုံ့တစ်ကိုယ်လုံးကို အပေါ်အောက် ဝေ့ဝိုက်ကြည့်ကာ ညစ်ကျယ်ကျယ်အပြုံးကြီးနှင့် ပြောလိုက်သော အကို့ကြောင့် မှုံ ကြက်သီးမွေးညင်းများပင် ထသွားရ၏။
"ဘယ်လိုကြီး ကြည့်နေတာလဲလို့။ "
မှုံကြောက်စိတ်ဝင်လာကာ အော်လိုက်တော့မှ အကိုက တဟားဟားရယ်ကာ အကြည့်လွှဲသွားတော့သည်။
"ပြန်တော့ "
"ဘာ "
"ပြန်တော့လို့ ..."
"ဟာ ... နှင်ထုတ်တာပေါ့။ "
"အကိုက တစ်ချိန်လုံး မှုံ့အိမ်မှာပဲနေနေရင် လူတွေရိပ်မိကုန်ကြမှာပေါ့။ "
"ဟာ ... ဒါချည်းပဲကွာ။
ဘာလို့ အဲ့ပတ်ဝန်းကျင်ကိုပဲ စောက်ဂရုစိုက်နေရတာလဲ။ "
"မစိုက်လို့ရမလား အကိုရဲ့ ... တစ်ခုခုဆို မိန်းကလေးဖြစ်တဲ့ မှုံပဲ အပြောခံရမှာ။ "
"အဲ့တော့ ကိုယ်က တကယ်ပြန်ရမှာလား။ "
"အင်းပေါ့ "
"ဟာ ... အခုမှ တွေ့လို့တောင် မဝသေးတာကို ရက်စက်တယ်ကွာ။ "
"မနက်ဖြန်မှ ပြန်လာခဲ့တော့နော်။"
"မနက်ဖြန်မဟုတ်ဘူး ... ညနေကျရင် ပြန်လာခဲ့မယ်။
ကိုယ် မင်းနဲ့အတူတူ ထမင်းလာစားမယ်။
စောင့်နေနော်။ "
"အင်း အင်း "
အိမ်အပြန်လမ်းသို့ ဦးတည်ရန် ပြင်နေရင်းမှ ဆွတ်ရိန်နော် ရုတ်တရတ် ရပ်တန့်လိုက်ကာ ...
"အိမ်ပြန်လက်ဆောင်အနေနဲ့ ဒါလေးတော့ ပြောကွာ "
"ဘာလဲ "
"ချစ်လား ..."
"ဟာ ... အကိုကလည်း "
"မပြောရင် လုံးဝ မပြန်ဘူး။ "
လူကောင်ကြီးနဲ့ မလိုက်ဖက်စွာ ပေတေတေလုပ်ကာ မတ်တပ်ရပ်ရာကနေ ကလေးဆိုးကြီးလို ကြမ်းပြင်ပေါ် ထိုင်ချလိုက်တဲ့ အကို့ကြောင့် မှုံ အခက်တွေ့ရပြန်သည်။ ဒီအကိုနဲ့တော့ တကယ်ပါပဲ။
"အကိုကလည်း ... ချစ်တယ်နော် ဟုတ်ပြီလား။
ပြန်တော့နော်။ "
ခပ်တိုးတိုးလေး ထွက်ပေါ်လာသော သူမစကားကြောင့် သူ့မျက်နှာကြီး ဝင်းပသွားေတာ့သည်။
"ဟားဟား ... ကိုယ်လည်း အများကြီးချစ်တယ်နော်။
အာဘွားတွေ အများကြီး ပေးပစ်လိုက်ချင်လိုက်တယ်ကွာ။ "
"အား အကိုနော် ... သွား သွား ပြန်တော့။ "
"ဟားဟား ဟား ဟား"
မှုံသည် လက်နှစ်ဖက်ဖြင့် အကို့ကို တွန်းထုတ်တော့မှ
တဟားဟား ရယ်မောရင်း ထွက်သွားတော့၏။
အကိုပြန်သွားတော့ မှုံ့မှာ ရင်ခုန်သံများ တဒိတ်ဒိတ်ဖြင့် ကျန်ခဲ့တော့သည်။
အချစ်ဟူသော အရာက ဤမျှလောက်အထိ ရင်ခုန်စရာကောင်းမှန်း အခုမှ သိပါတော့သည်။
အပိုင်း (၃၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)