"ဟာ ... ဟေ့ကောင် ဟိုမှာ မင်းရဲ့ အချစ်ပြိုင်ဘက်ကြီး "
မျိုးမင်းထက်က လမ်းတစ်ဖက်ခြမ်းကို မေးငေါ့ပြလိုက်လျှင်သူပြရာဆီသို့ ဆွတ်ရိန်နော် လှမ်းကြည့်လိုက်သည်။
သူနှင့် မျက်နှာချင်းဆိုင်လမ်းမှ လျှောက်လာနေသည်မှာ စိုင်းမင်းနောင်တို့အုပ်စု။
စိုင်းမင်းနောင်ကလည်း ဆွတ်ရိန်နော်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာထားတင်းမာသွားကာ မျက်မှောင်ကြီး ကြုတ်လိုက်သည်ကို အထင်းသားမြင်လိုက်ရသည်။ ထိုအမူအရာကိုမြင်တော့ ဆွတ်ရိန်နော်၏ နှုတ်ခမ်းထောင့်များက အလိုလို ကွေးညွတ်သွားကာ ...
"ဟ ... ဘာအချစ်ပြိုင်ဘက်လဲကွ။
အဲ့ကောင်က ငါ့ပြိုင်ဘက်မဟုတ်ပါဘူးကွာ။
ငါက အခု မှုံလေးရဲ့ တရားဝင်ချစ်သူဖြစ်သွားပြီ။
အဲ့ကောင်နဲ့ ယှဉ်စရာကိုမလိုတော့ဘူး ဟေ့ကောင်။ "
"အေးပါကွာ ... ရည်းစားလေးတစ်ယောက်ရတာကို မိုးပေါ်လည်း တက်သွားပါဉီးမယ်ကွာ။ "
"နိဗ္ဗာန်ထိတက်မှာကွာ ... တစ်ယောက်တည်းတော့မဟုတ်ဘူး
အချစ်ကလေးနဲ့ ..."
ဆွတ်ရိန်နော်က စပ်ဖြဲဖြဲနှင့်ပြောတော့ မျိုးမင်းထက်က နှာခေါင်းကြီး ရှုံ့သွားကာ ...
"ရွံစရာကြီးကွာ ... အဲ့ကောင်မလေးကလည်း မင်းကို ဘာကြည့်ပြီး ပြန်ကြိုက်တာလဲမသိဘူး။ "
မျိုးမင်းထက်က မဲ့ကာရွဲ့ကာပြောတော့ ဆွတ်ရိန်နော်က သူ့မျက်နှာသူ ပွတ်ကာ ခပ်တည်တည်နှင့် ဆိုလေသည်။
"ချောတယ်လေ "
"ထွီ ... ရွံတာကွာ။ "
"ဘာလဲ ... မှန်တာပြောတော့ မခံချင်ဖြစ်သွားတာလား။ "
"ဟားဟား ... ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်နေတာကတော့ကွာ။ "
မျိုးမင်းထက်က ဟားတိုက်ရယ်မောလိုက်လျှင် ဆွတ်ရိန်နော်က သူ့ဆံပင်ကို သပ်တင်လိုက်ရင်း...
"ဒါပေါ့ကွ ... ရည်းစားလေးကလည်း ရှယ်ချစ်တာလေ။ "
ထိုစကားအား နံဘေးမှ ကပ်ဖြတ်သွားတဲ့ စိုင်းမင်းနောင်ကြားအောင် တမင်အသံမြှင့်၍ ပြောလိုက်၏။ထိုအခါ စိုင်းမင်းနောင် ခြေလှမ်းများ တန့်သွားသည်ကို မျက်လုံးထောင့်ကပ်ကြည့်ရင်း ကျေနပ်သွားရသည်။
မှုံလေးက ဘယ်သူမှမသိအောင်တွဲမယ်ပြောလို့သာပါ ...
သူကတော့ ကြွားချင်လိုက်တာမှ ယားလို့။
မျိုးမင်းထက်ကိုတော့ အရင်းနှီးဆုံး၊ပါးစပ်လုံတဲ့ကောင်မို့ ပြောပါရစေဆိုပြီး ခွင့်တောင်းထားရတာဖြစ်၏။
အခု မှုံလေးနဲ့တွဲနေတာသိတာက ဒီကောင်တစ်ယောက်တည်းဆိုတော့ ဒီကောင့်ကိုပဲ ကြွားနေရေသည်။
________________
"မှုံလေး ..."
အာလေးလျှာလေးအသံနှင့်အတူ တစ်ဆက်တည်း အရက်နံ့ပါထောင်းခနဲလိုက်ကာ အိမ်ထဲရောက်လာတဲ့ အကို့ကြောင့် မျက်ခုံးတန်းလေးများ ချက်ချင်း တွန့်ချိုးသွားရသည်။
"ဘာလုပ်နေတာလဲ အချစ်ကလေး။ "
ပြောပြောဆိုဆိုနှင့် သူမအနားသို့ ယိုင်တိုင်တိုင်လျှောက်လာပြီး ဖက်ဖို့ပြင်နေသော အကို့ကြောင့် မှုံ ကိုယ်လေးကို ဘေးသို့ရို့ရင်း ခြေလှမ်းကျဲကြီးဖြင့် နောက်ဆုတ်လိုက်၏။
"အကို အရက်တွေသောက်လာတာလား။ "
မှုံအသံမာမာနှင့် ပြောလိုက်တော့ အကိုက မျက်နှာငယ်လေးနှင့်
ရီဝေဝေ ပြုံးကာ ...
"နည်းနည်း ... နည်းနည်းလေးပါ။
ဒီလာရင်းနဲ့ လမ်းမှာ ဟိုကောင်တွေနဲ့တွေ့လို့ တစ်ခွက်ပဲ ဝင်မော့ခဲ့တာပါ ... တကယ် တစ်ခွက်တည်းပါ။
ကိုယ်မူးလည်း မမူးပါဘူး။ "
တကယ်လည်း သူမူးမနေပါ။ အထက်တန်းကျောင်းသားကတည်းက အရက်စသောက်လာတဲ့ သူ့အတွက်တော့ အရက်တစ်ခွက်က အာစွတ်ရုံသာရှိပါသည်။
သူဘာပြောပြော မှုံမျက်နှာထားတင်းတင်းက လျော့ကျမသွားပဲ
နှုတ်ခမ်းအတွင်းသားလေးအား ကိုက်ထားကာ ...
"နောက်တစ်ခါ အရက်သောက်ပြီး မှုံ့ဆီကို ဘယ်တော့မှ မလာပါနဲ့။
ပတ်ဝန်းကျင်အမြင်လည်း မသင့်တော်သလို မှုံလည်းမကြိုက်ဘူး။
အခုလည်း အကိုပြန်တော့။ "
"မှုံလေးကလည်း ကိုယ်တကယ် တစ်ခွက်တည်းသောက်ခဲ့တာပါကွာ။"
လက်ညှိုးတစ်ချောင်းထောင်ကာ ပြောနေတဲ့အကို့အား မှုံ စိတ်ပျက်သလိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဘယ်နှခွက်သောက်သောက် ...အရက်သောက်တာက သောက်တာပဲ ... အကိုပြန်တော့။ "
"အင်းပါ ... ပြန်မယ် ပြန်မယ်နော်။
ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော် "
"..."
"နော်လို့ ... "
"အင်း အင်း ... သွားတော့။ "
"အွန်း ... ကိုယ်မနက်ဖြန်ကျရင် ပြန်လာခဲ့မယ်နော်။ "
တတွတ်တွတ်ပြောရင်း မှုံစိတ်ဆိုးမှာစိုးလို့နှင့်တူပါရဲ့။
လှည့်ကြည့်လှည့်ကြည့်နှင့် ထွက်သွားလေသည်။
"ဟင်း ..."
အကိုထွက်သွားတော့မှ မှုံသက်ပြင်းရှည်ကြီးချကာ တန်းလျားပေါ်
ထိုင်ချလိုက်၏။
မဟုတ်လျှင်တောင် ကျောထောက်နောက်ခံမရှိ၊တစ်ကောင်ကြွက်ဖြစ်နေတဲ့ မှုံ့ကိုနည်းနည်းဆိုလျှင် လူတွေက မေးငေါ့ချင်နေကြတာပါ။ အဲ့တာကြောင့် မှုံနည်းနည်းကလေးမျှ အမှားမခံနိုင်ပါ။
နောက်ပြီး ငယ်ငယ်ကတည်းက အဖေ့ဆီက အမြဲရနေကျ အရက်နံ့ကို မှုံသိပ်မုန်းပါသည်။
___________________
လမ်းမပေါ်တွင် ကျောင်းသားအချို့ ဟိုတစ်စုသည်တစ်စု ရှိနေကြသည်။ ထိုအခ်ျန် အဖြူအစိမ်း ကျောင်းဆရာမ ဝတ်စုံလေးနှင့် ဈေးဆွဲခြင်းလေးကိုဆွဲကာ လှမ်းလာသော ဆွတ်ဆိုင်းပန်ကို လှမ်းမြင်လိုက်ရသည်နှင့် မျိုးမင်းထက်၏ ရင်တွေ ဗြောင်းဆန်သွားရသည်။
သူမ လာမည့်လမ်းကြောင်းကို တွက်ချက်ကာ လမ်းတစ်ဝက်မှ ကြိုစောင့်နေလိုက်ပြီး အနားရောက်သည်နှင့် လှမ်းတားလိုက်သည်။ သူ့လက်ထဲတွင် အသင့်ပါလာသော အနီရဲရဲ နှင်းဆီပန်းလေးတစ်ပွင့်ကို ကမ်းပေးလိုက်သည်။
"ဆရာမ "
သူ့အသံက နည်းနည်းတော့ တုန်နေသည်။
ဒီနေ့မှမဟုတ်ပါ ... သူအခုလို နေ့တိုင်းစောင့်ပြီး ပန်းဆက်သမားလေးလုပ်နေတာ အတော်ကြာနေပြီဖြစ်ပြီး ဖွင့်တော့မပြောရဲတာကြောင့် အခုအချိန်ထိ အဆင့်မတက်ကြသေးပါ။
"ကျေးဇူးပဲနော် "
ဆွတ်ဆိုင်းပန် ပန်းနုရောင်နှုတ်ခမ်းပါးလေးကို တွန့်ကွေးရုံလေး ပြုံးပြလိုက်ရင်း ပန်းလေးကို လှမ်းယူသည်။
နှုတ်ခမ်းစွန်လေးအားတွန့်ကွေးကာ မခို့တရို့လေးပြုံးပြလာတဲ့ ဆွတ်ဆိုင်းပန်ကြောင့် မျိုးမင်းထက်တစ်ယောက် ငုတ်တုပ်မေ့ရပြန်သည်။
အပြုံးလေးနဲ့သတ်တယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်လိမ့်မည်။
ဆွတ်ဆိုင်းပန်ကလည်း ဆွတ်ရိန်နော်လို သွားစွယ်လေးပါကာ
နည်းနည်းလေးပြုံးလိုက်တာနှင့် ပေါ်လာတဲ့သွားစွယ်လေးက အေးချမ်းလှတဲ့ မျက်နှာလှလှလေးနှင့်လိုက်ဖက်လွန်းစွာ သူ့ရင်အစုံအား ဆွဲညှစ်ခံလိုက်ရသလို ဝုန်းဒိုင်းကြဲသွားတော့သည်။
"ဟို ... ဟို ကျွန်တော် ဆွဲခြင်းဆွဲကူပေးရမလားဟင် "
ဒီနေ့တော့ အရဲစွန့်၍ အဆင့်တိုးဖို့ ကြိုးစားကြည့်မိလိုက်၏။
ဒါပေမယ့် သူမက အပြုံးချိုချိုလေးနှင့်ပဲ ခေါင်းကိုယမ်းကာ ...
"ရပြီ ... လေးတာလည်းမဟုတ်ပါဘူး။
ကျေးဇူးပဲနော်။ "
"ဗျာ ... ဟုတ် ဟုတ်ကဲ့။ "
မျိုးမင်းထက် ခေါင်းကုတ်လိုက်ကာ ခပ်စစလေးပြုံးလိုက်၏။
ရည်းစားမထားဖူးတာလည်းမဟုတ် သူလောက် အရင်ကဆို ရည်းစားစကားပြောဖို့ လွယ်တဲ့သူမရှိတာကို အခုကျမှ
သူမအရှေ့ဆို အာစေးမိထားသလို အယောင်ယောင်အမှားမှား၊
အထစ်ထစ်အအအ ဖြစ်နေတဲ့ သူ့ကိုယ်သူ စိတ်တိုကာ မချင့်မရဲဖြစ်မိ၏။
အခုတော့ တစ်လှမ်းချင်းလျှောက်သွားတဲ့ သူမနောက်ကျောလေးကိုပဲ ငေးကြည့်ရင်း သက်ပြင်းချရုံမှတစ်ပါး သူဘာမှ မတတ်နိုင်တော့။
_________________
နေ့လယ်ခင်း ထမင်းချက်ချိန်မို့ မီးဖိုချောင်ထဲတွင် ချက်ပြုတ်ကြော်လှော်နံ့များ သင်းပျံ့နေသည်။
"ယောင်းမ "
"အေ့... လာပြီ လာပြီ "
အိမ်ရှေ့ကနေ အသံကျယ်ကျယ်နှင့်လှမ်းအော်နေတဲ့ ဒေါ်ကော့နန်အသံကြောင့် ဒေါ်ဘောက်နူး ထမင်းချက်နေရာကနေ ထွက်လာခဲ့လိုက်၏။
"ရော့ ... ယောင်းမ မှာထားတဲ့ တောဝက်သားလာပို့တာ။ "
"အေးအေး ... လာထိုင်လေ။ "
"ထိုင်မှာ ... ပြောစရာလည်းရှိသေးတယ်။ "
"ဘာပြောစရာရှိလို့လဲ "
"ဘာကမှာလဲ ... ဟိုတစ်ခါ ငါပြောဖူးတဲ့ အဆွတ်နဲ့ ဘေးအိမ်က ကောင်မလေးတို့အကြောင်းလေ။ "
"အင်း ... သိတယ်လေ အဲ့တုန်းက ငါတောင် အဲ့ကောင်မလေးအိမ် သွားပြောထားသေးတယ်။ "
"အေး ... ယောင်းမက သွားပြောထားတယ်ဆိုပြီး အေးအေးဆေးဆေးလုပ်နေ အခု သူတို့က ရည်းစားတွေတောင်ဖြစ်ကုန်ကြပြီလားမသိဘူး။ "
"ဟင် ... ဟုတ်လို့လား။ "
"သေချာတော့မသိဘူး ... ဒါပေမယ့် သူတို့ပုံစံက အရင်နဲ့မတူတော့သလိုပဲ ... မရိုးဘူး။
ငါတို့လည်း ငယ်ရာက ကြီးလာတာပဲ ဒီလောက်တော့ ရိပ်မိပါတယ်။
ငါမှန်းရင်လည်း လွဲခဲတယ်။ "
"အေးအေး ... သားကို မေးကြည့်ပါဦးမယ်။
အဲ့ကောင်မလေးနဲ့တော့ သဘောမတူနိုင်ပါဘူး။ "
"ကောင်မလေးက အဘွားကလည်းဆုံးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တာဆိုတော့ အိမ်ထဲမှာ နှစ်ယောက်တည်း ဖြစ်ချင်တိုင်းဖြစ်နေကြမှာနော်။ ထိန်းမှာဖြင့် ဘာမှ လွန်လွန်ကျွံကျွံတွေမဖြစ်ခင်ထိန်းဦး ... မဟုတ်ရင်လည်း သင့်တော်တဲ့သူတစ်ယောက်ယောက်နဲ့ ပေးစားလိုက်ပါ။
အဲ့တာမှ စိတ်ချရမှာ။ "
"အေးအေး ... အဲ့ကောင်မလေးကလည်း ငါသွားပြောထားတာတောင် ငါ့သားနဲ့ဆက်ပတ်သတ်ရဲသေးတယ်ပေါ့။
သွားပြောတုန်းကတော့ တကယ်ပဲ မာနရှိတာလိုလို ဘာလိုလိုနဲ့
အထင်တောင်ကြီးမိတော့မလို့ "
"အမယ်လေး ...သူ့အမေပဲကြည့်လေ ... ရုပ်ကလေးတွေက သနားကမား မခုတ်တတ်တဲ့ကြောင်ရုပ်ကလေးတွေနဲ့။
အဲ့လိုပုံတွေနဲ့ပဲ ယောင်္ကျားတွေကို လိုက်ဖမ်းနေတာလေ။ "
"အေးပါ ... သေချာတယ်ဆိုလို့ကတော့ ငါနဲ့တွေ့မယ်။ "
"အေး ... အဆွတ်လေးကလည်း အဲ့လိုကောင်မလေးကိုများ ဘာလို့သွားကြိုက်သလဲမသိပါဘူး။
အင်း ... သနားကမားပုံစံလေးနှင့် မြူစွယ်လိုက်တာပဲနေမှာပေါ့။ "
သူမေးပြီးသူပြန်ဖြေနေတဲ့ ဒေါ်ကော့နန်က မိန်းမသားချင်းမစာမနာ
မဲ့ကာရွဲ့ကာ ပြောနေ၏။
သူမ စကားတွေကြားလေလေ ဒေါ်ဘောက်နူးက သူ့သားအတွက် ပိုစိုးထိတ်လာမိလေလေ ဖြစ်နေလေသည်။
အပိုင်း (၃၆) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)