Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၃၃)

မှုံနံ့သာသည် အိမ်တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာတာနှင့် အကို့အား တွေ့လိုက်ရ၏။

ဒီနေ့လည်း အစောကြီးရောက်နေပြန်ပါပြီ။

ဒီနေ့ဆို ဂျီးဆုံးတာ ၂လတောင်ကျော်သွားပြီဖြစ်သည်။

ထိုနှစ်လအတွင်းမှာ အကိုက မှုံ့အိမ်ကို မပျက်မကွက်ရောက်လာကာ

မှုံလိုအပ်တာတွေမှန်သမျှဝိုင်းလုပ်ပေးပြီး မှုံ့ကို တိတ်တဆိတ်နှစ်သိမ့်ပေးခဲ့၏။

မှုံလည်း အဲ့ဒီလို အကိုရှိနေပေးခဲ့လို့သာ ခံနိုင်ရည်ရှိခဲ့တာပါ။

"အကို... ဘယ်တုန်းက ရောက်နေတာလဲ။"

သူမ၏ အသံသည် နူးညံ့ပြီး တိုးတိတ်နေသည်။

"မကြာသေးဘူး ... မင်းနိုးပြီလားဆိုတာ သိချင်လို့... ကော်ဖီလာပေးတာ။"

သူက နွေးထွေးစွာ ပြုံးပြလိုက်ပြီး သူ့လက်ထဲမှ မွှေးပျံ့သော ကော်ဖီခွက်ကို သူမထံ ကမ်းပေးလိုက်သည်။

မှုံ ကော်ဖီခွက်ကိုလှမ်းယူလိုက်လျှင် အကို့လက်ဖဝါးနှင့် မှုံ့လက်ဖဝါးတို့ ထိသွား၏။ ထိုအခိုက်အတန့်တွင် မှုံ့ ရင်ခုန်နှုန်းတွေမြန်သွားပြီး မျက်နှာပြင်တစ်ခုလုံး နီရဲလာတာ‌ေကြာင့် အကို့ကိုကြည့်နေမိတဲ့ အကြည့်ကို လျင်မြန်စွာ လွှဲဖယ်လိုက်ပြီး ခပ်တိုးတိုး ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးပါ ... ထိုင်လေ "

"အွန်း "

သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်မှု ခဏတာ ဖြစ်ပေါ်သွားသည်။ ထိုတိတ်ဆိတ်မှုသည် စကားလုံးများထက် ပိုမိုကျယ်လောင်သော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။

ဆွတ်ရိန်နော်သည် သူမကို အကြာကြီး စိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းဖျားမှ တစ်စုံတစ်ရာ ပြောထွက်မလို ဖြစ်နေသည်။မှုံနံ့သာသည်လည်း သူ့အကြည့်စူးစူးအောက်တွင် ရင်ခုန်လှိုင်းများ ထန်နေပြီး၊ သူမ၏ တဒိန်းဒိန်းခုန်နေသော နှလုံးခုန်သံကို အကို ကြားသွားမည်ကိုပင် စိုးရိမ်နေမိသည်။

သူမရဲ့ ရင်ခုန်သံက သူမကိုယ်သူမ သစ္စာဖောက်လိုက်သလိုပင်။

ထိုအချိန်တွင်...

"ကိုဆွတ်... မှုံနံ့သာရေ... "

ရွှင်လန်းတက်ကြွသော အသံတစ်ခုက တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်ပြီး ဂျာမိုင်က အိမ်ဝင်းထဲသို့ ဝင်ရောက်လာ၏။ ဂျာမိုင့်အသံကြောင့် မှုံ လန့်ဖျပ်သွားပြီး အကို့ဘေးမှ ခပ်လှမ်းလှမ်းသို့ ဖျတ်ခနဲ ဆုတ်ခွာလိုက်မိသည်။ ထိုအပြုအမူကြောင့် အကို့မျက်နှာ အနည်းငယ် ပျက်သွားသည်ကို မှုံ သတိထားမိလိုက်၏။

"ဟယ်... နှစ်ယောက်သား ဘာတွေ ပြောနေကြတာလဲ။"

ဂျာမိုင်က ပြုံးစစဖြင့် မေးကာ သူတို့နှစ်ယောက်အား စူးစမ်းသလိုကြည့်လိုက်၏။

"ဘာမှမဟုတ်ပါဘူး ... ‌လာထိုင်လေ ဂျာမိုင်ရယ်။"

"အွန်း "

"ငါက အစောကြီးလာမိတယ်ထင်နေတာ။

ငါ့ထက်စောတဲ့သူကရှိနေတာကို ..."

ဂျာမိုင်က ရည်ရွယ်ချက်ရှိရှိဖြင့် ဆွတ်ရိန်နော်အနားတွင် ကပ်ထိုင်လိုက်ပြီး စကားစလိုက်သော်လည်း ဆွတ်ရိန်နော်၏ အကြည့်ကတော့ ဂျာမိုင်ကို ကျော်လွန်ကာ မကြာခဏဆိုသလို မှုံနံ့သာဆီသို့သာ ရောက်ရှိနေသည်။

မှုံကတော့ သူတို့နှစ်ဦးကို ရှောင်ဖယ်နေပြီး အိမ်အလုပ်များကိုသာ စိတ်နှစ်လုပ်ကိုင်နေလိုက်သည်။

"ကိုဆွတ်... ရောက်နေတာကြာပြီလား။ "

"မကြာသေးပါဘူး ... ခုနကမှ ရောက်တာ။"

"ဪ ..."

ဆွတ်ရိန်‌ေနာ်သည် ဂျာမိုင်နှင့်စကားနေသော်လည်း သူ့စိတ်က မီးဖိုချောင်ထဲမှာ ရှိနေသော မှုံနံ့သာဆီသို့သာ ရောက်နေ၏။

ထိုစဉ် မှုံက ရေနွေးအိုးကိုင်ကာ ထွက်လာရာ မတော်တဆ ဆွတ်ရိန်နော်၏ လက်မောင်းကို ပွတ်ဆွဲမိလိုက်သည်။

ထိုအခိုက်အတန့်တွင် သူမ၏ ကိုယ်ထဲသို့ လျှပ်စီးတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ဖြစ်သွားပြီး ကိုယ်ဟန်မပျက်အောင် ကြိုးစားလိုက်ရကာ ရင်ခုန်သံက ပိုမို မြန်ဆန်လာ၏။

"ကန်တော့်နော် "

သူမက ခပ်တိုးတိုး တောင်းပန်လိုက်လျှင် ဆွတ်ရိန်နော်က နွေးထွေးနက်ရှိုင်းသော အကြည့်ဖြင့် သူမမျက်ဝန်းကို စိုက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်၏။

"ရပါတယ်"

"..."

ဂျာမိုင်က သူတို့နှစ်ယောက်ကြားက ထူးဆန်းတဲ့ပုံစံကို မြင်လိုက်ရသော်လည်း သူမကိုယ်တိုင်က ဆွတ်ရိန်နော်ကို သဘောကျလွန်းနေတာကြောင့် ထိုအရာကို လစ်လျူရှုလိုက်၏။

သူမစိတ်ထဲမှာတော့ တစ်ခုခုကို သံသယဖြစ်နေမိသည်။

_______________

"အကို ... ရပါပြီဆို မလုပ်ပါနဲ့တော့ဆို "

"အာ... ခဏလေးပါကွာ ... ဒီတစ်ပုံးပဲ ကျန်တာ။"

သူ့ဦးလေးတို့အိမ်မှ ရေထမ်းကာ မှုံ့အပင်တွေကို ရေလောင်းပေးနေသော အကို့အား မှုံတားလိုက်၏။

မှုံတို့အိမ်က ရေတွင်းမရှိတာကြောင့် သူများအိမ်မှာ ရေသွားခပ်ပြီးသုံးရသည်။

အခုလည်း အကိုက ရေတွေဆွဲ တစ်ပုံးပြီးတစ်ပုံးကာ သွားဆွဲကာ

အပင်တွေ ရေလောင်းပေးနေတာကြောင့် မှုံမျက်နှာပူကာ အားနာလာရ၏။

ဘယ်လိုပြောပြောလည်းမရပဲ နေ့တိုင်းလာပြီး တစ်မျိုးမဟုတ်

တစ်ဟုတ် လုပ်ပေးနေလေရဲ့။

ဟိုတစ်နေ့ကလည်း မှုံတစ်ယောက်တည်းနေရတာ မိန်းကလေးတစ်ယောက်တည်း စိတ်မချရဘူးဆိုပြီး ဝါးတွေခုတ်လာပြီး ခြံစည်းရိုးပြင်ပေးသွားပြန်သည်။

အဲ့လိုတွေကြောင့် မှုံအကို့အပေါ် ယိမ်းယိုင်ချင်နေတဲ့စိတ်တွေက

တစ်စ တစ်စတိုးလာကာ သီသီလေးသာ ကျန်ပါတော့သည်။

အခုလည်း ရေလောင်းနေရင်း သီချင်းညဉ်းနေပြန်ရဲ့။

အကိုက ရုပ်ချောပေမယ့် အသံပါရမီကတော့ လုံးဝမပါပါ။

မုအပြည့်နဲ့ဆိုနေပေမယ့် နားထောင်မကောင်းတော့ နည်းနည်းတော့ ရယ်ချင်စရာကောင်းနေ၏။ ကီးက လုံးဝမကိုက်ပဲ နားထောင်လို့လုံးဝမကောင်းတဲ့ အကို့အသံကြောင့် မှံုလက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ကာ တိတ်တိတ်ကလေး ရယ်မောနေမိသည်။

🎶"ဝန်ခံလိုက်ပေါ့ မင်းချစ်တယ်ဆိုလည်းဒီတစ်ခါမလှည့်စားတော့နဲ့။

ဘယ်လိုအကြောင်းပြပြီး ငြင်းနေမှာလဲ။

ကြာရင် ငါရူးလိမ့်မယ်။

တကယ်ဆို ချစ်လျက်နဲ့ မုန်းယောင်ဆောင်ခဲ့တာ။

ငါမြင်နေတယ် မျက်ဝန်းနက်တွေထဲ။ "🎶

မှုံ စိတ်ထဲကနေ အကို့အသံကို ဟားနေမိရင်းမှ ဒီတစ်ပိုဒ်တည်းပဲ ထပ်ကာ ထပ်ကာ ဆိုနေတဲ့ အကို့ကြောင့် သီချင်းရဲ့ အဓိပ္ပါယ်ကို မှုံ ရုတ်တရက် သတိထားမိသွား၏။ ထိုအခါ ရယ်ချင်စိတ်တွေ ပျောက်ဆုံးသွားပြီး မျက်နှာပူသွားရ၏။

အကိုက မှုံ့ကို စောင်းဆိုနေတာပဲ။

မှုံ မရဲတရဲနှင့် အကို့ကို လှမ်းကြည့်မိတော့ အကို့အကြည့်တွေနှင့် တိုက်ရိုက်ဆုံသွားလျှင် မျက်လုံးတစ်ဖက်ကို မှိတ်ပြလာတဲ့ အကို့ကြောင့် မှုံ့ရင်တွေ "ဒိန်း" ခနဲ ဆောင့်ခုန်သွားတော့သည်။ အကြည့်တွေကို ကပျာကယာလွှဲရင်း ဟန်မပျက် မီးဖိုပေါ်က ထမင်းအိုးအဖုံးအား လက်ခုစုတ်မပါဘဲ ဒီတိုင်း ကိုင်လိုက်မိသည်။

"အ!"

လက်ဖဝါးပြင်တစ်ခုလုံး ပူခနဲဖြစ်သွားကာ ထမင်းအိုးအဖုံးကို ကယောင်ကတမ်း လွှတ်ချလိုက်မိလျှင် "ဂလွမ် ဂလွမ်" နှင့် ဆူညံသံတွေ ထွက်ပေါ်သွားတော့၏။

မှုံပူသွားလက်ကို နားရွက်ကိုထိကာ ပွတ်လိုက်လျှင်

ဘယ်ကတည်းက အနားရောက်လာသလဲမသိတဲ့ အကိုက မှုံ့လက်ကို ကိုင်ကာ အပူလောင်ထားသည့်နေရာကို သူ့ပါးစပ်နားတေ့ကာ တဟူးဟူးနှင့် မှုတ်ပေးနေ၏။

အကိုနှုတ်ခမ်းဝမှထွက်လာတဲ့ လေအေးအေးလေးနှင့်အတူ မှုံ့ရင်တွေ တဖျတ်ဖျတ်ခုန်လာကာ အကို့ မျက်နှာကို မဝံ့မရဲကြည့်ရင်း မျက်နှာတွေရဲတက်လာတော့သည်။အကို့မျက်နှာက အရမ်းကို နီးကပ်လွန်းနေသည်။

လူက ဘယ်လိုမှ မနေတတ်တော့တာကြောင့် အကို့လက်ထဲမှ မှုံ့လက်ကို ရုန်းလိုက်တော့ အကိုက မလွှတ်ပေးဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ကြည်တောက်နေတဲ့ မျက်ဝန်းနက်နက်တွေနှင့် မှုံ့ကို စိုက်ကြည့်နေ၏။ ထိုအခိုက်အတန့်တွင် အကိုက မှုံ့ဝိညာဉ်ကို ညှို့ယူသွားသလို မှုံ ဘာမျှ မတုံ့ပြန်နိုင်ဘဲ အကို့အကြည့်တွေထဲမှာပဲ နစ်မွန်းနေမိကာ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားသလိုပင်။

"ကိုယ့်ကိုချစ်လား။ "

တိုးရှညင်သာပြီး ဆွဲမက်ဖွယ်ရာကောင်းသော အကို့စကားအဆုံးတွင် မှုံ့နှလုံးသားထဲက ဖုံးကွယ်ထားသော စကားလုံးများက မှုံကိုယ်တိုင်ပင် မသိလိုက်မိပဲ အလိုအလျောက် ခုန်ထွက်လာခဲ့တော့သည်။

"ချစ်တယ် "

"ဘယ်လို ... တကယ် တကယ်လား။ "

"ဟင် ..."

တက်ကြွပျော်ရွှင်သွားသော အကို့အသံကို ကြားလိုက်ရမှ မှုံ အသိပြန်ဝင်လာကာ ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်ပြီး ခေါင်းကို တသွင်သွင် ခါယမ်းလိုက်သည်။

"မဟုတ် ... မဟုတ်ဘူး။

မှုံ ... မှုံ "

စကားလုံးတွေက မှုံ့လည်ချောင်းဝမှာ ထစ်အ နေကာ ရှက်လွန်း၍ မျက်နှာတစ်ခုလုံး မီးတောက်မတတ် ပူလာတော့သည်။

"မရဘူးနော် ... ကိုယ်က ပထမ စကားကိုပဲ အတည်ယူတယ်။ "

အကို့ရဲ့အသံက ပျော်ရွှင်မှုတွေ ပြည့်နှက်နေပြီး သံယောင်လိုက်စရာမလိုသော ခိုင်မာမှု ကို ပြသနေပါသည်။

အကို့အသံက မှုံရင်ကို လှုပ်ခတ်ရုံမျှမက ကြက်သီးများပင် တဖြန်းဖြန်းထသွားရ၏။

"မဟုတ်ဘူး ...ဟို "

မှုံ့မျက်နှာတစ်ခုလုံး ရဲတက် လာပြီး စကားအရှာရခက်နေစဉ် အကိုက မှုံ့ပခုံးနှစ်ဖက်ကို ကိုင်လိုက်ကာ ...

"တစ်ခါလောက် ... တစ်ခါလောက်ပဲ နှလုံးသားဆန္ဒကိုလိုက်ပြီး ကိုယ့်ကို ချစ်ကြည့်ပေးပါလား။ "

အကို့ရဲ့မျက်ဝန်းတွေဟာ လေးနက်တဲ့ တောင်းဆိုမှု နဲ့ နူးညံ့တဲ့ မျှော်လင့်ချက်တို့ ရောယှက်နေကာ ထိုအခိုက်အတန့်လေးအတွင်း မှုံ့ရဲ့ အသက်ရှုသံဟာပင် ရပ်တန့် သွားသလို ခံစားလိုက်ရသည်။

"ဟင် ..."

"ကိုယ့်ကိုဘာလို့ အဲ့လောက်ငြင်းနေလဲမသိပေမယ့် မင်းလည်း ကိုယ့်ကို ချစ်နေတယ်မလား။

ဘာလို့ ကိုယ့်ကိုယ်ကို ညာနေရတာလဲ။ "

အကိုက မှုံ့မျက်လုံးတွေကို စူးစိုက် ကြည့်ရင်း အတွင်းစိတ် ကို ဖောက်ထွင်းသိမြင်နေသည့်အလားပြောလာတာကြောင့် မှုံ့ကိုယ်လေး တောင့်တင်းသွားရ၏။

"မှုံ ..."

"ရှူး ..."

မှုံစကား မဆက်နိုင်အောင် အကိုက မှုံ့နှုတ်ခမ်း‌ပေါ်သို့ လက်ညှိုးကို ကန့်လန့်ဖြတ်တင်လိုက်ကာ အကြည့်စူးစူးတို့နှင့် စိုက်ကြည့်လာပြီး ...

"ကိုယ့်ကို မသနားဘူးလား။ "

"ဂျာမိုင်က ..."

"ကိုယ် အဲ့တစ်ယောက်ကိုလည်း အပြတ်ငြင်းပြီးသား။

တကယ်လို့ မင်းက ကိုယ့်ကိုငြင်းရင်တောင် ကိုယ်သူနဲ့ ဘယ်တော့မှ တွဲမှာမဟုတ်ဘူး။

သူများတွေထက် ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ကိုလည်း တစ်ချက်လောက်ပြန်ကြည့်ပါဦးကွာ။

တစ်ခါလောက်တော့ နှလုံးသားအလိုကို လိုက်ပေးပါဦး ... နော်။ "

"မှုံနဲ့အကိုတို့က ..."

"အခြေအနေက ကွာတယ်လို့ ပြောဦးမှာပဲမလား။

ကိုယ် အဲ့တာတွေ ဂရုမစိုက်ဘူး ... မင်းလည်း ဂရုစိုက်စရာမလိုဘူး။ ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်ရေးက ကိုယ်တို့နဲ့ပဲ ဆိုင်တယ်။"

"ဒါပေမယ့် ..."

"တစ်ခါလောက်ပဲ ... တစ်ခါလောက်ပဲ နှလုံးသားဆန္ဒကို လိုက်ပေးပါကွာ။ "

အကို့ရဲ့အသံဟာ တိုးလျ သော်လည်း မျက်ဝန်းများကမျှော်လင့်ချက် တို့ဖြင့် မှုံ့ကို စိုက်ကြည့်နေသည်။

မှုံ့ကို တောင်းဆိုနေတဲ့ အကို့အကြည့်တွေအား မှုံ တွန်းလှန်နိုင်စွမ်းမရှိတော့ပဲ မှုံ့ဦး‌နှောက်ရဲ့ ခုခံအား အားလုံးကို လက်လျှော့လိုက်ရတော့သည်။

မှုံလည်း တစ်ကြိမ်တစ်ခါလောက် ချစ်ကြည့်ခွင့်ရှိမလား။

"မှုံ အကို့ကိုချစ်တယ် ... ဒါပေမယ့် မှုံတို့ တွဲတာကို ဘယ်သူ့ကိုမှ

မသိစေချင်ဘူး။ "

"ဘာလို့လဲ။ "

"ဒီအတိုင်းပဲ ... အဲ့တာကို အကိုလက်ခံရင် မှုံတို့တွဲမယ်လေ။ "

"အိုကေ ... လက်ခံတယ်။

ကိုယ်လက်ခံတယ်။ "

"ဟုတ် "

"ဟား ... ဖြေ အဲ့တာဆို ကိုယ့်ကိုချစ်လား။ "

"ဟင် ... ခုနက ဖြေပြီးပြီလေ။ "

"ဟာ ... အဲ့တာက မှုံကယောင်ကတမ်းနဲ့ ဖြေလိုက်တာလေကွာ။ "

"အကိုပဲ အဲ့တာကို အတည်ယူလိုက်တာလေ ... အကိုနော် သူများကို လာမညစ်နဲ့။ "

"မညစ်ပါဘူးကွာ ...ကိုယ်က ကိုယ့်ချစ်သူလေးဆီက ချစ်တယ်

ဆိုတဲ့ အသံလေး ကြားချင်လို့ပါ နော် တစ်ခွန်းပဲလေ "

လက်ညှိုးလေးတစ်ချောင်းထောင်ကာ သနားစဖွယ်ပုံစံလေးလုပ်နေတဲ့ အကိုက ထိုစကားကို မကြားရတော့ရင်ပဲ သေတော့မလိုနဲ့ မူပိုနေ၏။

မှုံကလည်း အကို မူပိုနေတာသိနေပေမယ့် အကို့ရဲ့အကြည့်တွေနှင့်တင် တင်းခံမထားနိုင်ပဲ နှုတ်ဖျားမှ ခပ်ဖွဖွလေးဆိုလိုက်သည်။

"ချစ်တယ် ... အကို့ကိုချစ်တယ်။ "

"ဟား ... ကျေးဇူးပါကွာ... ကျေးဇူးပါ "

သူများတွေလို ပျော်လိုက်တာလို့ မပြောပဲ ကျေးဇူးပါလို့ ပြောနေတဲ့ အကို့အား မှုံငေးကြည့်နေမိလျှင် အကိုက မှုံပါးနှစ်ဖက်အား သူ့လက်ဖဝါးနှင့် ကိုင်ကာ မှုံ့မျက်နှာအား ချစ်ရည်ရွှမ်းနေသော အကြည့်များနှင့် စိုက်ကြည့်လျှက် ...

"ကိုယ် ... အဲ့စကားကြားရဖို့ ဘယ်လောက်တောင်မျှော်နေခဲ့ရသလဲ။ "

တောက်ပကြည်ရွှန်းနေတဲ့ အကို့မျက်ဝန်းတွေက အကို့ရဲ့ ပျော်ရွှင်မှုအတိုင်းအဆကို ဖော်ပြနေလေသည်။

မှုံ့ရင်ထဲတွင် ရင်ခုန်မှုနှင့်ပျော်ရွှင်မှုတို့ တပြိုင်နက်တိုးဝင်နေသလို

အကိုလည်း ထိုသို့ခံစားနေရမှာ သေချာပါသည်။

ဒါမှမဟုတ် အကိုက မှုံ့ထက်များပိုနေလေမလား။

အပိုင်း (၃၄) ဆက်ရန် ...(ရေးရင်း ရေးရင်းနဲ့ ဇာတ်မျောကြီးဖြစ်ပြီး ပျင်းကုန်ကြပြီလား)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၂) နောက်အခန်း - အပိုင်း (၃၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ