မှုံနံ့သာ လုံးခင်းဈေး၏ ကုန်စိမ်းတန်းတွင် သူမဟင်းသီးဟင်းရွက်ခြင်း ရှေ့၌ ထိုင်လျက်ရှိသည်။ မိုးအနည်းငယ်အုံ့ဆိုင်းသောကြောင့် ဈေးသည်များ နည်းပါးနေသော်လည်း သူမ၏ စိတ်ထဲတွင်မူ ထိုနေ့က အနမ်း၏ ပူလောင်မှုက မပျောက်နိုင်သေးပေ။ အကို့ရဲ့ နာကျင်မှုနှင့်ဒေါသပါသော အနမ်းနှင့် ဂျာမိုင်၏ တောင်းဆိုခဲ့သောစကားများသည် မှုံ့ ရင်ဘတ်ကို တင်းကျပ်နေစေသည်။
"မျက်နှာလေးကလည်း ညှိုးနေတာပဲကွာ ... ဘာလဲ ကိုယ့်ကိုလွမ်းနေတာလား။ "
မှုံ့ အတွေးကမ္ဘာလေး ပျက်စီးသွားစေသည်အထိ ရင်းနှီးကျွမ်းဝင်လွန်းလှသော၊ စနောက်သံပါသော ထိုအသံကြောင့် မှုံ့ကိုယ်လေး သိမ့်ခနဲ တုန်သွားရသည်။ မော့မကြည့်ဘဲ ဘယ်သူဆိုတာ သိနေသော်လည်း အလိုအလျောက်ပင် မော့ကြည့်မိလိုက်၏။
အကို ...
အကိုသည် မှုံ့ရဲ့ ဈေးခြင်းတောင်းဘေးတွင် မတ်တတ်ရပ်လျက်အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး၊ ဈေးနှင့်မလိုက်အောင် သန့်ပြန့်နေသည်။
"ဘာလာလုပ်တာလဲ။ "
မှုံနံ့သာက တင်းမာစွာ မေးလိုက်သည်။
"မင်းကို လာကြည့်တာပေါ့။"
ဆွတ်ရိန်နော်သည် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်အထိ ခပ်ပြုံးပြုံး ပြန်ဖြေလိုက်လျှင် ထိုအပြုံးကို မြင်လိုက်ရချိန်တွင် မှုံ့မျက်နှာလေးသည် အလိုအလျောက် ရဲခနဲ ဖြစ်သွားပြီး မျက်လုံးအကြည့်များကို ဘယ်ပို့ရမှန်းမသိ ဟိုဟိုဒီဒီ လွှဲဖယ်လိုက်မိသည်။
"ဒီမှာ လူတွေရှိတယ် ... ဘာတွေ လျှောက်ပြောနေတာလဲ။
သူများတွေ ကြားရင် တမျိုးထင်သွားမယ်။ "
"ကိုယ်က အဲ့လိုအထင်ခံချင်နေတာ။ "
ဆွတ်ရိန်နော်သည် သူမအနား တိုးကပ်လာ၍ ပြုံးစစနှင့် ပြန်ပြောလိုက်ပုံက ဘယ်သူ့ကိုမျှ ဂရုမစိုက်ဘူးဆိုတဲ့ ပုံနှင့်။
ပြောရင်းနှင့်ပင် ဆွတ်ရိန်နော်သည် သူမအနားသို့ ခြေလှမ်းကျဲကြီးများဖြင့် တိုးကပ်လာကာ ဒူးတစ်ဖက်ကို ကွေးကာ သူမမျက်နှာနားသို့ ငုံ့ကိုင်းလိုက်ရင်း ပြုံးစစနှင့် ပြောလိုက်ပုံက ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့လျော့ထားသည့်ပုံပင်။
"မင်း ကိုယ့်ကို ဘယ်လောက်ပဲ ငြင်းငြင်း ဘယ်လောက်ပဲ မာနနဲ့ ဝန်ထုပ်ဝန်ပိုးဆိုတဲ့ စကားလုံးတွေကို သုံးသုံး မင်းရဲ့ နှုတ်ခမ်းတွေက အမှန်တရားကို ဖော်ပြခဲ့ပြီးပြီလေ အသေးလေးရဲ့။ "
အကို့ စကားလုံးများက ထိုနေ့က အနမ်းကို မထိတထိ သတိရစေလိုက်သဖြင့် မှုံ့ ရင်ခုန်သံသည် နားထဲ၌ပင် ကျယ်လောင်နေသည်။ မှုံ့ ပါးပြင်များသည် ပို၍ ပူနွေးလာပြီး ရှက်ဒေါသ တို့ကြောင့် လက်ဖဝါးများကို တင်းကြပ်စွာ ဆုပ်လိုက်မိသည်။
တော်သေးတာက ဒီနေ့မှ ရာသီဥတု မကောင်းတာကြောင့် မှုံ့ဘေးနားက ဈေးသည်တွေမထွက်တဲ့နေ့ဖြစ်နေလို့ပင်။
"ဘာ... ဘာကို ပြောတာလဲ... အဲ့တာ အကို အတင်းအဓမ္မ လုပ်ခဲ့တာကို "
"အင်း... အတင်းအဓမ္မ လုပ်ခဲ့တာပေါ့။"
ဆွတ်ရိန်နော် သူမခင်းထားသည့်ဈေးတန်းမှ ခရမ်းချဉ်သီး တစ်လုံးကို ကောက်ကိုင်လိုက်ပြီး စိုက်ကြည့်ကာ တည်ငြိမ်စွာ ဆက်ပြောသည်။
"ဒါပေမယ့် မင်းကိုယ့်အနမ်းတွေမှာ ပျော်ဝင်ခဲ့တာပဲမလား။
မင်းရဲ့ နှလုံးသားကလည်း ဒီလို ဆင်းရဲချမ်းသာ အတားအဆီးတွေကြားက လွတ်မြောက်ချင်နေတာပဲ။
မင်းလည်း ကိုယ့်ကို ချစ်နေတယ်ဆိုတာ ကိုယ်သိတယ်။ "
ခရမ်းချဉ်သီးကို ခြင်းတောင်းထဲသို့ ဖြည်းညှင်းစွာ ပြန်ထည့်လိုက်ပြီး မှုံ့ မျက်နှာနားသို့ အသက်ရှူသံချင်း ရိုက်ခတ်နိုင်လောက်သည်အထိ တိုးကပ်လိုက်သည်။ အကို့အကြည့်နှင့် စကားလုံးများက မှုံ့သွေးကြောထဲအထိ စီးဝင်သွားကာ သွေးဆောင့်တက်လာသလို ခံစားလိုက်ရသည်။ မှုံ ဘာစကားမှ ပြန်မပြောနိုင်လောက်အောင် ရှက်ရွံ့ခြင်းနှင့် ရင်ခုန်ခြင်းတို့ လွန်ဆွဲနေ၏။
"အစ်ကို... အခုချက်ချင်း ထွက်သွားလိုက်ပါ။"
မှုံ သွားကြားမှ စကားသံကို အောင့်အီးကာ ပြောလိုက်သည်။
ထိုအခါ အကိုက မခိုးမခန့်ပြုံးကာ ...
"မသွားချင်ပါဘူး။ "
"မှုံ့ကို လာမနှောင့်ယှက်ပါနဲ့။
မှုံက အကိုတို့လိုမဟုတ်ဘူး။
ဒီဈေးရောင်းရမှ အဆင်ပြေမှာ။ "
"ကျစ် ..."
သူမစကားကြောင့် သူစုပ်တစ်ချက်သပ်ကာ ဂျင်းဘောင်းဘီအိတ်ကပ်ထဲမှ ၁၀၀၀တန်တစ်ရွက်ကို ယူလိုက်ပြီး သူမလက်ထဲ ထိုးထည့်ပေးလိုက်လျှင် သူမလက်ဖဝါးနုနုနှင့် သူ့လက်ဖဝါးကြမ်းကြမ်း ထိတွေ့သွားချိန်တွင် လျှပ်စီးစီးသွားသလို ခံစားလိုက်ရသည်။
စကားတစ်ခွန်းမျှ မပြောဘဲ သူမ ခြင်းတောင်းထဲမှ မုန်လာဥ တစ်တွဲကို ကောက်ယူကာ ဈေးထဲမှ လျှောက်ထွက်သွားတော့၏။
ကျန်ရစ်ခဲ့သော မှုံနံ့သာမှာ သူမ လက်ထဲမှ ၁၀၀၀ တန်ကို ငေးကြည့်နေမိသည်။ သူ ပေးသွားသော ပိုက်ဆံသည် ရောင်းဈေးထက် အများကြီး ပိုနေသည်။ သို့သော် သူမ ရင်ထဲတွင်မူ ဒေါသ၊ ရင်ခုန်မှုနှင့် ဝမ်းနည်းမှုတို့က အရှုပ်အထွေး ဖြစ်နေကာ မိုးသည်းထဲတွင် လမ်းပျောက်နေသူတစ်ယောက်လို ခံစားနေရတော့သည်။
__________________
နေ့ခင်းဘက်သို့ ရောက်လာသော်လည်း နေရောင်ခြည်သည် တိမ်တိုက်များကြားမှ တိုးထွက်လိုက်၊ ပျောက်ကွယ်သွားလိုက်နှင့် နေအပူချိန် လျော့နည်းနေကာ လေထုထဲတွင် စိုထိုင်းဆများ ကျန်ရှိနေဆဲ။
မှုံနံ့သာသည် ကုန်စိမ်းရောင်းရာမှ ပြန်လာကာ အိမ်နောက်ဖေး၌ မျက်နှာသစ်နေစဉ် အိမ်ရှေ့မှ အဘွား၏ စကားပြောသံကို ကြားလိုက်ရကာ ဧည့်သည်တစ်ဦး ရောက်နေပုံရသည်။
မှုံနံ့သာ အိမ်ရှေ့သို့ ထွက်ကြည့်လိုက်တော့ အကို့အမေ
ဒေါ်ဘောက်နူး ကို တွေ့လိုက်ရသည်။
အထူးတဆန်း မှုံ့တို့အိမ်ကို ရောက်လာတဲ့ အကို့အမေကြောင့် မှုံရင်ခုန်စိတ်လှုပ်ရှားစွာ တအံ့တဩကြည့်နေမိလျှင်ဒေါ်ဘောက်နူးမှ မှုံ့အား အပြုံးမည်သော အပြုံးမျိုးဖြင့် လှမ်းပြုံးပြလေ၏။
မှုံမှာမူ ကြောင်အမ်းအမ်းဖြင့် ပြန်ပြုံးပြလိုက်မိသလား၊ မပြုံးပြလိုက်မိဘူးလားတောင် ကိုယ့်ကိုယ်ကို မသိတော့ပါ။
"ညီမ ထိုင်လေ။ "
ဒေါ်နန်းကြာမှုံက ဖြူစင်ရိုးသားသော အပြုံးဖြင့် ဧည့်ခံစကားဆိုလိုက်လျှင် ဒေါ်ဘောက်နူးက ခပ်ဆိတ်ဆိတ်ပြုံး၍ ခေါင်းညိတ်ပြလေသည်။ ပြီးလျှင် သူမသည် မှုံနံ့သာကို အပေါ်အောက် အကဲခတ်သည့် အကြည့်ဖြင့် ကြည့်နေ၏။
"ဒါ ... အမ မြေးလေးလား။ "
"ဟုတ်ပါ့"
"သမီးလေးက လှတပတလေးပဲ ...
အမတော့ ကလေးတွေရဲ့အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ဘယ်လိုနေမလဲ မသိပေမယ့် ကျွန်မကတော့ ခေါင်းခဲနေရတယ်အမရယ်။
အမတို့လို လူကြီးတွေကတော့ သိပါတယ်လေ... ကိုယ်နဲ့ ကိုယ့်အသိုင်းအဝိုင်းနဲ့ သင့်တော်တဲ့သူကိုမှ ရွေးချယ်သင့်တယ် ဆိုတာကို။
ဟို အဆင့်အတန်းတို့လူမျိုးရေးတို့ ခွဲခြားတာ မဟုတ်ပေမယ့်
အသွင်မတူ အိမ်သူ မဖြစ်ဆိုတဲ့စကားလည်းရှိတော့
အန်တီကတော့ အန်တီ့အချစ်ဆုံးသားလေးရဲ့ အိမ်ထောင်ရေးကို ဘာအထိအခိုက် အမှားအယွင်းမှ အဖြစ်မခံနိုင်ဘူးပေါ့ သမီးရယ်။ "
ဒေါ်ဘောက်နူးက ဒေါ်နန်းကြာမှုံကို ပြောနေရာမှ မှုံနံ့သာဘက်သို့ ဖြည်းညှင်းစွာ လှည့်လာ၏။ သူမ မျက်ဝန်းများက အေးစက်စက်နိုင်လှကာ ဘာကို ဆိုလိုတာလဲဆိုတာ အတည့်မပြောလည်း မှုံ သိနေတာကြောင့် မှုံ့ရင်ထဲတွင် ဆူးတစ်ချောင်း စိုက်ဝင်သွားသလို တင်းကြပ် နာကျင်လာရသည်။
"အမလည်း သိတဲ့အတိုင်းပဲ ... ကျွန်မတို့ မိသားစုက အဆင်ပြေတော့ ကျွန်မတို့သားလေးကလည်း တချို့မိန်းကလေးတွေအတွက် မျက်စိကျစရာဖြစ်နေတာပေါ့။ "
ဒေါ်ဘောက်နူးသည် သူမစကားကို ခေတ္တရပ်နားပြီး မှုံ့ကို နူးညံ့သော်လည်း ဓါးသွားကဲ့သို့ ထက်ရှသော အကြည့်ဖြင့် စိုက်ကြည့်လေသည်။
"ကျွန်မသား သမီးတွေကို ကျွန်မကတော့ တော်ရုံလူနဲ့ သဘောမတူနိုင်ပါဘူး။ သူတို့နဲ့ တန်းတူ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းမျိုးကပဲ ဖြစ်စေချင်တယ်လေ။"
ထိုစကားလုံးများသည် မှုံနံ့သာကို တိုက်ရိုက် ရည်ညွှန်းနေကြောင်း ရှင်းလင်းနေကာ သူမသည် ပညာမတတ်၊ ဆင်းရဲသူ တစ်ယောက်အဖြစ် သွယ်ဝိုက်သောနည်းဖြင့် ပယ်ချခံလိုက်ရ ခြင်း ဖြစ်သည်။
ဂျီးကလည်း အကို့အမေ၏ စကားများကို နားလည်သွားဟန်တူသည်။
ဂျီးရဲ့ မျက်နှာသည်လည်း ရုတ်တရက် ဝမ်းနည်းသွားပြီး မှုံ့ကို လှမ်းကြည့်၏။
ဂျီးရဲ့ ထိုအကြည့်တို့သည် မှုံ့ ရင်ထဲတွင် မုန်တိုင်းတစ်ခုကို ဖြစ်စေသည်။ မှုံကိုယ်တိုင်ကလည်း ကိုယ့်အဆင့်ကိုယ်သိလို့ ငြင်းပယ်ခဲ့သော်လည်း အခုလို သူ့အမေထံမှ သွယ်ဝိုက်သော ဖိအားပေးမှု ခံရချိန်တွင် မာနနှင့် နာကျင်မှုတို့က ပေါက်ကွဲလုနီးပါး ဖြစ်လာ၏။
မှုံ့ မျက်လုံးများတွင် မျက်ရည်များ ပြည့်လာသော်လည်း မျက်ရည်မကျအောင် သွားများဖြင့် နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ကာ လက်သီးကိုလည်းကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ဒေါ်ဘောက်နူးကတော့ သူမပြောချင်တာတွေပြောပြီး မှုံ့ရဲ့ နာကျင်နေသော မျက်နှာအမူအယာကို ကြည့်ကာ သဘောကျသွားဟန် ကျေနပ်စွာ အသာလေး ပြုံးလိုက်၏။
"ဪ ... စကားကောင်းနေတာနဲ့ လာရင်းကိစ္စတောင် မေ့သွားပြီ။
ဒီကိုလာတာက ခရမ်းချဉ်သီး လာဝယ်တာလေ။
အိမ်က အခင်းက သိပ်မမှည့်သေးလို့ ... သားက သမီးဆီမှာ ရတယ်လို့ပြောလိုက်လို့လေ။ "
ဒေါ်ဘောက်နူးက မုသားသုံးကာ ပြုံးစစနှင့် ဖြေလိုက်၏။
သူမက စကားအလှသုံးနေပေမယ့် သူမလာရတဲ့ အဓိကအကြောင်းအရင်းက ဘာလဲဆိုတာ မှုံရော၊ဂျီး(အဘွား)ရော ကောင်းကောင်းကြီး သိနေပါသည်။
"သမီး ... အန်တီ့ကို ခရမ်းချဉ်သီလေး ငါးဆယ်သားလောက်။ "
"ဟုတ် ... ဟုတ်ကဲ့ပါ။ "
မှုံ ပျက်ယွင်းချင်နေတဲ့ အသံတို့ကို မနည်းထိန်းကာ ထ၍ ခရမ်းချဉ်သီးကို ချိန်ထည့်ပေးလိုက်၏။
"ကျေးဇူးပဲနော် သမီး "
ဒေါ်ဘောက်နူးက ထရပ်ကာ ဟန်ပါပါဖြင့် နှုတ်ဆက် ထွက်ခွာသွားကာ သူမ၏ ကျောပြင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်
မှုံ့ ဟန်ဆောင်ထားသမျှ တာရိုးကျိုးပေါက်သွားတော့သည်။
မှုံ ဂျီးအနားသို့ တိုးကပ်လိုက်ပြီး ဂျီး၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်၏။
ဒေါ်နန်းကြာမှုံကလည်း ငယ်ရာမှ ကြီးလာသူပီပီ ကလေးတွေ စိတ်ကို နားလည်နေကာ ဘာစကားမှ မဆိုဘဲ တုန်ယင်နေသော မြေးမလေးရဲ့ ကျောပြင်ကို ခပ်ဖွဖွပွတ်ပေးရင်း တိတ်တဆိတ် နှစ်သိမ့်ပေးနေလေကာ အိမ်ကလေးထဲတွင်တော့ မှုံ့ ရှိုက်သံသဲ့သဲ့သာ လွှမ်းမိုးနေတော့၏...။
အပိုင်း (၃၀) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)