ကောင်းကင်တစ်ခွင်လုံးတွင် မိုးသားတိမ်လိပ် မည်းမည်းကြီးများက အုပ်မိုးထားပြီး လေထုတစ်ခုလုံးမှာ စိုစွတ် လေးလံနေသည်။ ထိုအုံ့ဆိုင်းနေသော ရာသီဥတုက လူ့စိတ်ကိုပါ အလိုလို နေမထိထိုင်မသာ ဖြစ်စေ၏။
မှုံနံ့သာ အိမ်ရှေ့ကွပ်ပျစ်ထက်တွင် ဟင်းသီးဟင်းရွက်များကို ခေါင်းငုံ့ကာ စီးနေ၏။ သူမ မျက်နှာသွင်ပြင်သည် တည်ငြိမ်နေသယောင် ရှိသော်လည်း မျက်ဝန်းအိမ်များထဲတွင်မူ မိုးသားတိမ်တိုက်များကဲ့သို့ပင် မှိုင်းညို့ကာ ဝမ်းနည်းရိပ်တို့ သမ်းနေသည်။ ဂျီးကတော့ နေ့ခင်းနေ့လယ် အနားယူနေသဖြင့် အိမ်ရှေ့ခန်းလေးမှာ ပို၍ပင် တိတ်ဆိတ်ခြောက်ကပ်နေသလို။
ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်က အိမ်ရှေ့ဝင်းတံခါးဝမှ ရုတ်တရက် ရပ်တန့်သွားသော ဆိုင်ကယ်အင်ဂျင်သံ ပြင်းပြင်းတစ်ချက်။
ထိုဆူညံသံကြောင့် မှုံ မော့ကြည့်လိုက်မိလျှင် ခြံဝင်းရှေ့၌ ဆိုင်ကယ်ကို ဒေါက်ချကာ ရပ်လိုက်သော အကို့ကို တွေ့လိုက်ရသည်။ အကိုသည် အဖြူရောင် လည်ပင်းကော်လာ အင်္ကျီလက်ရှည်ကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး မှုန်မှိုင်းနေသော ရာသီဥတုအောက်တွင် ထင်းလင်းကာ သန့်ရှင်းလန်းဆန်းနေသည်။
"အသေးလေး "
လမ်းမပေါ်မှနေ၍ လှမ်းခေါ်လိုက်သော အကို့အသံကြောင့် မှုံ့ခန္ဓာကိုယ်လေး တစ်ချက် တောင့်တင်းသွားရကာ ရင်ထဲ၌ ဗလောင်ဆူသွားသော်လည်း အပြင်ပန်းတွင်မူ ဟန်ကိုတင်းကာ ချက်ချင်းပင် ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။
"အကို... ဘာလာလုပ်တာလဲ"
ခြံဝင်းတံခါးဝ၌ပင် ပိတ်ရပ်ရင်း မေးလိုက်၏။
အကို့ကို အိမ်ဝင်းထဲသို့ ခြေတစ်လှမ်းမျှ ဝင်ခွင့်မပေးလိုသော သဘောဖြင့် နေရာမရွေ့ဘဲ မာကျောစွာ ရပ်နေလိုက်သော်လည ဆွတ်ရိန်နော်ကမူ သူမရဲ့ ထိုပုံစံလေးကိုပင် အချစ်ပိုနေသည့်နှယ် သဘောကျစွာ ရယ်မောလိုက်ရင်း...
"အဘွားဆီ လာတာကွာ။ "
ပြောပြောဆိုဆိုဖြင့် အကိုက မှုံရှိရာ တံခါးပေါက်ဆီသို့ လျှောက်လှမ်းလာလျှင် မှုံ ချက်ချင်းပင် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး တံခါးပေါက်ကို ကိုယ်လုံးလေးဖြင့် ကာဆီးပိတ်ပင်လိုက်သည်။
"မရဘူး ... အကို ဒီကို မလာပါနဲ့တော့။"
သူမ၏ အသံလေးက တိုးဖျော့သော်လည်း ဆုံးဖြတ်ချက် ခိုင်မာကြောင်း ပြသနေသည်။
"ဘာ"
သူမ စကားကြောင့် ရှေ့တိုးလာသော ဆွတ်ရိန်နော်၏ ခြေလှမ်းများ ရပ်တန့်သွားကာ သူ့ မျက်နှာပေါ်မှ အပြုံးရိပ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နားမလည်နိုင်ခြင်း၊ ဒေါသထွက်ခြင်းတို့က နေရာယူလာ၏။
သူ့အသံက ကျယ်လောင်လွန်းသဖြင့် ရွာလမ်းမပေါ်မှ ဖြတ်သွားဖြတ်လာ လူတချို့ကပင် သူတို့နှစ်ဦးကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြရာ ထိုအကြည့်များအောက်တွင် မှုံ့မျက်နှာလေး ဖြူဖျော့သွားရသည်။
"အကို မှုံတို့အိမ်ကို မလာပါနဲ့။
မသင့်တော်လို့ပါ။"
သူမ နှုတ်ခမ်းဖျားမှ ထွက်ကျလာသော စကားလုံးများသည် တမင်တကာပင် ပြတ်သားပြီး အေးစက်နေသည်။ သို့သော် ရင်ထဲတွင်မူ ချစ်ရသူကို ကိုယ်တိုင်တွန်းထုတ်နေရသော ဝေဒနာကြောင့် အသက်ရှူပင် မဝချင်တော့။
အကို့မျက်လုံးများက ဒေါသကြောင့် မီးလျှံကဲ့သို့ တောက်လောင်လာကာ လေထုထဲမှ အိုက်စပ်သော အပူရှိန်သည် သူ့ ဒေါသနှင့်အပြိုင် ဖြစ်နေ၏။ ဆွတ်ရိန်နော်က သူမကို စူးစူးရဲရဲ စိုက်ကြည့်ရင်း လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ကာ ...
"မင်း... မင်း ငါ့ကို စိတ်တိုအောင် တမင် လုပ်နေတာလား မှုံနံ့သာ"
ဆွတ်ရိန်နော် သူမ ပခုံးလေးကို လှမ်းဆုပ်ကိုင်ရန် ကြိုးစားလိုက်သော်လည်း မှုံနံ့သာက ကိုယ်ကိုရုန်းကာ ရှောင်တိမ်းလိုက်၏။
"မထိနဲ့ "
မှုံ့ အသံက အနည်းငယ် မြင့်တက်သွားသည်။
"မှုံတို့နဲ့ ကင်းကင်းရှင်းရှင်းနေပေးပါ။ "
"တောက် ..."
ထိုစကားလုံးများက ဆွတ်ရိန်နော်၏ သည်းခံနိုင်စွမ်းကို ကုန်ဆုံးစေခဲ့ပြီဖြစ်ကာ ဒေါသကို ဖြေဖျောက်သည့်အနေဖြင့် လက်ဖဝါးများကို ဆံပင်များကြားသို့ ထိုးသွင်းကာ စိတ်ပျက်လက်ပျက် ခေါင်းကို အားရပါးရ ခါယမ်းလိုက်၏။
"မင်း... မင်းကွာ ..."
"..."
မှုံ ဘာမျှပြန်မပြောနိုင်တော့ပဲ နှုတ်ခမ်းကို ဖိကိုက်ထားရင်း ခေါင်းကိုသာ ငုံ့ထားလိုက်မိသည်။ မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များ ပြည့်လျှံလာသော်လည်း မျက်ရည်မကျစေရန် အတင်း ထိန်းချုပ်ထားရ၏။
"အကို... မှုံ တောင်းဆိုပါတယ်။
မှုံတို့ မြေးအဘွားကို အေးအေးဆေးဆေး နေခွင့်ပြုပါ။ "
သူမမျက်နှာပေါ်မှ မာကျောသော အမူအရာက ဆွတ်ရိန်နော်အတွက် နောက်ဆုံးအတားအဆီးတစ်ခု ဖြစ်သွားစေသည်။ သူတို့ကြားက လေဟာနယ်သည် ပူပြင်းသော လေပူများနှင့် တင်းမာသော ခံစားချက်များကြောင့် အသက်ရှူရ ခက်ခဲလာ၏။
"ငါက ... ငါက မင်းတို့ကို အေးအေးဆေးဆေးမနေရအောင် ဘာတွေများ လုပ်ခဲ့မိလို့လဲ ... ဟမ် "
"..."
သူ အော်ဟစ်လိုက်တော့ သူမကိုယ်လေး တုန်သွားပြီး ဘာမျှပြန်မပြောဘဲ မျက်လွှာလေး ချနေပြန်သည်။
သူ့မှာ သူမရဲ့ ထိုပုံစံလေးကို ကြည့်ပြီး ပိုပြီး မချင့်မရဲ ဖြစ်လာတော့သည်။
"ကောင်းပြီ ... မင်းသဘောအတိုင်းပဲ ဖြစ်စေရမယ်။ "
ဆွတ်ရိန်နော် လေပူတစ်ချက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပေါက်ကွဲလုနီးပါး ဒေါသကို မနည်းထိန်းချုပ်လိုက်ရသည်။
"မင်းရဲ့ ဆုံးဖြတ်ချက်က ဒါပဲဆိုရင်... ငါ လက်ခံပေးမယ်။ "
သူမကို နောက်ဆုံး နာကျင်သော အကြည့် တစ်ချက်ဖြင့် ကြည့်ကာ အနောက်သို့ လှည့်လိုက်ပြီး ဆိုင်ကယ်ပေါ်သို့ လျှင်မြန်သော ခြေလှမ်းများ ဖြင့် ဒေါသတကြီး တက်လိုက်၏။
အကို ထွက်သွားပြီးသည့်တိုင် မှုံ တံခါးပေါက်တွင် ကျောက်ရုပ်ပမာ မလှုပ်မယှက် ရပ်နေမိဆဲ။ မှုံ့လက်ဖဝါးများက စိတ်လှုပ်ရှားမှုကြောင့် ချွေးများဖြင့် စိုစွတ်နေပြီး အသက်ရှူသံပြင်းပြင်းတို့သည် လေပူထဲတွင် ပျောက်ကွယ်သွားကာ ဆိုင်ကယ်သံ ဝေးကွာသွားပြီး အကို ထွက်ခွာသွားသည်ကို သေချာသည့်အခါမှသာ မှုံ့ခြေထောက်များ ခွေယိုင်ကာ ဒူးထောက်လျက်သား ထိုင်ချလိုက်မိသည်။ တင်းခံထားသမျှသော စိတ်ခွန်အားတို့ ပြိုကျသွားပြီး တိတ်ဆိတ်စွာဖြင့် မျက်ရည်များ စီးကျလာတော့၏။
_____________
ဆွတ်ရိန်နော် ဆေးရေစိမ်ကချင်အရက်ထည့်ထားသည့်ဖန်ခွက်ကို အကြိမ်ကြိမ် မြှောက်သောက်နေကာ သူ့ မျက်နှာသည် အရက်ရှိန် နှင့် စိတ်ဖိစီးမှု တို့ကြောင့် နီမြန်းနေပြီး မျက်လုံးများက မှေးမှိန်ရီဝေနေသည်။
ပုံမှန်ဝတ်လေ့ရှိသည့် သပ်ရပ်သော အင်္ကျီများအစား ပေါ့ပေါ့ပါးပါး အင်္ကျီကို ဝတ်ဆင်ထားသော်လည်း ညစ်ပတ်နေ၏။
"ဟေ့ကောင် ငဆွတ်... မင်း အရမ်း မူးနေပြီ ... တော်သင့်ပြီ။"
မျိုးမင်းထက်က ဆွတ်ရိန်နော်လက်ထဲမှ အရက်ခွက်အား လှမ်းဆွဲယူပြီး သတိပေးလိုက်လျှင် ဆွတ်ရိန်နော်က ခပ်မဆိတ် ရယ်လိုက်၏။ ထိုရယ်သံသည် ရယ်စရာကောင်း၍ ရယ်သည်မဟုတ်၊ ရင်ထဲမှ နာကျင်မှုများကို လှောင်ပြောင်လိုက်သော ရယ်သံမျိုးသာ ဖြစ်သည်။
"မူးနေတာက ပိုကောင်းတယ် ...
မူးနေရင် အသေးလေးရဲ့ စကားတွေကို ငါ မကြားရဘူးလေ...
မလာပါနဲ့တော့တဲ့ ...ငါ့ကို တိရစ္ဆာန် တစ်ကောင်လိုပဲ နှင်ထုတ်လိုက်တာကွ "
ဆွတ်ရိန်နော်သည် သူ့လက်ထဲမှ ဖန်ခွက်ကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
"ငါ ... ငါ့ဘဝတစ်ခုလုံးကို သူ့ဆီ အပ်နှံဖို့ စိတ်ကူးထားခဲ့တာ။
အဖေနဲ့ အမေ ဘယ်လိုပဲ ငြင်းငြင်း ...ငါ သူနဲ့ပဲ လက်ထပ်မယ်လို့ ဆုံးဖြတ်ထားခဲ့တာ "
သူ့ အသံသည် နာကျင်မှုကြောင့် တုန်ယင်နေကာ အဖျားခတ်နေပြီးရင်ဘတ်ထဲမှ ဆို့နင့်မှုကို ဖွင့်ထုတ်လိုက်ခြင်းပင်။
မျိုးမင်းထက် စားပွဲပေါ်မှ အရက်ပုလင်းကို ဘေးသို့ ရွှေ့ဖယ်လိုက်ကာ...
"ငါ သိပါတယ်ကွာ ... ဒါပေမယ့် မင်း သူ့ကို ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ ... သူ ငြင်းခဲ့တာ မင်းတို့ရဲ့ မိသားစုကွာခြားချက်ကြောင့်ဆိုတာ မင်းကိုယ်တိုင်လည်း သိနေတာပဲ။"
"ကွာခြားချက် ... ကွာခြားချက်လဲ"
ဆွတ်ရိန်နော်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။
"..."
"ငါက သူ့ကို အဲ့ဒီ အဆင့်အတန်းတွေ အပြင်ကနေချစ်ခဲ့တာ။
ငါ ဘာလုပ်ရမလဲကွာ ...ငါ သူ့ကို ဘယ်လို နားလည်အောင် ပြောရမလဲ။အသေးလေးက အဲ့ကိုယ့်အဆင့်အတန်းကို ကိုယ်သိတယ်ဆိုတဲ့ အယူအဆနဲ့ ငါ့ကို နံရံကြီးတစ်ခုလို ကာထားတာကွာ။ "
ဆွတ်ရိန်နော် မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်၏။ စိတ်ရှုပ်ထွေးမှုနှင့် သောကများက သူ့ကို မွန်းကြပ်စေသည်။
"ငါ့ ရင်ထဲမှာ မီးတောက်နေတာ... ငါသူ့ကို အတင်းအဓမ္မ ယူပစ်ချင်လာပြီ။ "
ဆွတ်ရိန်နော် ရုတ်တရက် ခေါင်းကို မော့လိုက်၏။ သူ့ မျက်လုံးများတွင် မျက်ရည်စများ ဝေ့သီနေသော်လည်း အရက်ရှိန်ကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ဒေါသနှင့် အချစ် လွန်ဆွဲနေသော ယောက်ျားတစ်ယောက်၏ ပုံရိပ်က သနားစဖွယ် ကောင်းနေသည်။
"ငါ သူ့ စိတ်တိုတယ် ... ဒါပေမယ့် မချစ်ပဲ မနေနိုင်ဘူးကွာ။ "
သူ့အသံသည် တိုးဖျော့ကာ လည်ချောင်းဝတွင် တစ်ဆို့သွား၏။
"မင်းတို့ နှစ်ယောက်ကြားကို ငါလည်း ဘယ်လိုလုပ်ပေးရမလဲ မသိတော့ဘူးကွာ။
မှုံနံ့သာက မချစ်တာဆိုရင် ချစ်အောင်ကြိုးစားလို့ရပေမယ့် အခုတော့ ... ဟူး "
မျိုးမင်းထက်ပါ သက်ပြင်းမောကြီး ချလိုက်၏။
သူကိုယ်တိုင်လည်း ဘယ်လိုကူညီပေးရမှန်းမသိတော့ပါ။
အပိုင်း (၃၁) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)