"လာခဲ့ ... မင်းနဲ့ စာရင်းရှင်းစရာရှိသေးတယ်။ "
ဆွတ်ရိန်နော်ရဲ့ အသံသည် ဟိန်းထွက်လာပြီး သူ့မျက်ဝန်းအစုံတွင် ဒေါသ၊ စိတ်ပျက်မှုနှင့် နားမလည်နိုင်ခြင်းများ ရောပြွမ်းနေသည်။ သူ့ အကြည့်တို့သည် အေးစက်စက်နိုင်လှပြီး မှုံ့တစ်ကိုယ်လုံးကို ထွင်းဖောက်ကြည့်နေသကဲ့သို့။ မှုံကတော့ အကို့ကို ရင်မဆိုင်ရဲစွာ ခေါင်းကိုငုံ့လျှက် အကို့လက်ထဲမှ မှုံ့လက်ကို မရဲတရဲလေး ရုန်းကြည့်လျှင် အကိုက မှုံ့ လက်နှစ်ဖက်လုံးအား ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ ...
"မင်း ဘာတွေလုပ်နေတာလဲ အသေးလေး။ "
သူ့အသံက အေးစက်မာကျောကာ အမြဲတမ်း ကြင်နာတတ်သော အကို့ကို ဤမျှ စိတ်တိုဒေါသထွက်နေသည့် ပုံစံမျိုး မှုံ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ အကို့ဒေါသကြောင့် လေထုပင် အေးခဲသွားသလို ခံစားရ၏။
"အစ်ကို... ဂျာမိုင့်ကို ဘာပြောလိုက်တာလဲ။
အကိုတို့ အဆင်မပြေကြဘူးလား။ "
မှုံနှုတ်ခမ်းကို တင်းတင်းစေ့ကာ အပြုံးအတုတစ်ခုကို မနည်းဖန်တီး၍ မေးလိုက်သည်။ သို့သော် သူမ၏ လက်ဖဝါးများကတော့ ကြောက်ရွံ့မှုကြောင့် ချွေးစေးများဖြင့် စိုစွတ်နေပြီဖြစ်၏။
"အဆင်မပြေဘူးလား ... ဘာကို အဆင်ပြေရမှာလဲ။
မင်းက ဘာဖြစ်လို့ ဒီလိုတွေ လုပ်နေရတာလဲ!"
ဆွတ်ရိန်နော် အသံက တိုးဝင်သွားသော်လည်း နာကျင်မှုနှင့် ဒေါသတို့ကြောင့် ပို၍ ပြင်းထန်လာကာ လေပြည်အေးများ တိုက်ခတ်နေသော်လည်း သူ့ရင်ထဲတွင် မီးဟုန်းဟုန်းတောက်နေတော့သည်။
"မင်းက ငါ့ကို ငြင်းရုံနဲ့တင် မလုံလောက်လို့ သူများကိုပါ ထိုးကျွေးဖို့ ကြံနေတာလား။
ငါ့ပုံစံက မိန်းမမှန်သမျှ ကြိုက်မယ့်ကောင်ပုံ ပေါက်နေလို့လား။
မင်းငါ့ကို ဘယ်လိုကောက်များထင်နေတာလဲ အသေးလေး
ဟမ် မင်းပြောစမ်း။
ငါချစ်တာကမင်း ... ငါက မင်းကို ချစ်တာ မင်းကိုပဲ ချစ်တာကွ။
တောက် ... မင်းငါ့ကို ဘယ်လိုသဘောထားနေတာလဲ။ "
"မှုံ ... မှုံ "
မှုံ့ ရင်ဘတ်ထဲတွင် ဆို့နင့်တင်းကြပ်လာကာ မျက်လုံးအိမ်ထဲတွင် နာကျင်မှုရိပ်များ ဝေ့သီလာ၏။ အကို့ရဲ့ စကားလုံးတိုင်းသည် မှုံ့ ရင်ထဲတွင် ဖုံးကွယ်ထားသော ဝမ်းနည်းမှုအနာဟောင်းကို ရက်ရက်စက်စက် ဆွံ့နှိုးလိုက်သလို ဖြစ်နေသည်။
"အကို့ကို ကောင်းစေချင်လို့ပါ။"
မှုံ အသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းကာ ပြောလိုက်၏။ သို့သော် အသံဖျားလေးများ တုန်ယင်နေသည်။
"ဘာ ..."
"ဂျာမိုင်က အကို့ကို တကယ်ချစ်တာပါ။ ပြီးတော့ သူက အကိုတို့နဲ့ အဆင့်အတန်းတူ..."
"တော်လိုက်တော့ ... မင်းတော်လိုက်တော့ အသေးလေး။ "
ဆွတ်ရိန်နော် ဘေးနားရှိ သစ်သားခုံတန်းကို လက်သီးဖြင့် ထုရိုက်လိုက်သဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲသွားတော့သည်။ဆွတ်ရိန်နော် မှုံ့ပခုံးနှစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သော်လည်း သူ့ မျက်ဝန်းများသည် ဒေါသဖြင့် နီမြန်းကာ မျက်ရည်စများပင် ဝဲနေသည်။
"အဆင့်အတန်းလား ... မင်းက ငါ့ကို ဘာမှတ်နေတာလဲ...
ငါပြောခဲ့တယ်လေ... ငါ မင်းကို ချစ်တာ။ မင်းဟာမင်း ဘာကြီးပဲဖြစ်ဖြစ် ငါက မင်းကိုပဲ ချစ်တာ။
အဲ့တာကို မင်းက ဘယ်လိုတောင် ... ငါ့အချစ်ကို မင်းက ဘာတွေနဲ့ တိုင်းတာလိုက်တာလဲကွာ။ "
"မှုံ ... မှုံတောင်းပန်ပါတယ်။ "
မှုံနံ့သာသည် ခေါင်းကို ငုံ့ထားပြီး မျက်ရည်များကို မကျဆင်းစေရန် နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။
"မှုံတို့ ဘဝတွေက မတူပါဘူး။ အကိုနဲ့ မှုံက ဘယ်လိုမှ မအပ်စပ်တဲ့ သူတွေပါ။ "
စကားဆုံးသည်နှင့် တားဆီးထားသော မျက်ရည်တစ်စက်က သူမ ပါးပြင်ပေါ်သို့ စီးကျသွား၏။
"အဲဒါကြောင့် ငါ့ကို ငြင်းခဲ့တာလား။
ဒီလို စောက်အဓိပ္ပါယ်မရှိတဲ့ အကြောင်းအရာကြောင့် မင်းက ငါ့ကို ငြင်းခဲ့တာလား။ "
"အဓိပ္ပါယ်မရှိတာမဟုတ်ပါဘူး ။
ဒါ... ဒါ အမှန်တရားပဲ အစ်ကို။"
မှုံနံ့သာ သူ့ကို မျက်ရည်စက်များဖြင့် မော့ကြည့်လိုက်သည်။
မှုံနဲ့အကိုသာ ချစ်သူတွေဖြစ်သွားကြလျှင် သမီးကလည်းမအေလို ပိုက်ဆံရှိတဲ့ ယောင်္ကျားကို အမိဖမ်းတယ်ဆိုတဲ့အသံတွေ ထွက်လာဦးမှာပါ။
"မှုံက အကို့ရဲ့ ဘဝအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး။
ဂျာမိုင်က အစ်ကိုနဲ့ ပိုသင့်တော်တယ်။ သူက လှတယ်၊ချမ်းသာတယ်၊ ပညာတတ်တယ်။ သူက အကို့အတွက် အသင့်တော်ဆုံး ... အွန့် "
မှုံစကားပင်မဆုံးလိုက် နှုတ်ခမ်းပေါ်သို့ ရုတ်တရတ်ကျရောက်လာတဲ့ အနမ်းကြမ်းကြမ်းများကြောင့် မှုံ့မျက်လုံးအစုံမှာ ပြူးကျယ်သွား၏။လေပြည်ညင်းတို့ ရပ်တန့်သွားသလိုပင်။
ဆွတ်ရိန်နော် သူမ မျက်နှာနှစ်ဖက်ကို လက်ဖဝါးကြီးများဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းများကို အတင်းအကြပ် စုပ်ယူနမ်းရှိုက်ရင်း သူ၏ အချစ်ကို ငြင်းပယ်ရက်သော သူမအား အနမ်းဖြင့် လက်တုံ့ပြန်နေခြင်းဖြစ်သည်။
မှုံ့ ဦးနှောက်တစ်ခုလုံး ရပ်တန့်သွားသည်။ အကို အခု ဘာလုပ်နေတာလဲ။
သူမ၏ အတွေးများအားလုံး ပျောက်ကွယ်သွားပြီး ဗလောင်ဆူလာသော ရင်ခုန်သံနှင့်အတူ "လူမြင်ကွင်းမှာ အနမ်းခံလိုက်ရတယ်" ဆိုသည့် ရှက်စိတ်၊ ထိတ်လန့်စိတ်တို့က သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
မှုံ့ လက်ဖဝါးများကို အကို့ ရင်ဘတ်ပေါ်သို့ အတင်းဖိကပ်ပြီး တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
"အ... အကို ... လွှတ် ...လွှတ်ပါတော့!"
မှုံ့ စိတ်ထဲက အော်ဟစ်သံသည် လည်ချောင်းဝတွင်သာ နစ်မြုပ်နေပြီး အသံအဖြစ် ထွက်မလာခဲ့ပေ။
"ပြွတ်စ် ... ပြွတ် အွန်း ပြွတ် "
ဆွတ်ရိန်နော် သူမရဲ့ တွန်းကန်မှုကို လျစ်လျူရှုကာ အနမ်းကို ပို၍ နက်ရှိုင်းစေလိုက်၏။
အတန်ကြာမှ ဆွတ်ရိန်နော်သည် သူမကို လွှတ်ပေးလိုက်၏။ အကို့နှုတ်ခမ်းများသည် မောဟိုက်နေပြီး မျက်လုံးများက နီမြန်းရီဝေနေကာ မှုံ့နှုတ်ခမ်းများသည်လည်း တုန်ယင်နေပြီး ပါးပြင်ပေါ်တွင် ရှက်ရွံ့ခြင်းနှင့် နာကျင်ခြင်းတို့ ရောထွေးနေသော မျက်ရည်များ တသွင်သွင် စီးကျနေသည်။
"နောက်တစ်ခါ ကိုယ့်ကို ဘယ်သူနဲ့မှ အောင်သွယ်ပေးဖို့ မစဉ်းစားပါနဲ့။ ကိုယ်က မင်းတစ်ယောက်တည်းကိုပဲချစ်တာ ..."
ဆွတ်ရိန်နော်က မောဟိုက်စွာဖြင့် လေသံတိုးတိုးဖြင့် ပြောလိုက်ကာ မျက်လုံးများက မှုံနံ့သာရဲ့ မျက်နှာကို စိုက်ကြည့်ရင်း ...
"ဒီအနမ်းက ကိုယ်မင်းကို အပြစ်ပေးတာ။ "
ဆွတ်ရိန်နော် စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူမကို ကျောခိုင်းပြီး အလျင်အမြန် ထွက်ခွာသွားေတာ့သည်။ သူ့ ခြေလှမ်းများသည် ပြတ်သားနေသော်လည်း ကျောပြင်ကတော့ အထီးကျန်ဆန်နေ၏။
"..."
မှုံနံ့သာကတော့ မတ်တတ်ရပ်လျက် ကျန်ရစ်ခဲ့ကာ တုန်ယင်နေသော လက်ချောင်းလေးများဖြင့် သူမ၏ နာကျင်သွားသော နှုတ်ခမ်းများကို ဖြည်းညှင်းစွာ ထိတွေ့လိုက်မိသည်။ ဘုရားကျောင်းဝင်း၏ တိတ်ဆိတ်ငြိမ်သက်မှုက သူမ၏ ပေါက်ကွဲတော့မတတ် ရင်ခုန်သံကို ပို၍ ကျယ်လောင်စေကာ ရှက်စိတ်နှင့် ရင်ခုန်သံကြားတွင်... သူမ၏ အချစ်ဆုံးသူငယ်ချင်း ဂျာမိုင်ကို ဘယ်လိုမျက်နှာပြရပါတော့မလဲ။
____________________
"ယောင်းမ ...ရှင့်သား ငါ
တို့ ဘေးအိမ်ကို အမြဲတမ်းလာ နေတာနော်"
ဆွတ်ရိန်နော်ဦးလေး၏ ဇနီးဖြစ်သူ ဒေါ်ကော့နန်က စကားစလိုက်လျှင် ဆွတ်ရိန်နော်၏ အမေဖြစ်သူ ဒေါ်ဘောက်နူးက လက်ဖက်ရည်ပန်းကန်ကို ချရင်း မေးငေါ့ကာ ပြန်မေး၏။
"ဘယ်အိမ်လဲအေ့..."
ဒေါ်ဘောက်နူးသည် အံ့အားသင့်သလို မျက်ခုံးပင့်သွားပြီး၊ ဘယ်သူ့ကို ပြောမှန်း မသေချာသဖြင့် မေးမြန်းလိုက်၏။
"ငါတို့ဘေးအိမ်လေ..."
"ဟင် ... နင်တို့အိမ် သွားသွားနေတာမဟုတ်ဘူးလား။ "
"ဘယ်ကသာ... အရင်ကသာ ငါတို့အိမ်အရင်ဝင်ပြီးမှ အဲ့အိမ်သွားတာ၊အခုဆို အဲ့ဘေးအိမ်က မြေးအဘွားနှစ်ယောက်ဆီပဲ တန်းသွားတာ ငါတို့ဆီတောင် မဝင်တော့ပါဘူးအေ။ "
ဒေါ်ကော့နန်၏ အသံသည်တုန်ယင်ကာ နှုတ်ခမ်းကို မဲ့ရွဲ့ရင်းပြောလျှင် ဒေါ်ဘောက်နူး၏မျက်လုံးများ ပြူးသွားပြီး စိတ်ဝင်တစား
မယုံကြည်နိုင်သည့် လေသံဖြင့် မေးမြန်းလာ၏။
"ဟင် ... သူက ဘာသွားသွားလုပ်တာတုန်း။ "
ထိုအခါ ဒေါ်ကော့နန်က ညည်းတွားသလို လေသံဖြင့် ...
"အဲ့တာတော့ မသိပါဘူးအေ ... အရင်က ကလေးတုန်းကတော့
ဒီအတိုင်းခင်လို့လာတယ်ထင်နေတာ ငါက ... အခုတော့ အဲ့လို မဟုတ်တော့ဘူးထင်ပါတယ်အေ ကောင်မလေးကလည်း လှတပတလေးနဲ့။ "
"ဟင် ..."
ဒေါ် ဘောက်နူးသည် ရုတ်တရက် အာရုံစူးစိုက်သွားပြီး မည်သူ့ကို ဆိုလိုမှန်း သိလိုဇောဖြင့် မျက်နှာကို အနီးကပ်ကာ မေး၏။
"ဘယ်သူတုန်းအေ့ အဲ့ကောင်မလေးက ... နင်တို့ဘေးအိမ်ဆို
ဟို ..."
ဒေါ်ဘောက်နူးက ရင်ခုန်သလို စိတ်လှုပ်ရှားစွာ ဆက်ပြောဖို့ တုံ့ဆိုင်းနေလျှင် ဒေါ်ကော့နန်က ခေါင်းကို အသာညိတ်ပြလိုက်ပြီး မျက်နှာတွင် ရှက်ရွံ့မှုနှင့် စက်ဆုပ်ရွံရှာမှု ရောထွေးနေသော အမူအရာဖြင့် ဖွင့်ဟလိုက်သည်။
"အေးလေ ... သူများမယားငယ်လုပ်ပြီး AIDSနဲ့ ဆုံးသွားတဲ့
မှုံရွှေရည်ရဲ့ သမီးလေးလေ "
ဒေါ်ကော့နန်စကားအဆုံးတွင် ဒေါ်ဘောက်နူးသည် လုံးဝ တုန်လှုပ်ချောက်ချားသွားကာ သူမ မျက်နှာတစ်ခုလုံး ဖျော့တော့သွားပြီး ပါးစပ်ကို လက်ဖဝါးဖြင့် အုပ်လိုက်၏။
"အလိုလေးလေး ... သားက အဲ့ကောင်မလေးဆီ သွားနေတာလား။ "
ဒေါ်ဘောက်နူးသည် လည်ပင်းကြောများပင် ထောင်လာလုနီးနီး၊ ဒေါသနှင့် စိတ်ပူပန်မှုတို့ဖြင့် မျက်နှာထား တင်းမာနေကာ သူမ၏ စကားသံသည် ခါးသီးပြီး တင်းမာနေသည်။
"ဟုတ်ပါ့တော် ... ငါလည်း တခြားသူဆို သိပ်မပြောပါဘူး။
အဲ့ကောင်မလေးဆိုတော့ ငါတို့တူနဲ့ သဘောမတူနိုင်ပါဘူးအေ။
ဒီအမေက မွေးတာဆိုတော့ မအေဗီဇတွေ အပြည့်ပါလာမှာပဲ။
အခုတောင် ရွာထဲက ကောင်လေးတော်တော်များများက လာလာချောင်းနေကြတာ။ "
"အမလေးလေး မဖြစ်ဘူး မဖြစ်ဘူး။
အဲ့လိုမိန်းကလေးမျိုးနဲ့ကတော့ ဘယ်လိုမှ မဖြစ်ဘူး။ "
"ငါလည်း ... သဘောမတူနိုင်ပါဘူး။
အဲ့တာ နင်သိအောင် လာပြောတာ။
တော်ကြာ မဖြစ်သင့်တာတွေ ဖြစ်ပြီးမှ သိရမှာစိုးလို့။ "
"အေးအေး ... ကျေးဇူးပါ။
ဘာမဖြစ်သင့်တာမှ အဖြစ်မခံနိုင်ပါဘူး။
ရအောင် ကာကွယ်ရမှာပဲ။ "
"အေးအေး ... အဲ့တာဆို သွားတော့မယ်နော်။ "
"အွန်း အွန်း "
ဒေါ်ကော့နန်ပြန်သွားချိန်ထိ ဒေါ်ဘောက်နူးသည် အတွေးနွံထဲ
နစ်ဝင်နေ၏။
သေချာတာကတော့ သူမသားကို ထိုမိန်းကလေးနှင့် လုံးဝ သဘောမတူနိုင်ပါ။
အပိုင်း (၂၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)