Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၁၁)

ညနေခင်း နေဝင်ရီတရောအချိန်မို့ အိမ်ကလေးအတွင်းဝယ် အလင်းရောင်ပျော့ပျော့သာ ကျန်တော့သည်။ ကျောင်းဆင်းချိန် ပြန်ရောက်လာသော မှုံ လွယ်အိတ်လေးကိုချကာ အဘွားဖြစ်သူအား လှမ်းခေါ်လိုက်သည်။

"ဂျီး "

"အေး သမီး ပြန်လာပြီလား။ "

"ဟုတ် ... ဂျီး သမီးလွယ်အိတ်ထဲ ပိုက်ဆံထည့်ထားပေးသေးလား "

"ဟင် ... မထည့်ပါဘူး သမီးရဲ့ ဘာလို့လဲ။ "

"ဟို ... ဒီမှာလေ သမီးစာအုပ်ကြားထဲမှာ နှစ်ရာတန်တစ်ရွက် ထွက်လာလို့ "

"သမီး ပိုက်ဆံတွေ စုထားပြန်ပြီလားကွယ်။ "

"မဟုတ်ဘူး ဂျီးရဲ့ ... သမီးစုထားတာ မဟုတ်ဘူး။

သူ့ဟာသူ စာအုပ်ကြားထဲက ထွက်လာတာ။ "

"ဟုတ်လား ... ဘေးက သူငယ်ချင်းတွေ ဘာတွေများ သူတို့စာအုပ်နဲ့မှားပြီးထည့်မိတာလား မေးမကြည့်ဘူးလား သမီးရဲ့"

"သမီး ဆရာမကို အပ်တယ် ဂျီးရဲ့

ဆရာမကမေးတာ ဘယ်သူမှ ပိုက်ဆံပျောက်တဲ့သူမရှိဘူးတဲ့။

အဲ့တာကြောင့် သမီးကို ပြန်ပေးလိုက်တာ ဆရာမက "

"ဟုတ်လား "

"ဟုတ် ... သမီး ဒီပိုက်ဆံကို ဘာလုပ်ရမလဲဟင် ဂျီး "

"အင်း ... ပိုင်ရှင်မရှိဘူးဆိုမှတော့ သမီးယူလိုက်တော့ပေါ့ကွယ်။

‌ခိုးဝှက်လာတာ၊ကောက်ရတာမှ မဟုတ်ပဲ။ "

မှုံ့မျက်နှာလေး ဝင်းလက်သွားသော်လည်း ချက်ချင်းပင် ဂျီးဘက်သို့ နှစ်ရာတန်လေးကို ထိုးပေးလိုက်သည်။

"သမီးက ဒီလောက်အများကြီး မလိုပါဘူး။

ရော့ ဂျီး ယူလိုက်နော် "

"အမယ်လေး ... ဂျီးက ရှိပါတယ်ကွယ်။

တစ်ခါတလေ မုန့်လေးဘာလေး ဝယ်စားပေါ့ သမီးရဲ့။

သွား သွား အားမိုင်ဆီမှာ မုန့်ဝယ်စားချည်။ "

မှုံ တွန့်ဆုတ်နေသည်ကိုမြင်တော့ ဂျီးက သနားကရုဏာသက်စွာဖြင့် ထပ်ပြောလေသည်။

"သွားစားပါ သမီးရယ်။

ဂျီးက မပေးနိုင်လို့တောင် စိတ်မကောင်းဖြစ်နေတာ။ "

ထိုစကားကြောင့် မှုံ့မျက်နှာလေး ပြုံးသွားပြီး သွားဖြူဖြူလေးတွေ ပေါ်လာသည်။

"ဟီး ... ဟုတ် ဂျီးရော ဘာစားချင်လဲ။ "

"အမယ်လေး ... ဂျီးက ဘာမှမစာစချင်ဘူး။

သမီးသာ သမီးစားချင်တာတွေ ဝယ်စားခဲ့နော် "

"ဟုတ် ဂျီး "

မှုံ ခေါင်းလေးညိတ်ကာ နှစ်ရာတန်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အိမ်ထဲမှ ကဆုန်ပေါက် ပြေးထွက်လာခဲ့သည်။

အိမ်ဝင်းထဲမှ ထွက်ထွက်ချင်း လမ်းမပေါ်အရောက်တွင် မှုံ့ခြေလှမ်းများ ရုတ်တရက် တန့်သွား၏။ ဟိုတစ်နေ့က ဟိုအစ်ကိုကြီး ပြောခဲ့သော "ဒီနားမှာ ခွေးရူးရှိတယ်" ဆိုသည့်စကားက ခေါင်းထဲသို့ ဝင်ရောက်လာပြီးညနေခင်း လေပြည်က အေးမြနေသော်လည်း မှုံ့ကျောပြင်တွင် ကြောက်စိတ်ကြောင့် ချွေးစေးများပင် ထွက်ချင်လာသည်။

ဘေးဘီဝဲယာကို ကြည့်မိတော့ ရှင်းနေကာမရဲတရဲနှင့် ဆက်လျှောက်လာရင်း မျက်လုံးကလည်း အနှံ့လိုက်ကြည့်နေရသည်။

နောက်ဆုံး အန်တီအားမိုင်တို့ဆိုင်ကို ရောက်မှပဲ ရင်ထဲက အလုံးကြီး ကျသွားကာ သက်ပြင်းချနိုင်တော့သည်။ ဆိုင်ရှေ့ရောက်တော့ ရောင်စုံမုန့်ထုတ်များကို မြင်လိုက်ရသည့်အခါ စိုးရိမ်စိတ်တို့ တစ်ထစ်လျော့ပါးသွားပြီး ကလေးပီပီ ပျော်ရွှင်စိတ်က နေရာဝင်ယူသွားတော့သည်။

ဆိုင်ထဲရောက်သည်နှင့် စားချင်စရာ မုန့်များကို မှုံ မျက်လုံးဝေ့ကြည့်လိုက်သည်။

အရင်ဆုံး မဲပါတဲ့ နေကြာစေ့ ငါးဆယ်တန်ထုပ်လေးအား ဖြုတ်ယူလိုက် ပြီး‌ေတာ့ နောက်တစ်ခုကိုတော့ လင်ဗန်းထဲမှာ စီထားတဲ့ အုန်းသီးပေါင်မုန့် ငါးဆယ်တန်တစ်ခုကို ကောက်ယူလိုက်သည်။ တကယ်တော့ ကိတ်မုန့်ဝယ်ကျွေးချင်တာ။ ဂျီးက ပေါင်မုန့်၊ ကိတ်မုန့်တွေဆို သိပ်ကြိုက်တာမလား။ ဒါပေမဲ့ ကိတ်မုန့်က အနည်းဆုံး ၃၀၀ ဖြစ်နေသည်။ မှုံ့လက်ထဲက နှစ်ရာတန်လေးနှင့် မလောက်မှန်းသိတော့ သက်ပြင်းလေးခိုးချရင်း လက်လျော့လိုက်ရသည်။

"အန်တီအားမိုင် ၁၀၀ရာဖိုး ... ၁၀၀ပြန်အမ်း "

"အေးအေး သမီး "

အန်တီအားမိုင် ပိုက်ဆံအမ်းရန် ပြင်နေတုန်း ဆိုင်ပေါက်ဝမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"အားရှောင်(အန်တီ) ဆေးလိပ် ၂၀၀ဖိုး "

"အေးအေး ... အဲ့မှာ ယူလိုက် သား "

မှုံ အအမ်းစောင့်နေရင်း ရင်းနှီးနေတဲ့အသံနှင့် လာဝယ်တဲ့ ပစ္စည်းကြောင့် နှာခေါင်းရှုံ့လိုက်မိသည်။ 'ဆေးလိပ်သောက်တာ မကောင်းပါဘူးဆို' ဟု စိတ်ထဲက အပြစ်တင်လိုက်သေးသည်။

"သမီး ဒီမှာ ၁၀၀အအမ်း "

"ဟုတ် "

မှုံ မုန့်နှစ်ထုပ်နှင့် ပိုက်ဆံ ၁၀၀ တန်လေးလှမ်းယူကာ လှည့်ထွက်ဖို့လုပ်လိုက်သည်။ ထိုစဉ် ဆေးလိပ်ယူရင်း မော့ကြည့်လာတဲ့ ဟိုအစ်ကိုကြီးနှင့် ဗုန်းခနဲ မျက်လုံးချင်း ဆုံသွားလေသည်။

"ဟာ ... မာနခဲလေး ဟ မုန့်တွေနဲ့ပါလား။ "

သူ့မျက်လုံးတို့က မှုံ့လက်ထဲမှ မုန့်ထုပ်တွေဆီ အကြည့်ရောက်လာလျှင် မုန့်ကိုင်ထားတဲ့ မှုံလက်တွေကို အနောက်သို့ မသိမသာ

ဆုတ်လိုက်၏။

"ဗိုက်ဆာနေတာနဲ့ အတော်ပဲကွာ။

ငါ့ကို မုန့်တစ်ထုပ်လောက် ကျွေးခဲ့စမ်းပါ။ "

"..."

မှုံ ဘာမှမပြောဘဲ မုန့်ထုပ်လေးကို အနောက်သို့ ပိုပြီး ဝှက်လိုက်သည်။ ထိုပုံစံလေးကို ကြည့်ပြီး ဆွတ်ရိန်နော် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ကြောက်လည်းကြောက်၊ မပေးချင်တာလည်း သိသာနေသည့် မျက်နှာပေးလေးက အသည်းယားစရာ။

"ဟေ့ ... ကျွေးပါဦးဆိုကွာ။

ငါ့မုန့်လည်း မင်းကို ကျွေးတယ်လေ အဲ့တုန်းက မင်းဟာမင်း

မစားတာကို... "

"ကိုယ့်ဟာကိုယ် ... ကိုယ့်ဟာကိုယ် ဝယ်စားပါလား။ "

နှုတ်ခမ်းလေးချွန်လျက် မရဲတရဲနှင့် အသံတိုးတိုးလေးထွက်လာတော့ ဆွတ်ရိန်နော် အူတွေ အသည်းတွေယားလာရတော့သည်။

ဒီကောင်မလေးက ပြန်ပြောရင် ပိုချစ်ဖို့ကောင်းနေတာကိုး။

"ငါ့မှာ ပိုက်ဆံမပါတော့လို့ပေါ့ကွ။

မင်းကလည်း ကတ်စီးနည်းလိုက်တာကွာ။ "

"..."

သူထပ်စလိုက်လျှင် သူမက ဘာမျှပြန်မပြောတော့ဘဲ မျက်မှောင်လေးကုတ်ကာ မှုန်ကြုတ်ကြုတ်လေးသာ ပြန်ကြည့်နေ၏။

"မကျွေးဘူးလား။

ဟာ ... မကျွေးချင်လည်း နေပါကွာ အဲ့လို ဘုကြည့်ကြီးတော့

မကြည့်ပါနဲ့ကွ။ "

"ကဲပါ ... အဆွတ်ရယ် မှုံလေး မစပါနဲ့တော့ကွယ်။

တေယ်ကြာ ဟိုက ငိုတော့မယ်။ "

ဆိုင်ရှင် အန်တီအားမိုင်က ဝင်ပြောတော့မှ ဆွတ်ရိန်နော် ရယ်ချင်စိတ်ကို ထိန်းမရတော့ဘဲ အားရပါးရ ရယ်ချလိုက်သည်။ ထိုအခါ ကောင်မလေးက မျက်စောင်းလေးထိုးကာ ဆိုင်ပေါ်မှ ပြေးဆင်းသွားတာ လှစ်ခနဲပင်။ ကျန်ရစ်ခဲ့သော ဆွတ်ရိန်နော်မှာတော့ ထိုကျောပြင်လေးကို ငေးရင်း ပြုံးကျန်ရစ်ခဲ့သည်။

______________

တနင်္ဂနွေနေ့ မနက်ခင်းဖြစ်၍ အိမ်တိုင်းလိုလို ဘုရားကျောင်းသွားရန် ပြင်ဆင်နေကြသည်။

"ကရှာ(သား) အဆွတ် "

"အေ့ "

"ဘုရားကျောင်း ဒီနေ့တော့ ဘုရားကျောင်းလိုက်ခဲ့နော် "

မိခင်ဖြစ်သူ၏ ခေါ်သံကြောင့် ဆွတ်ရိန်နော် မျက်နှာမဲ့သွားသည်။

"အာ ... မလိုက်ချင်ပါဘူး။"

သူ့အဖြေကြောင့် ဒေါ်ရွယ်ဂျားက ခေါင်းခါလိုက်သည်။

"မလိုက်လို့မရဘူးလေ။

မင်း ဘုရားကျောင်းမတက်တာ ဘယ်လောက်ကြာနေပြီလဲ။ "

"မလိုက်ချင်ဘူး ပျင်းတယ်။ "

"‌အာ ... ဒီကောင်လေး တအားပြောရခက်တယ်။ "

"ခေါ်လို့မရရင် ခေါ်မနေတော့နဲ့ သွားမယ် သွားမယ်။ "

ဆွတ်ရိန်နော်ရဲ့ အဖေဖြစ်သူ ဦးဆွတ်ဆိုင်းအောင်က ခြံရှေ့ကနေ စိတ်မရှည်စွာ လှမ်းအော်တော့မှ ဒေါ်ရွယ်ဂျားလည်း ကျမ်းစာအုပ်ကိုင်ကာ ထွက်သွားတော့သည်။ မိဘတွေ ထွက်သွားမှ ဆွတ်ရိန်နော် သဘောကျစွာ ပြုံးလိုက်၏။

ဘုရားကျောင်းကို ငယ်ငယ်က မသိတတ်ခင်ကသာ အမေတို့နှင့်အတူ လိုက်သွားရပြီး အခု အရွယ်လေးနည်းနည်းရောက်ကာ သိတတ်လာချိန်မှာတော့ ဘုရားကျောင်းတက်ချိန်ဆို သူက ဘုရားကျောင်းဘက်သို့ ခြေဦးပင် မလှည့်ဖြစ်တော့ပါ။ ဘယ်အချိန် ဘုရား‌ကျောင်းရောက်ဖြစ်သလဲဆို ညနေ ခြင်းခတ်တဲ့အချိန်သာ မပျက်မကွက် ရောက်သူဖြစ်၏။

မိဘတွေက ခရစ်ယာန်မို့သာ ခရစ်ယာန်ဘာသာခံယူထားရပြီး တကယ်က သူက ဘာသာမဲ့လိုပင်။ ဘယ်အရာကိုမှ သိပ်ပြီး အယုံအကြည်မရှိ။ အဖေက အသင်းအုပ်ဆရာဖြစ်တာကြောင့် ဘုရားကျောင်းတက်စေချင်ကြပေမယ့် သူကလည်း ဘူးဆို ဖရုံမသီး။

__________

စာသင်ခန်းအတွင်းဝယ် မှုံ မြန်မာ ဖတ်စာအုပ်လေးအား ဖွင့်ကာ ကြားထဲ၌ ညှပ်ထားသော နှစ်ရာတန်လေးအား ထုတ်ယူလိုက်ကာပိုက်ဆံလေးကို ကြည့်ရင်း တွေးငေးနေမိသည်။

ကျောင်းစဖွင့်သည့် ထိုနေ့မှစ၍ မှုံ့မြန်မာစာအုပ်ကြားတွင် နှစ်ရာတန် အသစ်လေးက နေ့စဉ်နေ့တိုင်းရောက်ရှိလာခဲ့တော့သည်။ မှုံလည်း စတွေ့ချင်းတုန်းကတော့ သုံးရမှာ မချင့်မရဲဖြစ်မိပေမယ့် အခုတော့ ကိုယ့်ပိုက်ဆံလိုပဲ သုံးတတ်နေပါပြီ။

ဒါပေမဲ့ ဘယ်သူ ထည့်ပေးတာလည်းဆိုတာတော့ အခုထိလည်း မသိရသေးပါ။

နတ်၊သကြားတွေကများ ထည့်ပေးထားတာလားဟု ကလေးဆန်ဆန်တော့ တွေးလိုက်မိသေး၏။

ထိုပိုက်ဆံလေးက မှုံ့အတွက်တော့ နေ့စဉ်ရရှိသော ဆုလာဘ်တစ်ခုလိုပင်။

_______________

ဒီဇင်ဘာလ၏ မနက်ခင်းသည် ကချင်ပြည်နယ် တောင်ပေါ်ဒေသပီပီ မြူနှင်းတို့ဖြင့် ဖုံးလွှမ်းနေသည်။ အေးစက်သော လေညှင်းက အသားကို ထွင်းဖောက်မတတ် တိုက်ခတ်နေသဖြင့် လူတိုင်း အနွေးထည်ထူထူများကို ကိုယ်စီ ဝတ်ဆင်ထားကြသည်။

"ဒီနှစ် ကျောင်းမှာ အခင်းလုပ်မယ်တဲ့။

အဲ့ဒီတော့ အိမ်မှာ အခင်းရှိတဲ့သူတွေက ရှိတဲ့ မျိုးစေ့လေး‌တွေ

ယူခဲ့ကြမယ်နော်။ "

ဆရာမ အသံက စာသင်ခန်းထဲတွင် ပျံ့လွင့်သွား၏။

"ဟုတ် "

ဆောင်းတွင်းချိန်သည် ကချင်ပြည်နယ်တွင် အသီးအနှံများ အဖြစ်ထွန်းဆုံး အချိန်ဖြစ်သည်။ မုန်ညှင်း၊ ကန့်လန့်၊ နံနံ၊ ပဲရွက် စသည်တို့ လှိုင်လှိုင်ပေါချိန်။ ကျောင်းတွင်လည်း ၄ တန်းကစပြီး အတန်းအလိုက် စိုက်ပျိုးရေးသင်တဲ့အနေနှင့် အခင်းစိုက်ပြိုင်ပွဲ ပြုလုပ်လေ့ရှိသည်။ထိုအထဲမှာမှ အဖြစ်ထွန်းဆုံး အခင်းရဲ့ အတန်းကို ဆုပေး၏။

ကျောင်းဝင်းအနောက်ဘက် မြေကွက်လပ်တွင် ကျောင်းသားများ စုရုံးရောက်ရှိနေကြသည်။

အခင်းစိုက်ရန်အတွက် အရင်ဆုံး မြေတွေစွကာ ပုံဖော်ကြရသည်။

မြေစေးများကို ပေါက်ပြားနှင့်ပေါက်ရမှာဖြစ်တာကြောင့် ၄ တန်းအရွယ် သူတို့အတွက် အင်အားမမျှ၊ အခက်တွေ့နေကြသည်။

"နေဦး ဆရာမ အကြီးတွေကို သွားခေါ်လိုက်ဦးမယ်နော်။ "

ဆရာမ ထွက်သွားပြီး သိပ်မကြာလိုက်။ ဆရာမနှင့်အတူ အနောက်ကနေ စပ်ဖြဲဖြဲ မြှောက်ကြွကြွနှင့် ပါလာတဲ့ လူနှစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအထဲတွင် ဟိုအစ်ကိုကြီး ပါလာသည်ကို မြင်တော့ မှုံ မျက်နှာပျက်သွားကာ နှာခေါင်းရှုံ့ရင်း လူအုပ်နောက်သို့ ဆုတ်လိုက်သည်။

ဒါကို သူက မြင်အောင်ကြည့်ပြီး မှုံ့ကို မျက်ခုံးပင့်ကာ လှမ်းစနေသေး၏။

အပိုင်း (၁၂) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၀) နောက်အခန်း - အပိုင်း (၁၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ