မြောက်ပြန်လေ အေးအေးက ဂျိန်းဖောမြေရဲ့ တောင်တန်းတွေကြား တိုးဝှေ့တိုက်ခတ်နေချိန်မှာ လမ်းမထက်က ခြေသံ၊ စကားပြောသံတို့က ပိုပြီးကျယ်လောင်ပြတ်သားနေသယောင်ရှိသည်။ ဆွတ်ရိန်နော်တစ်ယောက် သူ့အရှေ့က တရွေ့ရွေ့သွားနေတဲ့ ခန္ဓာကိုယ် သေးသေးကွေးကွေးလေးကို လှမ်းကြည့်ရင်း စနောက်ချင်သလို အသံဖြင့် လှမ်းအော်လိုက်၏။
"ဟာ ... ဟေ့ စောင့်ပါဦးဆိုကွာ။
လူလေးသေးသေးလေးကို လမ်းလျှောက်တာကလည်း မြန်လိုက်တာကွာ။ "
"..."
သူ့အသံကြောင့် ရှေ့ကကောင်မလေး ခြေလှမ်းတုံ့ခနဲဖြစ်သွားပေမယ့် ပြန်မပြော။ သူမဆီက တုံ့ပြန်သံမကြားရတော့ ဆွတ်ရိန်နော် ခြေလှမ်းကိုသွက်ကာ သူမနားကပ်သွားပြီး လမ်းဘေးဝဲယာကို လက်ညှိုးထိုးပြရင်း မျက်နှာပိုးသတ်ကာ ခြောက်လိုက်သည်။
"ငါဒီကိုအလာတုန်းက အဲ့ရွာထိပ်မှာ ခွေးတစ်ကောင်တွေ့လိုက်တယ်နော်။
ခွေးက ကိုက်ချင်နေတဲ့ပုံပဲ ရူးနေတာလားတောင်မသိပါဘူးကွာ။ "
သူ့အသံကို အနည်းငယ်ပိုပိုသာသာနှင့် လေးနက်အောင် ပြောလိုက်လျှင် သူ့ရဲ့ ခြိမ်းခြောက်မှုက အောင်မြင်သွားပုံပေါ်၏။
သူမရဲ့ သွက်လက်နေတဲ့ ခြေလှမ်းတွေက သိသိသာသာ နှေးကျသွားပြီး ဟိုဟိုဒီဒီ ဘေးဘီကို ကြောက်လန့်တကြား ဝေ့ဝဲကြည့်နေတာကိုမြင်တော့ ဆွတ်ရိန်နော် ကျေနပ်သွားပြီး နှုတ်ခမ်းကိုတွန့်ကွေးကာ အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်လေသည်။
"အဲ့တာကြောင့် ငါနဲ့အတူတူသွားမယ်။
ခွေးရူးကိုက်ခံရရင် ခွေးရူးပြန်ပြီး ခွေးလိုသေရမှာနော်။
မင်းမကြောက်ဘူးလား။ "
ပိုပိုသာသာလေး ထပ်ခြောက်လိုက်လျှင် လေတိုက်ရင် လွင့်ပါသွားမတတ် သူမကိုယ်လေးက တုန်တက်သွားရှာသည်။ မော့ကြည့်လာတဲ့ မျက်နှာလေးကို ကြည့်လိုက်တော့ ငိုမဲ့မဲ့ဖြစ်ကာ မျက်ရည်ဝဲလုနီးပါး။ တော်တော်ကြောက်သွားတာသိပေမယ့် သူ မတတ်နိုင်ပါ။ သူကတော့ အသံထွက်ကာ အရယ်ချင်နေတဲ့စိတ်ကို မနည်းထိန်းထားရ၏။
"မင်းကိုယ်လုံးက သေးသေးလေးဆိုတော့ ခွေးရူးပြန်ပြီးသေတဲ့အထိတောင်ရောက်မှာမဟုတ်ပါဘူး။
အဲ့နေရာမှာတင် တစ်ကိုယ်လုံးဆွဲဖြဲခံရပြီး သေမှာထင်တယ်။ "
သူက စကောင်းကောင်းနှင့် ဆက်စနေပေမယ့် တစ်ဖက်မှာတော့ ပြိုတော့မယ့်မိုးလို မျက်နှာလေးမဲ့ကာ တော်တော်ကြောက်နေရှာ၏။ သူမပုံစံက သနားစရာကောင်းလွန်းတာကြောင့် သူလေသံကို လျှော့လိုက်ရင်း...
"ငါနဲ့အတူတူသွားရင်တော့ ငါက ကာကွယ်ပေးမှာပေါ့။ "
ထိုအခါ သူမက သူ့အား မျက်လုံးလေးဝိုင်းကာ မျှော်လင့်ချက်ရောင်ခြည်သန်းသလို လှည့်ကြည့်လာလေသည်။ ထိုအခါသူကလည်း ယုံကြည်မှုရှိတဲ့ပုံစံမျိုး ခေါင်းညိတ်ပြကာ ထပ်မံအတည်ပြုပေးလိုက်၏။
"ဟုတ်တယ် ... ကိုယ့်ဟာကိုယ်သွားရင်တော့ ငါလည်း တာဝန်မယူနိုင်ဘူးပေါ့ကွာ။ "
"..."
လမ်းလျှောက်နေရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ ဆွတ်ရိန်နော် မေးလိုက်သည်။
"မင်းက ဘာသွားဝယ်မလို့လဲ။ "
"ဆား "
လေသံတိုးတိုးလေးနှင့် ပြန်ဖြေတဲ့အသံက ကြားရတစ်ချက်၊ မကြားရတစ်ချက်။
"ဪ ... ဒါနဲ့ မင်းကိုကြည့်လိုက်တိုင်း အဲ့စာပဲအမြဲတမ်းလုပ်နေတာ မပျင်းဘူးလားကွာ။ "
"မပျင်းပါဘူး။ "
ပုံမှန်ဆို သူတစ်ခုခုမေးရင် ခေါင်းညိတ်ခေါင်းခါလွဲပြီး ဘာမျှသိပ်မဖြေတဲ့ ကောင်မလေးက အခုလိမ္မာနေတာ ဘာကြောင့်လဲဆိုတာ သိနေတော့ အူတွေလိပ်တက်ကာ ရယ်ချင်နေတဲ့မျက်နှာကြီးအား မနည်းမျက်နှာပိုးသတ်ထားရ၏။
"မင်း စာတွေအဲ့လောက်လုပ်လို့ အခုလို လူစင်မမှီ သေးသေး
ကွေးကွေးလေးဖြစ်နေတာထင်တယ်သိလား။ "
သူ့စကားကြောင့် မှုံ့မျက်ခုံးတန်းလေးတွေ တွန့်ချိုးသွားပြီး မျက်မှောင်လေးကြုံ့လိုက်ကာ မျက်စောင်းထိုးဖို့လုပ်ပြီးမှ မျက်လုံးထဲ ခွေးရူးကြီးကို မြင်ယောင်လာတာကြောင့် ပြန်ငြိမ်နေလိုက်ရသည်။ တော်ကြာ သူက ပစ်ထားခဲ့မှ သူပြောသလို မှုံ အဲ့နေရာမှာတင် သေသွားပါဦးမည်။
အတွေးနှင့်တင် ကြက်သီးမွှေးညှင်းများထောင်ထသွားကာ ဘေးဘီဝဲယာကိုပါ လိုက်ကြည့်လိုက်မိ၏။
ဘေးက လှမ်းလျှောက်နေတဲ့ အကိုကြီးကိုလည်း အရင်က ကျေးဇူးရှင်ဆိုပြီး ကျေးဇူးတွေတင်နေမိခဲ့သမျှ အခုတော့ အမြင်ကပ်လာပြီဖြစ်သည်။ သူပြောသလို မှုံ သေးသေးကွေးကွေးလေးဖြစ်နေတာ စာလုပ်လို့မှ မဟုတ်ပဲ။
ဒါကလည်း အဖေ့ကြောင့်ပါပဲ။
ဂျီး(အဘွား)ပြောပြခဲ့တဲ့အကြောင်းထဲတွင် ထိုအကြောင်းကလည်း
ဖန်တရာသေတဲ့အထဲပါလေသည်။
မှုံကို အမေ ကိုယ်ဝန်ဆောင်ရချိန်တုန်းက အဖေက အရက်မူးကာ
အမေနှင့်ရန်ဖြစ်ကြပြီး အဖေကကိုယ်ဝန်ကြီးနှင့် အမေ့ဗိုက်ပေါ်သို့
ခြေထောက်နှင့်တက်ဖိကာ အိမ်ဘေးက လူတွေ ဝိုင်းဆွဲလို့သာ
အမေ မသေပဲ မှုံလည်းလူ့လောကကြီးထဲကို ရောက်ခဲ့ရတာဖြစ်၏။
မှုံကိုမွေးပြီးမီးတွင်းထဲကျပြန်ေတာ့လည်း ပိတောက်တွေပွင့်တဲ့ သင်္ကြန်တွင်းကြီးဖြစ်ကာ အဖေက အိမ်ရှေ့မှာ တခြားသူတွေနှင့် ရန်ဖြစ်ကြပြီး သွေးနုသားနုနှင့် သွေးသံရဲရဲမြင်လိုက်ရတဲ့ အမေက ထိုနေရာမှာတင် လန့်ပြီးသတိလစ်ကာ နို့လန့်၍ နို့မထွက်နိုင်တော့။
မှုံလည်း နို့ဝအောင်မစို့ရ၍ အခုလို သူများကလေးတွေလို ကိုယ်ခန္ဓာဖွံ့ဖြိုးမှု အားနည်းကာ သေးကွေးနေခဲ့ရတာဖြစ်၏။ ဂျီး(အဘွား)ကတော့ "ဉာဏ်လေးကောင်းသေးလို့ ကံကောင်းတာ မြေးလေးရယ်" တဲ့။
"ဟိတ် ... ဘာတွေစဉ်းစားနေတာလဲ။ "
ဘေးနားက ဆွတ်ရိန်နော်ရဲ့ အသံကြောင့် မှုံ့အတွေးတွေ ပြတ်တောက်သွားသည်။ လမ်းတစ်လျှောက်လုံး ဘာတွေစဉ်းစားခန်းဖွင့်လာသည်မသိတဲ့ မယ်မင်းကြီးမက သူအော်လိုက်မှ ပြူးတူးပြာတာနှင့် မော့ကြည့်လာတော့သည်။
"ဟင် ... အင် ..."
"ဟ ... ဒီမှာ ဆိုင်ရောက်ပြီ ဝယ်လေ။ "
"ဟင် ... အင်း ဟုတ် ဟုတ်
အန်တီအားမိုင် သမီးကို ဆားတစ်ထုပ်လောက် "
"အေးအေး သမီး ... အဲ့မှာ အရှေ့က တောင်းထဲမှာ ယူလိုက်သမီး "
"ဟုတ် "
မှုံနံ့သာ ဆားထုပ်ယူပြီး ပိုက်ဆံရှင်းကာ ပြန်ထွက်လာပေမယ့် တစ်ယောက်တည်းမပြန်ရဲတာကြောင့် ဆိုင်ရှေ့မှာ ယောင်လည်လည်နဲ့ ရပ်စောင့်နေမိသည်။ ထိုအခါ ဆွတ်ရိန်နော်က ပြုံးစစ မျက်နှာထားဖြင့်...
"ဘာမုန့်စားမှာလဲ"
"ဟင် ..."
"တစ်ယောက်တည်းမစားချင်လို့ ... ကြိုက်တာယူ "
"ဟင့်အင်း "
"ဘာလို့လဲ ... မင်းဆီက မုန့် ပြန်တောင်းမစားပါဘူးကွ။ "
"တော်ပြီ ... မစားချင်ဘူး။ "
"နေပေါ့ကွာ ... ဘယ်လောက်လဲ အားရှောင်(အန်တီ) "
"မာငှါဆာ ( ငါးရာ ) "
ဆွတ်ရိန်နော် အိတ်ကပ်ထဲမှ ငါးရာတန်အားထုတ်ကာ ပေးလိုက်ပြီး ဝေဖာမုန့်တစ်ထုပ်ဆွဲကာ ဆိုင်ထဲမှ ထွက်လာလျှင် ဟိုကောင်မလေးကလည်း အနောက်ကနေ ကုတ်ကုတ်လေးလိုက်လာ၏။
"ရော့ "
ဝေဖာတစ်ထုပ်အား လှမ်းပေးလိုက်လျှင် ခေါင်းတွေ တသွင်သွင်ခါ၍ ငြင်းလေသည်။ သေးသေးကွေးကွေးလေးနဲ့ မာနကတော့ မိုးလောက်ကြီးတာပဲဟု သူတွေးမိကာ...
"မင်းကလေ တအားမာနကြီးတာပဲ။
မစားချင်လည်း နေပေါ့ကွာ။ "
_____________
"မှုံနံ့သာ မုန့်ဝယ်လိုက်ဦးမလား။ "
ဂျာမိုင်နှင့် မျိုးသန္တာခင်က လှမ်းခေါ်လျှင် မှုံခေါင်းယမ်းလိုက်၏။
သူတို့ကလည်း မှုံမလိုက်မှန်းသိတော့ အရင်လို အတင်းမခေါ်ကြတော့ပါ။
သူတို့ထွက်သွားတော့ မှုံ တစ်ယောက်တည်း အတန်းထဲကျန်ရစ်ခဲ့ကာ စာကျက်ဖို့အတွက် လွယ်အိတ်ထဲက မြန်မာဖတ်စာအုပ်ကို ဆွဲထုတ်လိုက်လျှင် စာအုပ်ကြားထဲမှ လျှောခနဲ ထွက်ကျလာတဲ့ နှစ်ရာတန်အသစ်လေးကြောင့် မှုံ့မျက်လုံးတွေ အဝိုင်းသားဖြစ်သွားရ၏။
အောက်ကျသွားတဲ့ နှစ်ရာတန်လေးအား ကောက်လိုက်ပြီး လက်ထဲမှာ ဖြန့်ကြည့်ရင်း ရင်ထဲ 'ထိတ်' ခနဲဖြစ်သွားရသည်။ ဘယ်သူ့ပိုက်ဆံပါလိမ့် ... ဘယ်လိုလုပ် မှုံ့စာအုပ်ထဲ ရောက်နေတာလဲ။
မှုံ့ကို သူခိုးလို့စွပ်စွဲချင်လို့များ မှုံ့လွယ်အိတ်ထဲ တမင်သက်သက် လာထည့်ထားတာများလား။ အတွေးနှင့်အတူ ကြောက်စိတ်တွေဝင်လာပြီး ဇောချွေးများပြန်လာကာ လက်ဖဝါးလေးတွေ အေးစက်လာသည်။ ထိုနှစ်ရာတန်အသစ်လေးအား ခုံမှာတင်ကာ အတန်ကြာ စိုက်ကြည့်နေမိပြီးမှ စာအုပ်ကြားမှာ ပြန်ညှပ်ကာ ဘယ်သူမှမမြင်အောင် အမြန်သိမ်းထားလိုက်၏။
ခဏအကြာမှာတော့ ကျောင်းတက်ခေါင်းလောင်းထိုးသံ "ဒေါင်... ဒေါင်... ဒေါင်" ဆိုတဲ့အသံနဲ့အတူ အပြင်မှာ ဆော့နေကြတဲ့ ကလေးတွေရော ဆရာမပါ အတန်းထဲ ပြန်ရောက်လာကြလေသည်။
"ပဉ္စဂုဏံ အဟံဝန္တာမိ
အာစရိယဂုဏံ အဟံဝန္တာမိ
မင်္ဂလာပါ ဆရာမ "
"မင်္ဂလာပါကွယ် ... ထိုင်ကြ ထိုင်ကြ "
"ဟုတ်ကဲ့ပါ ဆရာမ "
ကျောင်းသားကျောင်းသူ အကုန်လုံး ထိုင်ချလိုက်တဲ့ အသံတွေ ဆူညံသွားပေမယ့် မှုံကတော့ မထိုင်နိုင်သေး။ ခုနက စာရွက်ကြားမှာညှပ်လိုက်တဲ့ နှစ်ရာတန်လေးအား အမြန်ထုပ်ယူကာ ဆရာမစားပွဲရှေ့သို့ သွားပြီး အပ်လိုက်သည်။
"ဆရာမ "
"ဟေ ... သမီး ဘာလဲ "
"သမီးစာအုပ်ကြားထဲမှာ ဒီပိုက်ဆံတွေ့လို့ပါ ဆရာမ "
အသံလေး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"ဟင် ... သမီးပိုက်ဆံ မဟုတ်ဘူးလား။ "
"မဟုတ်ပါဘူး ဆရာမ "
ထိုအခါ ဆရာမက ခေါင်းညိတ်ကာ မှုံ့လက်ထဲမှ နှစ်ရာတန်လေးအား လူအများမြင်အောင် မြှောက်ပြကာ အတန်းတစ်ခုလုံးကို မေးလိုက်သည်။
"ပိုက်ဆံ နှစ်ရာပျောက်တဲ့သူ ဘယ်သူရှိလဲ။ "
"..."
"ဘယ်သူမှ မရှိဘူးလား။ "
"မရှိပါဘူးဆရာမ "
အကုန်လုံးက တစ်ညီတညာတည်း ပြန်ဖြေလျှင် ဆရာမက မြှောက်ထားတဲ့ လက်ကို ပြန်ချကာ မှုံနံ့သာကို ပိုက်ဆံပြန်ပေးလေ၏။
"မရှိဘူးတဲ့ သမီး ... သမီးအဘွား မုန့်ဖိုး ထည့်ပေးထားတာနေမှာပေါ့ ... မုန့်စားလိုက်နော်။ "
လူဦးရေနည်းတဲ့ရွာကျောင်းလေးမို့ ကျောင်းသားတိုင်းလိုလိုရဲ့ အိမ်တွင်းရေးအကြောင်းကို သိနေတဲ့ ဆရာမက ပြောလျှင် မှုံ ခေါင်းညိတ်ပြကာ ခုံမှာ ပြန်ထိုင်လိုက်သည်။
ဒါပေမယ့်... ဂျီး(အဘွား)က မုန့်ဖိုးနှစ်ရာ ထည့်ပေးထားတယ်ဆိုတာကတော့ လုံးဝ မဖြစ်နိုင်မှန်းသိကာ စိတ်ထဲ တစ်မျိုးကြီး ထင့်နေမိ၏။
ပုံမှန် စားဖို့သောက်ဖို့ ဆန်ဖိုးတောင် မနည်းရှာနေရတဲ့ ဂျီးအတွက် မုန့်ဖိုးနှစ်ရာဆိုတာ နည်းတဲ့ပမာဏမှ မဟုတ်ပဲ။
ညနေ အိမ်ရောက်မှ ဂျီးကို သေချာမေးကြည့်ရပါဦးမယ်။
မှုံ သက်ပြင်းချရင်း ထိုနှစ်ရာတန်လေးကို စာအုပ်ကြားထဲပဲ ပြန်ညှပ်ကာ သိမ်းထားလိုက်တော့သည်။
အပိုင်း (၁၁) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)