Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၉)

ဆောင်းအကုန် နွေအကူးမို့ လေပြည်နုအေးအေးလေးများ တိုက်ခတ်နေသော်လည်း နေ့လယ်ခင်းနေရောင်ခြည်ကတော့ အနည်းငယ် စူးရှစပြုလာပြီဖြစ်သည်။

နောက်ရက်တွေမှာလည်း ဆွတ်ရိန်နော်တစ်ယောက် မယောင်မလည်နှင့် သူ့ဦးလေးအိမ်ဘက်ကို ခြေဦးလှည့်လာတတ်သည်မှာ အကျင့်တစ်ခုလိုပင် ဖြစ်နေလေပြီ။

ဦးလေးမိန်းမ ပြောပြသော စကားများကြောင့် ဟိုဘက်အိမ်က ကောင်မလေး၏ ကြောင်းကို အစုံအလင်သိလိုက်ရသည့်အခါ သူစိတ်မကောင်းဖြစ်မိသွားသည်။ ဒီအရွယ်၊ ဒီခန္ဓာကိုယ်သေးသေးလေးနှင့် ဘာကြောင့်များ အခုလို တိတ်ဆိတ်အေးစက်နေရတာလဲဆိုသည့် အဖြေကို သူကောင်းကောင်းကြီး သဘောပေါက် နားလည်သွားခဲ့ရပြီဖြစ်၏။

ထို့ကြောင့်လည်း သူဘယ်လောက်ပင် စကားတွေသွားပြောပြော၊ စနောက်နောက် အဲ့ဒီကောင်မလေးကတော့ ခေါင်းညိတ်၊ ခေါင်းခါမှလွဲ၍ ဘာမျှပြန်မပြောတတ်သည့်အလား နှုတ်ဆိတ်နေတတ်သည်။

တစ်ခါတလေ သူက ဟာသတွေဘာတွေပြောရင်တောင် မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် မော့ကြည့်လာပြီး သူက

သဘောတကျရယ်မှသာ အားတုံ့အားနာဟန်ဖြင့် လိုက်ပြုံးတတ်၏။

နေ့ခင်းဘက် နေရောင်ခြည်က ဝရံတာထောင့်စွန်းဆီသို့ ဖြာကျနေသည်။ ထိုနေရိပ်အောက်တွင် ပန်းကန်လုံးတစ်လုံးကိုကိုင်ကာ ခေါင်းငုံ့စားနေသော ကောင်မလေးကို သူမြင်လိုက်ရလျှင် ...

"ဟိတ် ဘာတွေစားနေတာလဲ။ "

ဝရံတာဘက်ကနေ သူလှမ်းမေးလိုက်တော့ သူ့အားမော့သာကြည့်လာပြီး ဘာမျှပြန်မပြောဘဲ ပန်းကန်ထဲ ပြန်ငုံ့ကာ ဆက်စားနေပြန်သည်။ အရင်လို အိမ်ထဲသို့ ဝင်မပြေးတော့သည်ကပင် အတော်လေး တိုးတက်လာသည်ဟု ဆိုရမည်။

"မင်းတို့အိမ်ကို ငါလာလို့ရလား။ "

သူထပ်မေးလိုက်လျှင် သူမက မျက်လုံးလေးဝိုင်းစက်သွားပြီး

သူ့အားမော့ကြည့်ကာ ကပြာကယာနှင့် ခေါင်းကို တွင်တွင်ခါယမ်းပြလေသည်။ သူမ၏ ပုံစံလေးမှာ ယုန်ငယ်လေးတစ်ကောင် လူစိမ်းတွေ့၍ လန့်သွားသည့်အလား။

ဆွတ်ရိန်နော် သဘောကျလွန်း၍ ခပ်မှေးမှေးမျက်လုံးများ ပိတ်သွားသည်အထိ အားပါးတရ ရယ်မောလိုက်လျှင် သူမ မျက်ခုံးတန်းလေးက တွန့်ချိုးသွားကာ ပန်းကန်ကိုမ၍ အိမ်ထဲသို့ ပြေးဝင်သွားပြန်တော့သည်။

_______________

အချိန်ကာလတို့ ရွေ့လျားခဲ့ပြီး နွေဦးရာသီ အစပျိုးပြီးချိန်သို့ ရောက်ရှိလာခဲ့ပြီး ပူပြင်းလှသော နွေလယ်ကာလ၏ အပူရှိန်အောက်တွင် ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။

ကျောင်းဝင်းတစ်ခုလုံး ကျောင်းသား၊ ကျောင်းသူများ၏ အသံများဖြင့် ဆူညံပွက်လောရိုက်နေ၏။ အရင်နှစ် ၃ တန်းစာမေးပွဲတွင် မှုံက ပထမရခဲ့တာကြောင့် ဒီနှစ်စုံညီပွဲတော် ကျင်းပချိန်တွင် ဆုတက်ယူရမည်ဖြစ်သည်။

မှုံက ၁ တန်းကနေစပြီး နှစ်တိုင်း ဆုရရှိပေမယ့် အဘွားကတော့

နှစ်တိုင်း မှုံ့ထက်ပင် ပို၍ ပျော်ရွှင်ဂုဏ်ယူနေတတ်သူဖြစ်သည်။ အဘွား၏ မျက်နှာပေါ်မှ အပြုံးပန်းများနှင့် တောက်ပနေသော မျက်ဝန်းများကို မြင်ရခြင်းသည် မှုံ့အတွက် အကြီးမားဆုံးသော အားအင်တစ်ခုပင်။

မှုံ့ဘဝမှာ အဘွားနှင့် အမေ မရှိတော့ရင် ဘယ်လိုဆက်ရှင်သန်ရမလဲဆိုသည့် အတွေးမျိုးကို မှုံ တွေးတောင်မတွေးရဲပါ။ ထိုအတွေးဝင်လာတိုင်း ရင်ထဲ၌ ဟာခနဲဖြစ်သွားရ၏။

"ဟေ့ ... မှုံနံ့သာ "

ရင်းနှီးနေသော အသံကြောင့် မှုံ လှည့်ကြည့်လိုက်သည်။

"ဟင် ...ဂျာမိုင် "

"အင်း ... ရော့ လက်ဆောင် "

မှုံ့လက်ထဲသို့ ရွှေရောင်လက်ကောက်လေးတစ်ခု ရောက်လာရာ မှုံ အံ့သြစွာ မော့ကြည့်မိတော့ ဂျာမိုင်က သွားတန်းလေးတွေ ပေါ်သည်အထိ ပြုံးပြလာ၏။ နွေနေရောင်အောက်တွင် ဂျာမိုင်၏အပြုံးက တောက်ပနေသည်။

"သူငယ်ချင်းတွေ အကုန်လုံးအတွက်ယူခဲ့တာ ... ဒီမှာ ဆင်တူ

ဝတ်နော်။ "

ဂျာမိုင်က သူ့လက်ကောက်ဝတ်ရှိ လက်ကောက်လေးကို မြှောက်ပြကာ ပြောတော့ မှုံ ခေါင်းညိတ်ပြလိုက်သည်။ မှုံခေါင်းညိတ်တာတောင် မဆုံးလိုက်ပါဘူး... ဂျာမိုင်က ရွှေရောင်တောက်နေတဲ့ လက်ကောက်ကွင်းလေးအား မှုံ့လက်ကို အတင်းဆွဲယူကာ စွပ်ပေးလိုက်ပြီး...

"လှတယ် "ဟုဆိုတော့ မှုံသဘောကျစွာ ပြုံးလိုက်မိသည်။

ကျောင်းပိတ်ပြီး ပြန်ဖွင့်တဲ့ အခုအချိန်တွင် မှုံက ဘာမျှ‌ မပြောင်းလဲပေမယ့် ဂျာမိုင်ကတော့ အရင်လို ဂုတ်အတိဆံပင်ဝဲဝဲလေး

မဟုတ်တော့ပဲ အနည်းငယ်ရှည်လာ၏။

"ငါတခြားသူတွေကိုလည်း သွားပေးလိုက်ဦးမယ်။

မချွတ်နဲ့နော် ဝတ်ထား။ "

"အင်း "

မှုံ ခေါင်းညိတ်ပြရင်း ဂျာမိုင်က လူအုပ်ကြားထဲသို့ ပြန်ပြီး ပြေးထွက်သွားလျှင် လက်ကောက်ဝတ်မှ လက်ကောက်လေးအား ကိုင်ကြည့်ကာ ကြည်နူးစွာ ပြုံးလိုက်မိပြန်သည်။

"ဟေ့ကောင်မလေး "

ရုတ်တရက် နောက်ပါးဆီမှ ထွက်ပေါ်လာသော ခေါ်သံကြောင့် မှုံပခုံးလေးတစ်ချက် တွန့်ခနဲဖြစ်ကာ ကိုယ်လေးမတ်သွားရသည်။ အသံပိုင်ရှင်ကိုတော့ လှည့်မကြည့်ဘဲ ဘယ်သူလဲဆိုတာ အလိုလို သိလိုက်ပြီဖြစ်ကာ ရင်ထဲတွင်လည်း ဒိန်းခနဲ တုန်သွားရ၏။

မှုံက လှည့်မကြည့်ဘဲ ရှေ့ဆက်သွားဖို့ ခြေလှမ်းပြင်လိုက်လျှင် ဆွတ်ရိန်နော်က သူမအရှေ့သို့ ရောက်လာပြီး လမ်းပိတ်ရပ်လိုက်၏။

"ဟိတ် ... ခေါ်နေတာမကြားဘူးလား။ "

"ဟာ ... ဟေ့ "

"ကြား ...ကြားပါတယ် "

"ဟ ... ကြားတာကို ဘာလို့ထွက်ပြေးတာလဲ။

မာနကြီးလိုက်တာကွာ။ "

သူက မျက်နှာကိုစေ့စေ့ကြည့်ကာ စ လိုက်တော့လည်း မျက်နှာငယ်လေးနှင့် ခေါင်းလေးငုံ့သွားရှာ၏။ နေရောင်အောက်တွင် သူမ၏ ဆံနွယ်တိုတိုနုနုလေးများက လေယူရာတိမ်းညွှတ်နေသည်။

"ငါက ဒီအတိုင်းတွေ့လို့ လာနှုတ်ဆက်တာပါကွ။

ငါ့ကို မခင်ဘူးလား။ "

"ဟင့်အင်း "

ခေါင်းကိုရမ်းချပစ်လိုက်တာများ နည်းနည်းလေးတောင် ဟန်မဆောင်ဘဲ တုံးတိတိကြီး ရမ်းချပစ်လိုက်တာမို့ ဒီကောင်ကြီးမှာ ဟက်ကော့ကြီးနှင့် ဆွံအသွားရသည်။ မျှော်လင့်ထားသည့် အဖြေမဟုတ်၍ မျက်နှာကို အုပ်ထားချင်စိတ်ပင် ပေါက်သွားမိ၏။

"ဟာ ... ဘာလို့လဲကွ။ "

ထိုအခါမှာလည်း နောက်တစ်ကြိမ်ခေါင်းကို ခါယမ်းပြန်သည်။

"ငါက မင်းကို ကိုက်မစားပါဘူးကွာ။ "

သူမကြားအောင် ကိုယ်ကိုအနည်းငယ်ကိုင်းညွတ်ကာ မြေကြီးထဲ ဝင်တော့မတတ် ငုံ့ထားတဲ့ ခေါင်းလေးအား ငုံ့ကြည့်ဖို့လုပ်လျှင်...

"ကျောင်း ... ကျောင်းတက်ပြီ သွားတော့မယ်။ "

ဟု ကတုန်ကယင်ဆိုကာ တန်းနေအောင် ပြေးထွက်သွားတော့သည်။

"ဟား ... ဘယ်လိုဟာလေးလဲကွာ။ "

ဆွတ်ရိန်နော် သဘောကျစွာဖြင့် သွားစွယ်တွေပေါ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိရင်း သေးသေးကွေးကွေး အရိပ်ကလေး ပျောက်သွားပြီဆိုမှ သူလည်း စိတ်ပေါ့ပါးစွာဖြင့် သူတို့အတန်းဆောင်ဘက် ပြန်လာခဲ့လိုက်တော့၏။

_____________

"မှုံနံ့သာ ထမင်းစားပြီးရင် မုန့်ဆိုင်သွားရအောင်နော်။ "

မှုံချိုင့်ပြန်သိမ်းနေတုန်း ဂျာမိုင်က လှမ်းပြောလျှင် မဆိုင်းမတွပဲ ခေါင်းကို ခါယမ်းလိုက်၏။

"ဟင့်အင်း "

"ဘာလို့လဲ ... မုန့်ဖိုးမပါဘူးလား။ "

"အင်း "

"အတူတူစားမယ်လေဟာ လိုက်ခဲ့နော်။ "

"တော်ပြီ ... ငါစာကျက်ရဦးမယ်။ "

"ဟင် ... နင်ကလည်း အမြဲတမ်း စာပဲကျက်နေတာပဲ

မပျင်းဘူးလား။ "

"ဟင့်အင်း "

"အဲ့တာဆိုလည်း ပြီးရောဟာ။

ဪ ... မနက်က ဆရာမ တွက်ခိုင်းတဲ့ သင်္ချာတွေ နင်ပြီးသွားပြီမလားဟင် "

"အင်း "

"အဲ့တာဆို ငါ့ကို နင့်သင်္ချာစာအုပ်လေး အိမ်ကိုငှားလိုက်ပါလားဟင်။

ငါမတွက်တတ်လို့ "

"အင်း ... ရတယ်လေ။ "

"ရေး ... မှုံနံ့သာက အကောင်းဆုံးပဲ။ "

ဝမ်းသာအားရဖြင့် မှုံ့ခန္ဓာကိုယ်သေးသေးလေးအား ဂျာမိုင်က အတင်းဆွဲဖက်လိုက်လျှင် မှုံမှာ အရှိန်မထိန်းနိုင်ဘဲ ငုတ်တုပ်ထိုင်ရာကနေ ဖင်ထိုင်လျက် ကျသွားရ၏။

"အဲ့တာဆို ငါတို့ မုန့်ဆိုင်သွားလိုက်ဦးမယ်နော်။ "

"အင်း "

မှုံ ခေါင်းညိတ်ကာ ချိုင့်ကိုကိုင်လျက် ထလိုက်လျှင် မျက်နှာချင်းဆိုင်မှ လှမ်းကြည့်နေသော ဆွတ်ရိန်နော်နှင့် အကြည့်ချင်း မတော်တဆ ဆုံသွားရာ ဆွတ်ရိန်နော်က မျက်ခုံးပင့်ကာ မေးငေါ့ပြလိုက်တော့ သူမက မျက်စောင်းလေး မရဲတရဲထိုးကာ ချက်ချင်းပင် မျက်နှာလွှဲ၍ လှည့်ထွက်သွားတော့သည်။

မှုံတို့အတန်းထဲရောက်မှ နောက်ကို လှမ်းကြည့်မိတော့ သူက သူ့သူငယ်ချင်းနှင့် ဘာတွေပြောပြီး ရယ်နေသည်မသိ၊ ပျော်ရွှင်နေပုံရ၏။

မှုံ့ရင်ထဲတွင်တော့ နားမလည်နိုင်သော ခံစားချက်ကလေးတစ်ခု ဖြတ်သန်းသွားသည်။

______________

နွေရာသီ ကျောင်းပိတ်ရက်ပြီးကတည်းက စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆိုလျှင် ဆွတ်ရိန်နော်အတွက် သူ့ဦးလေးအိမ်သွားရတာ အကျင့်ဖြစ်နေပြီဖြစ်၏။

ခါတိုင်းလိုပဲ ဝရံတာကနေ ဟိုဘက်အိမ်က ကောင်မလေးကို လှမ်းကြည့်မိတော့ စာအုပ်နှင့် မျက်နှာအပ်မတတ် ကုန်းကာ စာတွေကျက်နေလေသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး ရံဖန်ရံခါ ကြားရသည့် ငှက်အော်သံနှင့် လေတိုးသံမှလွဲ၍ ဘာသံမှမကြားရ။

ဒီအရွယ်လေးနှင့် ဘာလို့အဲ့လောက်တောင် စာတွေလုပ်နေရတာလဲ။ သူတို့အတန်းထဲက တခြားကလေးတွေဖြင့် မျောက်ရှုံးအောင် ဆော့နေကြတာပါ။

အဲ့ဒီ ခန္ဓာကိုယ် သေးသေးလေးက အဲ့လောက် စာတွေကြိုးစားပြနေတော့ စာဆို စိတ်နဲ့တောင် ကြိုးစားချင်စိတ်မရှိတဲ့ ကိုယ့်ကိုယ်ကိုတောင် အားငယ်သလိုလိုမချင့်မရဲဖြစ်မိသွား၏။

သူဆက်ကြည့်နေရင်း ခဏနေတော့ အိမ်ထဲမှ သူ့အဘွားက ထွက်လာကာ ဘာဝယ်ခိုင်းလိုက်သည်မသိ၊ လက်ထဲတွင် ပိုက်ဆံလေးဆုပ်ကာ အိမ်ပြင်သို့ ပြေးထွက်လာလျှင် သူလည်း ဝရံတာကနေ ဝရုန်းသုန်းကား ပြေးဆင်းသွားလိုက်သည်။

"ဟေ့ ကောင်မလေး ဈေးသွားဝယ်မလို့လား။ "

လမ်းမပေါ်အရောက် ဆွတ်ရိန်နော် လှမ်းမေးလိုက်လျှင် မှုံနံ့သာက သူ့အသံကြားတာနှင့် ခြေလှမ်းတွေက ခုနကထက် ပိုမြန်သွားတော့သည်။ နေပူထဲတွင် သူမ အရိပ်လေးက သွက်လက်စွာ လှုပ်ရှားနေ၏။

"ဟာ ... ဟေ့ ဟေ့ နေပါဦးကွ။

ငါ မင်းကို ကိုက်မစားပါဘူး။

ငါလည်း မုန့်ဝယ်သွားမလို့ အဖော်မရှိလို့ပါ။

အတူတူသွားရအောင် မုန့်ဝယ်ကျွေးမယ်လေ။ "

ထိုအခါ သူမက သူ့အား မှုန်ကြုတ်ကြုတ်လေးနှင့် လှည့်ကြည့်လာသည်။ ထိုအကြည့်က မုန့်ဝယ်ကျွေးမယ်ဆိုတဲ့ စကားကြောင့်

ဖြစ်လိမ့်မည်။

မာနကလည်း ကြီးလိုက်တာများ လူလေးနှင့်ပင်မလိုက်ပါ။

"ဟာ ... ဟေ့ စောင့်ပါဦးဆိုကွာ။

လူလေးသေးသေးလေးကို လမ်းလျှောက်တာကလည်း မြန်လိုက်တာကွာ။ "

"..."

"ငါဒီကိုအလာတုန်းက အဲ့ရွာထိပ်မှာ ခွေးတစ်ကောင်တွေ့လိုက်တယ်နော်။

ခွေးက ကိုက်ချင်နေတဲ့ပုံပဲ ရူးနေတာလားတောင်မသိပါဘူးကွာ။ "

သူ့အသံကို အနည်းငယ်ပိုပိုသာသာနှင့် လေးနက်အောင် ပြောလိုက်လျှင် သူ့ရဲ့ ခြိမ်းခြောက်မှုက အောင်မြင်သွားပုံပေါ်၏။

သူမ ခြေလှမ်းတွေက သိသိသာသာ နှေးကျသွားကာ မျက်နှာတွင် စိုးရိမ်စိတ်အနည်းငယ် ဖြတ်ပြေးသွားသည်။ ဒါကိုမြင်တော့ ဆွတ်ရိန်နော် ကျေနပ်သွားပြီး နှုတ်ခမ်းကိုတွန့်ကွေးကာ အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်လေသည်။

အပိုင်း (၁၀) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၈) နောက်အခန်း - အပိုင်း (၁၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ