Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၆)

"သမီး "

"ဟင် ... အမေ လာတယ်။ "

အိမ်ရှေ့မှ ရင်းနှီးသော အသံကြားလိုက်ရသည်နှင့် မှုံ ကုတင်ပေါ်မှ ဒရောသောပါး ပြေးဆင်းလိုက်ကာ လွမ်း‌နေရတဲ့ အမေ့ကို မြင်လိုက်ရသည်နှင့် အားကုန်ပြေးဖက်လိုက်လျှင် အမေကလည်း မှုံ့ဆံပင်လေးတွေကို တယုတယ ပွတ်သပ်ပေး၏။ အမေ့ကိုယ်သင်းနံ့လေးက မှုံ့အတွက်တော့ အလွမ်းပြေဆေး။

"ဘွားဘွားကြီးရော သမီး "

"ဈေးရောင်းက ပြန်မလာသေးဘူး အမေ "

"ဟုတ်လား ... သမီးက ဘာတွေလုပ်နေတာလဲ။ "

"သမီးက စာကျက်နေတာပါ "

"အို ... အမေ့သမီးလေးက လိမ္မာလိုက်တာ။

လာ ... အမေ သမီးလေးအတွက် မုန့်ဝယ်ခဲ့တယ်နော်။ "

"ဟုတ် "

အမေကမ်းပေးလာတဲ့ မုန့်ထုပ်လေးအား ဆွဲရင်း အိမ်ထဲဝင်လာခဲ့လိုက်၏။ တကယ်တော့ မှုံက ဒီမုန့်တွေ စားချင်တာ မဟုတ်ပါဘူး။ အမေ အမြဲတမ်း မှုံ့အနားမှာ ရှိနေတာကိုပဲ လိုချင်တာပါ။ ဒါပေမယ့် မှုံ မပြောတော့ပါဘူး ... ပြောလည်း ရခဲ့တာမှ မဟုတ်တာ။ မှုံ အမြဲတမ်း တောင်းဆိုခဲ့ဖူးတာပဲလေ။

"အမေ ... လာ "

"အေး အေး ..."

အမေက ကုတင်ပေါ်ဝင်ထိုင်ပြီးလျှင် မှုံ့ရဲ့ရေးလက်စ စာအုပ်လေးအား ကောက်ယူလှန်ကြည့်၍ ...

"သမီးလေး ... စာကြိုးစားရမယ်နော်။ "

"ဟုတ် "

"ဟော ... ဟိုမှာ ဂျီး(အဘွား) ပြန်လာပြီ "

မှုံက ပြောလည်းပြော၊ ကုတင်ပေါ်မှ ပြေးဆင်းသွားကာ အဘွားကို ကြိုဖို့ ပြေးထွက်သွားတော့ မှုံ့အမေ ဒေါ်မှုံရွှေရည်ကလည်း အနောက်မှ လိုက်သွားသည်။

သူ့မြေးကိုကြည့်ပြီး ပြုံးနေတဲ့ ဒေါ်နန်းကြာမှုံသည် သူ့သမီးအား မြင်လိုက်လျှင် မျက်နှာက ချက်ချင်း တင်းမာခက်ထန်သွားကာ အိမ်ထဲသို့ တန်းဝင်သွားတော့သည်။

ထိုအခါ ဒေါ်မှုံရွှေရည်က မျက်နှာငယ်ကျသွားကာ မျက်ဝန်းအိမ်ထဲတွင် မျက်ရည်တွေ ရစ်သိုင်းလာသော်လည်း သူမကို လှမ်းအကဲခတ်နေတဲ့ သမီးလေးကြောင့် တံတွေးတစ်ချက်ကို ခက်ခဲစွာ မြိုချကာ စိတ်ကို ပြန်တင်းလိုက်သည်။

"သမီး ... ဘာလိုသေးလဲဟင် အမေဘာဝယ်ပေးရမလဲ။ "

"ဘာမှ မလိုပါဘူး အမေ "

"အေးအေး ... ဒီမှာ ပိုက်ဆံ ဘွားဘွားကြီးကို ပေးထားလိုက်နော်။

လိုတာရှိရင် ဘွားဘွားကြီးဆီကတောင်းလိုက်နော် "

"ဟုတ် "

"လိမ်လိမ်မာမာနေပြီး စာကြိုးစားနော် "

"ဟုတ် ... အမေက ပြန်တော့မှာလား။ "

"အွန်း ... နောက်နေ့မှ ထပ်လာခဲ့မယ်နော်။ "

"ဟုတ် "

ခေါင်းညိတ်ကာဖြေလိုက်ပေမယ့် မှုံ့အသံလေးက သိမ်ဝင်သွားသလို ငိုသံလေးလည်း အဖျားခတ်သွား၏။ ငုံ့သွားတဲ့ ခေါင်းလေးက ပြန်မမော့တော့ဘဲ နေလျှင် ဒေါ်မှုံရွှေရည်ကလည်း သူမသမီး ခေါင်းလေးအား ခပ်ဖွဖွပွတ်ကာ နှုတ်ဆက်ပြီး လှည့်ထွက်ခဲ့တော့သည်။

ကျန်ခဲ့တဲ့ မှုံနံ့သာကလည်း ကျောခိုင်းသွားသော အမေ့ကိုကြည့်ရင်း တရှုံ့ရှုံ့နှင့် ကျိတ်ငိုရှာသလို ဒေါ်မှုံရွှေရည်ကလည်း တစ်လမ်းလုံး မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ရွာသွန်းရတော့သည်။

_______________

နေမွန်းတည့်ချိန် ရောက်လာတော့ နေရောင်ခြည်က စူးရှပြင်းပြလာလေသည်။

"မှုံနံ့သာ ဘာဟင်းလဲ အတူတူစားရအောင်လေ။ "

"ဟင့်အင်း ... ဟင်းမကောင်းဘူး။

နင်တို့ပဲ စားကြတော့။ "

ကျွတ်ကျွတ်အိတ်ကလေးနှင့် ထုပ်လာတဲ့ တစ်လုံးချိုင့်အစုတ်လေးအား ရင်ခွင်ထဲပိုက်ကာ မှုံက ငြင်းလိုက်လျှင် ထွယ်လုက နှာခေါင်းရှုံ့ကာ ဂျာမိုင်ကို အတင်းဆွဲခေါ် လေသည်။ သို့သော် ဂျာမိုင်ကတော့ မသွားသေးဘဲ မှုံ့ကို ဆက်ပြီးခေါ်နေ၏။

"လာပါ ... မှုံနံ့သာရဲ့ ဟင်းမကောင်းလည်း ဘာဖြစ်လဲ အတူတူ

မျှစားလို့ရတာပဲ။ ဟိုမှာ အများကြီးပဲ ပျော်စရာကြီးလာ"

မန်ကျည်းပင်ကြီးအောက်မှာ ဝိုင်းဖွဲ့ကာ ထိုင်နေတဲ့ သူတွေအား

မေးငေါ့ပြကာ ဂျာမိုင်ကပြောလျှင် မှုံလှမ်းကြည့်ကာ ခေါင်းရမ်းလိုက်သည်။

"တော်ပါပြီ ... ငါအဲ့လို လူအများကြီးနဲ့ မစားတတ်လို့။ "

"ပျော်စရာကြီးဟ ... လာပါ နော် နော် "

ဂျာမိုင်က ပြောပြောဆိုဆိုနှင့် မှုံ့လက်ကို အတင်းဆွဲကာ ခေါ်တာကြောင့် မှုံ မလွန်ဆန်နိုင်တော့ဘဲ တရွေ့ရွေ့နှင့် သူ့နောက်ပါသွားရတော့သည်။

မန်ကျည်းပင်အောက်ရောက်တော့ အရိပ်ကောင်းကောင်းတွင် ဝိုင်းဖွဲ့ကာ ထိုင်နေကြတဲ့သူတွေက မှုံတို့အား မော့ကြည့်လေသည်။ သူတို့ကလည်း ဂျာမိုင်တို့ကို စောင့်နေတာထင်ပါရဲ့ ... ချိုင့်တွေဖွင့်ထားပြီး မစားကြသေးပေ။

"လာ ... ထိုင် မှုံနံ့သာ"

ဂျာမိုင်ရဲ့ ဘေးတွင် မှုံဝင်ထိုင်လိုက်ပြီးမှ ဘေးမှလူတွေကို မရဲတရဲနှင့် လိုက်ကြည့်မိတော့ မှုံတို့အတန်းထဲက လူတွေအပြင် မျိုးသန္တာခင်၏ဘေးတွင် အတန်းကြီးက အစ်ကိုကြီးနှစ်ယောက်ပါ ရှိနေသည်။ ကျန်တဲ့တစ်ယောက်ကို မသိပေမယ့် တစ်ယောက်ကတော့ ဟိုနေ့က ဆရာမဆီ စက်ဝိုင်းနှင့်ပေတံ လာပေးသွားတဲ့ အစ်ကိုကြီးဖြစ်ကာ မှုံ့ရဲ့ ကျေးဇူးရှင်ကြီးဖြစ်‌တာကြောင့် မှတ်မိပါသည်။

မှုံ ထိုအစ်ကိုကြီးအား လှမ်းကြည့်နေမိရင်း ထိုအစ်ကိုကြီးကလည်း မှုံ့ကို ပြန်ကြည့်လာတော့ မှုံ့မျက်နှာလေး ပူခနဲဖြစ်သွားကာ ခေါင်းကို ကပြာကယာငုံ့ကာ မျက်လွှာချထားလိုက်သည်။

"မှုံနံ့သာ ထမင်းချိုင့်ဖွင့်လေ စားမယ်လေ "

"ဟင် ... အင်း အင်း "

ဂျာမိုင်ပြောမှ မှုံလည်း ချိုင့်ကို မဖွင့်ချင်ဖွင့်ချင်နှင့် ဖွင့်လိုက်တော့ ...

"ဟင် ... ဟင်းမပါဘူးလား။ "

ထွယ်လုက အရင်ဆုံး ပြောလိုက်လျှင် လူတွေရဲ့ အကြည့်တွေက မှုံ့ချိုင့်ဆီ ပြိုင်တူရောက်လာကြလေသည်။

မနက်က ဂျီးက ဈေးရောင်းက ပြန်မလာသေးတာကြောင့် မှုံ အိမ်မှာရှိတဲ့ ထမင်းကြမ်းခဲတစ်ဝက်နှင့် ငါးပိဖုတ်လေးပဲ ထည့်လာတာဖြစ်၏။

အဲ့ဒါကြောင့် ကိုယ့်ဟာကိုယ် အေးဆေးစားဖို့ လုပ်နေတာကို အခုတော့ အလကားနေရင်း ကိုယ့်ကိုသနားသလို ကြည့်လာကြတဲ့ သနားစရာအကြည့်တွေကို ရင်ဆိုင်ရပြန်ပြီ။

'ဟင့်အင်း ... မှုံ မကြိုက်ပါဘူး'

မှုံတို့ကိုဆို လူတွေက သနားတာလိုလို ဘာလိုလိုနှင့် တကယ်က ဂျီးပြောသလို နှိမ်ချင်နေကြတာ။

မှုံ့စိတ်ထဲတွင် ထိုဝိုင်းမှ ထထွက်သွားချင်နေပေမယ့် အပြင်မှာတော့ ဆက်ထိုင်နေလိုက်ကာ ဘာမျှမဖြစ်သလို ချိုင့်ထဲမှ ထမင်းကြမ်းခဲအား ဖဲ့ကာ ငါးပိဖုတ် အနည်းငယ်နှင့် ရောနယ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ဗိုက်ဆာနေတဲ့အချိန်‌ဆိုတော့ ထမင်းကြမ်းက စားလို့မြိန်နေတာပါပဲ။

မှုံ ဘယ်သူ့ကိုမှလည်း မကြည့်တော့ဘဲ ထမင်းအမြန်ကုန်ပြီး ဒီဝိုင်းမှ ထသွားနိုင်ဖို့ ခေါင်းမဖော်တော့ဘဲ စားနေလျှင် မှုံ့ချိုင့်ထဲသို့ ကြက်ဥချက်တစ်ခြမ်းက ရောက်လာလေသည်။

မှုံ မော့ကြည့်လိုက်တော့ ဂျာမိုင်က ပြုံးပြကာ ...

"စားလေ" ဟု ဆိုသည်။

မှုံကို ခေါင်းကို ခါယမ်းကာ ကြက်ဥခြမ်းကို သူ့ချိုင့်ထဲပြန်ထည့်ပေးဖို့လုပ်တော့ ဂျာမိုင်က သူ့ချိုင့်ကို လက်နဲ့အုပ်ကာ တားလေသည်။

"ဟင့်အင်း ပြန်မထည့်ပေးနဲ့နော် ... ဒီမှာလည်းရှိသေးတာပဲ

စားပါ။ "

"တော်ပြီ ငါမစားချင်ဘူး။ "

"ဘာလို့လဲ ... ရွံလို့လား။ "

"ဟင် ... မဟုတ် အဲ့လိုမဟုတ်ပါဘူး။ "

"အဲ့တာဆို စားနော်။

အကုန်လုံး မျှစားကြတာပဲ။ "

ဂျာမိုင်က စေတနာအပြည့်နှင့် ပြုံးကာ ပြောလိုက်တော့ မှုံနံ့သာလည်း ဘာမျှပြန်မငြင်းသာတော့ဘဲ ခေါင်းငုံ့ကာ ထမင်းဆက်စားလေသည်။

မျက်နှာချင်းဆိုင်မှ ဆွတ်ရိန်နော်ကတော့ ထမင်းစားနေရင်း တပြုံးပြုံးနှင့် ထိုမြင်ကွင်းကို ကြည့်နေသည်။

"ထမင်းစားပြီးရင် ကြိုးခုန်မယ်နော်။ "

"အွန်း ... မှုံနံ့သာရော ပါမယ်မလား။ "

"ဟင့်အင်း ... ငါသွားတော့မယ်နော်။ "

ကုန်သွားပြီဖြစ်တဲ့ ထမင်းချိုင့်ကို အဖုံးပြန်ပိတ်ကာ အိတ်ထဲပြန်ထည့်၍ ထလိုက်၏။

"ဟင် ...ထမင်းစားလို့ ပြီးပြီလား။ "

မျိုးသန္တာခင်က လှမ်းမေးလျှင် မှုံခေါင်းညိတ်ပြလိုက်၏။

"ကြိုးခုန်ကြေးဆော့မယ်လေ။ "

ဂျာမိုင်က ထပ်ပြောတော့ မှုံခေါင်းရမ်းပြလိုက်လျှင်

သူက မှုံ့လက်ကို လှမ်းကိုင်ထားကာ ...

"နင်ကလည်း ငါတို့လူနည်းနေလို့ပါ။

ပါပါနော် "

"ငါ ... ဟို စာ "

"နင်က စာအမြဲတမ်းကျက်နေတာကို

ဒီနေ့တော့ ဆော့ရအောင်ပါ‌ဟာ နော် "

"ဟုတ်သားပဲ ... ဆော့ရအောင်‌နော် "

ကျန်တဲ့သူတွေကပါ ဝိုင်းပြောတော့ မှုံလည်း မငြင်းနိုင်တော့ဘဲ ခေါင်းညိတ်လိုက်ရတော့သည်။ ထိုအခါ အကုန်လုံးပြုံးသွားကြတော့ မှုံ့ရင်ထဲ သိမ့်ခနဲဖြစ်သွားကာ ဖော်ပြမတတ်သော ပျော်ရွှင်မှု လှိုင်းကလေးတစ်ခု ဖြတ်ပြေးသွား၏။

မှုံကသာ ထမင်းမြန်မြန်စားလို့ ပြီးသွားပေမယ့် သူတို့ကတော့ ထမင်းစားလို့မပြီးသေးဘဲ စားနေရင်းနှင့် ကြိုးခုန်ကြေးဆော့ဖို့ ပြင်ကြသည်။

မှုံကတော့ အဲ့လိုဆော့တာတွေလည်း သိပ်မကျွမ်းတော့ သူတို့ခုန်ဖို့ ကိုတား(ကြိုးကိုင်) ပေးရသူချည်းသာ ဖြစ်နေပေမယ့် သူတို့ပျော်နေတာကို ကြည့်ရင်း မှုံ့စိတ်ထဲမှာလည်း ပေါ့ပါးလန်းဆန်းကာ ပျော်တော့ ပျော်နေမိသည်။

အပိုင်း (၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅) နောက်အခန်း - အပိုင်း (၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ