Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၇)

မနက်ခင်း၏ အေးမြသောလေထုကြားတွင် မီးခိုးငွေ့တဝေဝေနှင့် ထမင်းဟင်းချက်ပြုတ်နေသော မီးဖိုချောင်လေးထဲမှ အသံများ ထွက်ပေါ်နေ၏။ ကျောင်းသွားရန် အဆင်သင့်ဖြစ်နေသော မှုံနံ့သာက လွယ်အိတ်ကို လွယ်ရင်း မီးဖိုခန်းဝသို့ လှမ်းပြောလိုက်သည်။

"ဂျီး ... သမီးကျောင်းသွားတော့မယ်နော်။ "

"ဪ ... နေဦး သမီး မုန့်ဖိုးယူသွားဦး ရော့ "

မြေးအဖွားနှစ်ယောက်တည်းရှိသော အိမ်ကလေးထဲတွင် ဂျီးအသံက အလောတကြီးထွက်လာသည်။

ဂျီးက ဟင်းအိုးတည်နေရင်း တန်းလန်းနှင့် အိမ်ရှေ့သို့ အပြေးတစ်ပိုင်းထွက်လာသည်။ မီးခိုးမွှန်ထား၍ မျက်လုံးများက အနည်းငယ်စိုစွတ်နေပြီး နွမ်းပါးပါးချွေးခံအင်္ကျီအိတ်ကပ်လေးထဲမှ ခေါက်သိမ်းထားသော ငါးဆယ်တန်တစ်ရွက်ကို ထုတ်ပေးလိုက်လျှင်

မှုံခေါင်းခါလိုက်၏။

ဂျီးပင်ပန်းဆင်းရဲခံရှာထားရသော ပိုက်ဆံကို မယူရက်၊မသုံးရက်ပါ။

"တော်ပြီ ... ဂျီး သမီးမယူတော့ဘူး။ "

"ယူပါ သမီးရဲ့ ... ဂျီးလည်း ရှိတုန်းလေး ပေးရတာ။

ရော့ ... မုန့်ဝယ်စား "

"တော်ပါပြီဆို "

"အမယ်လေး ... ယူပါကွယ်။

ဟိုမှာ ဟင်းအိုးတန်းလန်းကြီး ရော့ ရော့ "

ဂျီးက ပြောပြောဆိုဆိုနှင့် မှုံ့လက်ထဲသို့ ပိုက်ဆံကို အတင်းထည့်ပေးကာ မီးဖိုနားသို့ ပြန်ရောက်သွားလျှင် မှုံ့လက်ဖဝါးထဲတွင် ကျန်ရစ်ခဲ့သော ငါးဆယ်တန်လေးအား လက်နှင့်ကျစ်ကျစ်ပါအောင်ဆုပ်ကာ ယူခဲ့လိုက်တော့သည်။ ဒီပိုက်ဆံကို မုန့်ဝယ်စားမည့်အစား ကျောင်းရောက်မှ စာအုပ်ကြားထဲ ညှပ်ပြီး စုထားရမည်ဟု တွေးလိုက်မိသည်။

လမ်းမထက်တွင် ကျောင်းသွားကျောင်းလာ ကလေးများဖြင့် စည်ကားစပြုနေပြီဖြစ်သည်။ မှုံနံ့သာတစ်ယောက်တည်း ခေါင်းငိုက်စိုက်ဖြင့် လှမ်းလာစဉ်...

"ဟေ့ ... မှုံနံ့သာ မှုံနံ့သာ "

နောက်ကျောဘက်မှ အော်ခေါ်သံကြောင့် မှုံ ခြေလှမ်းတုံ့ကာ လှည့်ကြည့်လိုက်လျှင် ဂျာမိုင်က အဝေးမှနေ၍ ဖုန်တထောင်းထောင်းထအောင် ပြေးလာနေသည်။ မှုံ့အနားရောက်တော့ အမောမဖြေနိုင်သေးဘဲ မှုံ့လက်ကို တွဲချိတ်လိုက်လေသည်။

"မောလိုက်တာ ... ငါနင့်ကို ခေါ်နေတာကြာပြီ။

နင်မကြားဘူးလား။ "

ဂျာမိုင်က နိမ့်ချည်မြင့်ချည်ဖြစ်နေသော သူ့ရင်ဘတ်သူဖိကာ အမောတကော ပြောနေကယနဖူးစပ်တွင် ချွေးသီးလေးများပင် ခိုနေ၏။ မှုံက သူ့အား အားတုံ့အားနားအကြည့်ဖြင့် ပြန်ကြည့်ရင်း...

"ငါမကြားလို့ "

"အွန်း ... နင်လမ်းလျှောက်တာကလည်း မြန်လိုက်တာ

ငါ့မှာ မနည်းပြေးလိုက်ခဲ့ရတယ်။ "

"ဟို ... ‌အကျင့်ဖြစ်နေလို့ "

"ဒီနေ့လည်း ထမင်းအတူတူစားမယ်နော်။ "

"ဟင် ..."

မှုံနံ့သာက ချက်ချင်းပြန်မဖြေဘဲ တိတ်သွားလျှင် ဂျာမိုင်က သနပ်ခါးဖွေးဖွေးလေးနှင့် သူမ မျက်နှာလေးကို စူးစမ်းသလို ကြည့်ရင်း...

"ဘာလို့လဲ ငါတို့နဲ့ ထမင်းအတူတူစားရတာ မကြိုက်လို့လားဟင် "

"မဟုတ်ပါဘူး "

"အဲ့ဒါဆို အတူတူစားကြမယ်နော် "

"အင်း အင်း "

"မနက်ဖြန်ကျရင်လည်း ‌ကျောင်းကို ငါနဲ့အတူတူသွားမယ်နော်။"

"အွန်း "

"ဒီနေ့ ဘာဟင်းလဲဟင် ... ငါကတော့ ဟင်းမကောင်းဘူး။

မုန်ညင်းရွက်ကြော်ပဲပါတယ်။ "

ဂျာမိုင်၏ စကားကြောင့် မှုံ့ မျက်နှာလေး ဝင်းလက်သွားကာ တိုက်ဆိုင်လိုက်တာဟု တွေးမိရင်း...

"ဟင် ... ငါလည်း မုန်ညင်းရွက်ကြော်ပဲ "

"ဟာ ... ဟုတ်လား အဲ့ဒါဆို ဟင်းလဲစားလို့မရတော့ဘူးပေါ့။ "

ဂျာမိုင်က နှာခေါင်းလေးရှုံ့ကာ ညည်းတွားလိုက်လျှင် မှုံပြုံးလိုက်မိသည်။

ရွယ်တူတွေဆို‌ပေမယ့် ဂျာမိုင်က မှုံနံ့သာနှင့်မတူပဲ ဘဝ၏ ပူပင်သောကကင်းစင်သော ကလေးတစ်ယောက်၏ ပျော်ရွင်တက်ကြွမှုတွေ အပြည့်အဝရှိနေသည်။

ဂျာမိုင်တို့ကလည်း အလွန်ချမ်းသာသည့်အထဲမပါပေမယ့် မိဘနှစ်ပါးစလုံး အလုပ်လုပ်ကြသူများမို့ စားနိုင်သောက်နိုင်သည့်အထဲ ပါလေ၏။ သူ့အဖေက ကျောက်ရှာပြီး သူ့အမေက မှုံနံ့သာအဘွားလိုပဲ ‌ဟင်းရွက်ရောင်း၏။

နှစ်ယောက်သား စကားတပြောပြောနှင့် လျှောက်လာကြရာ ခါတိုင်းလို လမ်းအကြာကြီးလျှောက်ရလို့ ညောင်းတာကိုပင် မခံစားမိတော့။ စကားကောင်းနေရင်း ကျောင်းဝင်းထဲရောက်မှန်းမသိ ရောက်လာကြတော့သည်။

စာသင်ခန်းထဲသို့ ရောက်သောအခါ ဂျာမိုင်က လွယ်အိတ်ကို ခုံပေါ်ဘုန်းခနဲချကာ သူ့လွယ်အိတ်ထဲမှ တစ်ရာတန်လေးကို ကိုင်၍ မှုံအနား ရောက်လာပြန်၏။

"မှုံနံ့သာ မုန့်ဝယ်သွားရအောင် "

"ဟင် ... "

မှုံလက်ထဲမှာ အခုထိ ဆုပ်ထားတဲ့ ငါးဆယ်တန်လေးရှိနေပေမယ့်

ခေါင်းသာခါပြလိုက်သည်။

"တော်ပြီ ငါမလိုက်တော့ဘူး။ "

"အွန်း အွန်း ... အဲ့တာဆို ငါတို့သွားတော့မယ်နော်။ "

"အင်း "

ဂျာမိုင်နှင့်အတူ ထွယ်လုရော မျိုးသန္တာခင်ပါ သုံးယောက်သား တာထွက်ကောင်းသော အပြေးသမားများလို မုန့်ဆိုင်ဘက် ပြေးထွက်သွားကြလျှင် သူတို့ ပျောက်ကွယ်သွားပြီဆိုမှ မှုံနံ့သာ အရှေ့ကိုပြန်လှည့်လိုက်သည်။ ထို့နောက် လက်ထဲမှ ချွေးစိုနေသော ၅၀တန်‌အလိပ်လေးကို ဖြန့်ကာ မြန်မာဖတ်စာအုပ်ကြားမှာ သေသေချာ‌ချာလေး ဖိညှပ်ထားလိုက်၏။

___________

"ဟျောင့် ... ဒီနေ့လည်း ဟိုမှာထမင်းသွားစားမှာမလား။ "

ထမင်းစားချိန်ဆင်းခါနီး ဆွတ်ရိန်နော်က ခုံအနောက်မှနေ၍ မျိုးမင်းထက်နား ကပ်ကာ မေးလိုက်လျှင် မျိုးမင်းထက်က ပြန်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက်...

"ဘယ်လဲ "

"မင်းညီမဆီလေကွာ "

"မသွားပါဘူး။

ဒီနေ့ ငါ့ချိုင့်သက်သက်ပါတယ်။ "

"ဟင် ...ဘာလို့လဲ "

"ဘာကိုလဲကွ "

"ဘာမှမဟုတ်ဘူး။

ဒီနေ့လည်းအဲ့မှာ သွားစားရအောင်လေ။ "

"ဟ ... ဘာလုပ်ဖို့လဲကွ။

ကလေးတွေနဲ့ မစားချင်ပါဘူး။ "

"မင်းကရော ဘယ်လောက်ကြီးနေလို့လဲ။ "

"ဟ ... မင်းဘာဖြစ်နေတာလဲ။

မနေ့ကတော့ မင်းပဲ မလိုက်ချင်ပါဘူးဆို ... ကျားမြှီးဆွဲရသလို

ခေါ်ရပြီး ...အခုကျ သွားချင်ပြန်ပြီလား။ဘာဖြစ်နေတာလဲ "

မျိုးမင်းထက်က သံသယမျက်လုံးများဖြင့် ကြည့်ရင်းမေးလိုက်လျှင် ဆွတ်ရိန်နော်က ဟန်မပျက်ပင် ပခုံးတွန့်ရင်း...

"ပျင်းလို့ကွာ။

ဟိုမှာကျ လူများတော့ ပျော်ဖို့ကောင်းသလားလို့။ "

"ဟျောင့် ... ငါတို့အခန်းထဲက လူတွေလည်း အတူတူစုစားတာပဲကို

အပိုတွေလုပ်မနေနဲ့ ... ဒီနေ့ငါက ငါ့ကောင်မလေးနဲ့အတူစားမှာ။ "

"သူတောင်းစား ... ဟိုမှာပဲ သွားစားရအောင်လေကွာ။ "

"မစားပါဘူးဆို။ "

"ဆေးလိပ်ဝယ်တိုက်မယ်ကွာ။ "

"ဘယ်လောက်ဖိုးလဲ "

"နှစ်ရာဖိုး "

"ဟား ... စေတနာတွေကောင်းနေပါလားကွ။

အဲ့တာဆိုလည်း ပြီးရောကွာ သွားမယ် "

"..."

ဆွတ်ရိန်နော်က ဘာမျှပြန်မပြောပဲ နှုတ်ခမ်းထောင့်စွန်းမှ ပြုံးစေ့စေ့နှင့် ခေါင်းညိတ်လိုက်သည်။ ထိုအပြုံးကို မြင်သောအခါ မျိုးမင်းထက်က မျက်လုံးတွေမှေးကျဉ်းလျက် သေချာလိုက်ကြည့်ကာ...

"မင်းရိုးရော ရိုးရဲ့လား။ "

"ဘာကိုလဲ ပရမ်းပတာမပြောနဲ့ "

"အေးပါ ... ရိုးရင်လည်းပြီးတာပါပဲ

ဆေးလိပ်တော့ တကယ်ဝယ်တိုက်ရမှာနော် "

"အမြဲတမ်း တိုက်နေတာကို ဖင်မယားနဲ့ "

"ဟား ဟား ... နေဦး ငါ ယုမေကို သူနဲ့ထမင်းမစားတော့မယ့် အကြောင်း သွားပြောလိုက်ဦးမယ် "

"ကြွ ..."

ဆွတ်ရိန်နော်က လက်ကို ယပ်ခပ်သလိုလုပ်ကာ ခါထုတ်ပြလိုက်လျှင် မျိုးမင်းထက်က မိန်းကလေးခုံ အရှေ့တန်းမှ ယုမေမီထံသို့ စပ်ဖြဲ စပ်ဖြဲမျက်နှာပေးနှင့် ရောက်သွားလေသည်။ ဟိုကောင်က စာသင်ခုံပေါ်လက်ထောက်ကာ တိုးတိုး တိုးတိုးနှင့် ပြောနေရာ ယုမေမီ၏ မျက်နှာလေး ချက်ချင်း မျက်နှာတင်းသွားသည်ကို တွေ့လိုက်ရသည်။ စိတ်ကောက်သွားတယ်ထင်၏။ နှုတ်ခမ်းစူပုပ်ပုပ်ဖြစ်သွားတဲ့ ယုမေမီကို ဟိုကောင်က မျက်နှာငယ်လေးနှင့် လိုက်ချော့နေပုံမှာ ရယ်ချင်စရာပင်။

ဆွတ်ရိန်နော် ထိုအတွဲအားကြည့်ကာ စုပ်တစ်ချက်သပ်ပြီး နှာခေါင်းရှုံ့လိုက်၏။ သူအပျင်းဆုံးက အဲ့လိုမျိုး မိန်းကလေးတွေကို လိုက်ချော့ရမှာကိုပါ။ ရည်းစားထားတာများ ဆေးလိပ်သောက်ရတာလောက်တောင် အရသာမရှိပါဘူး။

တအောင့်လောက်‌ကြာတော့ ဟိုအတွဲက ငြိမ်းချမ်းရေးရသွားသည်ထင်သည်။ သကောင့်သားက စပ်ဖြဲဖြဲနှင့် ပြန်ရောက်လာ၏။

"ဘာတဲ့လဲ။ "

"စိတ်ကောက်တာပေါ့ကွ။

မနည်းချော့ခဲ့ရတယ် "

မျိုးမင်းထက်က လေပူတစ်ချက်မှုတ်ထုတ်ကာ ညဉ်းတွားလိုက်လျှင် ဆွတ်ရိန်နော် က နှာခေါင်းရှုံ့ပြကာ လေးတွဲတွဲနှင့် ဆိုလေသည်။

"မင်းမပျင်းဘူးလား အဲ့လိုတွေချော့နေရတာ။ "

"ဟ ... ပျင်းစရာလားကွ။

အဲ့စိတ်ကောက်တာလေးကိုပဲ အချစ်တွေပိုနေရတာ။ "

"စောက်ပိုတွေ "

"မင်းမချစ်တတ်သေးလို့ပါကွာ "

"ကြီးကြီးကျယ်ကျယ်နဲ့ "

"အေးပါ ... မင်းချစ်တတ်လာမှ အဲ့ခံစားချက်ကိုနားလည်ပြီး

ကဲသည်းနေမှာ မြင်ယောင်သေးတယ်။ "

"ထွီ ..."

"ဟား ဟား လုပ်ထားပါ။

မင်းအလှည့်ကျမှ ငါလည်း ပြန်လုပ်ပြဦးမယ်။ "

ထိုအခါ ဆွတ်ရိန်နော်က ပခုံးတွန့်ပြကာ 'အဲ့လိုနေ့မျိုး ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး' ဆိုတဲ့ အထာမျိုးနှင့် ဂရုမစိုက်စွာ။

__________________

မန်ကျည်းပင်ကြီး၏ အရိပ်အောက်တွင် လေပြည်က သုတ်ဖြူးနေသည်။ ဟိုနေ့မှစ၍ ဂျာမိုင်တို့နှင့် မန်ကျည်းပင်အောက်မှာ ထမင်းအတူစားတာ အကျင့်ဖြစ်လာကာ အခု ဂျာမိုင်ခေါ်လျှင် မှုံလည်းမငြင်းတော့ဘဲ လိုက်ပါလာတတ်သည်။ သစ်ရွက်လှုပ်သံ တရှဲရှဲနှင့်အတူ စကားသံများက လွင်နေ‌ေလ၏။

"မှုံနံ့သာ ပြီးရင် ငါတို့ကြိုးခုန်ကြမယ်နော် "

"အွန်း "

"ရော့ ... ငါ့အမေ့ကို နင်တို့ဖို့ရော ပိုထည့်ခိုင်းခဲ့တာ။ "

ဂျာမိုင်က ပြောပြောဆိုဆိုနှင့် ဘူးရွက်ချက်ထည့်လာတဲ့ ချိုင့်အဖုံးကို ဖွင့်ကာ မွှေးကြိုင်သော ဟင်းရနံ့နှင့်အတူ မှုံနံ့သာ့ ချိုင့်ထဲသို့ ဇွန်းနဲ့တစ်ဇွန်း အပြည့်ခပ်ထည့်ပေးလိုက်၏။

ကျန်တဲ့သူတွေက သူများဟင်းတွေလည်း ခပ်ထည့်စား၊ ကိုယ့်ဟင်းကိုယ်လည်း မျှဝေစားကြပေမယ့် မှုံကတော့ ဘယ်သူ့ဟင်းကိုမျှ ယူမစားဘဲ ခေါင်းငုံ့စားလေ့ရှိသည်။ အဲ့တာကြောင့် ဂျာမိုင်က အမြဲတမ်း သူ့ဟင်းတွေ ဦးအောင် ထည့်ပေးလေ့ရှိ၏။

ဒီနေ့တော့ ထူးခြားစွာ မှုံ့ ချိုင့်ထဲသို့ ဂျာမိုင့်ဟင်းအပြင် နောက်ထပ် ဟင်းတစ်မျိုးပါ ရောက်လာလေသည်။ ဘေးမှ လက်တစ်ဖက်က ဟင်းထည့်ပေးလိုက်ခြင်းဖြစ်ကာ မှုံ အံ့ဩစွာဖြင့် ထိုဇွန်းပိုင်ရှင်ကို မော့ကြည့်မိလိုက်လျှင် မှုံ့ကို စိုက်ကြည့်နေတဲ့ ကျေးဇူးရှင်အကိုကြီးနှင့် အကြည့်ချင်း ဆုံသွားလေသည်။

သူက မှုံ့ကိုကြည့်ကာ ပြုံးပြတော့ မှုံဘာမျှပြန်မပြောပဲ ခေါင်းကို ငုံ့ထားလိုက်၏။

အပိုင်း (၈) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၆) နောက်အခန်း - အပိုင်း (၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ