Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၅)

မနက်ခင်း၏ လတ်ဆတ်သောလေပြေအေးနှင့်အတူ စာသင်ခန်းထဲ၌ ကျောင်းသား၊ ကျောင်းသူများ၏ လှုပ်ရှားသံများဖြင့် သက်ဝင်နေသည်။ ဆရာမက သင်ပုန်းရှေ့တွင် ရပ်လိုက်ကာ တည်ငြိမ်သောအသံဖြင့် ဆိုလိုက်၏။

"ကဲ ... ဒီနေ့ သင်္ချာသင်မယ် သင်္ချာစာအုပ်ထုတ်

စက်ဝိုင်းသင်မယ်နော် စက်ဝိုင်းပါလာကြလား။ "

"ပါပါတယ် ဆရာမ "

တစ်ခန်းလုံးရှိ ကလေးများက နီနီ၊ ဝါဝါ၊ ပြာပြာ အရောင်စုံလင်လှသော ပလပ်စတစ်စက်ဝိုင်းလေးများကိုအပြိုင်အဆိုင် မြှောက်ပြကာ သံပြိုင်အော်လိုက်ကြပေမယ့် ရောင်စုံစက်ဝိုင်းလေးတွေကြားမှာ မှုံကတော့ ခေါင်းကို ငုံ့ထားလိုက်မိကာ သူမမျက်နှာလေးမှာ အားငယ်စိတ်ကြောင့် သွေးဆုတ်ကာ ဖြူဖျော့သွား၏။

"ကဲ အဲ့တာဆို စဆွဲကြမယ်နော်။

အကြီးဆုံးအဝိုင်းလေးဝိုင်းလိုက် "

ဆရာမ၏ ညွှန်ကြားသံအဆုံးတွင် စာအုပ်ပေါ် ခဲတံခြစ်သံ တရှဲရှဲနှင့်အတူ အားလုံးအလုပ်ရှုပ်သွားကြသည်။ မှုံကတော့ စက်ဝိုင်းမရှိတာကြောင့် ထိုင်ခုံမှ တိတ်တဆိတ်ထကာ မှုံတို့အဆောင်အမိုးမှ အောက်သို့တွဲကျနေသည့် ထန်းရွက်ခြောက်အစွန်းလေးကို သွားချိုးလိုက်၏။

ထိုစဉ် ဆရာမက လှမ်းမြင်လိုက်သဖြင့် မှုံ့အနားသို့ လျှောက်လာလေသည်။ ဆရာမခြေသံကြားတော့ မှုံ့လက်ဖျားလေးတွေ အေးစက်ကာ ကုပ်တွယ်သွားရ၏။

"မှုံနံ့သာ ဒီနေ့လည်း စက်ဝိုင်းမပါပြန်ဘူးလား။ "

ဆရာမ၏အသံက ဒေါသသံမပါဘဲ မတိုးမကျယ် ပုံမှန်သာမေးလိုက်ခြင်းဖြစ်သော်လည်း မှုံ့ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲတုန်သွားကာ လန့်ဖျပ်သွားရသည်။

"ဟုတ် "

လည်ချောင်းဝမှ မနည်းညှစ်ထုတ်လိုက်ရသည့် တိုးမျှင်းလွန်းလှသော အသံလေးနှင့် ဖြေလိုက်တော့ ဆရာမက သက်ပြင်းတစ်ချက် ခပ်ဖွဖွချရင်း ဘာမျှဆက်မပြောတော့ဘဲ သူ့ခုံမှာသာ သွားပြန်ထိုင်နေလိုက်သည်။

ဆရာမပြန်ထိုင်သွားမှ မှုံလည်း သက်ပြင်းချနိုင်တော့ကာ ခုနက ချိုးလာတဲ့ ထန်းရွက်ခြောက်ကို စက်ဝိုင်းဆွဲမည့် အရွယ်အစားရအောင် ခဲတံနှင့် အပေါက်နှစ်ပေါက် ဖောက်လိုက်ကာ စာအုပ်ပေါ်တင်လိုက်၏။ ပြီးလျှင် သူများပစ်ထားလို့ ကောက်သိမ်းထားခဲ့သော ခဲတံအတိုလေးအား အပေါက်တစ်ဖက်မှာ ထောက်ကာ၊ ကျန်အပေါက်တစ်ဖက်မှာ မှုံ အခုစာရေးလက်စ ခဲတံကို ထိုးထည့်ကာ လက်ကိုငြိမ်ငြိမ်ထား၍ လှည့်ဝိုင်းလိုက်သည်။

စာရွက်ပေါ်တွင် ဝိုင်းစက်လှပသော စက်ဝိုင်းလေးတစ်ခု ပေါ်လာသောအခါ မှုံ့မျက်နှာလေးပေါ်တွင် အပြုံးနုနုလေးတစ်ခု ဖြတ်ပြေးသွား‌၏။

'တော်ပါသေးရဲ့ ... နှစ်တန်းတုန်းက ဆရာမ သင်ပေးခဲ့တဲ့နည်းလေးရှိလို့'စိတ်ထဲမှ တီးတိုးရေရွတ်မိသည်။

တကယ်တော့ ဆရာမ စက်ဝိုင်းဝယ်ခိုင်းတာ ကြာပါပြီ။ ဂျီးကို ပြောဖို့လုပ် ပေမယ့် အိမ်မှာ ဆန်နှစ်ဗူးချက်ရာကနေ တစ်ဗူးလျှော့ဝယ်ခိုင်းတဲ့ အခြေအနေကို သိနေတာကြောင့် အဘွားပိုက်ဆံမရှိတာသိကာ မတောင်းရက်တော့ပေ။

ဘေးနားက သူငယ်ချင်းတွေဆီ ငှားဖို့ပြောကြည့်တော့ သူတို့ကလည်း "စက်ဝိုင်းအသစ်ကလေးတွေ ကျိုးသွားမှာစိုးလို့" ဆိုပြီး

မငှားပေးချင်ကြဘူးတဲ့။

_______________

ကျောင်းနောက်ဖေး ကွယ်ရာတစ်နေရာတွင်တော့ လေထုက မတူညီစွာ စီးဆင်းနေသည်။

"ဆွတ်ရိန်နော် "

"ပြော ..."

"နေ့လည်ကျ ကျောင်းလစ်ရအောင် "

"ဘယ်သွားဖို့လဲ။ "

"စော်ပတ်ရှိုးမယ်ကွာ။ "

"လှရှာတာဆိုတော့ "

"ဟာ ... အပျင်းပြေကွာ ... ရော့ ဒီမှာ ငါဆေးလိပ်လည်းဝယ်လာတယ်။ "

"အင်း ... မီးခြစ် "

ဆွတ်ရိန်နော်က ဆေးလိပ်ကို နှုတ်ခမ်းတွင် တေ့ကာ ပြောလိုက်တော့ မျိုးမင်းထက်က သူ့ဆေးလိပ်မီးနှင့် တို့ကာ မီးညှိပေးလိုက်၏။

မီးခိုးငွေ့တွေက လေထဲတွင် ဝေ့ဝဲပျံ့လွင့်သွားကာ ဆေးလိပ်နံ့ရသည်နှင့် တခြားကောင်တွေလည်း ရောက်လာကြရာ ဝိုင်းဖွဲ့လိုက်ကြပြီး မျိုးမင်းထက်ဝယ်လာသည့် ဆေးလိပ်အကုန်လုံး ခဏချင်း ကုန်သွားတော့သည်။

_____________

"သမီးရေ ... ဂျီး ဟင်းရွက်တွေ သွားယူဉီးမယ်နော်။ "

"ဟုတ်"

ဂျီး(အဘွား)က အခင်းကနေ ဟင်းရွက်တွေဖောက်သည်ယူကာ

လုံးခင်းဈေးထဲမှာ သွားပြန်ရောင်းလေသည်။ ညနေကတည်းက ဟင်းရွက်တွေကြိုယူထားကပြီး အစီးလေးတွေစီးထားကာ မနက် ၄ နာရီလောက်ဆို ထ၍ ရွာက သုံးဘီးနှင့်လိုက်ပြီး သွားရောင်းရ၏။

ရောင်းကောင်းတဲ့နေ့ဆိုလျှင်တော့ နေမမြင့်ခင် ပြန်လာရပြီး၊ မရောင်းရတဲ့နေ့ဆိုလျှင်တော့ နေစောင်းသည်အထိ ထိုင်ရသလို၊ ဟင်းရွက်တွေလည်းပိုပြီး အရင်းတောင်မရတဲ့ ရက်တွေလည်း ရှိ‌လေသည်။ ထိုနေ့မျိုးဆိုလျှင် ဂျီးက မှုံ့ကို ဈေးသွားမဝယ်ခိုင်းတော့ပဲ

သူကိုယ်တိုင် ဆိုင်မှာ ဆန်အကြွေး သွားဝယ်ရရှာသည်။

အခုလည်း ဂျီး ဟင်းရွက်သွားယူတုန်း မှုံ တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့သည်။ အိမ်အလုပ် ကူလုပ်စရာမရှိသော်လည်း လုပ်နိုင်သမျှလေးတွေ လုပ်ထားလိုက်သည်။ အဘွားပိုင်တဲ့ အိမ်ပိုင်လေးရှိတာကိုပဲ ကံကောင်းသည်ဆိုရမည်။ အဖေ့အိမ်ကတော့ အဖေဆုံးပြီးကတည်းက သူ့အမျိုးတွေက သိမ်းသွားကြ၏။

အဘွားနှင့်အမေကလည်း ပြဿနာမဖြစ်ချင်၊ မပတ်သက်ချင်တာကြောင့် ဘာမျှပြန်မပြောဘဲ သူတို့လုပ်ချင်တိုင်း လုပ်ခွင့်ပေးလိုက်သည်။

အိမ်ကျဉ်းကျဉ်းလေးထဲတွင် လုပ်စရာပြီးသွားတော့ မှုံ စာအုပ်ထုတ်ကာ စာကျက်နေလိုက်သည်။ ဆရာမ အမြဲပြောသလို "စာကြိုးစားရင် တစ်ချိန်ကျ သူဌေးဖြစ်လာနိုင်ပါတယ်" ဆိုတဲ့ စကားကို မှုံ ယုံကြည်သည်။

'အဲ့ဒီအချိန်ကျမှ အဘွားကိုလည်း ဘာမျှမလုပ်ခိုင်းတော့ဘဲ တိုက်ကြီးကြီးမှာထားကာ အမေနဲ့လည်း အတူတူပြန်နေရမယ်'ဆိုတဲ့

စိတ်ကူးယဉ်အတွေးလေး ဝင်လာတော့ မှုံ့မျက်နှာလေးပေါ်ရှိ အပြုံးတွေက မျှော်လင့်ချက်ရောင်ခြည်နှင့်အတူ တောက်ပသွားတော့၏။

____________

"ဆရာမ "

"အေး ... သား ဆွတ်ရိန်နော် ဘာလဲ။ "

၃ တန်း အဆောင်ထဲသို့ ရုတ်တရက် ဝင်လာသော ၇ တန်းကျောင်းသား ဆွတ်ရိန်နော်အား ဆရာမက မျက်မှန်ကိုပင့်ကာ လှမ်းကြည့်‌ေနသလို အတန်းထဲမှ ကလေးတွေကလည်း မော့ကြည့်နေကြ၏။

"ကျွန်တော် ဒီအခန်းထဲက ပေတံနဲ့ စက်ဝိုင်းကောက်တွေ့လို့ပါ။ "

သူ့လက်ထဲတွင် ကိုင်ထားသော အပြာရောင် စက်ဝိုင်းအသစ်လေးနှင့် ၁၂ လက်မ ကော်ပေတံအရှည်ကို မြှောက်ကာ ပြလိုက်လျှင် ...

"ဟင် ... ဒီအခန်းထဲကလား ... သား"

"ဟုတ်တယ်ဗျ "

"ဘယ်သူပျောက်လဲ ... ကိုယ့်ပစ္စည်းကိုယ် ထုတ်စစ်ကြည့်ကြ "

ဆရာမအသံဆုံးတာနှင့် အကုန်လုံး လွယ်အိတ်တွေထဲနှိုက်ကာ

စစ်ကြည့်ကြ၏။

မှုံနံ့သာကတော့ သူမနှင့် မဆိုင်တဲ့ကိစ္စဖြစ်တာကြောင့် စာသာဆက်ရေးနေလေသည်။

"မပျောက်ပါဘူး ဆရာမ "

"ဘယ်သူမှ ပျောက်တဲ့သူမရှိကြဘူးလား။ "

"ဟုတ်ကဲ့ "

"ပျောက်တဲ့သူမရှိကြဘူးတဲ့ သား ... ဒီအခန်းက မဟုတ်ဘူးထင်တယ် "

"ဟို ... ကျွန်တော်က ဒီအခန်းထဲကပဲ တွေ့တာဗျ။

ပျောက်တဲ့သူမရှိရင်လည်း ဆရာမ ပေးချင်တဲ့သူ ပေးလိုက်ပါ "

ဆွတ်ရိန်နော်က ပြောပြောဆိုဆိုနှင့် ဆရာမလက်ထဲသို့ စက်ဝိုင်းနှင့် ပေတံကို ထည့်ပေးခဲ့ကာ လှည့်ထွက်သွားတော့သည်။

ထိုအခါ ဆရာမက လည်း သူမခုံမှာ ပြန်ထိုင်လိုက်ရင်း လက်ထဲမှ ပေတံနှင့်စက်ဝိုင်းကိုထောင်ပြကာ ...

"ပျောက်တဲ့သူမရှိဘူးဆိုတော့ ဆရာမက လိုတဲ့သူကိုပဲ ပေးလိုက်မယ်နော်။"

"ဟုတ်ကဲ့ "

"စက်ဝိုင်းမရှိတဲ့သူ ...ဪ မှုံနံ့သာမရှိဘူးမလား။

ရော့ သမီးယူလိုက်နော် "

"ရှင် ... ဟုတ် ဟုတ် "

မှုံနံ့သာ အံ့သြဝမ်းသာဖြစ်သွားပြီး ဆရာမလက်ထဲမှ စက်ဝိုင်းနှင့် ပေတံရှည်တို့ကို လှမ်းကြည့်လိုက်သည်။ သူမရဲ့ ဝိုင်းစက်စက် မျက်လုံးလေးတွေက အရောင်လက်သွားကာ ရင်ထဲမှာလည်း လှိုက်ခနဲ ဝမ်းသာမှုက ပြည့်တက်လာ၏။

ခုံမှ အမြန်ထကာ ဆရာမလက်ထဲမှ ပစ္စည်းများကို သွားယူလိုက်ပြီးလက်ထဲရောက်လာတဲ့ ပေတံရှည်လေးနှင့် စက်ဝိုင်းအပြာလေးကို မြင်တော့ နှုတ်ခမ်းထောင့်စွန်းလေးက သိသိသာသာ ကွေးညွတ်ကာ ပြုံးလိုက်မိတော့သည်။

အခန်းပြင်ဘက်တွင် ခပ်ဖြည်းဖြည်းလျှောက်ရင်း နားစွင့်နေတဲ့ ဆွတ်ရိန်နော်လည်း အတန်းထဲမှ အခြေအနေကို ရိပ်စားမိကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရင်း ကလေးမရဲ့ ပျော်ရွှင်နေပုံကို မြင်ရတော့ သူ့မျက်နှာပေါ်တွင်လည်း ထပ်တူကျတဲ့ ကျေနပ်အပြုံးမျိုး ဖြစ်ထွန်းသွားတော့၏။

_________________

ဆရာမကို အပေါ့စွန့်သွားဦးမယ်လို့ ခွင့်တောင်းပြီး ထွက်လာခဲ့ရာ အိမ်သာနားပြန်ရောက်တော့ ဆေးလိပ်ခိုးသောက်နေကြတဲ့ ဟိုကောင်တွေက ပြုံးစိစိနှင့် ပြန်လာတဲ့ သူ့အား ကြည့်ကာ ...

"ဟေ့ကောင် ... မင်းဘယ်ကပြန်လာတာလဲ။ "

ဘရန်မိုင့်အမေးကို ဆွတ်ရိန်နော်က ဘာမျှပြန်မဖြေပဲ ဆက်ပြုံးနေလျှင် ကျန်း‌ယိမ်းက နှာခေါင်းကြီးရှုံ့ကာ ...

"မျက်နှာကိုကြည့်လေ ဖွန်ကြောင်ပြီးပြန်လာတာနေမှာပေါ့။ "

"ဟ ... ငါတို့ကို လျှိုထားတာလား။ "

တစ်ယောက်တပေါက် အမျိုးမျိုးပြောနေကြပေမယ့် ဆွတ်ရိန်နော်ကတော့ မျိုးမင်းထက်ဆီမှ ဆေးလိပ် တစ်လိပ်ယူကာ ရှိုက်ဖွာလိုက်သည်။

ဒီနေ့မှ ဆေးလိပ်အငွေ့တွေကလည်း ဂန္ဓဝင်ဆန်နေသယောင်။

အပိုင်း (၆) ဆက်ရန် ...

Author -Anna Lynn

(ဒီအပိုင်းမှာပါတဲ့ ထန်းရွက်နဲ့ စက်ဝိုင်းဆွဲနည်းကလေ သိကြမလားတော့မသိပေမယ့်ကျွန်မတို့ ငယ်ငယ်က စက်ဝိုင်းမရှိလို့ ဆွဲခဲ့တဲ့နည်းလေးပါနော်။

သူက ဗဟိုလည်းကျတယ်။ထောက်ဆူးမကိုင်တတ်ရင်လည်း အဲ့နည်းကလွယ်တယ်။ထန်းရွက်မရှိလည်း နည်းနည်းထူမယ် စာအုပ်အဖုံးကိုဖြစ်ဖြစ်‌ သေးသေးရှည်ရှည်လေးဖြတ် အပေါက်နှစ်ပေါက်ဖောက်ပြီး

ဆွဲလို့ရပါတယ်ရှင့်။ )

« ရှေ့အခန်း - အပိုင်း (၄) နောက်အခန်း - အပိုင်း (၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ