Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၄)

"ဟျောင့် မုန့်ဆိုင်သွားမယ် "

ဘေးမှ မျိုးမင်းထက်ပခုံးအားဖက်ကာ ဆွတ်ရိန်နော်က ပြောလိုက်လျှင် မျိုးမင်းထက်က ခေါင်းညိတ်ပြကာ ...

"သွားမယ် ... ဒါပေမယ့် ပိုက်ဆံက ငါ့ညီမဆီ သွားယူရဦးမှာ။

အမေက အကြွေမရှိလို့ ပေါင်းပေးလိုက်တာ လိုက်မလား။ "

"ဘယ်မှာသွားယူရမှာလဲ။ "

"၃တန်းဆောင်လေ။ "

"ဪ ... လိုက်မယ်လေ။ "

"အေး "

သုံးတန်းဆောင်ရှေ့ ရောက်တော့ မျိုးမင်းထက်က အတန်းထဲ လှမ်းအော်လိုက်၏။

"မျိုးသန္တာခင် "

"ဘာတုန်း "

မျိုးမင်းထက်အော်လိုက်တော့ တစ်ဖက်မှ သူ့ညီမက ဆောင့်အောင့်ကာ ပြန်ထူးလိုက်တဲ့အသံကြောင့် ဆွတ်ရိန်နော်ပင် တုန်ကာ မျက်ခုံးပင့်မိသွား၏။

မျိုးမင်းထက်ကတော့ ဖြုံတောင်မဖြုံတဲ့ပုံကြည့်ရတာ အမြဲအဲ့လို

ဆိုတာ ပြနေသလိုပင်။

"ပိုက်ဆံပေး "

"ရော့ "

ဟိုက ပိုက်ဆံလှမ်းပေးလို့ သွားယူတော့ ဆွတ်ရိန်နော်က စောင့်ရင်း အတန်းထဲကို ဝေ့ဝဲကြည့်မိတော့ မျိုးမင်းထက်ညီမဘေးမှ

စာတိုးတိုးလေးကျက်နေတဲ့ ကောင်မလေးကို မြင်လိုက်ရလျှင် မနေ့က ကိစ္စကို ပြန်သတိရမိသွားပြန်၏။

အငိုသန်လေးပဲ။

သူကသာ စူးစိုက်ကြည့်နေပေမယ့် ကလေးမကတော့ သူ့စာသူပဲ အာရုံစိုက်နေပြီး ပတ်ဝန်းကျင်ကို လုံးဝ သတိထားမိပုံမရပါ။ အခုတော့လည်း မနေ့က ငိုထားတဲ့သူ မဟုတ်သလိုပဲ အေးဆေးတည်ငြိမ်နေလိုက်တာ။ မနေ့က ဒူးခေါင်းက အနာရော ဆေးထည့်ရဲ့လား မသိ။

ဟင် ... ငါက ဘာတွေ လျှောက်တွေးနေပြန်တာလဲ။

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိကာ ခေါင်းကို ခါယမ်းလိုက်၏။

"ဟျောင့် ... ရပြီ သွားမယ် "

"အင်း "

ပြန်ထွက်လာတော့လည်း ဆွတ်ရိန်နော်က မနေနိုင်ဘဲ လည်ပြန်လှည့်ကြည့်မိသေး၏။ကလေးမလေးကတော့ စာကျက်မြဲ ကျက်နေဆဲ။

"ဟျောင့် ဘာတွေကြည့်နေတာလဲ။ "

"ဘာမှမဟုတ်ပါဘူး။

ဒါနဲ့ အဲ့တာမင်းညီမလား။ "

"ဟုတ်တယ်လေ "

"တော်တော်စွာမယ့်ပုံပဲနော်။

အော်လိုက်တာ လန့်သွားတာပဲကွာ။ "

"ဟား ဟား ... ငါက ရိုးနေပြီ "

"မင်းနဲ့တခြားစီနော်။

မောင်နှမ အရင်းရော ဟုတ်ရဲ့လား။ "

မျိုးမင်းထက်က သူငယ်ချင်းအချင်းချင်းနှင့်သာ အာသွက်ပေမယ့် အေးတဲ့ အထဲမှာ ပါ၏။

"ဟ ...ဟုတ်တာပေါ့ကွ ... "

"မညာနဲ့ ... မင်း မင်းညီမကို ကြောက်တယ်မလား။ "

"ကြောက်စရာလား။

အိမ်မှာ နပမ်းလုံးနေကျ "

"မင်းရှုံးတာမလား။ "

"အမေရိုက်မှာစိုးလို့ အလျှော့ပေးလိုက်တာ "

"ဟား ဟား ... မနိုင်ရင် မနိုင်ဘူးပေါ့ကွာ။ "

"*ီးပဲ ... အရစ်မရှည်နဲ့ သွားမယ် "

"ဟား ဟား ဟား ဟား "

________________

"သမီးရေ ဂျီးကို စားဆီလေး ၃ရာဖိုးလောက် သွားဝယ်ပေးပါဦးကွယ် "

"ဟုတ် ... ဂျီး "

မှုံနံ့သာ စာရေးနေရင်းမှ ချက်ချင်းဆိုသလို စာအုပ်ကို ပိတ်ပြီး သွက်လက်စွာ ထလိုက်၏။

ဂျီးဆိုတာက တခြားသူတော့မဟုတ် သူမ၏ အဘွားကို ခေါ်ခြင်းဖြစ်၏။

ငယ်ငယ်က သူမအမေနှင့်အဘွားက အမေကြီးလို့သင်တာကို

ရှည်တော့ မခေါ်တတ်ပဲ နောက်ဆုံး ကြီး(ဂျီး)ဆိုတာကိုပဲ ခေါ်တတ်ကာ အခု ခေါ်တတ်တဲ့အရွယ်‌ေရာက်တဲ့အထိ ထိုအတိုင်းသာ ခေါ်ဖြစ်တော့သည်။

မှုံနံ့သာ သူမအဘွားဆီမှ နှစ်ရာတန်တစ်ရွက်နှင့် တစ်ရာတန်တစ်ရွက်ကို လက်မှာဆုပ်ကာ ဆီထည့်ဖို့ ပုလင်းကိုလည်း ကိုင်ကာ

အိမ်ရှေ့ထွက်လိုက်လျှင် မျက်နှာချင်းဆိုင်အိမ်မှာ အန်တီ အနောကလည်း ထွက်လာ၏။

"အမှုံ ဈေးဆိုင်သွားမလို့လား။ "

"ဟုတ် "

"အဲ့တာဆို အန်တီနောအတွက် ပဲကျက်မှုန့်၅၀တန် တစ်ထုပ်လောက် ဝယ်ပေးခဲ့ပါဦးကွယ် "

"ဟုတ် "

အန်တီအနောဆီမှ ၅၀တန်တစ်ရွက်ကိုပါ ဆုပ်ကာ သိပ်မဝေးတဲ့

ဈေးဆိုင်ကို ပြေးလာခဲ့လိုက်၏။

"အန်တီအားနန် စားဆီ၃၀၀ဖိုး၊ပဲကျက်မှုန့် ၅၀တန်တစ်ထုပ် "

"အေးအေး သမီး "

မှုံက ဆီပုလင်းနှင့် ပိုက်ဆံတွေအား အန်တီအားနန်ကို လှမ်းပေးလျှင်

သူမက ဆီကို ပုလင်းတစ်ဝက်ချင့်ထည့်ပေးကာ အတွဲလိုက်လေးတွဲထားတဲ့ ပဲမှုန့်ထုတ် အတွဲမှ တစ်ထုပ်ကို ခဲချွန်ဓားနှင့် ဖြတ်ပေးလိုက်လေသည်။

"ရပြီ သမီး "

"ဟုတ် "

ဆီပုလင်းနှင့် ပဲမှုန့်ထုပ်အားပိုက်ကာ ပြန်ပြေးဖို့လုပ်ပေမယ့်

ပဲမှုန့်ထုပ်ကိုကြည့်ရင်း သရေတွေကျလာရသည်။

မှုံနံ့သာ ပဲမှုန့်တို့ နှမ်းတို့ ပုစွန်ခြောက်တို့ဆို သိပ်ကြိုက်တတ်ကာ

တစ်ခါတလေ မုန့်ဖိုးရလျှင် မုန့်ဝယ်မစားပဲ ပဲမှုန့်ဝယ်စားတတ်၏။

ပဲမှုန့်ထုပ်လေးကို ကြည့်ရင်း အိမ်ပြန်လမ်းကို တစ်လှမ်းချင်း လျှောက်လာရင်း စိတ်ကို မနည်းထိန်းထားပေမယ့် စားချင်စိတ်တို့က တဖွားဖွားပေါ်လာလေသည်။ နောက်ဆုံးတော့ မနေနိုင်တဲ့အဆုံး ပလတ်စတစ်ကြိုးအနီရောင်လေးနဲ့ စည်းထားတဲ့ ပဲမှုန့်ထုပ်ကို ဖြေလိုက်ကာလက်ခုပ်ထဲ နည်းနည်းထည့်ပြီး မော့စားလိုက်၏။

တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်...

အရသာရှိလွန်းလို့ သတိလက်လွတ် စားလိုက်မိတာ ပဲမှုန့်ထုပ်လေးက သိသိသာသာ လျော့သွားပြီး တစ်ဝက်လောက် ကျိုးသွားတော့သည်။အဲဒီတော့မှ မှုံနံ့သာလည်း သတိရလာကာ လန့်ဖျပ်သွား၏။ဘုရားရေ... အန်တီအနော မှာလိုက်တာလေ။

ပြာပြာသလဲနဲ့ ပဲမှုန့်ထုပ်ကို ပြန်ပိတ်၊ ကြိုးတိုတိုလေးကို မချည်တတ် ချည်တတ်နဲ့ လျော့တိလျော့ရဲ ပြန်ချည်ပြီး အိမ်ကို ခပ်သွက်သွက် ပြန်ပြေးလာခဲ့တော့သည်။

အိမ်ရောက်တော့ ဂျီးကို ဆီပုလင်း အရင်ဝင်ပေးပြီး မျက်နှာချင်းဆိုင် အန်တီအနောအိမ်ဘက် ကူးသွားလိုက်၏။

"အန်တီ အနော "

"အေး ... ရခဲ့ပြီလား သမီး"

"ဟုတ် "

"အေး အေး ... ကျေးဇူးပဲ။

ဟယ် ပဲမှုန့် ၅၀ဖိုးကလည်း သေးသေးလေးဖြစ်သွားပြီ။ "

အန်တီအနောက ပဲမှုန့်ထုပ်ကို ကိုင်ကြည့်ရင်း မှုံ့က လှမ်းကြည့်ကာ ပြောလိုက်လျှင် မှုံ မျက်နှာလေး ငယ်ကျသွားပြီး ခေါင်းကို ငုံ့ထားလိုက်မိ၏။

"အယ် ... မှုံလေးစားခဲ့တာလား။ "

အန်တီအနောရဲ့ အမေးစကကြောင့် မှုံ့လက်ဖျားတွေ အေးစက်လာကာ ရင်ထဲမှာ ဒိန်းခနဲ တုန်သွားလာပြီး ခေါင်းငုံ့ထားလျက်သားနဲ့ပဲ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။

"ဟယ် ... အဟင်း ဟင်း အန်တီနန်းရေ အန်တီနန်းမြေးက ပဲမှုန့်အတော်ကြိုက်တယ်ထင်တယ်။

လမ်းမှာ ပဲမှုန့်ဖောက်စားခဲ့တယ်တဲ့ အဟင်း ဟင်း "

အန်တီအနောက သဘောကျပြီး အပြောင်အပျက်သဘောနဲ့ လှမ်းအော်ပြောလိုက်‌ေပမယ့် မှုံကတော့ ရင်တွေထိတ်ခနဲဖြစ်သွားကာ မျက်ရည်တွေ ဝေ့ဝဲလာတော့သည်။ အဲဒီအချိန်မှာပဲ ဂျီးကလည်း အန်တီအနောအိမ်ဘက် ရောက်လာကာ...

"ဟော်တော် ... ဟုတ်လား။

အားနာလိုက်တာ အနောရယ် ... ရော့ရော့ ပိုက်ဆံပြန်ယူထားလိုက်နော်။ "

ဂျီးက သူ့ရင်ဘတ်က ချွေးခံအိတ်ကပ်လေးထဲက ပိုက်ဆံ ၅၀ တန် တစ်ရွက်ကို နှိုက်ထုတ်ပြီး အမြန်ပေးရှာ၏။

မှုံကတော့ခေါင်းငုံ့ထားလျှက်နှင့် ဂျီးကို မရဲတရဲ မော့ကြည့်ရင်း မျက်ရည်တွေ စီးကျလာတော့သည်။

"ဟယ် ... မဟုတ်တာ အန်တီနန်းရဲ့ မပေးပါနဲ့။

ဒီမှာလည်း ကျန်ပါသေးတယ်။

အနောလည်း ဒီလောက်ပဲလိုတာ မပေးနဲ့ မပေးနဲ့။

ကလေးကလည်း စားချင်လို့စားတာနေမှာပါ ဘာမှမဖြစ်ဘူး။ "

"ယူပါ ... အနောရယ် ... မှုံလေးက ပဲမှုန့် တအားကြိုက်လို့ပါကွယ်။

ရော့ ယူနော် လာ သမီး။ "

ဂျီးက အန်တီအနော လက်ထဲ ပိုက်ဆံ ၅၀ အတင်းထည့်ပေးခဲ့ပြီး မှုံ့လက်ကို ဆွဲကာ အိမ်ပြန်ခေါ်လာခဲ့သည်။

အိမ်ထဲရောက်တော့ အခုထိ ခေါင်းမဖော်နိုင်သေးတဲ့ မှုံ့ကို ကြည့်ပြီး ဂျီးက သက်ပြင်းရှည်ကြီး ချလိုက်၏။

"ဟင်း ...ဘာလို့သူများဟာကို သွားဖောက်စားရတာလဲ သမီးရယ်။

စားချင်ရင် ဂျီးကိုပြောပေါ့။ "

"အဟင့် ... သမီး သမီး နောက်တစ်ခါ အဟင့် မစားတော့ပါဘူး။ "

"အေးပါကွယ် ... လာ လာ ဂျီးက သမီးကို ဆူတာမဟုတ်ပါဘူးကွယ်။ တိတ် တိတ် မငိုနဲ့ တော့နော် "

ဂျီးက မှုံ့ကို ရင်ခွင်ထဲ ဆွဲဖက်ပြီး ကျောပြင်လေးကို ပွတ်သပ်ပေးကာ ချော့တော့ မှုံ့ဝမ်းနည်းစိတ်တွေက ပိုပြီး ပေါက်ကွဲထွက်လာ‌ေတာ့သည်။

ရှိုက်သံလေးတွေ ထွက်တဲ့အထိ ငိုကြွေးမိတော့ ဂျီးက မျက်ရည်တွေကို သုတ်ပေးကာ ...

"မဟုတ်ရင်တောင် ဂျီး( အဘွား)တို့က လူအနှိမ်ခံဖြစ်နေတာ သမီးရဲ့။ ပိုက်ဆံမချမ်းသာရင်တောင် စိတ်ဓာတ်တော့ မြင့်မြင့်ရှိနေကြောင်း ပြရမယ် သမီးရဲ့ ... ဂျီးက သမီးကို ဆူတာ မဟုတ်ဘူးနော် ... ဆုံးမတာ မငိုနဲ့တော့ တိတ် တိတ် "

"ဟုတ် ... အင့် ဟင့် ဟုတ် "

ဂျီး(အဘွား)ရဲ့ ရင်ခွင်ထဲမှာ ငိုရှိုက်ရင်း လေပြေအေးလေးလို နားဝင်ချိုတဲ့ ဂျီးရဲ့ ဆုံးမစကားကို မှုံ ရင်ထဲအသည်းထဲ စွဲမြဲနေအောင် မှတ်သားထားလိုက်ပါတော့သည်။

အပိုင်း (၅) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃) နောက်အခန်း - အပိုင်း (၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ