ကျန်းမာရေးကြောင့် ပိန်လှီလာပြီးချက်ချင်းဆိုသလို အရိုးပေါ်အရေတင် ဖြစ်လာရတဲ့ ဖခင်ဖြစ်သူကို ကြည့်ပြီး ယမုံ စိတ်ထဲ ဝမ်းနည်းလာရသည်၊ ဒါပေမယ့် မျက်ရည်မကျမိအောင်တော့ သူမ ထိန်းထားခဲ့လေသည်၊
"ဖေဖေ အန်ရှုဝါး ဖျော်ပေးထားတယ်နော် ဒီမှာသောက်လိုက်ဦး "
ယမုံက ဖန်ခွက်ကလေးကို ဖခင်ဖြစ်သူရှေ့ထိုးပေးလိုက်ပြီး ဆေးသောက်ဖို့ အတွက်ပါ စီစဉ်ပေးလိုက်သည်၊
"အေးပါ သမီးရယ် ထားလိုက်ပါ ဖေဖေ့ကြောင့် သမီးလည်း ပင်ပန်းနေပါပြီ တကယ်ဆိုရင် ဖေဖေက ဖခင်တာဝန်မကျေပွန်ခဲ့သူပါ သမီးရယ်"
ပြောရင်း ဦးစိုးထွဋ် အသံတို့တုန်ယင်လာရကာမျက်ရည်စတို့ ဝဲတက်လာရသည်။သူဟာ အမှားတွေ အများကြီးကျုးလွန်ခဲ့သူ ပထမအိမ်ထောင်ဇနီးနဲ့ သမီးအပေါ်မှာ ဖခင်တာဝန်မကျေပွန်ခဲ့သူ
ပြီးတော့ ကိုယ့်ရဲ့ကျေးဇူးရှင် ဥက္ကဌကြီးလိုလူကိုကိုယ့်လောဘအတွက် သမီးငယ်အတွက် အမှောင်ဖုံးပြီး သေတွင်းပို့ပေးခဲ့သူ
ဒီအကုသိုလ်မီးတွေဟာ နောက်ဘဝ မကူးဘဲ အခုဘဝတင်လောင်မြိုက်ကျွမ်းလောင်နေရပြီမဟုတ်လား.
"ပြီးခဲ့တာတွေ မပြောပါနဲ့ ဖေဖေ ပြန်ပြင်ဆင်လို့လဲ မရတော့တယ့် အတူ စကားတွေ အဖတ်တင်ခံပြီ မပြောပါနဲ့တော့ အခုအချိန်မှာ ဖေဖေ့ ကျန်းမာရေးကိုသာ ဂရုစိုက်ပါ
သမီး တစ်နေ့ တစ်ခေါက်တော့ ပုံမှန်လာခဲ့ပါမယ် နောက်ရက်ကျရင်တော့ ဖေဖေ့ ကို အနီးကပ်ပြုစုဖို့ သူနာပြု သမီးငှားပေးပါမယ်"
သမီးဖြစ်သူရဲ့ မြင့်မြတ်တဲ့ စိတ်ထားကြောင့် ဦးစိုးထွဋ် မိမိကိုယ်ကိုယ် သိမ်ငယ်သွားရကာ..
ဟီးကနဲ ငိုချလိုက်မိသည်၊ဖခင်ဖြစ်သူ ငိုနေတာတွေ့တော့ ယမုံစိတ်ထဲ အတော်ကို မကောင်းနိုင် ဖြစ်နေရသည်မို့ မျက်နှာ လွဲလိုက်ကာ
"ဖေဖေ အန်ရှုဝါး သောက်လိုက်ဦးနော် ယမုံ ဖေဖေ့ အဝတ်တွေ လျှော်ပေးခဲ့မယ်"
ပြောရင်း ထွက်လာခဲ့လိုက်သည်၊အခန်းထဲရောက်သည်နှင့် မျက်လုံးတို့ ဖိမှိတ်ကာသက်ပြင်းချရင်း ရင်ထဲက တင်းကြပ်ကြပ်ဝေဒနာကို ပြေလျော့နေမိသည်၊
တီ...
အိမ်ရှေ့က ကားရပ်သံနဲ့အတူ ခပ်မြန်မြန်ခြေလှမ်းကျဲတွေဖြင့် ဝင်လာတဲ့ ခမ်းနားကြောင့် ဦးစိုးထွဋ် မျက်ဝန်းအစုံက အနည်းငယ် ထိတ်လန့်သလို ဖြစ်သွားရသည်၊
"အန်ကယ်..."
ခမ်းနား၏ အသံသည် ခြောက်ကပ်တုန်ခါနေပြီး ရင်ထဲက လှိုက်မောမှုဒဏ်ကြောင့် အသက်ရှုသံများပင် ပြင်းထန်နေသည်။ သူ၏လက်ထဲတွင် စာရွက်အချို့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဦးစိုးထွဋ် ကုတင်အနီးသို့ တစ်ဟုန်ထိုး တိုးကပ်လာခဲ့သည်။ မျက်ဝန်းရဲရဲများက အမှန်တရားတစ်ခုကို သိလိုက်ရ၍ ဆောက်တည်ရာမရဖြစ်နေသည့်အလား ရီဝေတုန်လှုပ်နေ၏။
"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ အန်ကယ်"
ခမ်းနားသည် လက်ထဲက DNA စစ်ဆေးချက် စာရွက်များကို ဦးစိုးထွဋ်၏ ရှေ့သို့ ပစ်တင်သလို ပြလိုက်သည်။ အသံတို့က ကွဲအက်နေကာ မယုံကြည်နိုင်ခြင်းများစွာဖြင့် ပြည့်နှက်နေလျက်—
"သတိုးသွင်ပြင်ရဲ့ DNA နဲ့ ကျွန်တော့်ရဲ့ DNA လုံးဝ မတူဘူးအန်ကယ်... လုံးဝ မတူဘူး!"
"ခမ်း... ခမ်းနား..."
"ကလေးက ကျွန်တော့်ကလေးမဟုတ်ဘူး! ဘယ်လိုဖြစ်ကုန်တာလဲ အန်ကယ်... ကျွန်တော့်ကို အမှန်အတိုင်းပြောစမ်းပါ!"
ခမ်းနား၏ စိတ္တဇဆန်ဆန် အော်ဟစ်မေးမြန်းသံများကြောင့် ဦးစိုးထွဋ် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လှုပ်ခြောက်ခြားလာရသည်။ ရုတ်တရက် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကြီး ပေါ်ထွက်သွားသည့် အရှိန်ကြောင့် ရင်ဘတ်ကြီး တစ်ချက်ဆောင့်တက်သွားကာ အသက်ရှုသံများ ပြင်းထန်ပြီး ဆို့နင့်ကြပ်ညပ်လာရတော့သည်။
"အွတ်... အူး..."
ဦးစိုးထွဋ် ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း အသက်ကို လုရှုနေရသည့် ပုံစံဖြင့် မျက်လုံးပြူးကာ အသည်းအသန် ဖြစ်လာရသည်။
ထိုအသံများနှင့် ခမ်းနား၏ ဒေါသတကြီး အော်ဟစ်သံများကြောင့် အခန်းပြင်၌ အဝတ်လျှော်ရန် ပြင်နေသည့် ယမုံ တစ်ယောက် အခန်းထဲသို့ အလန့်တကြား ထွက်လာခဲ့မိသည်။
"ဖေဖေ!"
အခန်းထဲသို့ ရောက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယမုံ ရင်ထိတ်သွားရသည်။ ကုတင်ပေါ်တွင် အသက်ရှုကြပ်ကာ အသည်းအသန်ဖြစ်နေသည့် ဖခင်ဖြစ်သူနှင့် စာရွက်များကို ကိုင်ကာ မတ်တပ်ရပ်နေသည့် ခမ်းနား။
ယမုံသည် ခမ်းနားကို ဒေါသနှင့် မချင့်မရဲဖြစ်မှုများ ရောပြွမ်းနေသည့် မျက်ဝန်းတစ်ချက်ဖြင့် စူးစိုက်ကြည့်လိုက်ပြီးနောက်၊ ဖခင်ဖြစ်သူထံသို့ စိုးရိမ်တကြီး ပြေးဝင်သွားကာ လှမ်းဖက်လိုက်တော့သည်။
"ယမုံ"
ယမုံ့ကို တွေ့လိုက်ရတော့ ခမ်းနားရဲ့ ဒေါသတွေကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရလေသည်၊
"ဖေဖေ... ဖေဖေ ဘာဖြစ်တာလဲဟင်... အသက်ကို ဖြည်းဖြည်းရှု... ဖေဖေ!"
🍀🍀🍀🍀🍀🍀
ဦးစိုးထွဋ်အား အရေးပေါ်လူနာတင်ကားဖြင့် ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့၍ လတ်တလောတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဆေးရုံအခန်းထဲတွင်တော့ တိတ်ဆိတ်ခြင်းများ စိုးမိုးလျက်။
"ယမုံ..."
ခမ်းနား၏ ခေါ်သံတို့က စို့နင့်ကြေကွဲခြင်းများစွာဖြင့် အားအင်ချည်းနဲ့နေသည်။ သူ ယမုံ့ရှေ့သို့ တိုးကပ်လာရင်း မျက်ရည်များ ဝဲတက်နေသည့် မျက်ဝန်းအစုံဖြင့် ကြည့်ကာ သူ့ရင်ထဲက အမှားများကို စတင်ဖွင့်ဟလာတော့သည်။
"ကိုယ့်အမှားတွေပါ ယမုံရယ်... အားလုံးက ကိုယ့်အမှားတွေ...ကိုယ့်ရဲ့လောဘတွေ ကိုယ့်ရဲ့အောင်မြင်ချင်တဲ့စိတ်တွေ ကြောင့် ကိုယ် ဘာမှသေချာမသိဘဲမစုံစမ်းဘဲဘိုးဘိုးကြီး စီစဉ်တဲ့အတိုင်း ဇွတ်တရွတ်လုပ်ခဲ့မိလို့ အခုလို ဖြစ်ကုန်ရတာ"
ခမ်းနား အသက်ကို ခက်ခက်ခဲခဲရှုသွင်းရင်း သူ့ကြောင့် အားလုံးရှုပ်ထွေးခဲ့ရသည့် အတိတ်ကို နောင်တကြီးစွာ ပြန်ပြောပြနေမိသည်။
"ကိုယ့်ရဲ့ အမှားတစ်ခုကြောင့်ရော... ဘိုးဘိုးကြီးရဲ့ သေတမ်းစာတစ်ခုကြောင့် ကိုယ်တို့လုပ်ငန်းစုရဲ့ နာမည်ကို ထိခိုက်မှာ ကြောက်လို့ စနိုးကို တာဝန်ယူရမယ်ဆိုပြီး ကိုယ် ဇွတ်မှိတ်လက်ထပ်လိုက်ရတာပါ၊ ကိုယ် ဘာမှမတတ်နိုင်ခဲ့ဘူး ယမုံ..."
ပြောရင်းနှင့် ခမ်းနားက လက်ထဲတွင် လိပ်ထားသည့် DNA စစ်ဆေးချက် စာရွက်ကို တုန်ရီနေသော လက်များဖြင့် ယမုံ့ရှေ့သို့ ကမ်းပေးလိုက်သည်။ သူ့ မျက်ဝန်းများထဲတွင် သေလူတစ်ယောက် ရှင်သန်ခွင့်ရလိုက်သည့်အလား မျှော်လင့်ချက်အလင်းရောင်ကြီးစွာ တောက်ပနေလျက်—
"ဒါပေမယ့်... ဒါပေမယ့် ဒီမှာကြည့်လိုက်ပါဦး ယမုံ၊ ကလေးက... သတိုးသွင်ပြင်က ကိုယ့်ကလေး မဟုတ်ဘူး၊ ကိုယ်နဲ့ ဘာအသွေးအသားမှ မတော်စပ်ဘူး! ကိုယ် အလှည့်စားခံခဲ့ရတာ!"
ခမ်းနား ယမုံ့ပခုံးနှစ်ဖက်ကို အသာဆုပ်ကိုင်ဖို့ ပြင်ေတာ့ ယမုံက ရှောင်ထွက်လိုက်သည်မို့ သူ့လက်ေတွကို အသာပြန်သိမ်းရင်း တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ဆက်ပြောရှာသည်။
"ကိုယ် သိပါတယ်... ကိုယ့်မှာ ယမုံ့ကို ဒါတွေပြောပိုင်ခွင့် မရှိတော့ဘူးဆိုတာ၊ ဒါပေမယ့်... ဒါပေမယ့် ကိုယ့်ရင်ထဲမှာ ယမုံ့ကိုပဲ အမြဲချစ်နေခဲ့တာပါ၊ အခုထိလည်း ချစ်နေဆဲပဲ... ကိုယ့်ကို ခွင့်လွှတ်ပေးဖို့ မတောင်းဆို ဝံ့ပါဘူး ဒါပေမယ့် ယမုံ့ကို သိစေချင်တယ် ကိုယ်အမြဲတမ်း ယမုံ့ကို တောင်းပန်ချင်နေခဲ့တာပါ '"
ယမုံက ခမ်းနား ကမ်းပေးလာသည့် စာရွက်စာတမ်းများကို တစ်ချက်ကလေးမျှ ငုံ့မကြည့်ခဲ့ပေ။ သူမ၏ နှုတ်ခမ်းပါးတို့က ခပ်လွင်လွင်၊ ခပ်အေးအေးလေးသာ ပြုံးလိုက်မိသည်။ ထိုအပြုံးက နာကျင်မှုထက် ဥပေက္ခာပြုခြင်းဘက်သို့ ပို၍ ယိုင်နေ၏။
"ကလေးက ရှင်နဲ့ မတော်စပ်ဘူးဆိုရုံနဲ့ ဘာထူးသွားမှာလဲ ခမ်းနားသွင်ပြင်... ကလေးက ရှင့်ကလေးမဟုတ်လည်း ရှင့်ရဲ့ ရွေးချယ်မှုက ကျွန်မ မဟုတ်ခဲ့တာ အမှန်ပဲလေ၊ ကျွန်မတို့ နှစ်ယောက်ရဲ့ လမ်းကြောင်းက အတိတ်မှာတင် ပြီးဆုံးခဲ့ပြီ၊ ပြန်စစရာ အကြောင်းမရှိတော့ဘူး"
"ယမုံရယ်... ကိုယ် တောင်းပန်ပါတယ်၊ ကိုယ် တကယ်တောင်းပန်ပါတယ်!"
ခမ်းနား တစ်ယောက် ဘာမာနမှ မရှိတော့သည့်အလား ယမုံ့ရှေ့တွင်ပင် ဝုန်းကနဲ ဒူးထောက်ချလိုက်တော့သည်။ ယမုံ့လက်ကလေးကို ဆွဲကိုင်ကာ သူ့အမှားများအတွက် တတွင်တွင် ငိုယိုတောင်းပန်နေမိသည်။
သို့သော်လည်း ခေါင်းမာဆဲဖြစ်သည့် ယမုံကတော့ ဘာလှုပ်ရှားမှုမျှ မရှိ။ ခမ်းနား၏ ဒူးထောက်တောင်းပန်မှုကို ဂရုမစိုက်သည့်အလား မျက်နှာထားက တင်းမာအေးစက်နေဆဲပင်။
"အခြေအနေတွေက သူ့နေရာနဲ့သူ ဖြစ်ပျက်ပြီးကုန်ပြီ ခမ်းနား... အခုအချိန်မှ ကျွန်မ ပြီးခဲ့သမျှ ဘာစကားမှ ထပ်မကြားချင်တော့ဘူး၊ နောက်ထပ်လည်း ဘာမှ ထပ်မပြောပါနဲ့တော့"
ယမုံက ခမ်းနားကို ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်ပြီးနောက်၊ ဆွဲကိုင်ထားသည့် လက်ကို ရုန်းဖယ်ကာ ဖေဖေရှိရာ ကုတင်အနားသို့ လှည့်ထွက်လာခဲ့လိုက်တော့သည်။ ဒူးထောက်ကျန်ရစ်ခဲ့သည့် ခမ်းနား၏ ငိုရှိုက်သံများက အခန်းထောင့်တွင် ကျန်ရစ်လျက်။
ယမုံ ကုတင်အနားသို့ ခြေလှမ်းလှမ်းလိုက်စဉ်... အောက်ဆီဂျင်ပိုက်တပ်ထားရသည့် ဖခင်ဖြစ်သူ ဦးစိုးထွဋ်၏ မျက်ဝန်းအစုံထဲတွင် မျက်ရည်များ ပြည့်လျှံကာ ပါးပြင်ထက်သို့ စီးကျနေသည်ကို မြင်လိုက်ရသည်။
ဦးစိုးထွဋ်သည် သတိရရချင်း ခမ်းနားနှင့် ယမုံတို့ ပြောနေကြသည့် စကားလုံးတိုင်းကို အတိုင်းသား ကြားလိုက်ရခြင်း ဖြစ်သည်။
'ခမ်းနားနဲ့ ယမုံက... အရင်ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါလား...'
ထိုအသိက ဦးစိုးထွဋ်၏ ရင်ကို ဓားဖြင့် မွှန်းလိုက်သလို ခံစားလိုက်ရသည်။ မိမိ၏ လောဘကြောင့်၊ မိမိ၏ သမီးအငယ် စနိုးကြောင့်... သမီးကြီး ယမုံ့အပေါ် မတရားသဖြင့် လုပ်ခဲ့မိသည့် လုပ်ရပ်များ၊ သမီးကြီး၏ အချစ်ရေးကိုပါ ဖျက်ဆီးမိခဲ့သည့် အမှားကြီးက နှလုံးသားကို ဆုတ်ဖြဲနေသည့်အလား ပိုလို့ စိတ်ထိခိုက်နာကျင်လာရကာ အသက်ရှုသံများ တုန်ရီလျက် မျက်ရည်များစွာဖြင့် အပြစ်သားတစ်ယောက်လို ငိုကြွေးနေမိတော့သည်။
🍂🍂🍂🍂
ခမ်းနား တစ်ယောက် နှလုံးသားတစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသည့်အလား စိတ်တို့ ပိုလို့ ထိခိုက်နာကျင်ကာ ဒဏ်ရာများစွာ ရရှိထားသည့် နှလုံးသားတစ်စုံကို သိမ်းဆည်းရင်း အခန်းပြင်သို့ ယိုင်ထိုးထွက်ခွာသွားခဲ့လေပြီ။ အခန်းထဲတွင်တော့ ယမုံတို့ သားဖနှစ်ယောက်နှင့် တိတ်ဆိတ်မှုတို့သာ ကျန်ရစ်သည်။
ယမုံ စိတ်ကို တည်ငြိမ်အောင်ထားရင်း ဖခင်ဖြစ်သူ အစာစားပြီး ဆေးသောက်နိုင်ရန်အတွက် စားပွဲပေါ်က ဆန်ပြုတ်ခွက်နှင့် ဆေးဘူးများကို သေချာပြင်ဆင်ပေးနေစဉ်—
"ယမုံ... သမီး..."
အောက်ဆီဂျင်ပိုက်တပ်ထားရသည့်ကြားက ဦးစိုးထွဋ် သမီးဖြစ်သူ၏လက်ကို တုန်ရီစွာဖြင့် လှမ်းကိုင်လာသည်။ မျက်ဝန်းအစုံတွင် မျက်ရည်တို့ ပြည့်လျှံလျက် သမီးဖြစ်သူကို စေ့စေ့ကြည့်ကာ အားယူပြီး စကားဆိုရှာသည်။
"သူဌေးလေးကို... ခွင့်လွှတ်ပေးလိုက်ပါ သမီးရယ်... သူဌေးလေးမှာ အပြစ်မရှိပါဘူး... အပြစ်ရှိတာ ဖေဖေပါ..."
ဖခင်ဖြစ်သူ၏ ရုတ်တရက်ထွက်ပေါ်လာသော စကားကြောင့် ယမုံ့လက်များ တုံ့ခနဲ ရပ်တန့်သွားရသည်။ သူမသည် ဖေဖေ ဘာတွေကို ဆိုလိုနေမှန်း နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လျက် ကြည့်လိုက်မိသည်။
"ဖေဖေ ဘာတွေပြောနေတာလဲ... ယမုံ နားမလည်ဘူး"
"ဖေဖေ တောင်းပန်ပါတယ် သမီးရယ်... အားလုံးက ဖေဖေ့ရဲ့ ယုတ်ညံ့တဲ့စိတ်၊ လောဘစိတ်ကြောင့် ဖြစ်ခဲ့ရတာပါ..."
ဦးစိုးထွဋ် ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည်ဖြင့် အတိတ်က အမှောင်အတိဖုံးခဲ့သော လျှို့ဝှက်ချက်ကို တုန်ရီစွာ ဖွင့်ဟလာတော့သည်။
"အဲ့ဒီညက... စနိုးနဲ့ သူဌေးလေး အတူရှိနေခဲ့တယ်ဆိုပေမယ့် ဘာမှမဖြစ်ခဲ့ကြဘူး။ တကယ်တော့ သူဌေးလေးဆီမှာ ဘာအပြစ်မှ မရှိခဲ့ဘူး။ ဖေဖေ ကိုယ်တိုင်... ကိုယ့်ရဲ့လောဘအတွက်၊ ကိုယ့်သမီးငယ် စနိုးအတွက် မျက်စိမှိတ်ပြီး စီစဉ်ခဲ့တာ။ သူဌေးလေးကို အကွက်ဆင်ပြီး ဂျောင်းပိတ်ဖမ်းခဲ့တာပါ သမီးရယ်..."
ဦးစိုးထွဋ်၏ ပါးစပ်မှ အမှန်တရားကို ကြားလိုက်ရသည့်ခဏ ယမုံ့တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ရင်သွားရသည်။ ရင်ထဲတွင်လည်း ဒိန်းကနဲ မြည်ဟီးသွားကာ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသည့်အလား ဆောက်တည်ရာမရ ဖြစ်သွားရ၏။
ခမ်းနား စနိုးကို လက်ထပ်ခဲ့ရခြင်းမှာ... မိမိဖခင်ဖြစ်သူကိုယ်တိုင် နောက်ကွယ်က ညစ်ပတ်စွာ ကြိုးကိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟူသောအသိက ယမုံ့ကို အံ့ဩတုန်လှုပ်စေခဲ့သည်။ ဖေဖေ ပြောပြ၍ အကြောင်းစုံကို အားလုံး သိရှိသွားခဲ့သော်လည်း ယမုံသည် ခဏမျှ ငြိမ်သက်သွားပြီးနောက် သက်ပြင်းတစ်ချက်ကို အသာချလိုက်သည်။
သူမ၏ မျက်နှာထားက တည်ငြိမ်အေးစက်သွားကာ ဖခင်ဖြစ်သူကို ကြည့်ပြီး ညင်သာသော်လည်း ပြတ်သားသည့် လေသံဖြင့် ပြန်လည်ဖြေကြားလိုက်တော့သည်။
"ဖေဖေ ပြောပြလို့ အားလုံးကို ယမုံ သိလိုက်ရပါပြီ။ ဒါပေမယ့်... ခမ်းနားကို ခွင့်လွှတ်ခြင်း၊ ခွင့်မလွှတ်ခြင်းက အခုအချိန်မှာ ယမုံ့အတွက် အရေးမကြီးတော့သလို၊ လိုလည်း မလိုအပ်တော့ပါဘူး ဖေဖေ..."
"သမီးရယ်..."
"အမှန်တရားတွေ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့... ပြီးခဲ့တဲ့ အတိတ်က အချိန်တွေကို ပြန်ပြင်လို့ မရတော့ဘူးလေ။ သူနဲ့ ယမုံနဲ့ကြားမှာ အရာရာက ပျက်စီးဆုံးရှုံးခဲ့ပြီးပြီမို့... သူ ဘာကြောင့် ရွေးချယ်ခဲ့ရလဲဆိုတာ ယမုံ့အတွက် အဓိပ္ပာယ်မရှိတော့ပါဘူး။ ဖေဖေ အခုအချိန်မှာ အတိတ်ကအမှားတွေကို တွေးပြီး စိတ်မပူပါနဲ့တော့... အစာလေးနည်းနည်းဖြစ်ဖြစ် ဝင်အောင်စားပြီး ဆေးသောက်ဖို့ပဲ ဂရုစိုက်ပါ"
ယမုံက အေးစက်တည်ငြိမ်စွာပင် ပြောဆိုရင်း ဆန်ပြုတ်ဇွန်းကို အသာအယာ ခတ်ပေးလိုက်သည်။ သို့သော်လည်း ဦးစိုးထွဋ်ကတော့ မိမိ၏ ယုတ်မာမှုကြောင့် သမီးဖြစ်သူ၏ နှလုံးသားတစ်ခုလုံး ကျောက်စက်ကဲ့သို့ အေးစက်ခက်ထန်သွားရပြီဟူသော အသိဖြင့် ရင်ဘတ်ကို ထုဆွဲကာ ပိုလို့ နောင်တမီး တောက်လောင်နေမိတော့သည်။
အခန်းမှတ်ချက်များ (0)