Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၂၈)

ယမုံ ဒီနေ့အလုပ်ထဲ စိတ်မပါသလိုဖြစ်နေရသည့် အကြောင်းက ဖေဖေ ပြောပြခဲ့သည့် အကြောင်းအရာနှင့်စပ်လျဉ်းပြီး မပြစ်မရှိတဲ့ တူလေးအပေါ်ကို စိုးရိမ်စိတ်ဝင်လာခြင်းပဲ ဖြစ်လေသည်။

ယခု‌ဆိုရင် ခမ်းနားက သတိုးလေးဟာ သူ့သွေးသား မဟုတ်ဘူး ဆိုတာသိသွားတဲ့အတွက် ကလေးကို ပစ်ခဲ့ရင် ဖေဖေကလည်း ကျန်းမာရေး ကောင်းတာ မဟုတ်ပေ။ သူမ အနေနဲ့ကတော့ ဒီသံယောဇဉ် တွေကို ဖြတ်တောက်ထားတယ် ဆိုပေမယ့် အပြစ်မရှိတဲ့ ချုချာလွန်းတဲ့ ကလေးအတွက်တော့ စိုးရိမ်မိတာ အမှန်ပင်!

စဉ်းစားခန်းဝင်နေရင်း ကေသာက ဆိုင်ထဲမှာ ဧည့်သည့်ရောက်နေကြောင်းလာပြောတဲ့အခါ ယမုံတွေးလက်စကို ဖြတ်တောက်လိုက်ပြီး ရုံးခန်းထဲက ထွက်လာခဲ့တော့ လွင်ပြင်မုန်း ဖြစ်နေတာကို တွေ့လိုက်ရသည်မို့ စိတ်ရှုပ်စွာ သက်ပြင်းချလိုက်ရင်း မျက်နှာထားကို တမင်တည်ပစ်လိုက်သည်။

"အလုပ်ကိစ္စမဟုတ်ရင် ကျွန်မမှာ ဧည့်သည်လက်ခံဖို့ အချိန်မရှိဘူးလို့ ထင်တယ်... ကိုလွင်ပြင်မုန်း"

ယမုံ့ထံမှ ထွက်လာသည့် စကားလုံးများနှင့် မျက်နှာပေးက အေးစက်တင်းမာနေသော်လည်း လွင်ပြင်မုန်းကတော့ အပြုံးမပျက်။ သူက စိတ်ဆိုးရမည့်အစား တည်ငြိမ်လွန်းသည့် အကြည့်တို့ဖြင့် ယမုံ့အနားသို့ တရွေ့ရွေ့ ချဉ်းကပ်လာရင်း ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

"ကိုယ်ကတော့ မင်းနဲ့ပတ်သက်ရင် အလုပ်ကိစ္စရော၊ လူမှုရေးကိစ္စပါ အမြဲအားနေတာ ယမုံ... ပြီးတော့ ဒီနေ့ ကိုယ်လာတာက အလုပ်ကိစ္စ သီးသန့်ပဲ"

ယမုံက အလုပ်ကိစ္စဆိုသည့်အတွက် ငြင်းဆန်ရန် ခက်ခဲသွားပြီး စကားလက်ခံပြောရန် ရုံးခန်းထဲသို့ ခေါ်ဆောင်ခဲ့ရတော့သည်။

ရုံးခန်းတံခါး ပိတ်သွားသည်နှင့် လွင်ပြင်မုန်း၏ အကြည့်တို့က ယမုံ့ထံ၌သာ အတည်တကျ ရှိနေဆဲ။ ရှင်းလင်းပြီး အေးချမ်းစွာ လှပလွန်းသည့် ယမုံ့မျက်နှာလေးကို သူက မြတ်နိုးတန်ဖိုးထားဟန်ဖြင့် စိုက်ကြည့်နေမိသည်။

ယမုံက စားပွဲနောက်တွင် ဝင်ထိုင်လိုက်ရင်း ခပ်စိမ်းစိမ်း အကြည့်တို့ဖြင့် လွင်ပြင်မုန်းကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။

"အလုပ်ကိစ္စဆိုတာ ဘာများလဲ... ကိုလွင်ပြင်မုန်း"

ထိုအခါ လွင်ပြင်မုန်းက နှုတ်ခမ်းအစုံကို ခပ်ဖွဖွ ကွေးညွတ်ကာ ပြုံးသဲ့သဲ့ မျက်နှာပေးဖြင့် ယမုံ့ကို တုံ့ပြန်သည်။

"အလုပ်ကိစ္စကတော့... ကိုယ် ယမုံ့ဆီက အချိန်တွေကို ဝယ်ချင်တာ၊ မဟုတ်ဘူး... အပိုင်ယူချင်တာ"

အလုပ်ကိစ္စဟု အကြောင်းပြပြီး ပရီးပတား စကားများ ပြောလာသည့်အတွက် ယမုံ့ရင်ထဲ ဒေါသရိပ်တို့က ဖျတ်ကနဲ ထွက်ပေါ်လာကာ စိတ်ဆိုးမာန်ဆိုးဖြင့် ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်မိသည်။

"ကိုလွင်ပြင်မုန်း! ရှင် တော်သင့်ပြီ။ ကျွန်မ ရှင့်ကို လုံးဝ မချစ်နိုင်ဘူး၊ ဘယ်တော့မှလည်း လက်ခံမှာ မဟုတ်ဘူး...။ အခုချိန်ထိ ကျွန်မရင်ထဲမှာ ချစ်ဦးသူတစ်ယောက်တည်းကိုပဲ အပြီးအပိုင် သော့ခတ်ထားတာ။ ရှင့်အတွက် နေရာမရှိဘူးမို့... အခုချက်ချင်း ကျွန်မရုံးခန်းထဲက ထွက်သွားပေးပါ!"

ပြတ်သားလွန်းသည့် နှင်ထုတ်စကားနှင့်အတူ ချစ်ဦးသူကိုသာ ရင်ထဲမှာ သော့ခတ်ထားဆဲဟူသော အမှန်တရားက လွင်ပြင်မုန်း၏ ရင်ဝကို အရှိန်အဟုန်ဖြင့် စိုက်ဝင်သွားရသည်။

ခဏမျှတော့ သူ မျက်မှောင်ကုတ်သွားပြီး မျက်ဝန်းအိမ်ထဲတွင် ကြေကွဲရိပ်တို့ ယှက်သန်းသွားရရှာသည်။ သို့သော် ထိုနာကျင်မှုကို သူ ချက်ချင်းပင် ထိန်းချုပ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတို့တွင် ပကတိအတိုင်း အပြုံးမပျက်စေဘဲ ယမုံ့ကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ဆိုလာသည်။

"မင်း ရင်ထဲက သော့ခတ်ထားတဲ့ တံခါးကို ဖွင့်ပေးမယ့်အချိန်ထိ ကိုယ် စောင့်နေမှာပါ ယမုံ...။ ကိုယ် မင်းကို ဘယ်လောက်အထိ ချစ်မြတ်နိုးလဲဆိုတာ မင်း သိလာရမယ့် တစ်နေ့ ရောက်လာမှာပါ"

သူမကို အားနာဟန်ဖြင့် တစ်ချက်ပြုံးပြပြီးနောက် လွင်ပြင်မုန်းက အလိုက်သိစွာပင် နောက်သို့ လှည့်ထွက်ခဲ့သည်။ ကျောခိုင်းထွက်ခွာသွားသည့် သူ၏ ပုံရိပ်က နာကျင်ကြေကွဲမှုတို့ စွဲထင်နေသော်လည်း ယမုံ မသိချင်‌ယောင်ဆောင်လိုက်ရင်း သက်ပြင်းအကြိမ်ကြိမ်ချလိုက်မိသည်။

'ဘာထူးလဲ... ယောကျာ်းတွေက အကုန်အတူတူပါပဲ။ ဘယ်တော့မှ ဘယ်သူ့ကိုမှ ယမုံ ယုံကြည်နိုင်မှာ မဟုတ်တော့ဘူး'

🍀🍀🍀🍀

သူ့အသွေးအသား မဟုတ်မှန်း သိလိုက်ရသည့်တိုင် ကလေးအပေါ် သံယောဇဉ်ရှိမိသည်မို့ သတိုးလေးကို သနားမိသည်ကတော့ အမှန်ပင်။ သို့သော်လည်း သူ့ဘဝတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် ရက်ရက်စက်စက် လှည့်စားသွားခဲ့သည့် စနိုးအပေါ် ထားရှိသည့် အမုန်းတရားက ပို၍ ကြီးစိုးနေသည်။ ကလေးမျက်နှာကို မြင်လျှင် စနိုး၏ လှည့်စားမှုများကိုသာ ပြန်လည်မြင်ယောင်လာမိသောကြောင့် သတိုးလေးရှိရာသို့ ခြေဦးမလှည့်ဘဲ ပစ်ထားမိသည်မှာ တစ်ပတ်ခန့်ပင် ရှိခဲ့ပြီ။

အမှောင်ရိပ်သန်းနေသည့် အခန်းကျဉ်းထဲတွင် ခမ်းနား ဒူးနှစ်ဖက်ကို လက်ပြစ်တင်ကာ ခေါင်းငိုက်စိုက်ချထားမိသည်။

အရာအားလုံး ပြီးဆုံးသွားမှ၊ ပြာပုံဖြစ်သွားမှ သူ အရာရာကို ထင်ထင်ရှားရှား မြင်လာရသည်။ အတိတ်က သူလုပ်ခဲ့မိသည့် အမှားတွေက ယမုံ့ကို သူ့ဘဝထဲကနေ ထာဝရလက်လွှတ်လိုက်ရခြင်း ဖြစ်စေခဲ့မှန်း အခုမှ သူ ကောင်းကောင်းကြီး သဘောပေါက်လိုက်ရသည်။ သူမဆီ ပြန်သွားဖို့ နေနေသာသာ... သူ့မှာ ဒုတိယအကြိမ်ဆိုတဲ့ အခွင့်အရေးမျိုး ရပိုင်ခွင့် မရှိတော့ဘူးဆိုတာကို သိလိုက်ရသည့် ဖြစ်ရပ်က သူ့ကို ကမ္ဘာပျက်မတတ် အရူးအမူး နာကျင်ခံစားရစေသည်။

"ငါ ဘာတွေအတွက်နဲ့ ယမုံ့ကို စွန့်လွှတ်ခဲ့မိတာလဲ..."

ခမ်းနား ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရင်း ရူးသွပ်မတတ် ရယ်မောလိုက်မိသည်။

ဒီအလုပ်တွေ၊ ဒီရာထူးအာဏာတွေ၊ လူတကာ အားကျရတဲ့ ဒီအောင်မြင်မှုတွေကို ရယူဖို့အတွက်နဲ့ပဲ သူ ယမုံ့ကို ကျောခိုင်းခဲ့တာ မဟုတ်ပါလား။ အခုတော့ သူ အသက်ထက်မြတ်နိုးရတဲ့ နှလုံးသားတစ်ခုလုံး ကြေမွပျက်စီးသွားခဲ့ရပြီ။ အောင်မြင်မှုတွေရဲ့ ထိပ်ဆုံးမှာ သူတစ်ယောက်တည်း အထီးကျန်စွာ ကျန်ရစ်နေခဲ့ပြီး ရရှိလာတဲ့ ရာထူးအာဏာတွေကလည်း ကြေမွသွားတဲ့ သူ့နှလုံးသားကို ပြန်လည်မကုစားပေးနိုင်တော့ပါ။

လက်ထဲက အရက်ခွက်ကို နံရံဆီသို့ အားကုန်လွှဲပေါက်ပစ်လိုက်ရင်း ခမ်းနား တစ်ယောက်တည်း ရင်ကွဲမတတ် အော်ဟစ်ငိုကြွေးမိတော့သည်။ တန်ဖိုးမရှိတဲ့ အောင်မြင်မှုတွေနောက်ကို လိုက်ရင်း ဘဝရဲ့ အစစ်အမှန်ဆုံး သံယောဇဉ်တွေကို လက်လွှတ်လိုက်ရတဲ့ သူ့အမှားတွေအတွက် နောင်တတရားက သူ့ကို တဖြည်းဖြည်းနှင့် အရှင်လတ်လတ် သတ်နေခဲ့လေပြီ။

🍂🍂🍂🍂🍂🍂

လက်ထဲမှ အရက်ခွက် ပျက်စီးသွားသည့်တိုင် ခမ်းနား၏ ရင်ထဲက ဒေါသနှင့် နောင်တတရားတို့က ငြိမ်းအေးမသွားဘဲ ပို၍သာ တောက်လောင်နေသည်။ အခန်းပြင်ကနေ ဖန်ခွက်ကွဲသံနှင့်အတူ သားဖြစ်သူ၏ အသံကို ကြားလိုက်ရသည့် ဒေါ်ခင်မာလာမှာလည်း ရင်ထဲ ဗြောင်းဆန်သွားရရှာသည်။

ရက်အတော်ကြာအောင် အခန်းအောင်းပြီး အရက်ပုလင်းများကြား နစ်မွန်းနေသည့် သားဖြစ်သူ၏ ပုံစံကို ကြည့်ကာ ဒေါ်ခင်မာလာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ရလွန်းသဖြင့် အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့တော့သည်။

မှောင်မှိုင်ပြီး အရက်နံ့တွေ မွမ်းကျပ်နေသည့် အခန်းထဲတွင် ပုံပျက်ပန်းပျက် ထိုင်နေသော ခမ်းနားကို ကြည့်ရင်း မိခင်ဖြစ်သူ၏ မျက်ဝန်းမှ မျက်ရည်များက ဝဲတက်လာရသည်။ သူမ ကြမ်းပြင်ပေါ်က ဖန်ကွဲစများကို ဂရုမစိုက်နိုင်ဘဲ ခမ်းနားအနားသို့ တုန်တုန်ရင်ရင်ဖြင့် တိုးကပ်သွားပြီး သားဖြစ်သူ၏ ပခုံးကို ဆုပ်ကိုင်ကာ ငိုရှိုက်မိတော့သည်။

"ဒီအရက်ကြောင့်... ဒီအရက်တွေကြောင့်ပဲ မင်းဘဝတစ်ခုလုံး အမှားကြုံခဲ့ပြီ မဟုတ်လား သားရယ်...။ အခုထိလည်း ဒီအရက်တွေကိုပဲ ဖက်တွယ်နေတုန်းလား...။ မင်း ဒီလိုလုပ်နေတော့ မေမေလည်း ရင်ကွဲရတယ် သားရဲ့...။ သား ကျန်းမာရေးတွေလည်း အကုန်ထိခိုက်ကုန်လိမ့်မယ်၊ မသောက်ပါနဲ့တော့လား... သားရယ်..."

မိခင်ဖြစ်သူ၏ ငိုယိုတောင်းပန်သံကြောင့် ခမ်းနား ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လာသည်။

အရက်ရှိန်ကြောင့် ရဲရဲနီနေသည့် သူ၏ မျက်ဝန်းအိမ်ထဲတွင် အဆုံးစွန်သော ကြေကွဲမှုများနှင့် မျက်ရည်စအချို့က ခိုတွဲနေသည်။ သူသည် မိခင်ဖြစ်သူကို ကြည့်ရင်း အက်ကွဲခြောက်သွေ့နေသော အသံဖြင့် နာကျင်စွာ ရေရွတ်လိုက်မိသည်။

"မေမေ... ကျွန်တော် ကောင်းကောင်းမွန်မွန် ရှင်သန်နေဖို့ မထိုက်တန်တော့ဘူး...။ ကျွန်တော့်ရဲ့ မိုက်မဲမှုတွေကြောင့် ဘဝတစ်ခုလုံး ဆုံးရှုံးခဲ့ရတာ။ အခု ကျွန်တော် လုပ်နေတာက... ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ပေးနေတာ မေမေ...။ ကျွန်တော် ခံရမယ့် ဝဋ်ကြွေးတွေမို့ ကျွန်တော့်ကို လွှတ်ထားပေးပါတော့..."

ပြောပြီးသည်နှင့် ခမ်းနားက မိခင်ဖြစ်သူ၏ လက်များကို အသာအယာ ဖယ်ခွာလိုက်ပြီး ကျန်ရှိနေသည့် အရက်ပုလင်းကိုသာ ကောက်ကိုင်ကာ မော့ချပစ်လိုက်ပြန်သည်။ ဒေါ်ခင်မာလာမှာတော့ ဘာမှတတ်နိုင်ခြင်းမရှိဘဲ သားဖြစ်သူ၏ ပုံစံကိုကြည့်ပြီး ငိုကြွေးမိပါတော့သည်။

« ရှေ့အခန်း - အပိုင်း(၂၇) နောက်အခန်း - အပိုင်း(၂၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ