Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၂၆)

ညတစ်နာရီကျော်သည်အထိ အိပ်မရအောင် အတွေးတွေဖြန့်ကျက်နေရင်း ဘိုးဘိုးကြီးထားခဲ့တဲ့ သေတမ်းစာရယ်၊ သူရဲ့မှားယွင်းမှုတစ်ခုကြောင့် ကိုယ်ဝန်ရှိလာတဲ့ စနိုးကို သူလက်ထပ်ရဖို့ ငြင်းဆန်မရခဲ့‌တာမို့...

ဘိုးဘိုးကြီးဆုံးလို့ တစ်လပြည့်တာနဲ့ အင်္ဂလန်က စက်ရုံကို ဘိုးဘိုးကြီးရဲ့ လက်ထောက် ကိုမောင်မောင် ဆိုသူနဲ့ လွှဲပြောင်းထားခဲ့ပြီး စနိုးတို့သားအဖနဲ့အတူ သူပါ မြန်မာပြည်ကို ပြန်ဖို့ အကြောင်းဖန်လာခဲ့သည်!

ဘိုးဘိုးကြီးသေဆုံးမှုရဲ့ တရားခံကလဲ အင်မတန်မှ တော်လှသည်၊ ခြေရာလက်ရာ ဖျောက်ထားသလို ဘာသဲလွန်စမှ မကျန်ခဲ့သည့်အတွက် စုံစမ်းဖော်ထုတ်ရန်ခက်လှသည်။

ထူးဆန်းစွာ ပျောက်ဆုံးနေသည်က ဘိုးဘိုးကြီးရဲ့ရုံးခန်းတံခါးကို အမြဲလုံခြုံရေးယူလေ့ရှိသည့် ဦးအိုက်သျှန်တစ်ယောက် ဘာသတင်းမှ မရဘဲ အစအန ပျောက်နေတာပင်!

ဘားမှာတွေ့ခဲ့တဲ့ တေဇမိုး ဆိုသူရဲ့ စကားအသွားအလာကို ပြန်တွေးကြည့်လိုက်ရင်း ခမ်းနားမျက်ဝန်းတွေ ကျဉ်းမြောင်းသွားရကာ စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်ပြီး အဲလက်စ်ဆီသို့ သူ တိုက်ရိုက်ခေါ်လိုက်သည်။

ဖုန်းပွင့်သွားသည်နှင့် ခမ်းနား ဘာစကားပလ္လင်မှ ခံမနေတော့ဘဲ လိုရင်းကိုသာ ပြတ်ပြတ်သားသား ပြောလိုက်၏။

"အဲလက်စ်... ငါ့ကို တေဇမိုး ဆိုတဲ့လူရဲ့ နောက်ကြောင်း အကုန်စုံစမ်းပေး၊ သူ ဘာတွေလုပ်နေလဲ၊ ဘယ်သူတွေနဲ့ ပတ်သက်နေလဲဆိုတာ... အထူးသဖြင့် စနိုးနဲ့ ဘယ်လိုပတ်သက်ခဲ့လဲဆိုတာ အသေးစိတ် သိချင်တယ်"

တစ်ဖက်က ပြန်ပြောသည်ကို နားထောင်ပြီးနောက် ဖုန်းချလိုက်ကာ ခမ်းနား ခဏမျှ စဉ်းစားနေမိသည်။ ထို့နောက် အင်္ဂလန်က စက်ရုံမှာ သူယုံကြည်စိတ်ချစွာ လွှဲအပ်ထားခဲ့သည့် ဘိုးဘိုးကြီး၏ လက်ထောက် ကိုမောင်မောင်ဆီသို့ ဒုတိယမြောက် ဖုန်းအဖြစ် ဆက်သွယ်လိုက်ပြန်သည်။

"ဟဲလို ကိုမောင်မောင်... ခင်ဗျားကို ကျွန်တော် အရေးကြီးတာတစ်ခု စုံစမ်းခိုင်းစရာရှိလို့"

"ဟုတ်ကဲ့ပါ သူဌေးလေး၊ မိန့်ပါဗျာ"

"လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်က ဖြစ်သွားခဲ့တဲ့ ဘိုးဘိုးကြီးသေဆုံးမှုနဲ့ ပတ်သက်တဲ့ ကိစ္စ၊ အဲဒီတုန်းက အဖြစ်အပျက်တွေမှာ ဘာကွဲလွဲချက်တွေ ရှိနေလဲ၊ ဘာတွေမှားယွင်းနေလဲဆိုတာ ခင်ဗျားဘက်ကနေ လျှို့ဝှက်ပြီး ပြန်စုံစမ်းပေးပါ၊ ပြီးတော့..."

ခမ်းနား စကားကို ခဏရပ်ကာ လေသံကို ခပ်အေးအေးသို့ ပြောင်းလိုက်ရင်း...

"ဘိုးဘိုးကြီးရဲ့ ရုံးခန်းတံခါးကို အမြဲလုံခြုံရေးယူခဲ့တဲ့ ဦးအိုက်သျှန် အခု ဘယ်ရောက်နေလဲဆိုတာပါ စုံစမ်းရမယ်၊ ဘာခြေရာလက်ရာမှ မကျန်အောင် ပျောက်နေတာ ထူးဆန်းတယ်၊ သူ့အစအနကို ရအောင် ရှာပေးပါ"

"စိတ်ချပါ သူဌေးလေး၊ ကျွန်တော် အမြန်ဆုံး စုံစမ်းလိုက်ပါ့မယ်"

ဖုန်းမျက်နှာပြင် မှိတ်သွားသည်အထိ စိုက်ကြည့်ရင်း ခမ်းနား သက်ပြင်းတစ်ချက် ခပ်ဖွဖွချမိသည်။ ပဟေဠိဆန်လွန်းသည့် ဖြစ်ရပ်များ၏ နောက်ကွယ်က အမှန်တရားကို သူ မကြာခင် လက်ဆုပ်လက်ကိုင် ပြနိုင်တော့မည်ဟု ခမ်းနား ယုံကြည်နေမိသည်။

သို့သော်... သူ့အဖြစ်က အများအမြင်မှာ ရယ်စရာကောင်းပြီး သူဟာ လုံးလုံးအသုံးမကျတဲ့ကောင် ဖြစ်နေသလို ခံစားနေရသည်မို့ စိတ်ညစ်ညူးမှုတွေက အရှိန်အဟုန်နဲ့ မြင့်တက်လာရပြန်သည်။ ထို့ကြောင့်ပင် ခမ်းနား တစ်ယောက် ထိုင်နေရာမှထကာ အရက်ပုလင်းကို ဆွဲယူလိုက်ရင်း ရင်ထဲက အရာအားလုံးကို မေ့ပျောက်နိုင်ရန်သာ နာကျင်စွာ ဖြေဖျောက်နေမိတော့သည်။

🍀🍀🍀🍀

ယမုံ တစ်နေ့တာပြီးခဲ့တဲ့ စာရင်းတွေကို ရေးမှတ်ရင်း ဘော့ပင်နဲ့ စာရင်းစာအုပ်ကို အသာပြန်ချလိုက်ရင်းဆိုဖာကျောမှီထက် ခေါင်းမှီလိုက်ရင်းမျက်လုံးတွေကို ဖိမှိတ်ထားမိသည်၊

သူမအဆင်ပြေပါတယ်ခမ်းနားကြောင့်ရရှိခဲ့တဲ့ဒဏ်ရာတွေကို အလုပ်တွေဖိလုပ်ရင်း ကုစားခဲ့တယ် အလုံးစုံးမပျောက်ကင်းသေးပေမယ့် ယမုံကျော်ဖြတ်နိုင်မှာမို့ နှုတ်ခမ်းလှုပ်ရုံ ပြုံးလိုက်မိသည်၊

Ring Ring...

ဝင်လာတဲ့ဖုန်းသံကြောင့် မှိတ်ထားတဲ့ မျက်လုံးတို့ ပြန်ပွင့်လာခဲ့ပြီးခန္ဓာကိုယ်ကို ပြန်မတ်လိုက်ကာ ဖုန်းစခရင်ကို ကြည့်လိုက်တော့ unknown number မို့ တော်တော်နှင့် မကိုင်ဘဲ နေလိုက်သည်၊ပြီးနောက် နောက်တစ်ကြိမ်ထပ်ဝင်လာတဲ့ ဖုန်းကြောင့် သူမကိုင်လိုက်မိသည်၊

"ဟလို"

"ယမုံ ကျွန်တော်ပါ လွင်ပြင်မုန်း"

ယမုံ့မျက်ခုံးအစုံမြင့်တက်သွားရပြီး

"ဟုတ်ကဲ့ အလုပ်ချိန်မဟုတ်တော့ ဘာကိစ္စရှိလို့များလဲ ကိုလွင်ပြင်မုန်း"

အဟွန်း...

တစ်ဖက်က ခပ်သဲ့သဲ့ရယ်သံကြောင့် ယမုံမျက်မှောင်ကြုတ်လိုက်ရင်း..

"ကျွန်မပြောတဲ့ စကားထဲမှာ ဘာရယ်စရာပါနေလို့များလဲ ရှင့်"

ယမုံ့စကားပြောပုံကြောင့် လွင်ပြင်ပြုံးလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ဝရန်တာဘက်ကို ထွက်လာခဲ့လိုက်သည်၊ပြီးနောက်...

"ကျွန်တော့်ကို သုံးမိနစ်လောက် ကိုယ်ရေးကိုယ်တာစကားလေး ပြောဖို့ အချိန်ပေးပါ ယမုံ"

လွင်ပြင်မုန်း၏ တောင်းဆိုသံက ယခင်ကထက် ပို၍ နက်ရှိုင်းပြီး လေးနက်နေသည်။ ဖုန်းတစ်ဖက်က ထွက်ပေါ်လာသည့် သက်ပြင်းခပ်ဖွဖွသံနှင့်အတူ ဝရန်တာမှ တိုက်ခတ်လာသော လေညင်းသံက ဖုန်းလိုင်းထဲအထိ တိုးဝင်လာသယောင်။

"ရှင် ဘာပြောချင်လို့လဲ... စကားကို လိုရင်းပဲ ပြောပါ"

ယမုံ့လေသံက အေးစက်တည်ငြိမ်နေသော်လည်း လွင်ပြင်မုန်းကတော့ နောက်ဆုတ်မည့်ပုံမပြဘဲ စကားလုံးချင်းစီကို နှလုံးသားထဲက လာသည့်အတိုင်း ပွင့်လင်းပြတ်သားစွာ ဖွင့်ဟလိုက်တော့သည်။

"ကျွန်တော် ယမုံ့ကို သဘောကျတယ်... မဟုတ်ဘူး၊ တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်မိသွားတာ။ ဒါက ရုတ်တရက် ထဖြစ်တဲ့ စိတ်ကစားမှုမျိုး မဟုတ်ပါဘူး။ ယမုံ့ရဲ့ ပုံစံလေးကို မြင်ကတည်းက ကျွန်တော့်ရင်ထဲ စွဲလမ်းသွားခဲ့တာ။ ရှင်းရှင်းပဲ ပြောမယ်... ကျွန်တော့်ဘဝရဲ့ လက်တွဲဖော်အဖြစ် ယမုံ့ကိုပဲ အပိုင်လိုချင်တယ်"

သူ့စကားတွေက တည့်တိုးဆန်လွန်းပြီး ယောကျာ်းပီသသည့် ဆွဲဆောင်မှုအပြည့် ရှိနေသော်လည်း နှလုံးသားတစ်ခုလုံး ဒဏ်ရာတွေနှင့် ဗရပွဖြစ်နေခဲ့ရသည့် ယမုံ့အတွက်တော့ ထိုစကားလုံးများက နားထောင်ရန် နေနေသာသာ ကြောက်လန့်စရာ ကျော့ကွင်းတစ်ခုလိုပင်။ ခမ်းနားကြောင့် ရရှိခဲ့သည့် နာကျင်မှုတွေက အမာရွတ်ပင် မထင်သေးသည့် ယခုအချိန်တွင် ဘယ်သူ့ကိုမှ စိတ်မဝင်စားနိုင်ပါ။ ယမုံ ချက်ချင်းပင် တစ်ခွန်းချင်း ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

"တော်ပါတော့ ကိုလွင်ပြင်မုန်း! ကျွန်မ ရှင့်စကားတွေကို ဆက်နားမထောင်ချင်ဘူး။ ပြီးတော့... ကျွန်မဘဝမှာ အချစ်ဆိုတဲ့အရာကို လုံးဝ စိတ်မဝင်စားတော့ဘူး၊ ဘယ်တော့မှလည်း စိတ်ဝင်စားလာ‌မှာ မဟုတ်ဘူး။ ရှင့်စကားတွေကို ဒီနားမှာတင် ရပ်တန်းကရပ်လိုက်ပါ"

သူမ၏ ငြင်းပယ်မှုက အေးစက်ပြီး ပြတ်သားလွန်းသော်လည်း လွင်ပြင်မုန်းကတော့ စိတ်ပျက်အားလျော့သွားပုံမရ။ ဆန့်ကျင်ဘက်အနေဖြင့် စိန်ခေါ်မှုကို ကြိုက်သည့် ယောကျာ်းတစ်ယောက်ပီပီ ညင်သာသော်လည်း ဇွဲရှိသော လေသံဖြင့် ပြန်ပြောလာသည်။

"ချက်ချင်းကြီး လက်ခံပေးဖို့ မတောင်းဆိုပါဘူး ယမုံ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အချစ်နဲ့ ပတ်သက်ပြီး လုံးဝ ပိတ်လှောင်မထားပါနဲ့။ ကျွန်တော့်ကို ချက်ချင်း အဖြေပေးစရာမလိုဘူး၊ လောလောဆယ် အပြတ်ငြင်းမပစ်ဘဲ သေချာလေး ပြန်စဉ်းစားပေးဖို့ပဲ တောင်းဆိုချင်တာပါ။ ကျွန်တော့်ဘက်က ယမုံ သဘောကျလာအောင် စောင့်နေဖို့ အဆင်သင့်ပဲမို့..."

ဖုန်းလိုင်းတစ်ဖက်မှ လွင်ပြင်မုန်း၏ စကားလုံးများကို ယမုံနားထောင်နေရင်း ငြင်းဆန်ဖို့ စကားလုံးများပင် ရှာမတွေ့တော့ဘဲ ဖုန်းကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတော့သည်။

🍂🍂🍂🍂🍂🍂

ညတစ်ညလုံး အိပ်မပျော်ခြင်း၏ ဒဏ်ကြောင့် ခမ်းနား၏ မျက်ဝန်းအစုံက သွေးကြောမျှင်များ ထင်ဟပ်ကာ နီကျင်ကျင် စွဲထင်နေသည်။ အရက်ရှိန်ကြောင့် ခေါင်းထဲတွင် အနည်းငယ် ကိုက်ခဲနေသော်လည်း ရင်ထဲက သံသယမီးကတော့ ငြိမ်းသေမသွားဘဲ ပို၍သာ တောက်လောင်လာခဲ့သည်။ မိုးလင်းလို့အလင်းရောင် ခြည်သန်းလာသည်နှင့်အမျှ ခမ်းနား စိတ်ထဲတွင် အတွေးတစ်ခုက အကြိမ်ကြိမ် ပဲ့တင်ထပ်နေ၏။

‘ငါ ဒီအတိုင်း သံသယတွေထဲပိတ်မိပြီး မနေနိုင်တော့ဘူး။ အမှန်တရားကို ငါ့မျက်စိနဲ့တပ်အပ် မြင်ရမှဖြစ်မယ်။’

ခမ်းနား တစ်ယောက် ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး မျက်နှာကို ရေအေးအေးဖြင့် သစ်ကာ စိတ်ကို တည်ငြိမ်အောင် အတင်းကြိုးစားလိုက်သည်။ ထို့နောက် သတိုးသွင်ပြင်၏ အခန်းဘက်သို့ ခပ်ဖွဖွ ခြေလှမ်းများဖြင့် လျှောက်လာခဲ့လိုက်၏။ ကလေးငယ်ကတော့ ဘာမှမသိဘဲ အိပ်မောကျနေဆဲ။ ခမ်းနား ရင်ထဲ တုန်လှုပ်မှုကို ထိန်းရင်း သတိုးသွင်ပြင်၏ ခေါင်းအုံးပေါ်တွင် ကျန်ရစ်ခဲ့သည့် ဆံပင်ပင်အချို့နှင့် ကလေးအသုံးပြုလေ့ရှိသည့် တံတွေးဆွတ်ထားသော ဂွမ်းစကို သေသေချာချာ သိမ်းဆည်းလိုက်သည်။

သူ့ကိုယ်ပိုင် DNA နမူနာနှင့်အတူ ထိုအရာများကို အိတ်အမည်းလေးတစ်ခုထဲ ထည့်ကာ ခမ်းနား အိမ်ကနေ တိတ်တဆိတ် ထွက်လာခဲ့တော့သည်။ သူတစ်ပါးကို ယုံကြည်၍ မရသည့်အခြေအနေမို့ မြို့ပြင်က သီးသန့် ဓာတ်ခွဲခန်းတစ်ခုသို့ သူကိုယ်တိုင် ကားမောင်းပြီး သွားရောက်အပ်နှံလိုက်ကာ ငွေကြေးအမြောက်အမြား ပေး၍ အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက်......

"သူဌေး... ဒါ ရလဒ်ပါ"

ဓာတ်ခွဲခန်း တာဝန်ခံ ကမ်းပေးလာသည့် စာအိတ်အညိုရောင်ကို လှမ်းယူလိုက်စဉ် ခမ်းနား၏ လက်ချောင်းများ တုန်ယင်နေခဲ့သည်။ ရင်ဘတ်တစ်ခုလုံးလည်း ဗုံးတစ်လုံး ပေါက်ကွဲလုမတတ် တဒိတ်ဒိတ် ခုန်လှုပ်နေ၏။ စာအိတ်ကို ဆွဲဖွင့်ပြီး အထဲက စာရွက်ကို ထုတ်ယူကာ ရလဒ်ပြထားသည့် အောက်ဆုံးစာကြောင်းဆီသို့ မျက်ဝန်းတို့ကို အမြန်ဆုံး ပို့လိုက်သည်။

[ probability of paternity: 0% ]

‘သူဌေးလေးနှင့် ကလေးငယ်သည် တော်စပ်မှု မရှိပါ။’

ထိုစာသားကို မြင်လိုက်ရသည့် ခဏတွင် ခမ်းနား၏ ကမ္ဘာကြီးတစ်ခုလုံး ဂျောက်ကန္နားထဲ ပြုတ်ကျသွားသလို ဆတ်ခနဲ တုန်လှုပ်သွားရသည်။ ရင်ဘတ်ထဲက အလုံးကြီးက လည်ပင်းဝမှာ လာတစ်ဆို့နေပြီး အသက်ရှူရပင် ခက်ခဲလာ၏။ မျက်ဝန်းအစုံက စာရွက်ပေါ်က သုညရာခိုင်နှုန်းဆိုသည့် ဂဏန်းဆီကနေ ဖယ်ခွာ၍မရဘဲ ကြက်သေ သေနေမိသည်။

‘ဒါ... ဒါ မဖြစ်နိုင်တာ။ စနိုးရဲ့ ကိုယ်ဝန်က ငါ့ကြောင့်... ငါ့ကြောင့် ဖြစ်ရတာ မဟုတ်ဘူးလား။’

ခမ်းနား ခြေဖျားလက်ဖျားများ အေးစက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ခြားတုန်လှုပ်မှု အရှိန်ကြောင့် ယိုင်နဲ့သွားရကာ စားပွဲအနားကို အားပြုကိုင်ထားလိုက်ရသည်။ အရာအားလုံးက သူ့ကို လှည့်စားထားသည့် ပြဇာတ်ကြီးတစ်ခုလိုပင်။ သူဟာ တခြားသူ ပတ်ထားသည့် ဇာတ်ညွှန်းထဲမှာ ကပြခဲ့ရသည့် လူပြက်တစ်ယောက် ဖြစ်နေခဲ့သည်တကား။ ရင်ထဲက ခံပြင်းမှု၊ နာကျင်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုတို့က အလုံးအရင်းနှင့် တိုးဝှေ့တက်လာပြီး ခမ်းနား မျက်ဝန်းအစုံ နီမြန်းလျက် လက်ထဲက စာရွက်ကို ခြေမွမတတ် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတော့သည်။

« ရှေ့အခန်း - အပိုင်း (၂၅) နောက်အခန်း - အပိုင်း(၂၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ