Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း (၂၅)

"ဟင့်... ဟင့်..."

ရှိုက်ကြီးတငင် ငိုကြွေးနေသည့် စနိုးကြောင့် ခမ်းနား သက်ပြင်းအကြိမ်ကြိမ်ချရင်း ဆံပင်များကို လက်ဖြင့် ထိုးဖွလိုက်မိသည်။ မျက်လုံးထဲတွင်မူ ယမုံ့၏ မျက်နှာလေးသာ အထင်အရှား မြင်ယောင်လာရ၏။

မောင် အမှားတစ်ခု ကျူးလွန်မိပြီ ယမုံရယ်...

တင်းကြပ်အုံဖွဲ့လာသည့် ရင်ဘတ်ထဲ တဆစ်ဆစ် ကိုက်ခဲလာရင်း စနိုးကို လှည့်ကြည့်ကာ...

"မင်းနဲ့ငါက ဘယ်လိုဖြစ်ပြီး ဒီအခန်းထဲ ရောက်နေခဲ့တာလဲ စနိူး"

စနိုး မျက်ရည်များ ရစ်ဝိုင်းလျက် ကိုကို့မျက်နှာကို မော့ကြည့်ရင်း...

"ဟင့်... ကိုကို ဘာမှ မမှတ်မိဘူးလားဟင်။ ကိုကိုပဲ ညက စနိုးကို အတင်း..... ဟင့်"

"ကျစ်..."

ခမ်းနား ခေါင်းကို အပြင်းအထန် ခါထုတ်လိုက်ရင်း...

"မဟုတ်ဘူး စနိုး။ ငါမှတ်မိသလောက်ကတော့ ငါ့ကို မင်းအရက်ထည့်ထားတဲ့ ဖန်ခွက်လာပေးတယ်။ ငါတို့ ခွက်ချင်းတိုက်ပြီး သောက်ခဲ့ကြပြီးနောက် ငါ့ခေါင်းတွေ တရိပ်ရိပ်မူးလာရင်း လောကကြီးနဲ့ အဆက်အသွယ် ပျက်သွားတာပဲ"

ပြောပြီးနောက်ခမ်းနားမျက်လုံးတွေကျဉ်းမြောင်းသွားပြီးတစ်ခုခုကို စဉ်းစားမိဟန်ဖြင့်စနိုးကိုပြန်ကြည့်လ်ုက်တော့

စနိုးက မျက်တောင်လေး တဖြတ်ဖြတ်ခတ်ကာ ခမ်းနားကို လှမ်းကြည့်လိုက်ပြီး...

"စနိုး... စနိုး ကိုကို့ကို တားသေးတယ်၊ ကိုကိုမှ လက်မခံတာ။ ဟင့်... စနိုးက... စနိုး..."

Ring... Ring... Ring...

စားပွဲပေါ်က ဖုန်းမြည်လာသဖြင့် ခမ်းနား ကောက်ယူကြည့်လိုက်တော့ ဘိုးဘိုးကြီးဆီကမို့ ချက်ချင်း ကိုင်လိုက်သည်။

"ဟလို"

"........"

"ဟုတ်ကဲ့... ကျွန်တော် အခုပဲ ပြန်လာခဲ့ပါမယ်"

ပြောရင်း ဖုန်းချလိုက်ကာ စနိုးကို လှည့်ကြည့်ရင်း...

"မင်း အဝတ်အစားလဲပြီး အိမ်ပြန်လိုက်ပါ။ ပြီးမှ ငါတို့ဘာဆက်လုပ်ရမလဲဆိုတာ အကောင်းဆုံး စဉ်းစားကြတာပေါ့"

ပြောပြောဆိုဆိုဖြင့် ခမ်းနားသည် အပေါ်အင်္ကျီကို ဆွဲယူကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။ ခမ်းနား အပြင်ထွက်သွားပြီးနောက်တွင်မူ စနိုးက ပါးပြင်ပေါ်က မျက်ရည်စများကို သုတ်လိုက်ရင်း နှုတ်ခမ်းထက်တွင် အောင်နိုင်သူအပြုံးတစ်ခု သမ်းသွားကာ...

'ပထမခြေလှမ်းတော့ အောင်မြင်ခဲ့ပြီ! ဒုတိယခြေလှမ်း ပြီးရင်တော့ နောက်ဆုံး တတိယခြေလှမ်းနဲ့ စနိုးတို့ ပွဲသိမ်းပြီ။ အဟင်း... နောက်ဆုံး ခမ်းနားသွင်ပြင်က နှင်းပွင့်ဖြူရဲ့ အပိုင်ပဲ ဖြစ်လာရမယ်'

စိတ်ထဲက ကျေနပ်စွာ ရေရွတ်လိုက်ရင်း ကုတင်အောက် ပစ်ချထားသော အဝတ်အစားများကို ကောက်ယူကာ ပြန်ဝတ်လိုက်တော့သည်။

🍀🍀🍀🍀

"မောင်... အမှားတစ်ခု ကျူးလွန်မိပြီ ထင်တယ် ယမုံရယ်..."

ခမ်းနားသွင်ပြင် တစ်လမ်းလုံး ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ရင်း ရင်ထဲက တဆစ်ဆစ် နာကျင်မှုနှင့်အတူ ညည်းတွားလာခဲ့မိသည်။ နှလုံးသားတစ်ခုလုံး လေးလံဆို့နင့်နေပြီး မျက်စိထဲတွင် ယမုံ့၏ ကြည်လင်သော မျက်နှာလေးသာ တဝဲဝဲလည်နေ၏။ မိမိကိုယ်မိမိ ဘယ်လိုမှ ခွင့်မလွှတ်နိုင်လောက်အောင် ခံစားနေရဆဲမှာပင် ကားလေးက ခြံထဲသို့ ဆိုက်ရောက်သွားခဲ့ပြီဖြစ်သည်။

ဧည့်ခန်းထဲသို့ ခြေချလိုက်သည်နှင့် ခါတိုင်းနှင့်မတူဘဲ အေးစက်စက် လေထုကို ခမ်းနား စတင်ခံစားလိုက်ရသည်။ ဘိုးဘိုးကြီးက ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် မျက်စိမျက်နှာ ပျက်ယွင်းစွာဖြင့် ထိုင်နေပြီး ခမ်းနား ဝင်လာသည်ကို မြင်သည်နှင့် တုန်ရီနေသော သက်ပြင်းတစ်ချက်ကို ချလိုက်လေသည်။

"ဘိုးဘိုးကြီး... ကျွန်တော့်ကို အရေးတကြီး ခေါ်ခိုင်းတာ ဘာကိစ္စ..."

"မင်း ညက ဘယ်မှာ သွားအိပ်တာလဲ ခမ်းနား!"

ဦးဧရာကျော်၏ အသံက ဒေါသထက် စိတ်ပျက်အားလျော့မှုနှင့် မယုံကြည်နိုင်မှုတို့ ရောပြွမ်းနေသည်။ ခမ်းနား စကားလုံးတို့ ဆို့အသွားရ၏။

"ကျွန်တော်... ကျွန်တော်..."

"မင်း ဆွံ့အနေစရာ မလိုပါဘူး။ ခုနတင်ပဲ စိုးထွဋ် ငါ့ဆီကို ဖုန်းဆက်ပြီး အငိုနဲ့ လာပြောသွားတယ်။ မင်း... မင်း သမီးလေး စနိုးအပေါ်ကို မဟုတ်တာ လုပ်ခဲ့တယ်ဆို... ဟုတ်လား ခမ်းနား!"

ဦးဧရာကျော်၏ စကားကြောင့် ခမ်းနား ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။ ဦးစိုးထွဋ်က ဘိုးဘိုးကြီးဆီကို အရင် ဖုန်းဆက်အကြောင်းကြားပြီးပြီပဲ။

"ဘိုးဘိုးကြီး... အဲ့ဒါက..."

"ငါ မယုံဘူး ခမ်းနား!"

ဦးဧရာကျော်က မြေးဖြစ်သူကို စူးစိုက်ကြည့်ရင်း စားပွဲခုံကို ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။

"မင်းက ဘယ်လိုလူမျိုးလဲဆိုတာ ငါအသိဆုံးပဲ။ စည်းစနစ်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ငါ့မြေးက အဲ့ဒီလို ယုတ်ညံ့တဲ့ကိစ္စမျိုးကို လုပ်မယ့်သူ မဟုတ်ဘူး။ ပြီးတော့... မင်းမှာ ချစ်သူ ရှိနေတာကိုလည်း ငါ့ကို အတိအလင်း ပြောပြထားတာပဲမဟုတ်လား။ အဲ့ဒါကို... ဘာဖြစ်လို့ ဒီလို သတင်းဆိုးကြီးက ငါ့နားထဲ ရောက်လာရတာလဲ!"

ဦးစိုးထွဋ်က သမီးဖြစ်သူ၏ သိက္ခာကို ငဲ့ညှာသောကြောင့် ဥက္ကဌကြီးထံသို့ သက်သေဓာတ်ပုံများ မပြသရသေးသော်လည်း၊ ဖုန်းထဲတွင် ငိုယိုကာ အကျိုးအကြောင်း ပြောပြလာပုံက အတည်ကြီး ဖြစ်နေသဖြင့် ဦးဧရာကျော် လက်မခံချင်သော်လည်း မျက်နှာပျက်ရခြင်း ဖြစ်သည်။

ခမ်းနား အသက်ကို ဝဝရှူလိုက်ရင်း ဘိုးဘိုးကြီးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ...

"မှန်ပါတယ် ဘိုးဘိုးကြီး... ကျွန်တော် ယမုံ့တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာပါ။ စနိုးအပေါ် ဘယ်တုန်းကမှ စိတ်မလည်ခဲ့ပါဘူး။ ဒါပေမဲ့ ညက... ညက အရက်တစ်ခွက်ကို သောက်ပြီးကတည်းက ကျွန်တော် ဘာတွေဖြစ်သွားမှန်းကို မသိခဲ့တာပါ။ အသိစိတ်ပြန်ဝင်လာတော့..."

ခမ်းနား စကားကို ဆုံးအောင် မပြောနိုင်ဘဲ လက်သီးကိုသာ တင်းတင်းဆုပ်ထားမိသည်။

ဦးဧရာကျော်က မြေးဖြစ်သူ၏ အမူအရာနှင့် ပြောစကားတို့ကို အကဲခတ်ရင်း နက်နက်နဲနဲ သက်ပြင်းချလိုက်သည်။ စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ဥက္ကဌကြီး၏ ဦးနှောက်က အခြေအနေတစ်ခုကို ချက်ချင်း တွက်ချက်မိသွားသည်။ မြေးဖြစ်သူ၏ အကျင့်စာရိတ္တကို ယုံကြည်သော်လည်း တစ်ဖက်က စိုးထွဋ်တို့ သားအဖ၏ အကွက်ကျကျ လှုပ်ရှားမှုများကိုမူ သူ လျှော့မတွက်ရဲပေ။

"ကောင်းပြီ... အခုလောလောဆယ် မင်းအခန်းထဲမင်းပြန်ပြီး အနားယူလိုက်ဦး ခမ်းနား၊ ကျန်တာ ငါ စီစဉ်မယ်"

မြေးဖြစ်သူကို အခန်းထဲ လွှတ်လိုက်ပြီးနောက် ဦးဧရာကျော်က ဧည့်ခန်းရှိ အနီးကပ်အတွင်းရေးမှူးကို မျက်ရိပ်ပြလိုက်သည်။

"မောင်မောင်... ခမ်းနားညက သွားခဲ့တဲ့ ဟိုတယ်က CCTV မှတ်တမ်းတွေရော၊ အဲ့ဒီအခန်းကို ဘယ်သူအရင် ကြိုတင်ဘိုကင်လုပ်ထားလဲဆိုတာပါ ဘယ်သူမှမသိအောင် တိတ်တဆိတ် စုံစမ်းချေ။ ပြီးတော့... စိုးထွဋ်တို့ သားအဖရဲ့ နောက်ကွယ်က လှုပ်ရှားမှုတွေကိုပါ မျက်ခြေမပြတ် စောင့်ကြည့်ခိုင်းလိုက်!"

"ဟုတ်ကဲ့ပါ ဥက္ကဌကြီး"

အတွင်းရေးမှူး ထွက်သွားပြီးနောက် ဦးဧရာကျော်က ခြံပြင်ကို ငေးကြည့်ရင်း မျက်မှောင်ကြုတ်ထားမိသည်။ ရိုးသားလှချည်ရဲ့ဆိုသည့် စိုးထွဋ်တို့ သားအဖနောက်ကွယ်က အမှန်တရားကို သူ ကိုယ်တိုင် ဖော်ထုတ်ရပေတော့မည်။

🍀🍀🍀🍀🍀

ဥက္ကဌကြီး ဦးဧရာကျော်၏ သီးသန့်တွေ့ဆုံခန်းအတွင်း လေထုကအစ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ အတွင်းရေးမှူး စုံစမ်းပေးလာသော ဟိုတယ် CCTV မှတ်တမ်းနှင့် အချက်အလက်များက စနိုးတို့ သားအဖ၏ နောက်ကွယ်က ကြံစည်ခဲ့သည့် အမှန်တရားကို အထင်အရှား သက်သေပြနေခဲ့ပြီ ဖြစ်သည်။

ဦးဧရာကျော်သည် မျက်နှာချင်းဆိုင်တွင် ခေါင်းငုံ့ထိုင်နေသော စက်ရုံမှူး ဦးစိုးထွဋ်ကို စူးစိုက်ကြည့်ရင်း သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်ကာ...

"စိုးထွဋ်... မင်းက ငါ့ဆီမှာ လုပ်သက်ရင့် စက်ရုံမှူးတစ်ယောက်တင်မကဘဲ ငါ အားကိုးရတဲ့ လူယုံတစ်ယောက်မို့လို့ မင်းသမီးလေး စနိုးကိုလည်း ငါ့မြေးချွေးမလေးအဖြစ် သဘောမတူနိုင်စရာမရှိဘူး။ ဒါပေမဲ့... မင်းတို့သားအဖတွေ သုံးလိုက်တဲ့နည်းလမ်းကတော့ တော်တော်လေးကို လွန်လွန်းတယ်"

ဥက္ကဌကြီး၏ အမှန်စကားကြောင့် ဦးစိုးထွဋ် မျက်စိမျက်နှာ ပျက်ယွင်းသွားရသည်။ သို့သော် လေသံကို မလျှော့ဘဲ ချက်ချင်း ဟန်ကိုယ်ဖို့ကာ ငြင်းဆန်ရန် ကြိုးစားလိုက်ပြီး...

"ဥက္ကဌကြီး ဘာတွေပြောနေတာလဲခင်ဗျာ။ ကျွန်တော့်သမီးလေးမှာ အခုထိစိတ်ထိခိုက်ပြီး အခန်းထဲမှာ ငိုနေရတာပါ။ သူဌေးလေးက တာဝန်မယူချင်လို့ အခုလို စွပ်စွဲတာလား!"

"တော်စမ်း... စိုးထွဋ်!"

ဦးဧရာကျော်က စားပွဲကို ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။

"ငါ့မှာ အထောက်အထားအစုံအလင်ရှိလို့ မင်းကို သီးသန့်ခေါ်ပြောနေတာ။ ဟိုတယ်အခန်းကို စနိုးကိုယ်တိုင် ကြိုတင်ဘိုကင်လုပ်ထားတာရော၊ ခမ်းနားကို အရက်ထဲ ဆေးခတ်ခဲ့တဲ့ သက်သေတွေရော ငါ့လက်ထဲမှာ ရှိနေပြီ။ မင်း ဆက်ပြီး ငြင်းချင်သေးလား"

အခြေအနေက လှည့်ပတ်၍မရတော့မှန်း သိသွားသောအခါ ဦးစိုးထွဋ်၏ မျက်နှာက ရုတ်ချည်းပင် ပြောင်းလဲသွားသည်။ သူသည် အင်္ကျီအိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး ဓာတ်ပုံအချို့ကို ဆွဲထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်လေသည်။

"ဒါဆိုရင်လည်း အကောင်းအတိုင်း စကားပြောလို့ မရတော့ဘူးပဲ ဥက္ကဌကြီး။ ကဲ... ဒါကို ကြည့်လိုက်ဦး"

စားပွဲပေါ်တွင် ရှိနေသော ပုံများက ခမ်းနားနှင့် စနိုးတို့ ကုတင်ပေါ်တွင် အတူရှိနေသည့် ပုံရိပ်များပင် ဖြစ်သည်။

"စိုးထွဋ်... မင်း!"

"ကျွန်တော်တို့မှာလည်း ဒီသက်သေရှိတယ်။ ဒါတွေသာ အွန်လိုင်းပေါ် ပျံ့နှံ့သွားရင်... ခမ်းနားသွင်ပြင်ဆိုတဲ့ နာမည်ကျော် လုပ်ငန်းရှင်လူငယ်လေးရဲ့ ဂုဏ်သိက္ခာရော၊ ခင်ဗျားတို့ရဲ့ AYA ကုမ္ပဏီအုပ်စုကြီးရဲ့ ပုံရိပ်တွေပါ ဘယ်လိုရိုက်ခတ်သွားမလဲဆိုတာ တွက်ကြည့်လိုက်ဦး။ ကျွန်တော်ကတော့ ကျွန်တော့်သမီးအတွက် သူဌေးလေးကို အွန်လိုင်းပေါ်တင်ပြီး အရှက်ခွဲဖို့အထိလည်း ဝန်မလေးဘူးနော်"

"မင်း... မင်းလို ယုတ်ညံ့တဲ့ကောင်!"

ဦးဧရာကျော် ဒေါသအဟုန်ကြောင့် တစ်ကိုယ်လုံး တုန်ရီလာကာ နေရာမှ ထရပ်ပြီး ဦးစိုးထွဋ်ကို တွန်းထုတ်ရန် ကြိုးစားသည်။

"ဖယ်စမ်းပါ ဥက္ကဌကြီး!"

ဦးစိုးထွဋ်က စိတ်တိုတိုနှင့် ဥက္ကဌကြီးကို ခပ်ဆတ်ဆတ် စောင့်တွန်းပစ်လိုက်မိသည်။ အရှိန်ကြောင့် နောက်သို့ ယိုင်လဲသွားသော ဥက္ကဌကြီး ဦးဧရာကျော်သည် ဟန်ချက်မထိန်းနိုင်ဘဲ ပက်လက်လန်လဲကျသွားကာ... နောက်ကွယ်ရှိ ကုလားထိုင်၏ ခုံစောင်းနှင့် ဦးခေါင်းကို အရှိန်အဟုန်ဖြင့် စောင့်မိသွားတော့သည်။

ဒုန်း!

"အား..."

ညည်းညူသံတိုးတိုးနှင့်အတူ ဥက္ကဌကြီး၏ ဦးခေါင်းအနောက်ဘက်မှ သွေးစိမ်းရှင်ရှင်တို့ စီးကျလာပြီး မျက်လုံးများ မှိတ်ကျကာ ငြိမ်သက်သွားခဲ့သည်။

"ဥက္ကဌကြီး... ဥက္ကဌကြီး..."

ဦးစိုးထွဋ် လန့်သွားကာ ဘေးဘီကို အမြန်ဝဲကြည့်လိုက်မိသည်။ သီးသန့်တွေ့ဆုံခန်းမို့ လူသူရှင်းနေကာ အပြင်တွင်လည်း မည်သူမှမရှိ၊ သူတို့နှစ်ဦးတည်းသာ ရှိနေခြင်းဖြစ်သည်။ လဲကျနေသော အဖိုးကြီးကို ကြည့်ရင်း ဦးစိုးထွဋ် ရင်တွေ တဒိန်းဒိန်း ခုန်လာရသည်။

သို့သော် ဉာဏ်နီဉာဏ်နက် ရှိသော ဦးစိုးထွဋ်က ဒီအခြေအနေကို အခွင့်ကောင်းအဖြစ် ပြောင်းလဲရန် ချက်ချင်း တွက်ချက်မိသွားသည်။ ခမ်းနားနှင့် စနိုးကို ပေးစားရန် ငြင်းဆန်လာပါက လုပ်ငန်းနှင့် ပိုင်ဆိုင်မှုအချို့ကို လွှဲပြောင်းယူရန် သူ ကြိုတင်တွက်ဆပြီး အဆင်သင့် ပြင်ဆင်လာခဲ့သော သေတမ်းစာအတုတစ်ခု ရှိနေသည်။

ဦးစိုးထွဋ်သည် တုန်ရီနေသော လက်များဖြင့် အင်္ကျီအတွင်းအိတ်ထဲမှ သေတမ်းစာအတုစာချုပ်ကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် အခန်းထဲရှိ မင်အိုးနီကို ယူကာ လဲကျနေသော ဥက္ကဌကြီး၏ ဘယ်ဘက်လက်မကို မင်ရည်တို့လိုက်လေသည်။

"ဥက္ကဌကြီးက ကျွန်တော့်သမီးကို ငြင်းပယ်ချင်တာကိုး... ကဲ... ခင်ဗျားရဲ့ ပိုင်ဆိုင်မှုအချို့တော့ ကျွန်တော့်လက်ထဲ ရောက်စေရမယ်၊ ပြီးတော့ သူဌေးလေးလည်း စနိုးနဲ့ မဖြစ်မနေ လက်ထပ်ရလိမ့်မယ်"

ဦးစိုးထွဋ်သည် သတိလစ်နေသော ဦးဧရာကျော်၏ လက်မကို ဆွဲယူကာ... အဆင်သင့်ပြင်ထားသော သေတမ်းစာအတု၏ လက်မှတ်ထိုးရမည့် နေရာပေါ်သို့ ဖိချကာ လက်ဗွေ နှိပ်ယူလိုက်တော့သည်။

မင်နီရောင် လက်ဗွေရာ ထင်ထင်ရှားရှား စွန်းထင်သွားသော စာချုပ်ကို ကြည့်ရင်း ဦးစိုးထွဋ် အသက်ကို ပြင်းပြင်းရှူလိုက်ကာ အခန်းထဲကနေ မယောင်မလည်ဖြင့် အမြန် ပြန်ထွက်လာခဲ့လိုက်တော့သည်။

« ရှေ့အခန်း - အပိုင်း (၂၄) နောက်အခန်း - အပိုင်း(၂၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ