Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း -၄၀

စီးပွားရေးစီမံကိန်းအစည်းအဝေးကြီး ပြီးသွားခဲ့ပြီဖြစ်သည်။

အစည်း အဝေးကျင်းပရာနေရာရဲ့ အဝင်ဝတွင် လင်းမြတ်ပိုင်က ရတုကို တွေ့လိုက်ရတာကြောင့်သူ လှမ်းခေါ်လိုက်ပြီး...

"ရတု...ရန်ကုန်ကို ငါတို့နဲ့အတူ ပြန်လိုက်ခဲ့လေ လွှမ်းရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ဆိုတော့ အရမ်းမြန်တယ်"

လင်းမြတ်စကားကြောင့် ရတု အားနာသလို ပြုံးလိုက်ပြီး....

"ငလင်း တကယ်အားနာပါတယ်ငါ.မိန်းကလေး

နဲ့ ချိန်းထားလို့ပါ.. သူလည်း ရန်ကုန်ပြန်မှာမို့ နောက်ရက်အနည်းငယ်နေမှ ငါတို့နှစ်ယောက် အတူပြန်ကြမှာပါ.."

"ဟ ဟေ့ရောင် မင်းကတော့တိုးတက်မှုတွေ တော်တော်မြန်တာပဲကွ"

ပြောရင်း လင်းမြတ်ပိုင်က မျက်စိမှိတ်ပြပြီး ရတု ပခုံးကို တိုက်လိုက်ကာ....

"အဆင်ပြေတယ်ကွာ! ဒီကောင်က တော်တော်လေးအခြေအနေ တိုးတက်တာမြန်တာပဲ.."

ပြောပြီး လင်းမြတ်ပိုင်က မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါသော အပြုံး တစ်ခုပြုံးလိုက်ပြီး...

"လာ... ငါ မင်းကို နောက်ထပ် နည်းလမ်းကောင်းလေးတွေ သင်ပေးမယ်.. အဲ့နည်းလမ်းအတိုင်းသာသုံးရင် ငါအာမခံတယ်မကြာခင် မင်းရဲ့ကောင်မလေးကို ရအောင် လိုက်နိုင်ပြီ"

လင်းမြတ်ပိုင် ဆရာကြီးစတိုင်နဲ့ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး သူ့ရဲ့ ကောင်မလေးလိုက်နည်း လျှို့ဝှက်ချက်များ ကို စတင်သင်ကြားပေးတော့သည်။

"နောက်ရက်နည်းနည်းဆို ချစ်သူများနေ့ ရောက်တော့မယ်မဟုတ်လား.."

"မင်း...ရိုမန်တစ်ဆန်ဆန်လုပ်စမ်းပါ မီးရှူးမီးပန်းတွေလည်း စီစဉ် ဒရုန်း တွေပါစီစဥ်ပြီး မင်းရဲ့ အချစ်ကို ဝန်ခံလိုက် ငါအာမခံတယ်..မင်းသေချာပေါက် တစ်ခါတည်းနဲ့ အောင်မြင်မှာ"

လင်းမြတ်ပိုင်ရဲ့ အကြံကို ကြားပြီး ရတု အနည်းငယ်တော့ တုံ့ဆိုင်းသွားရသည်။

"အဲ့လောက်ကြီးကြ နည်းနည်းမြန်လွန်းမနေဘူးလား..တွေ့တာမကြာသေးတော့ ပေါ့ပေါ့တန်တန်လုပ်သလို ဖြစ်မနေဘူးလား"

"ဟေ့ရောင်...မင်းက ဒီအကြောင်းတွေဘာမှ

မသိသေးပါဘူးကွာ"

"မိန်းကလေးတစ်ယောက်ကို လိုက်ပိုပန်းတဲ့အခါ အချိန်မီ အရှိန်တင်ရတယ် နားလည်လား..မင်းနောက်ကျသွားလို့ကတော့ ကျန်ရစ်ဖြစ်မှာပဲ"

"ဒီလို မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာလေးတွေကပဲ အရေးကြီးတာ ပြီးတော့ ချစ်သူများနေ့မှာ အချစ်ဝန်ခံတာဆိုတော့ အဓိပ္ပာယ်လည်း ရှိတာပေါ့"

လင်းမြတ်ပိုင် ရတုရဲ့ ဆုံးဖြတ်ရခက်ပြီး တုံ့ဆိုင်းနေသည့်ပုံကို မြင်လိုက်ရတော့ သူရယ်လိုက်ပြီး...

"ငွေရတု ရာ... ငါ့အကြံကို နားထောင်စမ်းပါ"

"ငါတို့ဒီလို အခြေအနေမျိုးမှာ တဖြည်းဖြည်းချင်းပဲ သွားနေဖို့ လိုသေးလို့လား"

လင်းမြတ်ပိုင် သူ့ အချစ်ရေးအတွေ့အကြုံအရ ရတုမင်းဆက်ဟာ မိသားစုနောက်ခံကောင်းသလို ရုပ်ရည်ကလည်း လုံးဝအဆင်ပြေသည်။

အဲ့ဒါကြောင့် မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ရက်အနည်းငယ်အတွင်း အလွယ်တကူ သိမ်းပိုက်နိုင် မှာ အသေအချာပင်။

သူတို့ အနားတွင် ရပ်နေသော နေကမ္ဘာလွှမ်းကတော့ လင်းမြတ်ပိုင်ရဲ့ အဆုံးမရှိသော အချစ်ရေးအတွေ့အကြုံမျှဝေမှုကို တိတ်တိတ်ဆိတ်ဆိတ် သာနားထောင်နေသည်။

ဘာစကားတစ်ခွန်းမှဝင် မပြောပေ။

"ရတု ငါပြောတာ နားထောင်.. မြန်မြန်လုပ်

မတွန့်ဆုတ်နဲ့ကြားလား"

ရတုလဲ လင်မြတ်ပိုင် ပြော စကားတွေကြောင့် အနည်းငယ် စိတ်လှုပ်ရှားလာပြီး ခေါင်းညိတ်ပြလိုက်ကာ...

"ကောင်းပြီ..ငါ စမ်းကြည့်လိုက်မယ်"

"ကောင်းတယ်မင်းရဲ့အိပ်မက်ထဲကမိန်းကလေးဆီသွားလိုက်တော့"

"ငါတို့ အရင်ပြန်နှင့်မယ်..ရန်ကုန်ရောက်မှ ပြန်ဆုံကြတာပေါ့"

ရတုလဲ ပြုံးပြကာ ခေါင်းညိမ့်ပြလိုက်သည်။

"ကျွန်တော် သွားလိုက်အုံးမယ်နော်

ကိုနေကမ္ဘာလွှမ်း...ငလင်းငါသွားပြီ"

---

မန္တလေးမြို့ရဲ့ အခုရက်ပိုင်း ရာသီဥတုလေးက

နေလို့ကောင်းနေသည်။

ရတုမင်းဆက်ရဲ့ လက်ထောက်နှစ်ယောက်က သံစဉ်ရဲ့ ဗီဒီယို ရိုက်ကူးမှုတွေမှာ အကူအညီပေးကြသည်။

နားချိန်ရောက်တိုင်းမှာလည်း ရတုမင်းဆက် က အချိန်ကိုက် ရောက်လာတတ်သလိုမုန့်တွေ ဖျော်ရည်တွေပါဝယ်လာတတ်သည်။

သူက စကားအများကြီး မပြောပေမဲ့ လူတွေကို လည်း လျစ်လျူရှုထားသလို မဖြစ်အောင် ပြောသင့်တဲ့အကြောင်းအရာကိုတော့ ပြောကာ ပေါ့ပေါ့ပါးပါးနေတတ်သည်။

Tripod ကို သယ်ပေးသည်...Reflector ကို ချိန်ပေးသည်။

သံစဉ် နောက်ခံအဖြစ် လမ်းသွားလမ်းလာတစ်ယောက် လိုအပ်သည့်အခါတွင်ပင် သူက ဘယ်သူဘယ်ဝါဆိုသည့် မာန်မာနမျိုး

မထားဘဲ ချက်ချင်းကူညီ‌ ပေးတတ်သည်။

ဒီနေ့လည်း လူသွားလူလာရှင်းတဲ့ နေရာမှာ သူမတို့ ရိုက်ကူးမှုလုပ်နေကြသည်။

လရိပ် ဘေး ကျောက်ခုံလေးပေါ်မှာ ထိုင်ရင်း သံစဉ်က ရတုမင်းဆက်ကို ကင်မရာရဲ့ရှေ့မှာရပ်ခိုင်းနေတာကို ကြည့်နေမိသည်။

ရတုမင်းဆက်က အပြာနုရောင် အကျီနဲ့ စတိုင်

ပန့် အဖြူရောင်ကိုဝတ်ထားပြီးသူခေါင်းအနည်းငယ်စောင်းလိုက်သည့်အခါ သန့်ရှင်းပြတ်သားသော မေးရိုး၊ မြင့်မားသော နှာတံတို့က ပိုမိုထင်ရှားလာသည်။

ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသည့်လူတစ်ယောက်နှင့်ပင် တူနေသည်။

လရိပ် အကြည့်တို့က သူ့ထံတွင် စက္ကန့်အနည်းငယ် လောက်ကြည့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း လွှဲလိုက်သည်။

ကလစ်!

သံစဉ်က ကင်မရာကို ချလိုက်ပြီး ကျေနပ်နေတဲ့အသံနဲ့...

"လုံးဝမိုက်တယ် ကိုရတု ကင်မရာရှေ့မှာ အရမ်းကောင်းတယ် မွေးရာပါအရည်အချင်းပဲ"

ရတုမင်းဆက် နူးညံ့စွာ ပြုံးလိုက်ပြီး...

"ကင်မရာမန်း မသံစဉ် ရိုက်ပေးတာကောင်းလို့"

ပြီးတာနဲ့ သူက သူမဘေးတွင် လာထိုင်ပြီး အဖုံးကို အနည်းငယ်ဖွင့်ထားပြီးသား ရေသန့်ဘူးတစ်ဘူးကို သူမထံ လှမ်းပေးလာတာကြောင့်...

"ကျေးဇူးတင်ပါတယ်"

လရိပ် ပြောပြီး ရေဘူးကို လှမ်းယူလိုက်စဉ် သူမတို့နှစ်ယောက်ရဲ့ လက်ချောင်းများ မတော်တဆ ထိမိသွားကြသည်။

နွေးထွေးသော ထိတွေ့မှုကြောင့် သူမအနည်းငယ် အံ့သြသွားပြီး ချက်ချင်း

လက်ကို ပြန်ရုတ်လိုက်သည်။

ရတုမင်းဆက်ကတော့ ဘာမှမဖြစ်သလိုပင်။

သူက အဝေးတစ်နေရာကို ကြည့်ရင်း....

"ဒီနေရာမှာ နေထိုင်ရတာ အချိန်တွေတောင် နှေးသွားသလိုပဲအရမ်းသက်တောင့်သက်သာရှိတယ်နော်"

အနားတွင်ပစ္စည်း သိမ်း‌နေတဲ့ ရတုမင်းဆက်ရဲ့ လက်ထောက်ကတော့ ပစ္စည်းများသိမ်းနေရင်း

လရိပ်မြူ ကိုကြည့်နေမိသည်။

သူ့စိတ်ထဲတွင် သူမကိုတွေ့တိုင်း ထူးဆန်းသည့် ခံစားချက်တစ်ခု အမြဲရှိနေသည်။သူ လရိပ်မြူကို သေချာပေါက် တစ်နေရာရာမှာ မြင်ဖူးသလိုပင်။

ရုပ်တူတာမျိုး မဟုတ်ပဲ မြင်ဖူးတာအသေအချာပင်။ဒါမဲ့ ဘယ်နေရာမှာ မြင်ဖူးခဲ့တာလဲဆိုတာကို သူ လုံးဝ မမှတ်မိပေ။

---

ညနေပိုင်းတွင်တော့ ရတု သူမတို့ကို ထပ်ပြီး ညစာလိုက်ကျွေးသည်။

ဒီရက်ပိုင်းအတွင်မန္တ‌လေးမြို့မှာရှိသည့် အရသာရှိသည့် စားသောက်ဆိုင်မှန်သမျှကို သူက သူမတို့ကို လိုက်ပို့နေသလို ဖြစ်နေသည်။

အခုလည်း စားသောက်ဆိုင်ကြီးကအရမ်း မကြီးပေမယ့် သပ်ရပ်လှပစွာ အလှဆင်ထားသည်။

ရတု လရိပ် ဘာကြိုက်တတ်သည်ကိုပင် တဖြည်းဖြည်း သိလာပြီဖြစ်သည်။

ထို့ကြောင့် သူမှာထားသမျှ အစားအစာများက ပေါ့ပေါ့ပါးပါးနှင့် အရသာရှိတဲ့ သူမ အကြိုက်တွေကို အများဆုံးမှာတတ်သည်။

စားနေစဉ်တွင် သူ နိုင်ငံခြားမှာ ကျောင်းတက်

ခဲ့စဉ် ကြုံတွေ့ခဲ့သည့် စိတ်ဝင်စားစရာအဖြစ်အပျက်များကို ပြောပြတတ်သလို...

လုပ်ငန်းစတင်စဉ် အစောပိုင်းက ကြုံခဲ့ရသည့် အခက်အခဲများကိုလည်း ပြောပြတတ်သည်။

သူ့အသံနေအသံထားက တည်ငြိမ်ပြီး ဟာသအနည်းငယ်ပါနေကာအောင်မြင်မှုကို ကြွားဝါချင်သည့်ပုံစံ လုံးဝမရှိပေ။

သံစဉ်ကလည်း စိတ်ဝင်တစား နားထောင်ရင်း တစ်ခါတစ်လေ ဟာသများဝင် ပြောတတ်သည်။

သံစဉ် သူမရှေ့က စကားပြောရင်း ရယ်မောနေသော ရတုမင်းဆက်ကို ကြည့်လိုက်ပြီး သူမဘေးတွင် ထိုင်နေသောလရိပ်ကိုပါ ကြည့်လိုက်မိသည်။

လရိပ်က စကားအများကြီး မပြောပေမဲ့ သူမရဲ့မျက်လုံးများနှင့် မျက်ခုံးများက အရင်ကထက် အများကြီး ပိုမိုအေးချမ်းလာသည်။

ကြည့်ရင်း သံစဉ်နှလုံးသားထဲတွင် ဝမ်းသာမိသွားသည်။

နောက်ဆုံးတော့ လရိပ်အတွက် ယုံကြည်စိတ်ချရတဲ့ လူကောင်းတစ်ယောက် ကံကြမ္မာကပို့ပေးလိုက်ပြီ။

ရုပ်လည်းချောတယ်...ပိုက်ဆံလည်းရှိတယ်...ယဉ်ကျေးတယ်..စိတ်သဘောထားလည်းကောင်းတယ်။

အရေးကြီးဆုံးကတော့ လရိပ်ကို ကြည့်တဲ့ သူ့အကြည့်တွေက ရိုးသားတာပင်။

ဒီတစ်ခါတော့ အခြေအနေက တည်ငြိမ်နေပြီမို့ သူမ သေချာပေါက် ဒီနှစ်ယောက်ကို တွဲပေးပြီး သော့ခတ်ကာ..သော့ကို ပစိဖိတ်သမုဒ္ဒရာထဲ ပစ်ချလိုက်တော့မယ်...

သံစဉ်သူ့အကြံတွေကို တစ်ယောက်ထဲတွေးရင်း ပြုံစိစိဖြစ်သွားရသည်။

ညစာစားပြီးနောက် ထုံစံ အတိုင်းပင် ရတုက

သူမတို့နှစ်ယောက်ကို တည်းခိုခန်းအဝင်ဝအထိ လိုက်ပို့ပေးပြီးသူ့ လက်ထောက်နှင့်အတူ ပြန်သွားသည်။

လက်ထောက်ကောင်လေး ရတုနောက်မှ လိုက်လာရင်းလရိပ်မြူကို မသိမသာ လှည့်ကြည့်မိတာနဲ့ထိုရင်းနှီးသလို ခံစားချက်က နောက်တစ်ကြိမ် သူ့စိတ်ထဲ ပြန်ပေါ်လာသည်။

သူ့မျက်ခုံးများ ကျုံ့သွားပြီး...

ဘယ်မှာတွေ့ဖူးတာပါလိမ့်...ဘဏ္ဍာရေးမဂ္ဂဇင်းလား...မဟုတ်ဘူး...

ဖျော်ဖြေရေးသတင်းလား...အဲဒါလည်း မဟုတ်သလိုပဲ...

"ဟေ့ရောင် ဘာတွေစဉ်းစားနေတာလဲ..မင်း

ကြည့်ရတာစိတ်က တစ်နေရာရာရောက်နေသလိုပဲ"

ရတု ပခုံးကို လှမ်းပုတ်ပြီးမေးလိုက်တော့...

"အာ... ဘာမှမဟုတ်ပါဘူး "

အဲ့ကျမှ လက်ထောက်ကောင်လေးလဲ သတိပြန်ဝင်လာကာ..

"ကျွန်တော်... မလရိပ်မြူကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရလို့ပါ"

ရတု လက်ထောက်ဖြစ်သူရဲ့ စကားကြောင့် ခြေလှမ်း တွေရပ်တန့်သွားပြီး....

သူ ဘေးစောင်းကြည့်ကာ..

"တကယ်လား"

"မိန်းကလေးတွေဆို တစ်ယောက်နဲ့တစ်ယောက် နည်းနည်းဆင်တူကြတာပဲ ဖြစ်မှာပါ"

အာကာ မသေချာတာကြောင့် သူဌေးကို ဘာမှမပြောတော့ပဲ ပြောချင်သည့် စကားများကို ပြန်မျိုချလိုက်သည်။

ထားလိုက်ပါတော့..သူပဲ မှားတာ ဖြစ်မှာပါ။

---

သံစဉ်ရဲ့ မန္တလေးမှာ ရိုက်တဲ့ကိစ္စတွေ ပြီးသွားတာနဲ့ သူမတို့ ရန်ကုန်ကို ပြန်ခဲ့ကြသည်။

လေယာဉ် ပေါ်မှာ သံစဉ်က ရတုနဲ့ထိုင်ခုံနေရာချင်း လဲလိုက်တာကြောင့် လရိပ် သံစဉ်

မျက်စောင်းထိုး ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူမ ရတုဘေးတွင် ဝင်ထိုင်ရတော့သည်။

ရတုမင်းဆက်ကတော့ စကားပြောရန် အကြောင်းအရာများကို တက်ကြွစွာ

ရှာဖွေပြောဆိုသည်။

သူမတို့ နှစ်ယောက်သား စကားပြောရင်း အချိန်ကုန်သွားတာပင် မသိလိုက်ကြပေ။

လေယာဉ်ပေါ် ကနေဆင်းပြီးနောက် သူမတို့နှစ်ယောက် နေစရာအိမ် မရှာရသေးကြောင်း ရတုမင်းဆက်သိသွားပြီး...

"မင်းတို့နှစ်ယောက် စိတ်မရှိရင် ကျွန်တော့်နာမည်နဲ့ ရှိတဲ့ တိုက်ခန်းတစ်ခန်းမှာ အရင်နေလိုက်လို့ရပါတယ်"

"ပတ်ဝန်းကျင်လည်း ကောင်းပါတယ်..အရင်နေကြပြီးမှ အေးအေးဆေးဆေး သင့်တော်တဲ့အိမ် ရှာကြပေါ့"

လရိပ် တုံ့ဆိုင်းနေမိပေမဲ့ ..သံစဉ်ကတော့ ချက်ချင်း သဘောတူလိုက်ကာ...

" ကျေးဇူးအများကြီးတင်ပါတယ် ကိုရတု"

"ဟုတ် အားနာစရာမလိုပါ နော်အခန်းကလည်း

မနေဘဲ ဒီအတိုင်းလဲ လွတ်နေတာဆိုတော့"

"ဒါ့အပြင် သံစဥ်ကလည်း ကျွန်တော့်ကုမ္ပဏီအတွက် ကြော်ငြာဗီဒီယိုရိုက်ပေးထားတာပဲ အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်ဝတ်ကျေပွန်ရမှာပေါ့"

---

တစ်ချိန်တည်းမှာပင် သူဌေးကြီးများအဖွဲ့ဟု အမည်ပေးထားသော Group တစ်ခုထဲတွင် စကားဝိုင်းက အလွန်စည်ကားနေသည်။

အသိုင်းအဝိုင်းထဲက တစ်ယောက်က ဓာတ်ပုံတစ်ပုံကို အဖွဲ့ထဲ ပို့လိုက်တာကြောင့်ပင်။

ဓာတ်ပုံကနောက်ကျောကိုသာ မြင်ရသော်လည်း ရိုက်ထားသည့်ထောင့်က မသိမသာ အဓိပ္ပာယ်ပါနေသည်။

ပထမတစ်ချက်ကြည့်လိုက်ရင်တော့ မိန်းကလေးတစ်ယောက်က ရတု ရင်ခွင်ထဲ အလွန်ရင်းနှီးစွာ မှီနေတာလိုပင် ထင်ရသည်။

အဲ့ထဲ..အရင်ဆုံး တုံ့ပြန်သူက လင်းမြတ်ပိုင်ပင်..

[အိုဟို...]

အဖွဲ့ထဲမှာ ချက်ချင်း ဆူညံသွားကာ..

[ဟာ! ဒါ ငါတို့ရဲ့ မရီးလား..]

[ကျွန်တော်တို့က ခုမှ နိုင်ငံခြားက ပြန်ရောက်တာမဂ်လာပွဲကတက်ရတော့မှာလား ရတု ရေ၊ မြန်မြန်လုပ်တော့]

[ရွှေရတု ငွေရတုကောင်မလေး ရှာတွေ့ပြီဆိုတော့ ဂုဏ်ပြုပါတယ်]

ပုံမှန်ဆို အဖွဲ့ထဲမှာ စကားမပြောဘဲတိတ်တိတ်နေတတ်သူတွေတောင်

ထွက်လာကြသည်။

[ရတု Single ဘဝကနေ လွတ်မြောက်တော့မယ်ဆို တော့ ဂုဏ်ပြုပါတယ်]

စသည့် စကားများက အဖွဲ့ထဲတွင် အဆက်မပြတ် ပေါ်လာပြီး မျက်နှာပြင်တစ်ခုလုံး ပြည့်သွားသည်။

ရတုမင်းဆက်က အမြဲတမ်း လူချစ်လူခင်ပေါများသူဖြစ်သည်။

အဖွဲ့ထဲကလူတွေကလည်း ပုံမှန်ဆို အချင်းချင်း စနောက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောရတာကို သဘောကျကြတာမို့ဒီတစ်ခါလည်း အခွင့်အရေးရတုန်း အားလုံး ဝင်ပြီး

စနောက်နေကြခြင်းပင်။

သို့သော်...

ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြတာကတော့ ဒီဓာတ်ပုံလေးတစ်ပုံဟာ မမျှော်လင့်ထားတဲ့ မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေတော့မယ်ဆိုတာပင်။

« ရှေ့အခန်း - အခန်း- ၃၉ နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ