သံစဉ်တို့ နေ့လယ်ပိုင်း ရိုက်ကူးမည့်နေရာကို
လူရှင်းတဲ့ တစ်နေရာကို ပြောင်းလိုက်ကြသည်။
သံစဉ် ကင်မရာကို ပြင်ဆင်ပြီးတာနဲ့ ရတုကို ညွှန်ကြားလိုက်သည်။
"ကိုရတုမင်းဆက် ဟိုဘက်က နေရာနားမှာ သွားရပ်ပေးပါ"
"ဟုတ်တယ်၊ အဲဒီလိုပဲ... လက်တွေကို သဘာဝအတိုင်း ချထားပါ.. ပြီးတော့ အကြည့်က... အင်း.. နည်းနည်းလေး တစ်ခုခုကို စဉ်းစားနေတဲ့ပုံမျိုး လုပ်ပေးပါ"
ရတု သံစဉ်ပြောသည့်အတိုင်း လိုက်လုပ် ပေးလိုက်သည်။
သူ့ခန္ဓာကိုယ်က ဖြောင့်မတ်နေပြီး ထိုနေရာတွင် ရပ်နေလိုက်ရုံနှင့်ပင် လုံးဝပြည့်စုံသော ရုပ်ရည်မျိုးဖြစ်သည်။
ဒါပေမဲ့ သူ့အကြည့် တွေက မထိန်းနိုင်ဘဲ ကင်မရာဘေးတွင် ရပ်နေသော လရိပ်ဆီသို့
သာရောက် ရောက်သွားသည်။
"ဟေး၊ ဟေး၊ ဟေး... ကိုရတု"
"ကင်မရာကို ကြည့်လေ...ကျွန်မတို့ လရိပ်ကို
မကြည့်နဲ့"
သံစဉ် ကင်မရာနောက်ကနေ လှမ်းအော်ရင်း
စနောက်လိုက်တာကြောင့် ရတု ခိုးကြည့်
နေတာကို လူမိသွားတာကြောင့်ရှက်ပြီး
မျက်နှာ အနည်းငယ်ပူသွားသည်။
သူ ချက်ချင်း အကြည့်လွှဲလိုက်ပြီး အရှက်ပြေ ချောင်းတစ်ချက် ဟန့်လိုက်သည်။
သူတို့ရဲ့ ရိုက်ကူးမှုက မျှော်လင့်ထားတာထက် ပိုချောမွေ့ခဲ့သည်။
ရတုမင်းဆက်က ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက် မဟုတ်ပေမဲ့ ပူးပေါင်းလုပ်ဆောင်မှုကောင်းပြီး နားလည်သဘောပေါက်မှုလည်း မြန်တာကြောင့် သံစဉ်လိုချင်သည့် ပုံစံမျိုးကို မကြာခင်မှာပင် ရိုက်ကူးပြီးစီးသွားသည်။
အလုပ်ပြီးသည့်အချိန်တွင်လည်း ရတုကပင် ပစ္စည်းများသိမ်းတာက အစကူညီပေးခဲ့သည်။
"ဒါနဲ့... ကျွန်တော်လည်း ကိုယ့်ကိုယ်ကို သေချာမိတ်ဆက်မပေးရသေးဘူးနော်.."
"ကျွန်တော်က ရန်ကုန်ကပါအခု ကျွန်တော်တို့ကုမ္ပဏီအတွက် ကြော်ငြာဗီဒီယိုရိုက်မယ့် အဖွဲ့တစ်ဖွဲ့ကို ရှာနေတာအဲ့တာ..."
သူက ကြိုးတစ်ချောင်းကို လိပ်ရင်း ဆက်ပြောလာသည်။
"သံစဉ်က ကူညီပေးနိုင်မလားလို့ မေးချင်တာပါ"
သံစဉ် မျက်လုံးများ ချက်ချင်းတောက်ပသွားရသည်။
သူမလည်း ရန်ကုန်မှာ အလုပ်လုပ်မှာမို့ အဆင်ပြေလှသည်။
သူမတို့ နှစ်ဦးသား ပရောဂျက်ရဲ့ အကြမ်းဖျင်းအကြောင်းအရာ၊ ဘတ်ဂျက်အတိုင်းအတာနှင့် ရိုက်ကူးရမည့်အချိန်ကာလတို့ကို ဆွေးနွေးခဲ့ကြပြီး အဆင်ပြေပြေဖြင့် သဘောတူညီချက် ရရှိသွားခဲ့သည်။
ရတုမင်းဆက်ကတော့ သူ့အစီအစဉ် အကောင်အထည်ပေါ်သွားတာမို့ စိတ်ထဲ
အလွန်ပျော်သွားရသည်။
ငလင်း သင်ပေးလိုက်တဲ့နည်းလမ်းတွေက တကယ်အသုံးဝင်တာပဲ။
သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားရင်း အေးအေးဆေးဆေးပုံစံနဲ့....
"နှစ်ယောက်လုံး အဆင်ပြေရင် ရန်ကုန်ပြန်ရောက်မှ ရိုက်ကူးရေးအကြောင်း အသေးစိတ် ထပ်ဆွေးနွေးကြရအောင်လေ"
"ဒီညတော့ ပူးပေါင်းဖို့ညှိနှိုင်းတာအဆင်ပြေတဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်တော် ညစာလိုက်ကျွေးပါရစေ..."
သူ့စကားအဆုံး သံစဉ် လရိပ်ဘက်ကို လှည့်ကြည့်လိုက်ကာမျက်လုံးဖြင့် လရိပ်ရဲ့ သဘောထားကိုမေးလိုက်သည်။
လရိပ် ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ပြီး...
"ဟုတ်ရပါတယ်..."
---
သူတို့ ညစာစားဖို့အတွက် အေးဆေးတိတ်ဆိတ်သော သီးသန့်ဆိုင်တစ်ဆိုင်ကိုသာရွေးလိုက်ကြသည်။
အရမ်းကြီးခန်းနားကြီးကျယ်တဲ့ဆိုင်မျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ သပ်ရပ်တဲ့ ဆိုင်လေးပင်။
ရတုမင်းဆက်က အစားအသောက်မှာရာတွင်လည်း အတော်လေး ဂရုတစိုက်ရှိသည်။
စားသောက်နေစဉ်တွင်လည်း အလုပ်အကြောင်းကို အများကြီး မပြောပဲ သူကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည့် စိတ်ဝင်စားစရာအဖြစ်အပျက်လေးများကိုသာ ပြောပြနေခဲ့သည်။
သူတို့ညစာစားချိန်လေးက သက်တောင့်သက်သာနှင့် ပျော်ရွှင်ဖွယ်ကောင်းနေသည်။
သူမတို့ စားပြီးခါနီးတွင် လမ်းပေါ်က
အာတာပူစီရောင်းတဲ့ လှည်းလေးကိုတွေ့လိုက်တာနဲ့ သံစဉ်က ဈေးသည်ကိုချက်ချင်း
လှမ်းခေါ်လိုက်ကာ...
"လရိပ်...နင် အာတာပူစီကြိုက်တယ်မဟုတ်လား"
ပြောရင်း သံစဉ်က ထဝယ်လိုက်ကာ အာတာပူစီ တစ်ခုကို လရိပ်ဆီ ပေးလိုက်သည်။
ထို့နောက် ရတုမင်းဆက်ကိုလည်း တစ်ခု
ပေးလိုက်ကာ...
"ကိုရတု...အချိုဓာတ်ဆိုတာ တစ်ခါတစ်လေ လိုအပ်တယ်မလား..စားလိုက်ပါ"
ရတုမင်းဆက်ကတော့ လက်ထဲက မုန့်ကို ငုံ့ကြည့်ပြီး မစားသေးဘဲ ဂရုတစိုက်ကိုင်ထားလိုက်သည်။
---
ညစာစားပြီးနောက် ရတု သူမတို့နှစ်ယောက်ကို တည်းခိုခန်းအထိ လိုက်ပို့ပေးမည်ဟုပြောကာ လိုက်ပို့ခဲ့လိုက်သည်။
သူတည်ခိုခန်းရှေ့ကနေ ချက်ချင်းမပြန်သေးဘဲ အထဲဝင်သွားတဲ့ သူမရဲ့ နောက်ကျောလေးကို လှည့်ကြည့်နေမိသည်။
သူ့လက်ထဲတွင်တော့ အာတာပူစီလေးက ပုံမပျက်ရှိနေဆဲပင်.
ဒါဟာ သူမ အကြိုက်ဆုံးမုန့်လေးဆိုတာကို တွေးမိသည့်အခါ အတိုင်းသူ့နှလုံးသားထဲမှာ ချိုမြိန်လာရသည်။
----
ရတုမင်းဆက် သူတည်းနေတဲ့ ဟိုတယ်ကို ပြန်ရောက်လာပြီး အခန်းဆီသွားရန် ဓာတ်လှေကားစီးဖို့ စောင့်နေချိန် နေကမ္ဘာလွှမ်းနဲ့ လင်းမြတ်ပိုင်တို့ပါရောက်လာခဲ့သည်။
ဒီဟိုတယ်မှာက သူတို့ စီးပွားရေးနယ်ပယ်ကလူ တွေ အတော်များများတည်းကြသည်။
လင်းမြတ်ပိုင်က သူ့ကိုမြင်ပြီး ပြုံးကာ နှုတ်ဆက်လာသည်။
"ရတု ပြန်လာပြီလား"
ရတု ချက်ချင်း ခေါင်းညိတ်လိုက်ကာ...
"ဟုတ်..."
နေကမ္ဘာလွှမ်းကတော့ ထုံးစံအတိုင်း အပြုံးအရယ်မရှိပဲ ကျောက်ရုပ်ကြီးလိုသာရပ်နေသည်။
အဲ့အချိန် ဓာတ်လှေကားတံခါးပွင့်လာတာကြောင့် သူတို့သုံးယောက်လုံးအထဲဝင်လိုက်ကြသည်။
ရတု လက်ထဲတွင်တော့ သူ မစားရက်သေးသော အာတာပူစီလေးက ရှိနေဆဲပင်။
အဲ့အချိန် လွှမ်းအကြည့်က ထိုမုန့်လေးပေါ်သို့ ရောက်သွားပြီးသူ့အကြည့်က ရုတ်တရက် တောင့်တင်းသွားကာ မျက်လုံးများက ရုတ်တရက် နက်မှောင်လာပြီးအတိတ်တစ်
ခုထဲ နစ်မြုပ်သွားသလို ဖြစ်လာခဲ့သည်။
သူအာတာပူစီ ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။
ခန္ဓာကိုယ်က မလှုပ်...အသက်ရှူသံပင် ရပ်သွားသလိုပင်။
လင်းမြတ်ပိုင် လွှမ်းရဲ့ ထူးဆန်းတဲ့အမူအရာကို ချက်ချင်း သတိထားမိသွားကာသူလည်း လွှမ်းကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်တော့...
ရတု လက်ထဲက အရာလေးကို မြင်လိုက်ရတာနဲ့ သူသိလိုက်သည်...
လရိပ် အသက်ရှင်စဉ်တုန်းက အာတာပူစီစားရတာကို တော်တော်ကြိုက်ခဲ့တာမလား..
ဓာတ်လှေကားထဲတွင် အားလုံးရဲ့ အသက်ရှုသံကလွဲပြီးအကုန် တိတ်ဆိတ်နေသည်။
ရတု လွှမ်းရဲ့ အကြည့်ကြောင့် အနည်းငယ် ကြောက်လာပြီး သူ့လက်ကို မသိမသာ နဲ့
အောက်ချလိုက်သည်။
ထိုအချိန်မှသာ လွှမ်းလည်း သူ့အကြည့်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်သည်။
တင်းး!
ဓာတ်လှေကားတံခါးပွင့်တာနဲ့ နေကမ္ဘာလွှမ်းက
အရင်ဆုံး ထွက်သွားခဲ့သည်။
လင်းမြတ်ပိုင်ကတော့ သူ့ကို အားနာသလို ပြုံးပြပြီး ချက်ချင်း နောက်က လိုက်ထွက်သွားခဲ့သည်။
ရတု သူတို့ရဲ့ ပုံရိပ် တွေပျောက်ကွယ်သွားန
မှသာ စိတ်သက်သာရာရသလို အသက်ရှူထုတ်လိုက်သည်။
ပြီးမှ သူ့လက်ထဲက အာတာပူစီလေးကို ငုံ့ကြည့်ပြီး စိတ်ထဲမှာ မေးခွန်းထုတ်မိသည်။
"နေကမ္ဘာလွှမ်းရဲ့ အခုနကအကြည့်က... လူတစ်ယောက်ကို ကိုက်စားတော့မယ့်ပုံမျိုး ဘာလို့ဖြစ်နေရတာလဲ"
---
ရတု သူ့ဟိုတယ်ခန်းထဲ ပြန်ရောက်လာမှသူ့နှုတ်ခမ်းထောင့်များက မသိမသာ ကွေးတက်သွားသည်။
ဒီနေ့က တကယ်ကောင်းတဲ့နေ့ပဲ..
သူ ဖုန်းထုတ်လိုက်ပြီး ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်ကာ သူ တစ်ယောက်တည်း ရပ်နေသော ဓာတ်ပုံတစ်ပုံကို ရွေးလိုက်သည်။
ဓာတ်ပုံထဲတွင် သူက အဝါရောင်မီးအောက်တွင် ပေါ့ပါးစွာ ပြုံးနေပေမဲ့ သူ့ခြေထောက်အောက်တွင်တော့ ထူးဆန်းသည့်အရာတစ်ခု ရှိနေသည်။
သူ့အရိပ်ဘေးတွင် မိန်းကမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပုံစံကဲ့သို့ သွယ်လျရှည်လျားသော အရိပ်တစ်ခု ရှိနေပြီး သူ့အရိပ်နှင့် အလွန်နီးကပ်နေသည်။
သူ့ လက်ချောင်းဖြင့် ဖုန်းမျက်နှာပြင်ကို နှိပ်ပြီးထိုဓာတ်ပုံကို ရွေးကာ ဆိုရှယ်မီဒီယာပေါ်တွင် တင်လိုက်သည်။
စာသားတစ်လုံးမှ မရေးပဲလခြမ်းပုံ အီမိုဂျီလေးတစ်ခုသာ ထည့်လိုက်သည်။
သူပို့စ်တင်ပြီး မကြာခင်မှာပဲ လင်းမြတ်က အောက်တွင် မှတ်ချက်ပေးလာသည်။
[တော်တယ် ငွေရတု တိုးတက်မှုက မြန်လွန်းတယ်! မြန်မြန်လုပ်ကွာ လက်ထပ်ဖြစ်ရင် ငါက မင်္ဂလာစားပွဲရဲ့ အဓိကနေရာမှာ ထိုင်မယ်နော်]
---
တည်းခိုခန်းရှိ အခန်းတစ်ခန်းထဲတွင်တော့လရိပ် အိပ်ရာမဝင်ခင် ယောဂလေ့ကျင့်နေသည်။
သူမ က ယောဂဝတ်စုံကို ဝတ်ထားပြီး ချောမွေ့သွယ်လျသော ခန္ဓာကိုယ်အချိုးအစာက ထင်ရှားနေသည်။
သူမရဲ့ ခါးကလည်း လှုပ်ရှားမှုတစ်ခုချင်းစီအလိုက် သွယ်လျစွာ ကွေးညွတ်နေသည်။
ပြတင်းပေါက်ဘေးရှိ ထိုင်ခုံပေါ်တွင်တော့ သံစဉ် ခြေထောက်ချိတ်ထိုင်ရင်း လရိပ်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်။
"အမလေး...လရိပ်"
"နင့်ခါးက... တကယ်ကို ကွေးနေတာပဲ"
သူမက အံ့အားသင့်စွာ ပြောပြိးအသက်ရှူသွင်းလိုက်ကာ...
"ငါသာ ယောကျ်ားတစ်ယောက်ဆိုရင် နင့်ကိုအခုချက်ချင်း ပြေးဖက်လိုက်မှာ"
"မဟုတ်သေးဘူး... ငါက မိန်းမဖြစ်နေရင်တောင် ပြေးဖက်မိမှာပဲ"
လရိပ် သံစဉ်စကားကြောင့် ရယ်မိသွားသည်။
သူမလှုပ်ရှားမှုကို ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး သံစဉ်ဘက်ကိုခေါင်းလှည့်ကြည့်ကာ ပြုံးလိုက်ပြီး...
"နင်အရမ်း စကားများတာပဲ.."
သံစဉ်ကတော့ ရတဲ့ အခွင့်အရေးကိုအလွတ်မပေးပဲ...
"ဒါနဲ့...တကယ်ပြောစမ်းပါဦး...နင်
ရတုမင်းဆက်အပါ် ဘယ်လိုထင်လဲ"
သံစဉ်စကားကြောင့် လရိပ် သံစဉ်ကို ကြည့်လိုက်ပြီး...
"ဘာကို..ဘယ်လိုထင်ရမှာလဲ"
"ဟဲ့..နင်.... မသိချင်ယောင်ဆောင်မနေနဲ့"
"သူ့မျက်လုံးတွေက နင့်ကို ကြည့်တဲ့အချိန်ဆို "ကိုယ်မင်းကိုကြိုက်တယ်" လို့ အော်နေသလိုပဲ။
"မျက်စိမမြင်တဲ့လူတောင် သူနင့်ကို သဘောကျနေတာ သိနိုင်တယ်"
"ပြီးတော့အဲ့ဒါ မြင်မြင်ချင်းအချစ်ပဲ"
"သံစဉ်ရယ် နင်ကတော့ အတွေးလွန်နေပြန်ပြီ ပြီးတော့ ငါတို့ သိတာ တစ်ရက်တောင် မပြည့်သေးဘူး လေဘာကို ဘယ်လိုထင်ရမှာလဲ"
"ဟဲ့... တစ်ရက်ပဲ သိရင်ရော ဘာဖြစ်လဲ"
"ခံစားချက်က အဆင်ပြေရင် အဆင်ပြေတာပဲလေ"
ပြောပြီး သံစဉ်က မျက်နှာရှုံ့လိုက်ကာ...
"ငါကတော့ သူ့ကို လူကောင်းတစ်ယောက်လို့ ထင်တယ်"
"ရုပ်လည်းချောတယ်၊ ပိုက်ဆံလည်းရှိတယ်၊ ယဉ်ကျေးတယ် အရေးကြီးဆုံးက သူ့အကြည့်က ရိုးသားတယ်"
သံစဉ် စကားသံကို ဖြည်းဖြည်းချင်း လျှော့လိုက်ပြီး အလေးအနက်ပုံစံနဲ့...
"လရိပ်... နင်အရင်က ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ငါသိတယ်... ဒါပေမယ့် လူတစ်ယောက်က အတိတ်ထဲမှာပဲ တစ်သက်လုံးပိတ်မိ နေလို့မရဘူးလေ"
လရိပ် သံစဉ်စကားကြောင့် သုမ တိတ်ဆိတ်သွားမိပြီးစက္ကန့်အနည်းငယ်ကြာပြီးမှ သူမခေါင်းမော့ကာ သံစဉ်ကို တည့်တည့်ပြန်ကြည့်လိုက်ပြီး....
"ငါသိပါတယ်..."
ပြောရင်း ခဏရပ်လိုက်ပြီးမှ သူမ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ကောင်းပြီလေ... အရင်ဆုံး အဆင်ပြေမပြေ ကြည့်ကြတာပေါ့"
သူမ စကား ကြောင့် သံစဉ်မျက်နှာက ချက်ချင်း တောက်ပသွားပြီးသူမက ဝမ်းသာအားရ ခေါင်းကို အဆက်မပြတ် ညိတ်ပြလာပြီး ဘာမှ ထပ်မပြောတော့ပေ။
သံစဉ် သူမနှလုံးသားထဲတွင် သုံးနှစ်ကြာအောင် ချိတ်ဆွဲထားခဲ့ရသော ကျောက်တုံးကြီးတစ်တုံး နောက်ဆုံးတော့ မြေပေါ်သို့ ကျသွားသလို ခံစားလိုက်ရသည်။
သူမ စိတ်ထဲပေါ့ပါးပျော်ရွင်သွားရသည်။
ကောင်းလိုက်တာ..လရိပ်က နောက်ဆုံးတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်ပြီ။
အခန်းမှတ်ချက်များ (0)