"ဟားဟားဟား…..."
သူ့စကား အဆုံး နန်းသစ္စာ ရူးသွပ်စွာ ရယ်လိုက်မိသည်။
သူမ ကြမ်းပြင် ပေါ်မှာပင် ဒူး ထောက်ကာ ထိုင်လိုက်သလို ရှုပ်ပွနေသော ဆံပင်များက ဖြူဖျော့နေသော မျက်နှာပေါ်တွင် ကပ်နေပေမဲ့သူမ မျက်လုံးထဲတွင်တော့ ရူးသွပ်မှုနှင့် ရန်စလိုစိတ်များ ပြည့်နှက်နေဆဲဖြစ်သည်။
"နေကမ္ဘာလွှမ်း...နေကမ္ဘာလွှမ်း."။
"ရှင်တော်ပါပေတယ် ရှင့်ရဲ့လက်စားချေမှုက အောင်မြင်သွားတာကို ဂုဏ်ယူပါတယ်..ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ရှင့်ရဲ့အချစ်ဆုံးမိန်းမကတော့ သေသွားပြီ"
"လရိပ်မြူက သေသွားပြီ"
"သေသွားတာတောင် ခြောက်လရှိပြီမလား.."
သူမ အော်ဟစ်ကာ ရယ်မောရင်း ပြောလိုက်တဲ့စကားလုံးတိုင်းက နေကမ္ဘာလွှမ်းရဲ့နှလုံးသားကို အတိအကျ ထိုးနှက်နေသည်။
"ရှင် သူ့ကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာမဟုတ်ဘူး"
ပြောရင်း သူမက မျက်ရည်များပင် ထွက်လာသည်အထိ ရယ်နေသည်။ ခုနက လည်ပင်းညှစ်ခံထားရသောကြောင့် အသံမှာ အက်ကွဲနေသော်လည်းသူမပုံစံက ရူးသွပ်သော ကျေနပ်မှုများနဲ့ ပြည့်နှက်နေသည်။
"သူသေသွားရတာကလည်း ရှင့်ကြောင့်ပဲ"
နန်းသစ္စာရဲ့ ထိုစကားကြောင့် လွှမ်း ခန္ဓာကိုယ်က တုန်ခါသွားကာသူ့ရဲ့ သွေးကြောများပေါ်လွင်နေသော မျက်လုံးများက သူမကို စိုက်ကြည့်နေသည်။
နန်းသစ္စာ သူ့ရဲ့နာကျင်နေသောအမူအရာကို မြင်ရသည်နှင့် ရင်ထဲက အငြိုးအတေးများ ပြေလျော့သွားသလို ခံစားရပြီး ပို၍ကျယ်လောင်စွာ ရယ်လိုက်သည်။
"ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲနဲ့ ရှင်နဲ့ ကျွန်မလက်ထပ်တဲ့နေ့က ရှင်ချစ်တဲ့မိန်းမ သေသွားတဲ့နေ့ပဲ"
"ကြားလား..နေကမ္ဘာလွှမ်း.."
"နောက်ဆို ကျွန်မတို့မင်္ဂလာနှစ်ပတ်လည်နေ့တိုင်းက သူ့ရဲ့ သေဆုံးတဲ့နှစ်ပတ်လည်နေ့ ဖြစ်သွားပြီ"
"ရှင်မင်္ဂလာပွဲမှာ ကျွန်မကိုဖက်ထားတုန်းက သူက အေးစက်တဲ့ပင်လယ်ထဲမှာ နစ်မြုပ်နေခဲ့တာကို တွေးမိခဲ့လား"
"သူအော်ငိုနေတာကို ကြားခဲ့လား"
"အိုး… သူတောင် အော်ငိုနိုင်တော့မှာ မဟုတ်ဘူးထင်တယ် ပင်လယ်ထဲမှာ ငါးတွေ စားပြီးသွားလောက်ပြီအရိုးတောင် ကျန်တော့မှာမဟုတ်ဘူးမဟုတ်လား"
"ငါတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့က လရိပ်မြူရဲ့ သေဆုံးတဲ့နှစ်ပတ်လည်နေ့ပဲ"
"အဲ့တာကို ရှင်ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး ဟားဟားဟား…"
သူမရဲ့ရယ်သံက လေ့ကျင့်ခန်းခန်းမကြီးထဲတွင် ပြန်လည်ပဲ့တင်ထပ်နေသည်။
"သေဆုံးတဲ့နှစ်ပတ်လည်နေ့…"
"သေဆုံးတဲ့နေ့…"
နေကမ္ဘာလွှမ်း မျက်လုံးများထဲတွင် သွေးရောင်များ လုံးဝဖုံးလွှမ်းသွားပြီးသူ့ရဲ့နောက်ဆုံးသည်းခံနိုင်စွမ်းက ပြတ်တောက်သွားကာ..
သူ ရုတ်တရက် လှည့်လိုက်ပြီး ဘေးရှိ ဂေါက်အိတ်ထဲမှ အလေးဆုံးဖြစ်သော နံပါတ် ၁ ဂေါက်တံကို ဆွဲထုတ်လိုက်ပြီး နန်းသစ္စာဆီ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
သူ့ရဲ့ရှည်လျားသော ခန္ဓာကိုယ်က နန်းသစ္စာပေါ် အရိပ်ကြီးတစ်ခု ဖုံးလွှမ်းသွားခဲ့ကာသူ့ရဲ့မျက်နှာက လူသားတစ်ယောက်ထက် အေးစက်သော နတ်ဆိုးတစ်ကောင်နှင့် ပိုတူနေသည်။
နန်းသစ္စာ ဂေါက်တံကို မြင်လိုက်သည်နှင့် သူမရဲ့အပြုံးများ ရပ်တန့်သွားပြီး...
"ရှင်...ရှင် ဘာလုပ်မလို့လဲ"
သူမရဲ့အသံက တုန်ယင်နေသည်။
နေကမ္ဘာလွှမ်းက သူမကို ဘာမှပြန်မပြောဘဲ
ဂေါက်တံကို မြှောက်လိုက်ပြီး...
ဝှီးးးး
သူ နန်းသစ္စာရဲ့ လက်ကို အားကုန် ရိုက်ချလိုက်သည်။
"အားးးးး"
သဘော်ရဲ့ အပေါ်ဆုံးထပ်တစ်ခုလုံးကို သူမရဲ့နာကျင်စူးရှတဲ့အော်သံက လွှမ်းခြုံသွားကာ..
'ဂျွတ်'အရိုးကျိုးသံပင် ထွက်ပေါ်လာသည်။
နန်းသစ္စာ လက်ကောက်ဝတ်ကပုံမှန်မဟုတ်သော ထောင့်တစ်ခုကို လိမ်ကျိုးသွားပြီး သွေးများ ချက်ချင်းထွက်လာသည်။
သူမ နာကျင်လွန်းသဖြင့် သတိလစ်လုနီးပါးဖြစ်ကာ ခန္ဓာကိုယ်ကို ကွေးလိုက်မိသည်။
"ရူးနေပြီ! ရှင်က ရူးနေတဲ့လူပဲ"
သူမ ပြောနေပေမဲ့ သူ့ရဲ့မျက်လုံးထဲက ရက်စက်မှုက လျော့မပဲသူက ဂေါက်တံကို ထပ်မံမြှောက်လိုက်ပြီး သူမရဲ့ကျန်နေသေးသော လက်တစ်ဖက်ကို ချိန်လာတာကြောင့်...
"မလုပ်နဲ့! မလုပ်နဲ့..ကျွန်မတောင်းပန်ပါတယ်"
နန်းသစ္စာ ကြောက်လန့်တကြား နောက်ဆုတ်ရင်း မျက်ရည်များ စီးကျလာသည်။
"ကျွန်မမှားသွားပါပြီ! လွှမ်း ကျွန်မမှားပါတယ်"
"တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကျွန်မကိုလွှတ်ပေးပါ"
"နောက်ထပ်မလုပ်တော့ဘူး..ရှင့်ရှေ့ကနေ ပျောက်သွားပေးပါမယ်.."
"ကျေးဇူးပြုပြီး…"
သူမရဲ့အသံက အရင်က မာနကြီးပြီး ရက်စက်ခဲ့သောအသံ မဟုတ်တော့ဘဲ အသက်ရှင်ခွင့်တောင်းနေသော လူတစ်ယောက်ရဲ့ အလွန်အမင်း ကြောက်ရွံ့နေသည့်အသံ ဖြစ်နေသည်။
အဲ့အချိန်...ဂေါက်တံက နောက်တစ်ကြိမ် ကျလာတော့မည့်အချိန်မှာပဲထောင့်တစ်နေရာက နေအဖြူရောင်အမွေးထူထူ ကြောင်လေးတစ်ကောင် က အလျင်အမြန် ထွက်လာသည်။
နှင်းလုံး နှင့် အလွန်တူသော ကြောင်ဖြူလေးပင်။
ဆူညံသံ တွေကြောင့် ကြောင်လေးမှာ ကြောက်လန့်နေပြီး မျက်လုံးနက်နက်လေးများဖြင့် နေကမ္ဘာလွှမ်းကို စိုးရိမ်စွာ ကြည့်နေတာကြောင့်...
လွှမ်း မြှောက်ထားသော ဂေါက်တံ ရုတ်တရက် ရပ်သွားပြီးကြောင်လေးရဲ့ ဖြူစင်သောမျက်လုံးများကို မြင်လိုက်ရသည်နှင့် သူ့မျက်လုံးထဲက ရူးသွပ်မှုနှင့် ရက်စက်မှုများ လျော့ကျသွားကာ
သူက ဂေါက်တံကို ဖြည်းဖြည်းချင်း ချလိုက်ပြီး
ကြောင်လေးနားကို ထိုင်ချကာ လက်ဆန့်လိုက်သည်။
ကြောင်လေးက ခဏတွန့်ဆုတ်နေပြီးမှ သူ့အနားကို သတိထားကာ တိုးလာပြီး သူ့လက်ချောင်းကို နူးညံ့စွာ လျှာဖြင့် လျက်လိုက်တော့ လွှမ်း ခန္ဓာကိုယ်က တုန်ခါသွားရသည်။
သူ ကြောင်လေးကို နူးညံ့စွာ ကောက်ယူပြီး ရင်ခွင်ထဲတွင် ဖက်ထားလိုက်ကာ...
"နှင်းလုံးလေး..."
သူ့အသံက အက်ကွဲနေပြီး နာကျင်စရာကောင်းလောက်အောင် နူးညံ့နေသည်။
သူ့ရင်ခွင်ထဲတွင် ဖက်ထားရသောအရာက ပျောက်ဆုံးသွားပြီးမှ ပြန်ရှာတွေ့ခဲ့သော အဖိုးတန်ဆုံးအရာတစ်ခုလိုပင်။
သူက ကြောင်လေးကို ပွေ့ဖက်ထားရင်း မတ်တပ်ရပ်လိုက်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော နန်းသစ္စာကို ပြန်ကြည့်လိုက်ကာ...
ဒီတစ်ကြိမ်တွင်တော့ သူ့မျက်လုံးထဲက ရူးသွပ်မှု ပျောက်ကွယ်သွားပြီးအစားထိုးဝင်လာတာက ပို၍နက်ရှိုင်းကာ ပို၍အေးစက်သော အကြည့်များသာဖြစ်သည်။
"မင်းတကယ်ထင်နေတာလား…"
သူ့ကဲ့အသံက အစောက ဒေါသထွက်တာထက်ပင် ပိုပြီးကြောက်စရာကောင်းနေသည်။
"မင်းနောက်ကွယ်မှာ ဘာတွေလုပ်နေတယ်ဆိုတာ ငါမသိဘူးလို့..မင်းတကယ်ထင်နေတာလား"
နန်းသစ္စာ ထိုစကားကြောင့် မျက်လုံးများ ပြူးကျယ်သွားရသည်။
လွှမ်းက သူမကို ထပ်မကြည့်တော့ဘဲ ရင်ခွင်ထဲက ကြောင်ဖြူလေးရဲ့ခေါင်းကို နူးညံ့စွာ ပွတ်သပ်လိုက်ကာ ..လက်ဖျောက်တစ်ချက်တီးလိုက်သည်။
သူ့ရဲ့ လက်ဖျောက်တီးသံကို ကြားလိုက်တာနဲ့ အပြင်ဘက်တွင် တိတ်တဆိတ်စောင့်နေသော အနက်ရောင်ဝတ် အစောင့်နှစ်ယောက် ဝင်လာပြီး အစောင့်တစ်ယောက်က ကြီးမားသော
ဒိုဘာမင် ခွေးကြီးတစ်ကောင် ကို ခေါ်လာသည်။
ခွေးကြီးမှာ တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ကြွက်သားများ ထင်ရှားနေကာ သူ့မျက်လုံးများက စူးရှနေပြီး ပါးစပ်အနည်းငယ်ဟနေတာကြောင့် ဖြူဖွေးထက်ရှသော သွားများ ပေါ်နေသည်။
လည်ချောင်းထဲမှလည်း ခြိမ်းခြောက်သည့် အသံနိမ့်နိမ့်တစ်ခု ထွက်နေသည်။
ခိုင်ခန့် ထူထဲသည့် သားရေကြိုးဖြင့် တင်းတင်းချည်ထားသော်လည်း ခွေးရဲ့ကြောက်စရာကောင်းသော အင်အားကတော့ သိသာနေဆဲဖြစ်သည်။
နန်းသစ္စာ သူမထံ တဖြည်းဖြည်း နီးကပ်လာသော ခွေးကြီးကို မြင်လိုက်တာနဲ့ ကြောက်စိတ်က ဒီရေလှိုင်းတစ်ခုလို လုံးဝလွှမ်းမိုးသွားပြီး...
"မ… မလုပ်နဲ့…"
သူမရဲ့ အသံက တုန်ယင်နေသည်။
"လွှမ်း… ကျေးဇူးပြုပြီး…"
"ကျွန်မကို လွှတ်ပေးပါ…"
သူမပြောရင်း လုံးဝပြိုလဲသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ သနားစရာကောင်းသော သတ္တဝါတစ်ကောင်လို အသက်ရှင်ခွင့်တောင်းနေသည်။
လွှမ်းကတော့ နှင်းလုံး နှင့်တူသော ကြောင်ဖြူလေးကို ရင်ခွင်ထဲတွင် ပွေ့ထားရင်း သူမကို
အေးစက်စွာ သာကြည့်နေသည်။
ထို့နောက် သူရဲ့မျက်လုံးများက သူမကို ကျော်လွန်ကာ ဂေါက်ကွင်းဆီသို့ ရောက်သွားသည်။
အပြာရောင်ကောင်းကင်၊ စိမ်းလန်းသောမြက်ခင်းပြင်…
အရာအားလုံးက အမြဲတမ်းအတိုင်း ပြီးပြည့်စုံနေသည်။
သူကဘာမှမပြောဘဲ ကြောင်လေးကို ပွေ့ထားရင်း လှည့်ထွက်သွားခဲ့သည်။
သူ့ရဲ့ ခြေလှမ်းများက လေးလံနေကာသူ့ ဖိနပ်သံပင် မကြားရသလောက်တိတ်ဆိတ် နေပေမဲ့း သူ့ထံမှ ထွက်ပေါ်နေသော စိတ်ပျက်အားငယ်မှု ကတော့ နေရာတစ်ခုလုံးကို လွှမ်းခြုံနေသည်။
အခန်းထဲမှ ထွက်ခါနီးတွင် သူဆီကအသံ နိမ့်နိမ့်လေး ထွက်လာသည်...
"အခု…"
ပြောရင်း သူ ခဏရပ်လိုက်ပြီးမှ...
"ငါကိုယ်တိုင်တောင် ငါ့ကိုယ်ငါ ခွင့်မလွှတ်ပေးနိုင်တာ.."
"မင်းကို ဘယ်လိုခွင့်လွှတ်ပေးနိုင်မှာလဲ"
အခန်းမှတ်ချက်များ (0)