Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း-၃၁

လင်းမြတ်ပိုင် အထူးကြပ်မတ်ကုသဆောင်ရဲ့ တံခါးကို ဖွင့်ဝင်လာခဲ့သည်။

အဖြူရောင်နံရံတွေ၊ အဖြူရောင်အိပ်ရာခင်းတွေ၊ အဖြူရောင်စောင်တွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ တံခါးကိုကျောပေးပြီး ပြတင်းပေါက်ဘေးမှာ ထိုင်နေတဲ့လူတစ်ယောက်ဟာလည်း အဖြူရောင်ထဲမှာ နစ်မြုပ်ပျောက်ကွယ်နေသလိုပင်။

ထိုလူက နေကမ္ဘာလွှမ်းပင်...

လင်းမြတ်ပိုင် တစ်ခါမှ ဒီလိုအခြေအနေမျိုးနဲ့ လွှမ်းကို မမြင်ဖူးခဲ့ပေ။

တစ်ချိန်က စီးပွားရေးလောကကို လက်ထဲမှာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး အင်အားအပြည့်နဲ့ ရှေ့ဆက်နေခဲ့တဲ့ လွှမ်းဟာ အခုတော့ အင်အားမဲ့ပြီး အသက်မဲ့နေတဲ့အရုပ်လိုပင်။

လင်းမြတ်ပိုင်ရဲ့ တုန်လှုပ်နေတဲ့ အကြည့်တွေကလွှမ်းမျက်နှာစီရောက်သွားတော့...လွှမ်းမျက်နှာက သွေးမရှိသလိုဖြူဖျော့နေ‌ပြီး ခံစားချက်တွေ ကင်းမဲ့နေသလို ဖြစ်နေသည်။

လင်းမြတ်ပိုင် ဘယ်လို နှစိသိမ့်ပေးရမလဲပင် မသိတော့တာကြောင့် လည်ချောင်းထဲမှာပင် စကားလုံးတွေ ပိတ်ဆို့နေပြီး နှစ်သိမ့်စကား

တွေပင် ပြောမထွက်ပေ။

သူ တဖြည်းဖြည်းနဲ့ လွှမ်းအနားကို လျှောက်သွားလိုက်ပေနဲ့ လွှမ်းကတော့ကျောက် ရုပ်

တစ်ခုလို မလှုပ်မယှက် ထိုင်နေဆဲပင်။

ပြတင်းပေါက်အပြင်ဘက်ကို ခံစားချက်မရှိတဲ့ အကြည့်တွေနဲ့ သာငေးနေခဲ့သည်။

ပြတင်းပေါက်ကနေ ဝင်လာတဲ့ ဖြူဖျော့ဖျော့ နေရောင်က သူ့ရဲ့ ဆံပင်တွေပေါ် ကျရောက်နေပြီး သူ့ရဲ့ ပုံစံကို ပိုပြီး ဝမ်းနည်းဖွယ်ကောင်းအောင် ထင်ရှားစေသည်။

လင်းမြတ်ပိုင် လွှမ်းအနားကိုရောက်တော့ အသံတိုးတိုးနဲ့ ခေါ်လိုက်သည်။

"လွှမ်း..."

သူခေါ်လိုက်မှ လွှမ်းရဲ့ ကိုယ်ဟာ အနည်းငယ် တုန်သွားပြီး အိပ်မက်နက်နက်ထဲကနေ ရုတ်တရက် နိုးလာသလိုပုံစံနဲ့သူကိုဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လာသည်။

တစ်ချိန်က ထက်မြက်ပြီး နက်ရှိုင်းခဲ့တဲ့ လွှမ်းရဲ့မျက်လုံးတွေဟာ အခုတော့ သွေးကြော အနီရောင်တွေပြည့်နေပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေနဲ့ ပြည့်နှက်နေသည်။

မျက်လုံးအောက်တွေက ချိုင့်ဝင်နေသလို မျက်နှာကလည်း ဖြူဖျော့နေပြီး မုတ်ဆိတ်မွေးတွေတောင် ရှည်လာသလိုပင်။

လွှမ်းကိုကြည့်ရတာ တစ်ညအတွင်းမှာပင် အသက်ဆယ်နှစ်လောက် ရုတ်တရက်ကြီး

ကြီးသွားသလိုပင်။

လင်းမြတ်ပိုင် လွှမ်းကို နှစ်သိမ့်ဖို့၊ အားပေးဖို့ စကားတစ်ခုခု ပြောချင်ပေမဲ့ ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုကိုကြုံနေရတဲ့လူတစ်ယောက်အတွက် ဘယ်လိုနှစ်သိမ့်စကားမျိုးမဆို အဓိပ္ပာယ်မရှိသလို ခံစားနေရမှာ သေချာသည်။

လင်းမြတ်ပိုင် နောက်ဆုံးတော့ ဘာစကားမှမပြောဘဲ လွှမ်းဘေးမှာ တိတ်တိတ်လေးပဲ ရပ်နေခဲ့သည်။

လွှမ်းက ပြတင်းပေါက်ဘက်ကို ပြန်ကြည့်လိုက်ပြီး..ဗလာကျင်း‌ နေတဲ့သူ့မျက်လုံးတွေနဲ့ အပြင်ဘက်ကို စိုက်ကြည့်ရင်း...

"သူ့ကို သေခြင်းတရားဆီသွားတဲ့ လေယာဉ်ပေါ်ကို ကိုယ်တိုင် ပို့ခဲ့မိတာ…"

လွှမ်းအသံထဲမှာ အဆုံးမရှိတဲ့ နောင်တနဲ့ သူ့ကိုယ့်ကိုယ်ကို အပြစ်တင်မှုတွေ ပြည့်နေသည်။

"အဲဒီတုန်းက ငါသာသူ့ကို သွားခွင့်မပေးခဲ့ရင်… သူ့ကို ငါ့ဘေးမှာပဲ အတင်းအကျပ်ထားခဲ့ရင်… သူ ဒီလို…"

လွှမ်းပြောနေရင်း အသံ တွေတုန်လာပြီး စကားဆက်မပြောနိုင်တော့ပဲသူ့မျက်လုံးတွေ

နီရဲလာကာ မျက်ရည်တွေက မျက်လုံးထောင့်ကနေ တဖြည်းဖြည်း စီးကျလာသည်။

ယောက်ျားတစ်ယောက်ဟာ လွယ်လွယ်နဲ့ မျက်ရည်မကျတတ်ပေမယ့် တကယ်တမ်း နာကျင်လွန်းတဲ့အခါမှာတော့ ထိန်းထားလို့

ဘယ်လိုမှထိန်းထားလို့မရတော့ပေ။

လွှမ်းရဲ့ မျက်ရည်တွေဟာ ရေလှောင်တမံပျက်သွားသလို အဆက်မပြတ် စီးကျလာခဲ့ပြီး

အမှတ်တရတွေက လှိုင်းလုံးကြီးတွေလို သူ့ရင်ထဲကို တရိပ်ရိပ် ဝင်ရောက်လာသည်။

သူ လရိပ်ကို ပြန်မြင်လာသည်။

သူမရဲ့ တောက်ပတဲ့အပြုံး..သူမရဲ့ ကြည်လင်တဲ့ရယ်သံကိုပါ ကြားနေရသလိုသူမရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုကိုပါ ခံစားမိနေသည်။

"လွှမ်း… မနက်ဖြန် အပြင်ထွက်ပြီး လမ်းလျှောက်ကြမလား"

အဲဒီတုန်းကသူထင်ခဲ့တာက သူမဟာ နောက်ဆုံးတော့ စိတ်ပြောင်းသွားပြီ၊ သူ့ဆီ ပြန်လာဖို့ လက်ခံလိုက်ပြီလို့ သူထင်ခဲ့သည်။

သူတို့နှစ်ယောက်အတွက် အရာအားလုံးကို အသစ်ကနေ ပြန်စနိုင်ပြီး အရင်လို ပျော်ရွှင်တဲ့နေ့တွေကို ပြန်ရနိုင်မယ်လို့ သူထင်ခဲ့သည်။

"ဘယ်ကိုသွားသွားရတယ်… မင်းနဲ့အတူဆိုရင် ရပြီ…"

"ကျေးဇူးတင်ပါတယ်..လွှမ်း"

သူမက သူ့ရင်ခွင်ထဲ ဝင်လာပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့တဲ့အချိန်တွေ...

"လရိပ်....လရိပ်"

လွှမ်း တီးတိုး ရေရွတ်လိုက်ပြီး နာကျင်စွာနဲ့ မျက်လုံး တွေကိုမှိတ်လိုက်သည်။

သူ့မျက်ရည်တွေဟာ ပြတ်သွားတဲ့ ပုတီးစေ့တွေလို တစ်လုံးပြီးတစ်လုံးလိမ့် ကျနေသလိုသူ့ရင်ထဲမှာလည်း နောင်တနဲ့ မျှော်လင့်ချက်မဲ့မှုတွေ ပြည့်နှက်နေသည်။

သူမရဲ့အပြုံးနဲ့ သူတို့ရဲ့အတိတ်ကို ပြန်ရနိုင်မယ်ဆိုရင် သူ့အသက်ကိုတောင် ပေးဖို့ဝန်မလေးပေမဲ့ နောက်ကျသွားခဲ့ပြီ။

အရာအားလုံးဟာ ပြန်ပြင်လို့မရတော့ပေ..သူ သူမကို ထာဝရဆုံးရှုံးခဲ့ရပြီ။

သူကိုယ်တိုင်ပဲ သူချစ်ရတဲ့သူကို သေခြင်းတရားဆီသွားတဲ့ လေယာဉ်ပေါ် ပို့ခဲ့မိတာမလား...

ထာဝရ ဆုံးရှုံးသွားခဲ့ပြီ..တကယ်လုံးဝထာဝရပဲ။

••••

အနောက်ဘက်မြို့ပြင်က အိမ်ကြီးရဲ့ တံခါးကြီး ကဖြည်းဖြည်းချင်း ပွင့်လာပြီးအနက်ရောင်ကား လေးက တိတ်တဆိတ်နဲ့အိမ်ကြီးရဲ့အဆောက်အအုံရှေ့မှာ ရပ်လိုက်ကာ..ကားတံခါးပွင့်လာပြီး နေကမ္ဘာလွှမ်း ဆင်းလာခဲ့သည်။

သူ့ရဲ့ အနက်ရောင်ဝတ်စုံက သပ်သပ်ရပ်ရပ်ရှိနေဆဲဖြစ်သလို ခန္ဓာကိုယ်ကလည်းမားမားမတ်မတ်ရှိနေဆဲပင်ဒါပေမယ့် နေ့ခင်းအလင်းရောင်အောက်မှာမျက်နှာက ဖြူဖျော့ပြီး လုံးဝအေးစက်နေသည်။

အိမ်အကူတွေနံ့ အစေခံတွေဟာ တံခါးဝမှာ သူ့ကို စောင့်နေကြပြီးသူ့ မြင်လိုက်တာနဲ့ အားလုံးက မသိမသာ အသက်အောင့်ထားပြီး ခေါင်းငုံ့လိုက်ကြသည်။

အသက်ရှုသံပင်ရဲရဲ မထွက်ရဲကြပေ။

လွှမ်း ဘယ်သူ့ကိုမှ မကြည့်ဘဲ အိမ်အကူတွေကြားကနေ ဖြတ်သွားပြီး လှေကားဆီ တန်းလျှောက်သွားခဲ့သည်။

တစ်အိမ်လုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေတာမို့ သူ့သားရေဖိနပ်နဲ့ လှေကားကို နင်းတဲ့အသံဟာ အိမ်ကြီးထဲမှာပဲ့တင်ထပ်နေသည်။

လွှမ်းအပေါ်ထပ်ရောက်တာနဲ့ အရင်ဆုံး အခန်းတံခါးကို ဖွင့်လိုက်သည်..ဒါဟာ လရိပ် နောက်ဆုံးနေထိုင်ခဲ့တဲ့ အခန်းပင်။

အခန်းထဲမှာတော့သူမထွက်မသွားခင်တုန်းကအတိုင်း အရာအားလုံးဟာ မပြောင်းလဲဘဲ ရှိနေဆဲပင်။

အခန်းရဲ့ လေထုထဲမှာတောင် သူမရဲ့ ကိုယ်သင်းနံ့ဖျော့ဖျော့လေး ကျန်ရှိနေ သေးသလို ခံစားနေရသည်။

လွှမ်း အကြည့်က အခန်းရဲ့ နေရာတိုင်းကို ဖြည်းဖြည်းချင်း ဖြတ်သွားပြီး နောက်ဆုံးမှာတော့ အိပ်ရာကြီးပေါ်မှာ အကြည့်တို့ ရပ်တန့်သွားသည်။

သူက တစ်လှမ်းချင်း လျှောက်သွားလိုက်ပြီး တုန်ယင်နေတဲ့လက်တွေနဲ့ ခေါင်းအုံးပျော့ပျော့လေးကို ကောက်ယူလိုက်ကာသူ့မျက်နှာကို ခေါင်းအုံးထဲ နက်နက်ရှိုင်းရှိုင်း နှစ်မြှုပ်လိုက်ပြီး သူမရဲ့ ကိုယ်သင်းနံ့ လေးများကျန်သေးမလားဆိုပြီး ရှုရှိုက်လိုက်သည်။

အရမ်းဖျော့လွန်းတယ်..ပျောက်ကွယ်လုနီးပါးပဲ။

ရုတ်တရက် ကြောက်စိတ်တစ်ခုက အေးစက်တဲ့ နေတဲ့လှိုင်းလုံးတစ်ခုလို သူ့ကို ဖုံးလွှမ်းသွားသည်။

"လရိပ်...."

သူ့လည်ချောင်းထဲကနေ ကြေကွဲနေတဲ့ ငိုသံတစ်ခု ထွက်လာသည်။

သူခေါင်းအုံးကို ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံးအရာတစ်ခုလို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာကာ..

အဲဒီခေါင်းအုံးကို ရင်ဘတ်နဲ့ တင်းတင်းကပ်ထားရင်း အဲဒီထဲမှာ ကျန်နေသေးတဲ့ သူမရဲ့အငွေ့အသက်လေးကို ပျောက်မသွားအောင် ထိန်းထားမိသည်။

အချိန်အတော်ကြာပြီးမှ သူ ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့သည်။

အခုချိန် သူ့မျက်လုံးတွေထဲမှာတော့ အဆုံးမရှိတဲ့ နာကျင်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေပဲ ရှိနေသည်။

လွှမ်းခေါင်းအုံးကို ပြန်ချလိုက်ပြီး အခန်းထဲကနေ ထွက်လာခဲ့ကာလှေကားကနေ အောက်ကို ထပ်ကို ဆင်းလာခဲ့သည်။

သူ အောက်‌ ရောက်တာနဲ့ အိမ်အကူ တွေက သူ့နောက်ကနေ လိုက်လာကြပေမဲ့ဘယ်သူမှ အသက်တောင် ရဲရဲမရှုနိုင်ကြပေ။

"ဦးရာဇ"

ခေါ်လိုက်တဲ့ သူ့ရဲ့ အသံကခြောက်ကပ်နေပြီး ဩရှရှဖြစ်နေသည်။

"ဟုတ်ကဲ့ သခင်လေးဘာများလုပ်ပေးရမလဲ"

"ညစာ ပြင်ဆင်ပါ"

"…ဟုတ်ကဲ့.. သခင်လေးဘာစားချင်လဲဗျ"

လွှမ်းရဲ့ အကြည့်တွေကအိမ်တော်ထိန်းရဲ့ မေးခွန်းပေါ်မှာ အာရုံမရှိဘဲ ရှေ့တည့်တည့်ကိုပဲ ငေးကြည့်နေပြီးမှ...

"ငါးပေါင်း…"

"ရွှေဖရုံသီးဟင်း."

သူပြောနေရင်း ခဏရပ်လိုက်ပြီးမှ....

" သူက ချိုချိုလေး ကြိုက်တယ်"

ဦးရာဇသခင်လေးစကားတွေကို နားထောင်ပြီး ရင်ထဲ တင်းကြပ်သွားရသည်။

အဲဒါတွေအားလုံးဟာ မမလေး လရိပ်ကြိုက်တဲ့ အစားအစာတွေပင်...

“…ဟုတ်ကဲ့ပါ..သခင်လေး"

"ပြီးတော့ သရက်သီးကောက်ညှင်းလည်း ထည့်ပေးပါ"

လွှမ်း ဆက်ပြောလိုက်သည်။

"အသစ်ခေါ်ထားတဲ့ စာဖိုမှူးကိုပဲ လုပ်ခိုင်းပါ

အရင်တစ်ခါ သူလုပ်ပေးတာ အကောင်းဆုံးလို့ သူမပြောခဲ့ဖူးတယ်…"

ဦးရာဇ ချက်ချင်း ခေါင်းညိမ့်လိုက်ပြီး....

"ဟုတ်ကဲ့ပါဗျ ချက်ချင်း စီစဉ်လိုက်ပါမယ်"

---

ထမင်းစားခန်းထဲမှာ စားပွဲကို သန့်ရှင်းသပ်ရပ်‌ နေအောင် သုတ်ထားပြီးအလှပဆုံး ပန်းကန်ခွက်ယောက်တွေကိုလည်း စနစ်တကျ

စီထားကာ လွှမ်းကတော့ထိပ်ဆုံးကခုံမှာထိုင်နေပြီးသူ့ဘေးမှာတော့ သန့်ရှင်းတဲ့ ပန်းကန်နဲ့ တူတစ်စုံကို ချထားဟည်။

ဒါပေမယ့် အဲဒီနေရာမှာ ဘယ်သူမှ မရှိပေ...

အစေခံတွေက အစားအစာတွေကို တိတ်တိတ်လေး ယူလာပြီး စားပွဲပေါ်တင်ပေးနေကြတာမို့

အစား အသောက်တွေရဲ့ အနံ့က တစ်ခန်းလုံး မွှေးကြိုင်ပျံ့နှံ့နေသည်။

အရောင်၊ အနံ့၊ အရသာ အားလုံးက ပြီးပြည့်စုံနေကာ..လွှမ်း တူကိုင်လိုက်ပေမယ့် သူ့ရှေ့က အစားအသောက် တွေကိုတစ်ခုမှ မစားပဲ...

ငါးအသားကို ကောက်ယူလိုက်ပြီး အရိုးတွေကို အရင်ဖယ်ထားလိုက်ကာအဲဒီငါးကို သူ့ရှေ့က လွတ်နေတဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်ကာ...

"လရိပ် ဒါလေး စားကြည့်…"

"ဒီနေ့ ငါးက အရမ်းလတ်တယ်.. မင်းကြိုက်တဲ့အတိုင်းပဲ…"

ပြောရင်းသူက ဇွန်းကို ထပ်ကိုင်လိုက်ကာ

ရွှေဖရုံသီးဟင်းကို ခပ်လိုက်ပြီး အပူမလွန်အောင် ဖြည်းဖြည်းချင်း မှုတ်ပေးနေကာ...

"ဒီဟင်းလဲမြည်းကြည့်.."

"မင်းအကြိုက်ဖရုံသီးဟင်း ချိုချိုလေး..ပူလဲမပူတော့ဘူး"

ပြောပြီးသူက ဇွန်းကိုတစ်စုံတစ်ယောက်ရဲ့ ပါးစပ်ရှေ့ကို တကယ်ခွံ့ပေးနေသလို ကိုင်ထားသည်။

တစ်ချိန်က သူလုပ်ပေးနေကျအတိုင်းပင်...

သူမကို အစားအသောက်တွေ ခွံ့ပေးခဲ့သလို

သူမစားနေရင်း အဆင်ပြေရဲ့လားလို့ ဂရုစိုက်ခဲ့သလို...

သူမ စားရတာ သဘောကျတဲ့အခါ မျက်လုံးမှေးပြီး ပြုံးတတ်တာကို သူ့မျက်လုံးထဲပြန်မြင်ယောင်လာမိသည်။

အခုလည်း သူက ပန်းကန်လွတ်ထဲကိုအစားအစာတွေ ထည့်ပေးနေပြီး

ပါးစပ်ကလည်း တစ်ယောက်တည်း

စကားတွေ ဆက်ပြောနေသည်။

"ဒီဟာက အရမ်းနူးတယ်စားကြည့်…"

"သရက်သီးကောက်ညှင်းလည်း ရပြီ "

သူဟာ ပတ်ဝန်းကျင်က ဘာ်သူ့ကိုမှမကြည့်ပဲ

သူ့ကိုယ်ပိုင်ကမ္ဘာထဲမှာ လုံးဝနစ်မြုပ်နေခဲ့သည်။

အိမ်အကူတွေနဲ့ အစေခံတွေကတော့လွှမ်းနဲ့ အနည်းငယ်အကွာမှာ ရပ်ပြီး ဒီရင်နာစရာမြင်ကွင်းကို ကြည့်နေကြကာ...

ဘယ်သူမှ အသက် တောင်ရဲရဲအရှူရဲကြပေ။

သူတို့မျက်နှာတွေပေါ်မှာ ကြောက်ရွံ့မှုနဲ့ သနားမှုတွေ ရောနှောနေသည်။

လွှမ်းသူကိုယ်တိုင်တော့ အစားအစာတစ်လုပ်တောင် မစားခဲ့ပေ..သူက ထိုင်ခုံလွတ်တစ်ဖက်ကို မျက်နှာမူပြီးသူလုံးဝမစားဘဲ လူတစ်ယောက်တည်းအတွက် ညစာကို

အဆုံးထိ ဂရုစိုက်ပေးနေသည်။

ဟင်းပွဲတွေအားလုံး အေးစက်သွားတဲ့အထိပေါ့…

အပြင်ဘက်က ကောင်းကင်လည်း တဖြည်းဖြည်း မှောင်မိုက်လာတဲ့အထိ…

သူက အဲဒီအတိုင်းပဲ ထိုင်နေခဲ့သည်။

ကြီးမားကျယ်ဝန်းတဲ့ ထမင်းစားခန်းထဲမှာတော့ သူ့ရဲ့ တစ်ယောက်တည်းကျန်ရစ်နေတဲ့ ကျောပြင်နဲ့…

အဆုံးမရှိတဲ့ မျှော်လင့်ချက်မဲ့မှုထဲကနေ ထွက်ပေါ်လာတဲ့ အသက်မဲ့လုနီးပါး တိုးညင်းတဲ့ ခေါ်သံတစ်ခုသာ ကြားနေရသည်။

"လရိပ်...."

« ရှေ့အခန်း - အခန်း -၃၀ နောက်အခန်း - အခန်း -၃၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ