လရိပ် အိပ်မက်ထဲမှာ နှင်းလုံးလေး ကိုတွေ့ရတာ ဒီတစ်ကြိမ်နဲ့ဆို တတိယအကြိမ်မြောက် ဖြစ်သည်။
သူမ အိမ်မက်ထဲမှာ လက်ကိုဆန့်ပြီး နှင်းလုံးရဲ့ ဖြူဖွေးတဲ့အမွေးတွေကို ထိလိုက်ပေမယ့် လက်ချောင်းတွေက သူ့ကိုမထိမိဘဲ ခန္ဓာကိုယ်ကို ဖြတ်သွားပြီး ဘာကိုမှ မထိမိပေ။
နိုးလာတဲ့အခါအတိုင်းမှာလည်း ခေါင်းအုံးစွပ်မှာ မျက်ရည်တွေ စိုရွှဲနေတတ်သည်။
လရိပ်ဒီနေ့လည်း လန့်နိုးလာချိန် အပြင်ဘက်ကို ကြည့်လိုက်တော့ အပြင်မှာမိုးလင်းစပြုနေပြီဖြစ်သည်။
လရိပ် အိပ်ရာဘေးကစားပွဲကို လှည့်ကြည့်လိုက်မိသည်... အဲဒီနေရာက နှင်းလုံး အမြဲအိပ်လေ့ရှိတဲ့နေရာပင်။
နှင်းလုံးလေး ထွက်သွားတာ ရက်အနည်းငယ်ကြာသွားပြီဖြစ်ပေမယ့် နှင်းလုံးမရှိတဲ့ဘဝကို သူမ မနေသားကျသေးပေ။
လရိပ် အိပ်ရာကနေ ထလိုက်ပြီး လိုက်ကာတွေ
ကို လိုက်ဖွင့်နေတုန်း အိမ်ရှေ့ကနေ လူခေါ်ဘဲလ်မြည်လာခဲ့တာကြောင့်သူမ ရှုပ်နေတဲ့ဆံပင်ကို လက်နဲ့ အနည်းငယ်သပ်လိုက်ပြီး တံခါးဆီ လျှောက်သွားကာတံခါးဖွင့်လိုက်တော့...
မင်းနိုင် က အပေါက်ဝမှာတိရစ္ဆာန်လှောင်အိမ်လေးတစ်ခုကို ကိုင်ပြီး ရပ်နေကာလှောင်အိမ်ထဲမှာ တော့နှင်းလုံးနဲ့ တော်တော်လေးတူတဲ့ ကြောင်ဖြူလေးတစ်ကောင်က ဟိုဟိုဒီဒီ
ကြည့်နေသည်။
အပြာရောင်မျက်လုံးတွေ..ဖြူဖွေးတဲ့အမွေးတွေ၊ မျက်လုံးထောင့်က အညိုဖျော့ရောင်အစင်းလေးတွေကအစ တော်တော်တူသည်။
"Morning ပါ လရိပ် အကိုလေး က ဒီကြောင်လေးကို ယူလာပေးဖို့ ပြောလိုက်လို့ပါ ရှာရတာ နဲ့ အချိန်တော်တော်ကြာသွားတာ"
မင်းနိုင်က လရိပ်မျက်နှာကို သတိထားကြည့်ရင်း ဆက်ပြောလာသည်။
"ကျွန်တော်မြို့ထဲက အိမ်မွေးတိရစ္ဆာန်ဆိုင်တွေအားလုံးနီးပါးကိုတောင် လိုက်ရှာခဲ့ရတာပါ.."
လရိပ်ကတော့ ဘာမှပြန်မပြောဘဲ မလှုပ်မယှက် ရပ်နေမိသည်။ဒီအချိန်မှာမမြင်ရတဲ့လက်တစ်ဖက်က သူမနှလုံးသားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသလို ခံစားနေရသည်။
ကြောင်ဖြူလေးက တော့ခေါင်းလေးစောင်းပြီး 'ညောင်'လှောင်အိမ်ထဲကနေ အသံတိုးတိုးလေး ထွက်လာသည်။
တကယ်...နှင်းလုံးရဲ့ အသံနဲ့ တစ်ထပ်တည်းနီးပါးပင်။
လရိပ် အချိန်အတော်ကြာအောင်စိုက်ကြည့်ပြီးမှ...
"လှတယ်…"
သူမ ပါးစပ်ကနေတိုးတိုးလေးထွက်လာသည်။
"ဒါပေမယ့် ငါ မမွေးနိုင်ဘူး..ပြန်ယူသွားပါ"
"ဘာလို့လဲ...နှင်းလုံးနဲ့ တော်တော်တူပါတယ်"
လရိပ် မင်းနိုင်စကား ကြောင့် ခါးသီးစွာနဲ့ ပြုံးလိုက်ပြီး လှောင်အိမ်ကို လက်နဲ့ ခဏလောက်အသာထိလိုက်ပြီး ပြန်ရုတ်လိုက်ကာ...
"နှင်းလုံးနဲ့ တူလွန်းလို့ပဲ ငါ လက်မခံနိုင်တာ"
ပြောပြီး သူမ လှည့်ထွက်လာခဲ့ကာ ဧည့်ခန်းဘက်ကို လျှောက်လာတော့ မင်းနိုင်ကလည်း လှောင်အိမ်ကို ကိုင်ပြီး နောက်ကနေ လိုက်လာ
ရပြီး....
"လရိပ်... ဝမ်းနည်းနေတာကို ကျွန်တော်နားလည်ပါတယ်.. ဒါပေမယ့် ဘဝကတော့ ဆက်သွားရမှာပဲလေ...ဒီကောင်လေးက လရိပ်ကို အဖော်ပြုပေးမှာပါ"
"ဟင့်အင်း ပြန်ယူသွားပါ..သူ့ကို မြင်တိုင်း နှင်းလုံး သေဆုံးသွားတဲ့အကြောင်းပဲ ငါသတိရနေမှာ... ပြန်ပြင်လို့မရတော့တဲ့ အဲဒီနာကျင်မှုကိုပဲ သတိရနေမှာ"
"နှင်းလုံးကငါလွယ်လွယ်နဲ့ အစားထိုးလို့ရတဲ့ ကစားစရာမဟုတ်ဘူး သူက ငါ့မိသားစု၊ ငါ့ဘဝရဲ့အစိတ်အပိုင်းတစ်ခု..သူထွက်ခွာသွားတာကို ငါ့နှလုံးသားထဲမှာ ဘယ်ကြောင်နဲ့မှ အစားထိုးလို့မရဘူး"
ကြောင်ဖြူလေးကလည်း ပတ်ဝန်းကျင်ရဲ့ လေးလံတဲ့အငွေ့အသက်ကို ခံစားမိသလို လှောင်အိမ်ထဲမှာ မငြိမ်မသက် ဖြစ်နေပြီး...
အပြာရောင်မျက်လုံးလေးတွေက အပြစ်ကင်းစွာ နဲ့ လိုက်ကြည့်နေသည်။
"ရှင်ရဲ့ ပင်ပင်ပန်းပန်း ရှာထားပေးတဲ့စေတနာကို ကျွန်မ..ကျေးဇူးတင်ပါတယ်"
ပြောရင်း လရိပ် မင်းနိုင်အနားကို လျှောက်သွားလိုက်ပြီး လှောင်အိမ်ထဲက ကြောင်ဖြူလေးကို အသာအယာ ပွတ်သပ်လိုက်ကာ....
"သူက ချစ်ခြင်းမေတ္တာအပြည့်နဲ့ တကယ်ချစ်ပေးနိုင်တဲ့ မိသားစုတစ်ခုဆီမှာပဲ ရှိသင့်တယ် တစ်ယောက်ယောက်ရဲ့ အစားထိုးခံအဖြစ် ဆက်ဆံခံရမယ့်နေရာမှာ မရှိသင့်ဘူး"
"ဒါကြောင့်ပြန်ယူသွားလိုက်ပါ...ကျွန်မလုံးဝမွေးမှာမဟုတ်ဘူး..."
"ကျွန်တော် နားလည်ပါပြီ လရိပ်..ဒါဆို
ကျွန်တော်ပြန်လိုက်ပါအုံးမယ်"
မင်းနိုင်သူ လရိပ်ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်တော့မှာမဟုတ်ဘူးဆိုတာ သိလိုက်တာကြောင့် စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီးပြန်လာခဲ့လိုက်သည်။
သူ ပြန်ရောက်တဲ့အခါ အကိုလေး ကို ဘယ်လိုရှင်းပြရမလဲဆိုတာ သာစဉ်းစားနေမိသည်။
•••••
လရိပ် အိပ်ခန်းထဲဝင်ပြီး အိပ်ရာအောက်က အနက်ရောင်ခရီးဆောင်အိတ်ကို ဆွဲထုတ်လိုက်သည်။
ဒီအိတ်က လွန်ခဲ့တဲ့တစ်နှစ်က သူမတို့
မော်လ်ဒိုက် ကို အတူသွားတုန်းက
အသုံးပြုခဲ့တဲ့အိတ်ပင်။
အိတ်ဘေးမှာလည်း သူမတို့အတူတူ အလှဆုံးနေဝင်ချိန်ကို ကြည့်ခဲ့တဲ့ အပန်းဖြေစခန်းရဲ့ တံဆိပ်လေးတစ်ခု တောင်ကျန်နေသေးသည်။
သူမ လက်ချောင်းတွေနဲ့ အဲဒီတံဆိပ်ကို အသာထိလိုက်တဲ့အခါ အမှတ်တရတွေက တစ်ခုပြီးတစ်ခု ပြန်ပေါ်လာခဲ့သည်။
အဲဒီနေ့က ကမ်းခြေပေါ်မှာ သူမတို့နှစ်ယောက် ထိုင်နေကြပြီး လွှမ်းက သူမကို ဖက်ထာကာ..
"ဒီ..ကမ္ဘာပေါ်မှာရှိတဲ့ လှပတဲ့ရှုခင်းတွေအားလုံးကို ကိုယ်..မင်းကို ပြချင်တယ်"
လရိပ် အခု မှဒီစကားတွေကို ပြန်စဉ်းစားကြည့်တော့ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။
သူမ အဝတ်ဗီရိုကို ဖွင့်လိုက်တော့ လွှမ်းရဲ့အဝတ်တွေက သေသေသပ်သပ်ချိတ်ထာ
ပြီးဗီရိုရဲ့ နေရာတစ်ဝက်လောက် နေရာယူ
ထားသည်။
သူမအထဲက အဝတ်တွေကို တစ်ထည်ချင်းစီ ဖြုတ်ပြီး ခရီးဆောင်အိတ်ထဲ ခေါက်ထည်လိုက်သည်။
ဒီအဝတ်တစ်ထည်ချင်းစီတိုင်းမှာလည်း အမှတ်တရတစ်ခုစီ ရှိနေသည်။
သူမ မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တဲ့ မီးခိုးရင့်ရောင်ဆွယ်တာ၊ သူမတို့ပထမဆုံးချိန်းတွေ့တုန်းက သူဝတ်ခဲ့တဲ့ အပြာရောင်လည်စည်း…
လရိပ် အံဆွဲထဲက အနက်ရောင်လည်စည်းညှပ်ကိုလည်း ထုတ်လိုက်သည်။အဲဒါက သူမတို့နှစ်ပတ်လည်နေ့မှာ သူမပေးခဲ့တဲ့လက်ဆောင်ပင်။
နောက်ကျောဘက်မှာ သူမတို့နှစ်ယောက်ရဲ့ အမည်အစစာလုံးတွေနဲ့ ရက်စွဲကို ထွင်းထားသည်။
ရေချိုးခန်းထဲကမုတ်ဆိတ်ရိတ်ဓား သူမတို့နှစ်ယောက်အတွက် သုံးတဲ့ သွားတိုက်တံခွက်…
သူပေးခဲ့တဲ့စာအုပ်..စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာလည်း သူ့လက်ရေးနဲ့...
"အချစ်ဆုံး လေးရေ၊ မင်းနဲ့အတူ နွေဦးကနေ ဆောင်းဦးအထိ ဘဝတစ်လျှောက် ဖြတ်သန်းချင်တယ်"
လို့ ရေးထားတဲ့စကားလုံး တွေ...အရင်ကတော့သူမ အဲဒီစကားတွေကို ဖတ်ရင်း မျက်ရည်ကျခဲ့ပေမယ့် အခု ပြန်ဖတ်ကြည့်တော့ ဟာသတစ်ခုလိုသာ ခံစားလိုက်ရသည်။
မီးဖိုချောင်ဗီရိုထဲက သူမတို့နှစ်ယောက် အတူရွေးခဲ့တဲ့ ခွက်တစ်စုံ...
ဟိုတုန်းကတော့ လွှမ်းက ဟာသလုပ်သလိုနဲ့...
"နောင်ကျရင် ကိုယ်တို့ကလေးတွေ ဒီခွက်နှစ်ခွက်နဲ့ နို့သောက်လို့ရတယ်"လို့ ပြောခဲ့ဖူးကာ
အဲဒီတုန်းက သူမ ရယ်ရင်း သူ့အနားမှာ ပြုံးရီ
နေခဲ့သည်။
သူကသူမတို့အနာဂတ်အထိ အများကြီးတွေးနေပြီလို့ ထင်ခဲ့ပေမဲ့အခုတော့ အဲဒီ "နောင်တစ်ချိန်" ဆိုတာ ဘယ်တော့မှ ရောက်လာတော့မှာ မဟုတ်ပေ။
လရိပ်အကုန်လုံးကို ခရီးဆောင်အိတ်ထဲ ထည့်ပြီး ဇစ်ပိတ်ကာ အခန်းထောင့်မှာ ထောင်ထားလိုက်သည်။
သူမ ဧည့်ခန်းက တီဗီစင်ပေါ်က သူမတို့နှစ်ယောက်ရဲ့ အမှတ်တရဓာတ်ပုံတွေကိုလည်း
အနားမှာရှိတဲ့ အမှိုက်အိတ်ထဲ ထည့်ပစ်လိုက်သည်။
အီဖယ်မျှော်စင်အောက်မှာ နမ်းခဲ့တဲ့ပုံ တွေ
တိုကျိုမှာ ချယ်ရီပန်းတွေကြည့်ရင်း အတူဖက်ထားတဲ့ပုံတွေ အားလုံးကို ထည့်ပစ်လိုက်တာပင်။
~~~~~~~
လရိပ် သူမရဲ့ ဘဝက ဆေးရုံနဲ့ ရုပ်ရှင်ရိုက်ကွင်းကြား အပြန်အလှန်ပြေးလွှားနေရတာနဲ့ပဲ အချိန် ကုန်ဆုံးနေခဲ့သည်။
ဆရာမကြီး ရဲ့ အခြေအနေက ကောင်းလာလိုက် ဆိုးသွားလိုက်နဲ့ မတည်ငြိမ်ပေ။ သူမ မနက်တိုင်း ဆေးရုံကိုသွား ပြီးရင် ရိုက်ကွင်းကို အမြန်ပြန်သွားကာ ညဘက်ကျတော့ တစ်ခါဆေးရုံကိုပြန်လာပြီး ဆရာမကြီး ကိုစောင့်ရှောက်ပေးသည်။
နှင်းလုံး ထွက်ခွာသွားတာက သူမဘဝထဲက နောက်ဆုံးကျန်နေတဲ့ နွေးထွေးမှုလေးကိုပါ ဆုံးရှုံးစေခဲ့ပေမယ့် ထူးဆန်းစွာနဲ့ အဲဒီနာကျင်မှုကြောင့်ပဲ သူမကိုယ်သူမ ပြန်ရှာတွေ့လာခဲ့တာပင်။
သူမအတွက် ဘာကတကယ်အရေးကြီးလဲဆိုတာ ပြန်စဉ်းစားမိလာသည်။
အချစ်နဲ့ပတ်သက်တဲ့ စိတ်ကူးယဉ်မှုတွေ
နေကမ္ဘာလွှမ်းအပေါ် စွဲလမ်းနေမှုတွေလဲတဖြည်းဖြည်းနဲ့ မှိန်ပျောက်လာသည်။
"အိမ်ပြန်လမ်း" ရုပ်ရှင်ရိုက်ကူးမှုကလည်း ချောချောမွေ့မွေ့ ဆက်လက်သွားနေသလိုလူတိုင်းက ဒီဇာတ်လမ်းဟာ သူမရဲ့အနုပညာလမ်းကြောင်းမှာ အရေးပါတဲ့ လက်ရာတစ်ခု ဖြစ်လာမယ်လို့ ပြောကြသည်။
ဒါပေမယ့် သူမက ဘာပြဿနာမှ မရှာပေမယ့် ပြဿနာတွေကတော့ သူမနောက်ကို အမြဲလိုက်
နေသည်။
စနေမနက်တစ်ခုမှာ လရိပ် ဆရာမကြီးကို ဆေးတိုက်ပြီး ခါစမှာပဲ သူမဖုန်းကnotiတွေတက်ပြီး မရပ်မနား တုန်ခါလာတာကြောင့်....
သူမ ဖွင့်ကြည့်လိုက်တော့ သူမနာမည်ကonlineမှာ ရေပန်းအစားဆုံးရှာဖွေမှု
စာရင်းရဲ့ ထိပ်ဆုံးမှာ ရောက်နေသည်။
*အတုအယောင် လရိပ်မြူကို ဖော်ထုတ်ခြင်း .. ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့
'အိမ်ပြန်လမ်း' ဝတ္ထုပြဿနာ*
ရောင်းအားအကောင်းဆုံးစာရင်းဝင်ခဲ့သည့် "အိမ်ပြန်လမ်း"ဝတ္ထုတွင် စာခိုးကူးရေးသားထားသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်သည့် ဆောင်းပါးရှည်ကြီးတစ်ပုဒ်သည်
အင်တာနက်ပေါ်တွင် အလွန်အမင်းပျံ့နှံ့နေ
တာကို တွေ့လိုက်ရသည်။
သူမဘယ်ကတက်လာမှန်းမသိတဲ့ သတင်းတွေကိုတောင် အကုန်မဖတ်ရသေးခင် အယ်ဒီတာ ဆီက စာတစ်စောင်ဝင်လာသည်။
"လရိပ် အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ မဟာ groupက ရင်းနှီးမြှုပ်နှံမှုကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီမို့..တခြားရင်းနှီးမြှုပ်နှံသူတွေလည်း လိုက်နှုတ်နေကြတာမို့ ရိုက်ကူးမှု ရပ်နားရနိုင်တယ်"
လရိပ် မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်မိကာ အရာအားလုံးအတွက်ကြိုပြင်ဆင်ထားလိုက်သည်။
ဒါက အစပဲဆိုတာ သူမသိနေတယ်....
တကယ်လည်း နေ့လည်မတိုင်ခင်မှာပဲ စာပေ
ဝက်ဘ်ဆိုက်ကြီးတွေက သူမရဲ့အကြောင်း
အရာတွေကို ဖယ်ရှားလိုက်ကြသလို....
ထုတ်ဝေရေးစာတိုက်အချို့ကလည်း သူမနဲ့ ပူးပေါင်းမှုတွေ ရပ်ဆိုင်းကြောင်း ကြေညာလိုက်သည်။
"အိမ်ပြန်လမ်း" ရုပ်ရှင်ရဲ့ ဒါရိုက်တာတောင် သူမနဲ့ "ပတ်သတ်မှုမရှိတော့ကြောင်း" ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မနေ့ကအထိ သူမကို ပြုံးပြပြီး ကြိုဆိုနေကြတဲ့လူတွေက ဒီနေ့မှာတော့ သူမနဲ့ ဘာမှမပတ်သက်ကြောင်းကြောညာဖို့ အသည်းအသန် ကြိုးစားနေကြသည်။
လူ့သဘာဝရဲ့ မတည်မြဲမှုနဲ့ လောကရဲ့ ရက်စက်မှုဆိုတာ ဒီလိုပဲ ဖြစ်နေတတ်မလား...လရိပ်လောကဓံရဲ့ ရိုက်ချက်တွေကြားမှာ သူမ
ကျင့်သားရနေပါပြီ..
သူမ ဆေးရုံခန်းလေးထဲမှာပဲ ဆရာမကြီးကို ပြုစုနေချိန် ဖုန်းမြည်လာတာကြောင့် ပင်ပန်းစွာနဲ့ ဖုန်းကို လှမ်းကိုင်လိုက် တော့ မျက်နှာပြင်ပေါ်က သံစဉ် ဆိုတဲ့နာမည်ကို မြင်လိုက်ရချိန် ခဏလေး တုံ့ဆိုင်းသွားမိပေမယ့် ဖုန်းကိုင်လိုက်သည်။
သူမ ဖုန်းကိုင်လိုက်တာနဲ့..သံစဉ်ရဲ့ အသံက ချက်ချင်းပေါ်လာသည်။
"ဟယ်လိုလရိပ်အခုကိစ္စတွေ ငါတွေ့ပြီးပြီဘာမှစိတ်မပူနဲ့ငါ နင့်အတွက်တရားမျှတမှုကို ရှာပေးဖို့ ရှေ့နေတစ်ယောက် နဲ့ဆက်သွယ်ပြီးပြီ..."
"အဲ့ ရှေ့နေက ပစ္စည်းမူပိုင်ခွင့်ကိစ္စတွေမှာ အတွေ့အကြုံအများကြီးရှိတယ်နင်
မနက်ဖြန်တွေ့လို့ရ အောင်စီစဥ်ပေးထားတယ်"
"ကျေးဇူးတင်ပါတယ် သံစဉ်... ဒါပေမယ့်မလုပ်နဲ့တော့ ငါတို့လုပ်လဲအကျိုးမရှိတော့ဘူး"
"ဘာကို အကျိုးမရှိတာလဲ ဒါက သိသိသာသာနင်စွပ်စွဲ ခံရတဲ့မူပိုင်ခွင့်ချိုးဖောက်မှုကြီးပဲလေ.."
သံစဉ်ရဲ့အသံက ဒေါသကြောင့်ပြောရင်းရုတ်တရက် ကျယ်သွားသည်။
"သံစဉ်ဒါက ရိုးရိုးကိစ္စ မဟုတ်ဘူးနန်းသစ္စာက ငါ့ဂုဏ်သိက္ခာကို ဖျက်ဆီးချင်နေတာ..ငါဒီကိစ္စကို စတွေ့လိုက်ထဲက သူမှန်းသိလိုက်တယ်"
ပြောရင်း သူမ သက်ပြင်းအသာချလိုက်ပြီးမှ...
"ပြီးတော့သူက သာမန်လူမဟုတ်ဘူးလေ.. သူ့နောက်မှာ မဟာ group တစ်ခုလုံး ရှိတယ် ပြီးတော့…"
သူမအသံ တိုးသွားပြီးမှ...
"နေကမ္ဘာလွှမ်းကလည်း သူ့ကို ကာကွယ်ပေးမှာသေချာတယ်"
သူစကားအဆုံး သံစဉ်ကဖုန်းထဲမှာ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးမှ ခဏအကြာ
ဆဲဆိုသံတွေ ဆက်တိုက်ထွက်လာသည်။
"နေကမ္ဘာလွှမ်း!! အဲဒီကောင်က တကယ့်လူယုတ်မာပဲ! လူယုတ်မာတွေထဲမှာ အဆိုးဆုံးပဲ! ခွေးလိုကောင်..မဟုတ်ဘူး ခွေးကမှသစ္စာရှိအုံးမယ် ခွေးထက်ဆိုးတဲ့ကောင်...ဒီလိုကောင်ကယောက်ျားကိုမဖြစ်သင့်ဘူး!! သူက နင့်နဲ့ လုံးဝကို မတန်ဘူး"
"ခဏလေးစောင့်နေဦး..လရိပ် ငါ နင့်ကို ငါ့အသိထဲကယောက်ျားချောချောလေး ဆယ်ယောက်လောက်နဲ့ကို မိတ်ဆက်ပေးမယ်"
"အားလုံးက အရပ်ရှည်နဲ့ ယောင်္ကျားပီသပြီး ချောတဲ့သူ တွေပဲ နင်သူတို့နဲ့တွဲပြီး နေကမ္ဘာလွှမ်းကို သူ့ထက်ပိုကောင်းတဲ့သူတွေ အမြဲရှိတယ် ဆိုတာ ပြပစ်ရမယ်ကြားလား"
"တော်ပါတော့ မနွေသံစဉ်ရယ်"
"မတော်ပါဘူး ငါ တကယ်ပြောနေတာ.."
သံစဉ်က မကျေနပ်သလိုလေသံနဲ့ ဆက်ပြောလာသည်။
"ငါအခုချက်ချင်းဓာတ်ပုံတွေ ပို့ပေးရမလား အကုန်လုံးက ဂျင် နည်းပြတွေ..လေယာဉ်မောင်တွေ.. Professional မော်ဒယ်တွေလည်း ပါတယ်..နင်ကြိုက်တာရွေး"
"သံစဉ်!!"
သူမ ခပ်စောင့်စောင့်အသံလေးနဲ့ခေါ်လိုက်မှ...
"အိုကေ...အိုကေ..ငါအဲ့ကိစ္စဆက်မပြောတော့ဘူး.."
"ဒါနဲ့ အခုကိစ္စ ကောနင်ဘာဆက်လုပ်မှာလဲ"
"ဟင့်အင်း ဒီအချိန်မှာတော့ဘာမှဆက်မလုပ်ဘူး ငါ ဆရာမကြီးအနားမှာပဲ အချိန်ကုန်ချင်တယ်..တခြားကိစ္စတွေကို မစဉ်းစားချင်သေးဘူး..အခုလဲပိုကောင်းသွားတာပေါ့ ငါ ဆရာမကြီး နားမှာပိုနေရပြီး အချိန်ပိုပေးလို့ရသွားတာပေါ့"
"လရိပ်...နင်ကတော့လေ.."
စကားအဆုံး သူမ ဖုန်းထဲကနေ သံစဉ်ရဲ့ သက်ပြင်းချသံကိုကြားလိုက်ရသည်။
"အင်းပါ..ပြဿနာတစ်ခုခုရှိရင် ငါ့ကို ချက်ချင်းပြောနော်ငါက အချိန်မရွေး အသင့်ပဲ ငါ့ရဲ့ အင်အားပဲဖြစ်ဖြစ်..ဦးနှောက် ပဲဖြစ်ဖြစ် ဘာလိုအပ်လိုအပ် ရတယ် ငါတို့က ညီအစ်မအရင်းတွေလိုပဲ နားလည်လား"
"ပြီးတော့ငါတို့က အထူးတပ်ဖွဲ့ဝင်တွေလို ဘာကိုမှမကြောက်ဘဲ အတူရင်ဆိုင်ကြမယ်နော်..."
သံစဉ်ရဲ့ ပြောလိုက်ပုံကြောင့် လရိပ် ရယ်မိသွားသွားသလို.. တစ်ချိန်တည်းမှာပဲ မျက်ရည်တွေကလည်း ကျလာရသည်။
•••••
ဖုန်းချပြီးနောက် လရိပ် သံစဉ် ပြောခဲ့တာလေးတွေတွေးရင်း နှုတ်ခမ်းပေါ်မှာ အပြုံးလေးတွေကျန်နေခဲ့သည်။
သူမ ပြတင်းပေါက်ကနေအပြင်ဘက်ကို ကြည့်လိုက်ရင်း သံစဉ် အဲဒီစကားတွေပြောနေတဲ့အချိန် သူဖြစ် နေတဲ့ပုံစံကိုတောင် မျက်လုံးထဲမြင်မိသွားသည်။
သေချာတယ် သံစဉ် အဲ့တွေပြောနေတုန်းက လက်နှစ်ဖက်နဲ့ ခါးကိုထောက်ပြီး မျက်လုံးကြီးတွေက တိုက်ပွဲဝင်ဖို့ အသင့်ပြင်နေတဲ့ ဂိုဏ်းစတားကောင်မလေးတစ်ယောက်လို ဖြစ်နေမှာအသေအချာပင်။
လရိပ် အဲဒီမြင်ကွင်းကို စိတ်ကူးမိတာနဲ့ သူမရဲ့နှလုံးသားထဲ နွေးထွေးမှုလေးတစ်ခု ပြန်ဝင်လာပြီး တင်းကျပ် ရှုပ်ထွေးနေတဲ့စိတ်တွေကလည်းတဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။
အနည်းဆုံးတော့သူမကံကောင်းသေးတယ်မလား..ဘာလို့ဆို သူမဘက်မှာ အမြဲရှိနေပေးမဲ့ သံစဉ် တစ်ယောက်လုံးရှိသေးလို့ပင်။
အခန်းမှတ်ချက်များ (0)