နှင်းလုံး လေးက အကြိမ်အနည်းငယ်လောက် တုန်သွားပြီး သူ့ရဲ့အပြာရောင်မျက်လုံးကြီးတွေက တဖြည်းဖြည်း မှိတ်ကျသွားခဲ့သည်။
လရိပ် ဘာမှမတတ်နိုင်ဘဲ လက်ချောင်းတွေက တုန်ယင်နေပြီး နှင်းလုံး လေးရဲ့ အမွေးတွေကို ပွတ်သပ်ပေးရင်း မျက်ရည်တွေက ပါးပြင်ပေါ် တိတ်တိတ်လေး စီးကျနေမိသည်။
မနက်တိုင်း သူ့ခြေထောက်လေးတွေနဲ့ သူမကို နှိုးတတ်တဲ့ ကောင်လေးက အခုတော့ တဖြည်းဖြည်း အေးစက်လာပြီး မာကျောလာ
နေပြီ။
နှင်းလုံး လေးက မျက်လုံးတွေကို မှိတ်ထားတယ်.. သူမကို အမြဲတမ်း မာနကြီးသလို ကြည့်တတ်တဲ့မျက်လုံးတွေနဲ့ ပြန်ကြည့်တော့မှာ မဟုတ်တော့ဘူး။
သူမကို ပျော်အောင် ရယ်စရာကောင်းတဲ့အပြုအမူလေးတွေလုပ်ပေးတော့မှာလည်း မဟုတ်တော့ဘူး။
သူက အိပ်ပျော်နေသလို ငြိမ်သက်စွာ လဲလျောင်းနေပေမဲ့ ဘယ်တော့မှ ပြန်နိုးလာတော့မှာ မဟုတ်ဘူး။
မျက်ရည်စက်တွေကနှင်းလုံး လေးရဲ့ အဖြူရောင်အမွေးတွေပေါ် ကျလာသည်။
ဒါဟာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ဆုံးရှုံးလိုက်ရတာသက်သက် မဟုတ်ဘဲ သူမဘဝမှာသူမကို ခြွင်းချက်မရှိ အမြဲချစ်ပေးခဲ့တဲ့ လူအနည်းငယ်ထဲက တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပင်။
ရိုက်ကွင်းပေါ်က လူတွေအားလုံးလည်း တိတ်တိတ်လေး ထွက်ခွာသွားကြပြီး သူမအတွက် ကိုယ်ပိုင်အချိန်လေး ချန်ထားပေးခဲ့ကြသည်။
ဒါရိုက်တာတစ်ယောက်ပဲ နေရာမှာ ဆက်ရပ်နေပြီး သူ့မျက်နှာမှာ အပြစ်ရှိစိတ်ခံစားနေရတဲ့ အရိပ်အယောင်တွေနဲ့....
"ဆရာမလရိပ်... တကယ်တောင်းပန်ပါတယ်..."
လရိပ် ဘာမှပြန်မပြောနိုင်ပေ။သူမ မျက်လုံးတွေကို ဖြည်းညင်းစွာမှိတ်လိုက်ပြီး နှင်းလုံး လေးရဲ့ နူးညံ့တဲ့အမွေးတွေထဲ မျက်နှာအပ်ထားလိုက်ကာ မျက်ရည်တွေကတော့ ဆက်တိုက်ကျနေတုန်းပင်။
အဲ့အချိန် ပစ္စည်းအဖွဲ့ထဲက ကောင်မလေးတစ်ယောက်က လှပတဲ့ပန်းပုလက်ရာတွေနဲ့ အလှဆင်ထားတဲ့ သစ်သားသေတ္တာလေးတစ်လုံးကို ယူလာပေးကာ...
"ဆရာမလရိပ်... ဒါက ကျွန်မတို့ ရှာပေးနိုင်တဲ့ထဲမှာ အကောင်းဆုံးသေတ္တာလေးပါ..."
လရိပ် ခေါင်းညိတ်လိုက်ပြီး မျက်ရည်တွေကို ထိန်းကာ နှင်းလုံး လေးကို သေတ္တာထဲ ညင်သာစွာ ထည့်လိုက်သည်။
သူမ နှင်းလုံးအတွက် အကောင်းဆုံးလုပ်ပေးရမယ်မလား။
သေတ္တာထဲထည့်ပြီးမှ .....သူ့ နဖူးလေးကို လက်ချောင်းတွေနဲ့ တုန်တုန်ယင်ယင်
ပွတ်သပ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
သူမရဲ့အသံက တိုးလွန်းလို့ ဘေးနားကပင်
မကြားရလောက်အောင်ပင်။
လရိပ် သစ်သားသေတ္တာလေးကို ပွေ့ပိုက်ပြီး စတူဒီယိုထဲကနေ ထွက်လာခဲ့လိုက်သည်။
သူမ အပြင်ရောက်တော့ လမ်းဘေးမှာ ရပ်ထားတဲ့ ရင်းနှီးနေတဲ့ အနက်ရောင်ကားတစ်စီးကို သူမတွေ့လိုက်ရကာ..အဲ့နားမှာတော့..
နန်းသစ္စာရဲ့ အသံက ထွက်ပေါ်နေပြီး နေကမ္ဘာလွှမ်း ကို နှင်းလုံး က သူမကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း..သူ့ရဲ့ လက်ဖြူဖြူပေါ်ကို လက်သည်းတွေနဲ့ ခြစ်မိခဲ့တဲ့အကြောင်း မျက်ရည်တွေနဲ့ ပြောပြနေတာကို ကြားနေရသည်။
နေကမ္ဘာလွှမ်း က မျက်မှောင်ကြုတ်ပြီး
နန်းသစ္စာရဲ့ ဒဏ်ရာကို ငုံ့ကြည့်နေကာ
သူ့မျက်လုံးတွေမှာတော့ စိုးရိမ်ပူပန်မှုတွေ
ပြည့်နှက်နေပုံရသည်။
လရိပ် အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း ခေါင်းမူးလာရသည်။
နန်းသစ္စာက မျက်ရည်ဝဲနေတဲ့မျက်လုံးတွေနဲ့ နှင်းလုံး ကို "ရိုင်းစိုင်းပြီး ယဉ်ကျေးမှုမရှိတဲ့ကြောင်" လို့ ပြောနေသလို နှုတ်ခမ်းထောင့်မှာလည်း အောင်ပွဲခံလိုက်ရသလို အပြုံးတစ်ခု
ပေါ်နေသည်။
နေကမ္ဘာလွှမ်းကလည်း ပြောသမျှကို အာရုံစိုက်နားထောင်ပြီး တစ်ခါတစ်ရံ သူမရဲ့ပခုံးကို ပုတ်ပေးရင်းတောင် နှစ်သိမ့်ပေးနေသည်။
လရိပ် ထွက်သွားခါနီးမှ လွှမ်း က ခေါင်းမော့လာပြီး သူမရဲ့ မျက်ရည်စိုနေတဲ့မျက်လုံးတွေနဲ့ ဆုံသွားတော့ခဏတာ သူ့မျက်နှာအမူအရာက နူးညံ့သွားသလို ဖြစ်ပေမဲ့ ချက်ချင်းပဲ ပြန်လည်တင်းမာသွားသလို...
နန်းသစ္စာကတော့ သူမကို ကျောပေးထားလျက်နဲ့ပဲလွှမ်း လက်မောင်းကို တင်းတင်းကျပ်ကျပ် ကိုင်လိုက်ပြီး အန္တရာယ်ရှိတဲ့ကြောင်ကြောင့် မျက်လုံးပါ ထိခိုက်လုနီးပါးဖြစ်ခဲ့ကြောင်း ကြောက်ရွံ့နေသလို တုန်တုန်ယင်ယင်နဲ့ တိုင်ကြားနေသည်။
လွှမ်း နားထဲမှာတော့နန်းသစ္စာရဲ့ စကားတွေ ပြည့်နှက်နေပေမဲ့ သူ့မျက်လုံးတွေကတော့
လရိပ်ကနေ တစ်ချက်မှ မခွာပေ။
လရိပ် သူ တစ်ခုခု ပြောချင်နေတဲ့ပုံစံကို မြင်လိုက်ရပေနဲ့ နောက်ဆုံးမှာတော့ သူက ဘာမှမပြောပဲ ခေါင်းကို နန်းသစ္စာကို ကားတံခါးဖွင့်ပေးလိုက်သည်။
အဲ့ကျမှ နန်းသစ္စာက သူမဘက်ကို လှည့်ကြည့်လာပြီး အောင်နိုင်သူတစ်ယောက်လို မျက်နှာပေးနဲ့ ပြုံးပြလာသည်။
လရိပ် အခုချိန်မှာ သူမ ခံစားချက်က သူတို့အပေါ်မှာ ဘာမှမရှိဘဲ နှင်းလုံးလေးရဲ့
သစ်သားသေတ္တာလေးကိုသာ ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ပွေ့ထားမိသည်။
နှင်းလုံး လေးရဲ့ ခန္ဓာကိုယ်အပူချိန်တဖြည်းဖြည်း လျော့ကျသွားသလို
သူမရင်ထဲက စွဲလမ်းမှုတွေလည်း တဖြည်းဖြည်း အေးစက်လာသလို
ခံစားနေရသည်။
လွှမ်းက သူမကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ချိန် သူ့မျက်လုံးတွေထဲမှာ စကားနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်တွေ အများကြီးရှိနေသည်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ သူဘာမှမပြောဘဲ ကားထဲ ဝင်ထိုင်ပြီး ကားကို တဖြည်းဖြည်း မောင်းထွက်သွားသည်။
လရိပ်လည်း သူဘာပြောမလဲ မသိချင်သလို...စိတ်လဲမဝင်စားတော့ပေ။
လရိပ် ရင်ခွင်ထဲက သစ်သားသေတ္တာလေးကို ငုံ့ကြည့်ပြီးမျက်ရည်တွေကို သုတ်လိုက်ကာ လမ်းဘေးမှာ ရပ်ထားတဲ့ တက္ကစီဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
••••••••
အိမ်ခန်းတံခါး ပိတ်သွားတာနဲ့ ရင်းနှီးနေတဲ့ တိတ်ဆိတ်မှုက သူမကို ပြန်လည်ဖုံးလွှမ်းလာသည်။
နှင်းလုံး လေးရဲ့ ကစားစရာတွေဖြစ်တဲ့ ကြွက်ရုပ်လေးတွေ..သိုးမွေးချည်လုံးတွေက အခန်းတစ်ဝိုက်မှာ ပြန့်ကျဲနေသည်။
လရိပ် ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ပြီး သစ်သားသေတ္တာလေးကို စားပွဲပေါ် တင်လိုက်ကာသေတ္တာကို ဖွင့်ပြီး နှင်းလုံး လေးရဲ့ အေးချမ်းစွာ အိပ်ပျော်နေသလိုဖြစ်နေတဲ့ မျက်နှာလေးကို နောက်ဆုံးအကြိမ် ငေးကြည့်လိုက်ပြီးမှ သေတ္တာအဖုံးကို ဖြည်းညင်းစွာ ပြန်ပိတ်လိုက်သည်။
အဲ့အချိန် နှင်းလုံး လေးရဲ့ အနီရောင်ဘောလုံးလေးက ဆိုဖာအောက်ကနေ လှိမ့်ထွက်လာကာ သူမခြေထောက်နားမှာ ရပ်သွားသည်။
အဲဒါက နှင်းလုံး လေးရဲ့ အကြိုက်ဆုံးကစားစရာလေးပဲ။
မနက်တိုင်း သူက အဲဒီဘောလုံးလေးကို သူမရဲ့ အိပ်ရာဘေးဆီ ယူလာပြီး သူ့ခြေထောက်လေးနဲ့ သူမမျက်နှာကို ပုတ်ကာ ထလာပြီး သူနဲ့အတူ ကစားပေးဖို့ တောင်းဆိုတတ်သည် ။
လရိပ် ဘောလုံးလေးကို ကောက်ယူလိုက်ပြီး လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားလိုက်တော့
အမှတ်တရတွေက လှိုင်းလုံးတစ်ခုလို သူမဆီ ပြန်လည်စီးဝင်လာသည်။
နေရောင်အောက်မှာ နှင်းလုံး လေး လူးလှိမ့်ကစားခဲ့ပုံ၊ ပြတင်းပေါက်ဘောင်ပေါ်မှာ ထိုင်ပြီး မိုးရွာတာကို အာရုံစိုက်ကြည့်ခဲ့ပုံ၊ သူမအိမ်ပြန်လာတိုင်း တံခါးဝမှာထိုင်ပြီး စောင့်ပေးခဲ့ပုံတွေ...
နောက်ဆုံးမှာ သူမရဲ့ ဝမ်းနည်းမှုတွေကို မထိန်းနိုင်တော့ပဲ အနီရောင်ဘောလုံးကို ပွေ့ဖက်ပြီး အော်ငိုချလိုက်မိသည်။
"နှင်းလုံး ရေ... ဘယ်တော့မှ ပြန်မလာတော့ဘူးပေါ့..."
လရိပ် အချိန်အကြာကြီး မီးမဖွင့်ဘဲ အမှောင်ထဲမှာပဲ လှဲနေခဲ့ကာ တံခါးခေါင်းလောင်းသံမြည်လတာတောင် ထမဖွင့်ခဲ့ပေ။
သူမ ဒီအချိန်မှာ ဘယ်သူ့ကိုမှ မတွေ့ချင်ပေ။
တံခါးခေါင်းလောင်းက သုံးကြိမ်ဆက်တိုက် မြည်လာပြီးနောက် သော့လှည့်သံကို ကြားလိုက်ရသလိုတံခါးက အပြင်ဘက်ကနေ ဖွင့်တဲ့အသံကိုလည်းကြားလိုက်ရပေမဲ့ လရိပ် လုံးဝမထဘဲ အဲ့အတိုင်းတာနေနေလိုက်သည်။
ခဏအကြာမှာ တော့ လွှမ်းက အိမ်ထဲဝင်လာခဲ့သည်။
"ဘာလို့ မီးမဖွင့်ထားတာလဲ"
သူ့အသံက တည်ငြိမ်နေပြီး ပြောရင်းလက်ဆန့်ကာ ဧည့်ခန်းမီးကို ဖွင့်လိုက်တာမို့ မီးစူးရှ နေတဲ့မီးအလင်းရောင်ကို လက်နဲ့ကာလိုက်မိသည်။
"ကိုယ်..တံခါးခေါင်းလောင်းကို အကြိမ်ကြိမ်နှိပ်ခဲ့တယ်..ဘာလို့မဖွင့်ပေးတာလဲ"
ပြောရင်း သူက က မျက်မှောင်ကြုတ်ကာ ဧည့်ခန်းကို ပတ်ကြည့်လိုက်ပြီး...
"နှင်းလုံးကော ဘယ်မှာလဲ"
သူက အင်္ကျီကို ချွတ်ပြီး ဆိုဖာလက်တင်ပေါ် တင်လိုက်ပြီးမှ...
"ဒီနေ့ ရိုက်ကွင်းမှာ တစ်ခုခုဖြစ်တယ်လို့ ကြားတယ်..နန်းသစ္စာ က နှင်းလုံး က သူ့ကို ထိခိုက်အောင်လုပ်တယ်လို့ ပြောတယ်"
လရိပ် အေးစက်စွာ ရယ်လိုက်ပြီး ဘာမှပြန်မပြောတော့ပဲ...စားပွဲပေါ်က သစ်သားသေတ္တာလေးကိုသာ လက်ညှိုးထိုးပြလိုက်ကာ...
"နှင်းလုံးက က အဲဒီထဲမှာ သူသေသွားပြီ.."
သူမရဲ့အသံက အလွန်အေးစက်နေပြီး ခံစားချက်ကင်းမဲ့နေသည်။
လွှမ်းက အဲ့ကျမှအံ့ဩသွားတဲ့ပုံနဲ့ ချက်ချင်း သူမဆီ လျှောက်လာပြီး သူမရှေ့မှာ ဒူးထောက်ထိုင်ကာ ပွေ့ဖက်ဖို့ လက်ဆန့်လိုက်ပြီး...
"လရိပ်... ကိုယ် မသိခဲ့ဘူး..."
လရိပ် ချက်ချင်း နောက်ဆုတ်ပြီး သူ့လက်တွေကို ရှောင်လိုက်တော့သူက မျက်နှာပျက်သွားပြီး..
"လရိပ်..."
သူ့ရဲ့ ရဲ့အသံက ပိုတိုးသွားသည်။
"နှင်းလုံး သေသွားတာကို ကိုယ်တကယ်မသိခဲ့ဘူး..."
အဲဒီအချိန်မှာပဲစကားတောင်မဆုံးသေးခင် သူ့ဖုန်းမြည်လာပြီး ဖုန်းမြည်သံက သူတို့နှစ်ယောက်ကြားက အေးခဲနေတဲ့ လေထုကို ချက်ချင်း ဖြိုခွဲလိုက်သည်။
သူ က ဖုန်းမျက်နှာပြင်ကို ကြည့်ပြီးမျက်မှောင်ကြုတ်လိုက်ကာ...
လသာဆောင်ဘက်ကို ခြေလှမ်းကျယ်ကြီးတွေနဲ့ လျှောက်သွားပြီး သူ့အသံက အလွန်တိုးလွန်းပေမဲ့ လရိပ်ကတော့ "ငါ ချက်ချင်းလာခဲ့မယ်" ဆိုတဲ့ စကားသုံးခွန်းကို ကြားလိုက်ရသည်။
သူ ပြန်ရောက်လာတဲ့အခါ သူ့မျက်နှာက ပြန်လည်တည်ငြိမ်နေပေမဲ့ မျက်လုံးတွေထဲမှာတော့ စိုးရိမ်ပူပန်နေတဲ့ အရိပ်အယောင်တစ်ခု ရှိနေသည်။
"ကိုယ် အရေးကြီးတဲ့ကိစ္စတစ်ခု သွားဖြေရှင်းရမှာမို့မနက်ဖြန်မနက်ကျမှ မင်းနဲ့အတူနေရှိ နေပေးမယ်နော်"
လရိပ် ပြန်လဲမဖြေသလို သူ့ကိုလည်း ခေါင်းမော့မကြည့်ဘဲ ကြမ်းပြင်ကိုသာ တိတ်တိတ်လေး စိုက်ကြည့်နေမိသည်။
သူက က သက်ပြင်း တစ်ချက်ချလိုက်ပြီး သူမဆီ လျှောက်လာကာ သူမမျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး လက်မနဲ့ မျက်လုံးထောင့်က ကျန်နေတဲ့ မျက်ရည်တွေကို ညင်သာစွာ သုတ်ပေးပြီးတော့ သူမနဖူးကိုနှုတ်ခမ်းနဲ့အသာအယာ နမ်းလာသည်။
လရိပ်ကတော့ အသက်မဲ့နေတဲ့ အရုပ်တစ်ရုပ်လိုပဲ သူ့ကိုတုန့်ပြန်မိသည်။
အဲ့အချိန် ဖုန်းက ထပ်ဝင်လာတာမို့သူက လက်ကို ပြန်လွှတ်လိုက်ပြီး စားပွဲပေါ်က နှင်းလုံး လေးထည့်ထားတဲ့ သစ်သားသေတ္တာကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး တံခါးဆီ ခြေလှမ်းကျယ်ကြီးတွေနဲ့ လှည့်ထွက်သွားသည်။
သူတံခါးပိတ်သွားပြီးနောက် လရိပ် ဓာတ်လှေကားတံခါး ဖွင့်သံပိတ်သံတွေကို
ကြားလိုက်ရပြီးခဏအကြာမှာတော့ သူမပတ်ဝန်းကျင်ဟာ လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
မီးရောင်အောက်မှာ သူမတစ်ယောက်တည်း ကျန်နေခဲ့တာကသူမအမှောင်ထဲမှာ တစ်ယောက်တည်း ရှိနေတုန်းကထက်တောင်
ပိုအထီးကျန်သလို ခံစားလိုက်ရသည်။
လူတွေက အမြဲပြောကြတာကဆုံးရှုံးခြင်းဆိုတာ ဘဝရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုတဲ့...
ဒါပေမဲ့အဲ့ ဆုံးရှုံးမှုတွေက သံသရာတစ်ခုလို ထပ်ခါထပ်ခါ ဖြစ်လာတဲ့အခါ နှလုံးသားက ဘယ်လောက်ထိ နာကျင်ရမလဲဆိုတာတော့ ဘယ်သူမှ သူမကို မပြောခဲ့ကြပေ။
အခန်းမှတ်ချက်များ (0)